ပြောင်းပြန် စျေးဆစ်ခြင်း
Vol. 1 Ch. 15
အခန်း(၁၅) ပြောင်းပြန် စျေးဆစ်ခြင်း
"ဘော့စ် ခေါက်ဆွဲပြုတ်အတွက် အသားနဲ့ ကြက်ဥထမင်းကြော်အတွက် ကြက်ဥနောက်တစ်လုံး လုပ်ပါဗျို့ အရန်ဟင်းလည်းချပါဦး သခွားသီး အေးအေးလေးဆို အဆင်ပြေတယ်"
သူ့ရှေ့တွင် အသားအပြည့်ဖြင့် ခေါက်ဆွဲပြုတ်ကို အငမ်းမရစားနေသည့် မာယန်ကို ဆုချဖို့အတွက် ဖေးချမ့် ဘာမှ ခြွေတာမနေပါ။
"မင်းက တစ်ခုခုတော့ တစ်ခုခုပဲ ယောက်ဖ ဟန်တောင်မဆောင်တော့ဘဲ ဒုတိယမျိုးဆက် သူဌေးသားတစ်ယောက်ရဲ့ အကျင့်မျိုး ထုတ်ပြနေပြီ ဒါပေမယ့်... ဒီငွေပမာဏနဲ့ဆို ဟိုဘက်က စားသောက်ဆိုင်မှာ မှာစားလို့ ရတယ်လေ..."
ဖေးချမ့်က လက်ခါပြလိုက်သည်။ "နိုးနိုး ငါ့ကောင်။ ဘေးက စားသောက်ဆိုင်က စျေးမကြီးဘူး ဆိုပေမယ့် ဗိုက်ပြည့်မှာမဟုတ်ဘူး။"
"အမှန်တိုင်းပြောရရင် ငါတို့ရဲ့ အလုပ်အစကို အောင်ပွဲခံဖို့အတွက် ပိုကောင်းတာ စားသင့်တယ်။ ဒါပေမယ့် ငါ့ပိုက်ဆံတွေ အကုန်လုံးက လောလောဆယ် ဂိမ်းဖန်တီးဖို့အတွက်ပဲ စုထားတာ ဆိုတော့ ငါ့အတွက် နည်းနည်း ကျပ်တည်းနေလို့ပါကွာ။"
တကယ်က အလဲအထပ် ပြုလုပ်ထားသည့် သူ့ကိုယ်ပိုင်စည်းစိမ်မှာ နည်းလွန်းနေသောကြောင့် ဖြစ်သည်။ သူ့တွင် ယွမ် ၇၀၀ သာရှိ၏။ သူ့ စိတ်တိုင်းကျ စားသောက်ဖို့အတွက် မလုံလောက်ပါ။
မာယန်က ခေါင်းငြိမ့်ရင်း ခေါက်ဆွဲပြုတ်ကို စားလိုက်ပါသည်။ "ငါနားလည်ပါတယ်။ မှန်တာပေါ့။ ငါတို့က တိုက်ပွဲအခြေအနေမှာ ရောက်နေတာ။ ပိုက်ဆံ မဖြုန်းသင့်ဘူး။"
"ဒီဂိမ်းထုတ်နိုင်ပြီ ဆိုတာနဲ့ တစ်ယောက်ကို ၅၀ ယွမ်ပေးရတဲ့ အကင်ဘူဖေးတစ်ခုကို ခေါ်သွားမယ်။"
မာယန်က စိတ်အားထက်သန်စွာ ခေါင်းငြိမ့်လိုက်ပါသည်။ "ဒါပေါ့ ဒါပေါ့"
ထိုကာလက ဘူဖေးများမှာ တစ်ယောက်ကို ယွမ် ၃၀ လောက်သာ ကုန်ကျသည်။ ဖေးချမ့် ပြောသည့် ယွမ် ၅၀ ဘူဖေးဆိုသည်မှာ အဆင့်မြင့် ဘူဖေးဟု သတ်မှတ်နိုင်၏။
သို့သော်လည်း နောက်ထပ် ၁၀ နှစ်လောက် အကြာတွင် ဘူဖေးစျေးက တစ်ယောက်ကို ယွမ် ၁,၂၀၀ လောက်အထိ တိုးသွားမည်ဖြစ်သဖြင့် နှိုင်းယှဥ်လို့ပင် မရတော့ပါ။
