ပထမဆုံး ဝန်ထမ်း
Vol. 1 Ch. 10
အခန်း(၁၀) ပထမဆုံး ဝန်ထမ်း
သူ့အနာဂတ် တောက်ပသွားသည်ဟု ဖေးချမ့် ရုတ်တရက်ကြီး ခံစားလိုက်ရပါသည်။
အရင်တုန်းက လက်ထဲတွင် ယွမ် ၅၀,၀၀၀ သာရှိခဲ့သည်။ ဒီလို ငွေပမာဏမျိုးနှင့် ဝန်ထမ်း တစ်ယောက်ခေါ်ယူချင်ပါက အနည်းငယ် ရယ်စရာကောင်းနိုင်ပါသည်။
သို့သော်လည်း အခုတော့ ဖေးချမ့်၏ စနစ် ရန်ပုံငွေထဲတွင် ယွမ် ၃၀၀,၀၀၀ ရှိနေပါပြီ။
ဒီပမာဏနဲ့ ဝန်ထမ်းခေါ်ယူရင်တော့ ရယ်စရာ မကောင်းနိုင်ဘူးမဟုတ်လား။
နာကျင်စရာ သူ့အတွေ့အကြုံကို ပြန်စဥ်းစားရင်း သူ့ကျရှုံးမှုမှာ တချို့ကိစ္စများကြောင့်သာ ဖြစ်သည်ဟု ဖေးချမ့် ကောက်ချက်ချလိုက်သည်။
ပထမဆုံးက သူကံမကောင်းလွန်း၍ ဖြစ်ပါသည်။
သူဖန်တီးလိုက်တဲ့ အမှိုက်ဂိမ်းတစ်ခုကို ဂိမ်းလောကရဲ့ နာမည်နည်းနည်းရှိတဲ့ UP မာစတာ တစ်ယောက်က တွေ့သွားလိမ့်မယ်လို့ ဘယ်ထင်မှာလဲ။
ဆရာချောင်းကြောင့်သာ မဟုတ်ပါက သူ အောင်အောင်မြင်မြင် အရှုံးပေါ်နိုင်ခဲ့မှာ မဟုတ်လား။
ထို့အပြင် ဖေးချမ့်ကလည်း သူ့ကိုယ်ပိုင် အစွမ်းအစများကို သံသယဖြစ်လာပြီ ဖြစ်သည်။
ငါက ဉာဏ်ကောင်းလွန်းလို့များ ငွေတွေ အရှုံးပေါ်ဖို့ လမ်းမှားကို လိုက်မိနေတာလား။
ဘယ်လောက်ပဲ ငွေရှာဖို့ ကြိုးစားကြိုးစား အမြဲတမ်း ကျရှုံးပြီး အရှုံးပေါ်သည့် လူတွေတချို့ရှိသည်။
တစ်ချိန်တည်းမှာပင် ငွေကိုဆုံးရှုံးဖို့ တစ်ချိန်လုံး စဥ်းစားနေတတ်သော်လည်း မဆုံးရှုံးသည့် လူတွေလည်း ရှိတတ်ပါသေးသည်။
သူကတော့ ဒုတိယ အုပ်စုထဲတွင်ပါသည်ဟု ဖေးချမ့် ခံစားမိသည်။
ထို့ကြောင့် အကူအညီယူဖို့ အချိန်ကျပြီဟု ထင်မိ၏။
လူတွေကို ခေါ်ရတော့မည်။
ထိုအလုပ်အားလုံးတွင် ငဒူတစ်သိုက်ကို ခန့်အပ်ထားပါက အလွယ်လေး ငွေဆုံးရှုံးနိုင်မှာပဲ မဟုတ်လား။
ထိုသို့စဥ်းစားပြီး ဖေးချမ့်တစ်ယောက် မာယန်ကို ခုနတုန်းကလို အထင်မသေးတော့ပါ။
"မာယန်က ကောင်းကင်ဘုံက ငါ့ကို ပို့ပေးလိုက်တဲ့ လက်ဆောင်ပဲ။"
"ဒီလိုပါရမီရှိတဲ့ ငဒူတစ်ယောက်နဲ့ဆို ငါစောင့်စားနေခဲ့တဲ့ ပြီးပြည့်စုံတဲ့ ဝန်ထမ်းပဲမလား။"
"တခြား အခန်းဖော်တွေကိုကော စဥ်းစား ကြည့်သင့်လား။ တစ်ယောက်လောက် ထပ်ပိုတော့ကောဘာဖြစ်လဲ။ တကယ်တော့ လခတွေ ပေးရင်း ငွေတောင် ဆုံးရှုံးနိုင်သေးတယ်လေ။"