ဖေးချမ့်အတွက် ယွမ် ၃၀၀,၀၀၀ စလုံးကို ဆုံးရှုံးပြီး သူ့ကိုယ်ပိုင်စည်းစိမ်အဖြစ် ပြောင်းလဲနိုင်ပါက သူစားချင်သမျှ အစားကောင်းများကို စားနိုင်ပါသည်။
"ဟုတ်သားပဲ စာချုပ်" ဖေးချမ့်က သူ့ကြက်ဥ ထမင်းကြော်ကို စားရင်း ပြောလိုက်သည်။ "ငါတို့ပြန်ရင် နမူနာတစ်ခု သွားဝယ်လိုက်မယ်။ လကုန်ရင် လစာ ယွမ် ၃,၀၀၀ ပေးဖို့အတွက် မင်းနဲ့ အလုပ်စာချုပ် ချုပ်ကြရအောင်"
မာယန်က အမြန်ပြန်ပြောလိုက်ပါသည်။ "ယောက်ဖချမ့်။ မင်းကတော့ သူစိမ်းဆန်နေပြန်ပါပြီကွာ။ ပိုက်ဆံက အဓိကမဟုတ်ပါဘူး။ ပြီးတော့လည်း စာချုပ်တွေဘာတွေ လိုမယ်လို့ ငါမထင်ဘူးနော်။"
ဖေးချမ့်က ခေါင်းခါလိုက်၏။ "မဟုတ်တာ။ မင်းက ငါ့အတွက် အကောင်းဆုံး ကြိုးစားပေးနေလို့ တစ်ပြားတစ်ချပ်တောင် လျှော့ယူလို့ မဖြစ်ဘူး။ ငါတို့က တရားဝင် လုပ်ငန်းတစ်ခု လုပ်နေတာဆိုတော့ လုပ်ရိုးလုပ်စဥ်တွေအတိုင်း လုပ်ရမှာပေါ့။ စာချုပ်ကတော့ ချုပ်ကို ချုပ်ရမယ်။"
"ဟုတ်ပါပြီ ဒါဆိုလည်း မင်းစီစဥ်ထားတဲ့ အတိုင်း ငါတို့လုပ်ကြတာပါ့" မာယန်က ထပ်ပြီး မငြင်းတော့ပါ။ ဘယ်သူက ပိုက်ဆံ အလကား မလိုချင်ဘဲ နေမလဲ။
၃,၀၀၀ က နည်းနည်းများလွန်းသည်ဟု ခံစားရကာ ရှက်နေရုံသာဖြစ်သည်။
တကယ်တော့ ဖေးချမ့်က သူ့ကို ပိုပေးချင်သော်လည်း စနစ်က ခွင့်ပြုမည်မဟုတ်ပါ။
ဖေးချမ့် ဝန်ထမ်းလစာများအတွက် ထိုက်သင့်သည့် စံနှုန်းများထက် ကျော်ပြီး မပေးနိုင်ကြောင်း စနစ်က ပြောထားသည်။ စမ်းသပ်စစ်ဆေးပြီးနောက်တွင် ထိုက်သင့်သည့် စံနှုန်းဆိုတာ အပြင်ဘက်က လစာများထက် ၂ ဆ ပိုမကျော်နိုင်ကြောင်း ပြောခြင်းဖြစ်ပါသည်။
မာယန်ကိုပဲ ဥပမာ ထားကြည့်ပါ။
သူဂိမ်းကုမ္ပဏီတစ်ခုတွင် အလုပ်သွားလုပ်ပါက အလုပ်သင်များ၏ လက်ရှိကာလ အခြေခံလစာ စံနှုန်းအရဆိုရင် ၁,၅၀၀ ယွမ် ရလိမ့်မည်။
အမှန်ပင်။ တချို့ကုမ္ပဏီများက ပိုမိုရက်ရောကာ အလုပ်သင်များကလည်း အလုပ်ပိုမိုလုပ်သောကြောင့် လစာပိုရသည့် ခြွင်းချက်များလည််း ရှိပါသည်။
သို့သော်လည်း မာယန်၏ အစွမ်းအစနဲ့သာဆို ကုမ္ပဏီတစ်ခုမှာ ဝန်ထုပ်ဝန်ပိုးသာဖြစ်နိုင်သည် ဆိုတာကိုလည်း ထည့်စဥ်းစားရပါလိမ့်မည်...။
ထို့ကြောင့် ဖေးချမ့်က အလုပ်သင်လစာကို ယွမ် ၃,၀၀၀ အဖြစ် ဆုံးဖြတ်ခဲ့သည်။ ဒါက စနစ်က ခွင့်ပြုပေးထားသည့် အမြင့်ဆုံး လစာဖြစ်သည်။
ခေါက်ဆွဲပြုတ်စားရင် မာယန်က ရုတ်တရက်ကြီး သူ့ပေါင်သူ ရိုက်လိုက်ပါသည်။
"အောင်မယ်လေး ယောက်ဖချမ့် ငါအကြံကောင်း တစ်ခု ရုတ်တရက် စဥ်းစားမိတယ် သုံးပြည်ထောင်ထဲက စစ်သည်ကြီးတွေ အကုန်လုံးကို ကောင်မလေးတွေအဖြစ် ပြောင်းလဲလိုက်ရင် ဘယ်လိုလဲ။ ဒါက ပြုပြင် ပြောင်းလဲတာပဲ မဟုတ်လား။ ဘယ်လိုလဲ။"
ဖေးချမ့်က စားနေသည့် ထမင်းကြော်များ ထွေးထုတ်မိလုနီးပါးဖြစ်သွားသည်။
"မလုပ်နဲ့။"
ထိုအကြံကို သူပြတ်ပြတ်သားသား ငြင်းလိုက်ပါသည်။
မာယန်က ဇဝေဇဝါဖြစ်သွား၏။ "ဘာလို့လဲကွ။ မင်းပဲ ဆန်းသစ် ပြောင်းလဲရမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။"
ဖေးချမ့် ဆွံ့အသွားသည်။
ဘာလို့လဲ ဟုတ်လား။
ဘာလို့လဲဆိုတော့ အဲ့အကြံနဲ့ဆို အောင်မြင်နိုင်ခြေ ပိုများသွားလို့ပေါ့ကွ...။
တကယ်တော့ Manga နှင့် Anime များတွင် သုံးပြည်ထောင်၏ ဇာတ်ကောင်များကို လိင်ပြောင်းလဲသည့် အကြံမျိုးအား အသုံးပြုထားပြီးပြီဖြစ်ပြီး အတော်လေး အောင်မြင်ခဲ့ကြ၏။
၂၀၀၉ ခုနှစ်ဖြစ်ပြီး 2D ဂိမ်း အမျိုးအစားက သိပ်ပြီး ရေပန်းမစားသေးသော်လည်း ထိုဘက်သို့ ဦးတည်နေကြမှန်း လက္ခဏာများ တွေ့ရသည်။ မိုဘိုင်းဂိမ်းများက ၎င်းတို့၏ ဒီဇိုင်းများကို ကာတွန်းဆန်အောင် ပြုလုပ်နေကြသဖြင့် ထိုရေပန်းစားမှုကိုပဲ ဖက်တွယ်နေကြတာလို့ ဆိုလိုခြင်း မဟုတ်လား။
လိင်ပြောင်း အိုင်ဒီယာကြောင့် ဂိမ်းကို အိမ်တွင်းအောင်းတွေ သဘောကျသွားကြပြီး နာမည်ကြီးသွားရင် ဘယ်လိုလုပ်မလဲ။
ဒီလိုကိစ္စမျိုး ဖေးချမ့် ဖြစ်လာခွင့်မပေးနိုင်ပါ။
သို့သော်လည်း မာယန်ကို သူ့အတွေးအစစ်များကိုတော့ ထုတ်ပြောလို့ မရပါ။
ချောင်းဟပ်လိုက်ပြီး ရှင်းပြလိုက်ပါသည်။ "အဲ့ဒီအိုင်ဒီယာက အလုပ်ဖြစ်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဇာတ်ကောင်တွေ အကုန်လုံးရဲ့ ထင်ရှားမှုကို ဆုံးရှုံးသွားစေမှာ မို့လို့ပဲကွ"
"ဥပမာအားဖြင့် မာချောင်၊ ကျောက်ယွင်နဲ့ ကုန်းစွန်းကျန့်တို့သာ အကုန်လုံး မိန်းမတွေ ဖြစ်သွားရင်... ပြီးတော့ ကျန်တဲ့လူတွေအကုန်လုံးပဲ။ သူတို့ရဲ့ ဝိသေသလက္ခဏာတွေက ဘာမှ ထူးခြားနေမှာ မဟုတ်တော့ဘူး။"