"မ-မဟုတ်သေးဘူး။ ကျန်တဲ့ကောင်တွေက အားကိုးရလွန်းတယ်။"
ဖေးချမ့်က တခြားအတန်းဖော်များကို ထည့်စဥ်းစားချင်သော်လည်း သိပ်မကြာခင်မှာပဲ ထိုအကြံကို လက်လျှော့လိုက်ပါသည်။
ဟန်တုံး တက္ကသိုလ်က အချက်အချာကျသည့် တက္ကသိုလ်တစ်ခုဖြစ်သည်။ ဝင်ခွင့်ရသည့် လူတိုင်းကလည်း မတုံးအကြပါ။
မာယန်လို ငဒူမျိုးကတော့ ကြုံရခဲသည့် ခြွင်းချက်တစ်ခုဖြစ်၏။
ဝန်ထမ်းထပ်ရှာလိုက်ပါက သူတို့ အလုပ်ကို အောင်မြင်အောင် လုပ်သွားနိုင်လော်ကသည်။ ထိုအခါ ဖေးချမ့်တော်တော်လေး နာကျင်သွားရပါလိမ့်မည်။
ဆုံးဖြတ်ချက် ချပြီးနောက်တွင် ဖေးချမ့်က မာယန်ကို အဆောင်ပြင်ပသို့ သီးသန့် ခေါ်ထုတ်လာခဲ့၏။
"ဘာဖြစ်တာလဲ ယောက်ဖချမ့်။ လျှို့ဝှက် ဗျူဟာတွေ ငါ့ကို ပြောပြမလို့လား” မာယန်က သူ့ကို ဂိမ်းဗျူဟာတွေပြောပြမလားဟု မျှော်လင့်တကြီးဖြင့် ဖေးချမ့်ကို မျှော်လင့်တကြီး ကြည့်လိုက်ပါသည်။
"ခုတလော ငါ့ဖာသာငါ ဂိမ်းတစ်ခု လုပ်နေတာကွ။ ငါအကူအညီလိုလို့ မင်းစိတ်ဝင်စားလား" ဖေးချန်းက တဲ့တိုးပြောလိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် မာယန်လို လူမျိုးကို သွယ်ဝိုက်သောနည်းဖြင့် ပြောလိုက်ပါက ရူးသွားနိုင်၏။
ခေတ္တ ကြက်သေသေသွားပြီးနောက် မာယန် ခေါင်းခါလိုက်သည်။ "ငါ့ကိုလာနောက်နေတာလား။ စာသင်နှစ်မှာ လုပ်စရာအလုပ်တွေ အများကြီးရှိနေတာကို အဲ့လို တခြားကိစ္စတွေ လုပ်ဖို့ဆိုရင် ပိုဆိုးပြီပေါ့ကွ"
သူခေတ္တရပ်တန့်သွားပြီး ဆက်ပြောလိုက်သည်။ "မဟုတ်မှလွဲရော အဲ့ဒီအစုတ်အပြတ် ဂိမ်းအနိမ့်စားကြောင့် စိတ်ညှို့ခံလိုက်ရတာတော့ မဟုတ်ပါဘူးနော်"
"အထီးကျန်ကန္တာရလမ်း ရေပန်းစားလာရတဲ့ အဓိက အကြောင်းအရင်းကလည်း ကံကြောင့်ပဲကွ။ ပြီးတော့ ဂိမ်းလုပ်ဖို့ဆိုတာ ပိုက်ဆံတွေ အများကြီးကုန်တာ။ မင်းပိုက်ဆံကို ဘယ်က ရမှာလဲ"
ဖေးချမ့်က ချောင်းဆိုးလိုက်သည်။ "ငါမင်းကို ဖုံးကွယ်မထားတော့ပါဘူး။ ငါက ဒုတိယမျိုးဆက် သူဌေးသားလေး တစ်ယောက်ပဲ။ ငါ့မိသားစုက ငါ့ကို ယွမ် ၃၀၀,၀၀၀ ပေးထားတယ်။ အဲ့လောက်ဆို လုံလောက်မလား"
မာယန်၏ ပါးစပ် အဟောင်းသားဖြစ်သွားပြီး အတော်ကြာမှ စကားပြန်ပြောလေသည်။ "မင်း အတည်ပြောနေတာလား။ လာနောက်နေတာ မဟုတ်ဘူးလား"
မာယန်က ဖေးချမ့်၏ မိသားစုနောက်ခံ အကြောင်းကိုတော့ သိပ်မသိပါ။ သို့သော်လည်း ဖေးယန်က သူများကို အပျော်နောက်ပြောင်တတ်သူ မဟုတ်တာကိုတော့ သူသိထားပါသည်။ ဒီလိုအဆင့်နိမ့် ဟာသဖြင့် သူ့ကို လိမ်ညာစရာ အကြောင်း မရှိပါ။
ထိုအခါမှ ကမ်းလှမ်းချက်ကို မာယန် အတည်ပေါက် စတင်စဥ်းစားလာခဲ့ပါသည်။
"ပိုက်ဆံအပြင် တခြားပြဿနာတွေကိုကော ဘယ်လိုလုပ်မလဲ" မာယန်က မေးလိုက်၏။
ဖေးချမ့်က ပြန်မေးလိုက်သည်။ "ပိုက်ဆံအပြင် တခြားဘာပြဿနာရှိသေးလို့လဲ"
မာယန်က ခေတ္တ ကြက်သေသေသွားသည်။ "မင်း အနုပညာအရင်းအမြစ်တွေကိုသိလား။ မင်း ကုဒ်ရေးတတ်လား"
ဖေးချမ့်က ခေါင်းခါလိုက်ပါသည်။ "မလုပ်တတ်ဘူး။ ဒါပေမယ့် အဲ့တာက ပြဿနာလားကွ။ အဲ့ဒီ ရင်းမြစ်တွေကို အွန်လိုင်းပေါ်ကနေ ပိုက်ဆံနဲ့ဝယ်ပြီး ကျွမ်းကျင်သူတွေကို ငှားလုပ်ခိုင်းလို့ရတယ်လေ"
မာယန်က ပါးစပ်အဟောင်းသား ဖြစ်သွားပြန်သည်။ လက်ရှိ သူ့စိတ်ခံစားချက်ကို ထုတ်ဖော်ပြသဖို့ ခက်ခဲနေ၏။
(အဲ့တာ မရိုးလွန်းဘူးလား။)
(မင်းက ချမ်းသာနေရင်တောင် ပိုက်ဆံကို အဲ့လို မဖြုန်းသင့်ဘူးလေ။)
ဖေးချမ့်က သူ့ကို ပခုံးပုတ်ပေးလိုက်ပါသည်။ "ကျန်တာ ဘာမှ စိတ်မပူပါနဲ့ကွာ။ မင်းကို မေးနေတဲ့ တစ်ခုတည်းသော မေးခွန်းက မင်းပူးပေါင်းချင်လားလို့။ ပူးပေါင်းချင်ရင် မင်းကို ဒီဇိုင်းအဖွဲ့ထဲမှာ နေရာတစ်ခုထားပေးမယ်"
မာယန်၏ မျက်နှာပေါ်တွင် တွန့်ဆုတ်သော အရိပ်အယောင်များ ပေါ်လာသည်။ "ယောက်ဖချမ့် ငါတို့ရဲ့ ရင်းနှီးမှုအပေါ် အမှီပြုပြီး ဒီကိစ္စအတွက် မင်းကို ကူညီပေးသင့်ပါတယ်"
"ဒါပေမယ့် ငါတို့နှစ်ယောက်စလုံးက ဂိမ်းလုပ်တဲ့ အကြောင်း ဘာမှမသိဘူးလေ။ ယွမ် ၃၀၀,၀၀၀ ကိုမင်းကို မင်းမိသားစုက ပေးထားတာဆိုပေမယ့် ဆုံးဖြတ်ချက်ကို ဒီလို ပေါ့ပေါ့တန်တန်ချမယ့်အစား ဒုတိယအကြိမ် ပြန်စဥ်းစားသင့်တယ်လို့ ငါတော့ထင်တယ်။”
"ငါတို့ ယွမ် ၃၀၀,၀၀၀ ကိုဖြုန်းပစ်လိုက်မိရင် မင်းကို တကယ်စိတ်ပျက်စေမိမယ်ထင်တယ်။ ငါမင်းနဲ့ တကယ် မပူးပေါင်းနိုင်ပါဘူးကွာ"
ဖေးချမ့်ဆွံ့အသွားသည်။ မာယန်၏စိတ် ဒီလောက် ခေါင်းမာလိမ့်မည်ဟု ထင်မထားခဲ့ပါ...။
သို့သော်လည်း ပြန်စဥ်းစားကြည့်သောအခါ အမှန်ပင်။ မာယန်က အနည်းငယ် တုံးအသော်လည်း စရိုက်ကတော့ မဆိုးလှပါ။ သဘောကောင်းသော ကောင်တစ်ယောက် ဖြစ်ပါသည်။
ဖေးချမ့်က သူ့ပိုက်ဆံ၏ ရင်းမြစ်အစစ်ကို ထုတ်မပြောနိုင်သဖြင့် သူက ဒုတိယမျိုးဆက် သူဌေးသားတစ်ယောက်ဖြစ်ပြီး သူ့မိသားစုက ပေးထားသော ပိုက်ဆံဖြစ်သည်ဟုသာ ပြောနိုင်ပါသည်။ သို့သော်လည်း သူ့ကြောင့် ဖေးချမ့် ပိုက်ဆံဆုံးရှုံးသွားမည်ကို စိုးရိမ်သဖြင့် မာယန် တွန့်ဆုတ်သွားစေခဲ့ပါသည်။
ရွေးချယ်စရာမရှိတော့ဘဲ ဖေးချမ့်တစ်ယောက် သူ့ယခင် အောင်မြင်မှုတစ်ခုနှင့် သက်သေပြဖို့သာ ရှိတော့သည်။ "တကယ်တော့လေ ပိုက်ဆံရနေတဲ့ ဂိမ်းတစ်ခု ငါလုပ်ပြီးသားပါ"
မာယန် ကြက်သေသေသွားသည်။ "ဘာဂိမ်းလဲကွ"
"အ-အဟွတ်" ဖေးချမ့်က ချောင်းဆိုးလိုက်ပါသည်။ "အထီးကျန် ကန္တာရလမ်း"
"ဖွီးး။" မာယန်က တံတွေးသီးလုနီးပါးပင် ဖြစ်သွားသည်။
"မင်းက အဲ့ဒီဂိမ်းအစုတ်ကို လုပ်တဲ့ကောင်လား။" မာယန် မှင်သက်သွားရသည်။
ထိုဂိမ်းက အကျင့်မကောင်းသည့်ကောင် တစ်ကောင်လုပ်ထားသည့် ဂိမ်းဟုပင် ဖေးချမ့်ကို အရင်တုန်းက ပြောဖူး၏။ သူ့ကို တိုက်ရိုက်ပြောနေမိတာကို မသိခဲ့ပေ...။
ဖေးချမ့်စိတ််တိုသွား၏။ "အဲ့တာ တကယ် ငါလုပ်ထားတာကွ"
အလွန် ခွကျသော အခြေအနေတစ်ခုဖြစ်နေပါသည်။
မာယန်က မျက်တောင်ခတ်လိုက်ပြီး ရုတ်တရက်ကြီး လက်မထောင်ပြလိုက်သည်။ "ကောင်းတယ်။ အဆင်ပြေတာပေါ့ ယောက်ဖချမ့်။ ဂိမ်းဒီဇိုင်းဆွဲတဲ့နေရာမှာ မင်းဒီလောက် ပါရမီရှိတာ မသိခဲ့ဘူး။ ဂိမ်းတစ်ခုကို ဒီလောက်ထိ ရေပန်းစားအောင် လုပ်နိုင်တဲ့ တကယ့် ပညာရှင်ပါလားကွာ။။ အဲ့တာကြောင့်လည်း အရင်တုန်းက အဲ့ဒီဂိမ်းကစားခဲ့တုန်းက စိတ်လှုပ်ရှားတဲ့ ခံစားချက်မျိုး ရခဲ့တာကိုး။ ဒါ့ကြောင့်ကိုးကွ"
ဖေးချမ့် ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။ ဒီမာကြီးက အပြောင်းအလဲမြန်လွန်းပါသည်။
"ဟုတ်ပါပြီ ဖားနေတာ တော်လိုက်တော့။ ထပ်မေးမယ်။ မင်းလုပ်မှာလား။ မင်းကို တစ်လကို လစာအဖြစ် ယွမ် ၃,၀၀၀ ပေးမယ်။ ငါတို့ ရှုံးရှုံး မြတ်မြတ် မင်း ဘာတာဝန်မှ ယူစရာမလိုဘူး။" ဖေးချမ့်က ကမ်းလှမ်းလိုက်ပါသည်။
ဒီတစ်ခေါက်တော့ မာယန်၏ အပြုအမူက လုံးဝ ပြောင်းလဲနေကာ ခေါင်းကို ဆက်တိုက် ငြိမ့်လိုက်သည်။ "ဒါပေါ့ ဒါပေါ့။ မင်းဘက်မှာ သေချာပေါက် နေမှာပါ ယောက်ဖချမ့်။ ငါက ဘာမှတော်တာ သိပ်မရှိပေမယ့် အားကိုးရတဲ့ ကောင်ဆိုတာ မင်းသိပါတယ်။"
ဖေးချမ့်က ဒီလောက်အောင်မြင်သည့် ဂိမ်းတစ်ခုကို ဖန်တီးခဲ့မှန်း သိလိုက်ရသောအခါ ဒါက ကလေးကစားစရာ မဟုတ်တာ့မှန်း မာယန် သိလိုက်ရပါသည်။ ဆန့်ကျင်ဘက် အဖြစ် သူပူးပေါင်းဖို့ မစောင့်နိုင်တော့သည့် တောက်ပနေသော အခွင့်အလမ်းတစ်ခု ဖြစ်သွားပါပြီ။
ဖေးချမ့်က မာယန်ကို လက်ခံဖို့ ချဲ့ကား ပြောဆိုလိုက်ပါသည်။ "ဟုတ်တာပေါ့ကွ အဲ့တာကြောင့်ပဲလေ။ မင်းက အားကိုးရတဲ့ ကောင်မို့လို့ မင်းကိုခေါ်ချင်တာပေါ့။ အခု တခြားသူတွေကို အသိမပေးနဲ့နော်။ ငါသိသမျှ အတန်းဖော်တွေအားလုံးထဲမှာမှ မင်းက ပါရမီအရှိဆုံးလို့ ငါထင်တာ။ တခြားသူတွေကိုတောင် မချဥ်းကပ်ခဲ့ဘူး"
မာယန်က တောက်ပနေပါပြီ။ "ဒါပေါ့ ဒါပေါ့။"
"ဟုတ်ပြီ ဒါဆိုကိစ္စပြတ်ပြီ" ဖေးချမ့်က ဘာမှ ပြောစရာမရှိတော့ပါ။ "ပြင်ဆင်ထားရမယ့် အလုပ်တွေ အများကြီး ရှိသေးတယ်။ မင်းဟာမင်း တချို့ကိစ္စတွေ စလုပ်ထားလိုက်။ တိုးတက်မှုရှိရင် ငါမင်းကို ပြောပြမယ်"
မာယန်က စိတ်လှုပ်ရှားစွာ ခေါင်းငြိမ့်လိုက်သည်။ "ရတာပေါ့ စိတ်မပူပါနဲ့။ နေ့လည်ကျရင် စာအုပ်ဆိုင်သွားပြီး ငါစသင်ယူဖို့ နည်းပညာစာအုပ်တွေ သွားရှာလိုက်မယ်။ စိတ်မပူနဲ့နော် သေချာပေါက် ငါဝန်ထုပ်ဝန်ပိုး မဖြစ်စေရပါဘူး။"
မာယန်က အဆောင်ထဲ ပြန်ဝင်သွားပြီး ပစ္စည်းများ ထုပ်ပိုးကာ အပြင်ထွက်ဖို့ ပြင်လိုက်ပါသည်။
"တကယ်တော့ ဘယ်နည်းပညာစာအုပ်ကမှ သင်စရာမလိုပါဘူး..."
ဖေးချမ့် စိတ်ထဲက ပြန်ပြောလိုက်သည်။ သို့သော်လည်း လက်ကိုသာမြောက်လိုက်ပြီး ဘာမှ မပြောဖြစ်ခဲ့ပါ။
မာယန်ကို ကုမ္ပဏီထဲခေါ်ဖို့က မှန်ကန်တဲ့ ရွေးချယ်မှု ဟုတ်ရဲ့လားဟုပင် စဥ်းစားလိုက်မိသည်။
(သူ့ပန်းတိုင်ကို ရောက်ဖို့အတွက် အရမ်းအားကိုးရပြီး တာဝန်သိတတ်တဲ့လူနဲ့မှ လိုက်မှာလား...)
သို့သော်လည်း ပြန်တွေးကြည့်လျှင် နှစ်ပေါင်းများစွာ မာယန့်အကြောင်း သူနားလည်ထားသလောက်တော့ သူကအားကိုးရသော်လည်း အစွမ်းအစက အကန့်အသတ်ရှိသူ ဖြစ်သည်။
မာယန်ကို နည်းပညာစာအုပ်နည်းနည်းလောက် ဖတ်ခိုင်းလိုက်ရုံနှင့် ကြီးကြီးမားမား သိပ်ပြီး ပြောင်းလဲမသွားနိုင်ပါ။