"မင်းရဲ့ အခုလက်ရှိ ကမ်းလှမ်းချက်တွေက အဆင်ပြေနေပါတယ်။ မာချောင်က မြင်းတစ်ပိုင်း လူတစ်ပိုင်း၊ ကွမ်ယုက နဂါးဆိုတော့ သူတို့ကို ခွဲခြားဖို့ လွယ်တယ်လေ။"
"အဲ့တာကြောင့် လက်ရှိ မင်းရဲ့ ကမ်းလှမ်းချက်က ပိုအဆင်ပြေတယ်လို့ ငါထင်တယ်။"
နားလည်သွားသဖြင့် မာယန် ခေါင်းငြိမ့်လိုက်ပါသည်။ "သြော် ဒီလိုကိုး။ နားလည်ပြီ နားလည်ပြီ။"
ဖေးချမ့် စိတ်အေးစွာဖြင့် သက်ပြင်းအရှည်ကြီး ချလိုက်မိပါသည်။ ကြည့်ရတာ ဝန်ထမ်း တစ်ယောက် ရှိတာလည်း အကုန်လုံး အဆင်ပြေနေတာ မဟုတ်ဘူး ထင်တယ်။
သူ လစာ ပိုပေးရင်တောင် ဖေးချမ့်၏ ဗျူဟာများကြောင့် သူတို့ သံသယနှင့် မေးခွန်းများ ရှိလာစေနိုင်သည်။ ထိုအချိန်ကျလျှင် ယုတ္တိရှိသည့် ရှင်းပြချက်များကို သူစဥ်းစားထားရမည်ဖြစ်သည်။
မဟုတ်ပါက ဖေးချမ့်က ကုမ္ပဏီအား တမင်တကာ အရှုံးပေါ်အောင် လုပ်နေသည်ဟု ဝန်ထမ်းများက တကယ် သံသယဖြစ်သွားနိုင်သည်။ သံသယများ ဝင်လာသည်နှင့် စနစ်၏ စည်းမျဥ်းများအရ စည်းကမ်းဖောက်ဖျက်ခြင်း အစစ်ဖြစ်သွားနိုင်ပါသည်။
"တော်သေးလို့ မာယန်က သိပ်ဉာဏ်မပြေးဘူး။"
"နောက်ပိုင်း လူတွေသာ ငါထပ်ငှားရမယ်ဆိုရင် ဒီလိုလူမျိုးတွေပဲ ထပ်ငှားရမယ်။"
ဖေးချမ့်က စိတ်ထဲမှ စဥ်းစားလိုက်ပါသည်။
...
စားသောက်ပြီးနောက် သူတို့ အဆောင်သို့ လမ်းလျှောက်ပြန်လာခဲ့ကြသည်။
မာယန်က အပေါ်ဘက်ကုတင်ပေါ်သို့ အားအင် ပြည့်ဝစွာဖြင့် တက်လိုက်ပြီး စိတ်အားထက်သန်စွာ လိုအပ်ချက်ဖောင်ကို ဖြည့်ရင်း အလုပ်စလုပ်လိုက်သည်။
ဖေးချမ့်ကတော့ လက်ပ်တော့ကို ဖွင့်ပြီး ရင်းမြစ် ဝက်ဘ်ဆိုက်ထဲ ဝင်လိုက်၏။ သူ့အရင် မက်ဆေ့တွင် ပြန်စာ ဝင်နေပါပြီ။
ရွမ်ကွမ်းကျန့် "ခင်ဗျားတို့က ဘယ်နှပုံ လိုချင်တာလဲ။ ယေဘုယျ လိုအပ်ချက်တွေက ဘယ်လိုမျိုးလဲ။"
ဖေးချမ့်က သူ့ယေဘုယျ လိုအပ်ချက်များ၊ ကတ်အရေအတွက် အပါအဝင် ယေဘုယျ စတိုင် စသည်တို့ကို ရေးချလိုက်ပါသည်။
အမှန်ပင်။ အသေးစိတ် လိုအပ်ချက် ဖောင်က မပြီးသေးသဖြင့် ဖေးချမ့်က ရိုးရိုးရှင်းရှင်းသာ ဖော်ပြနိုင်သည်။
"ပုံဆွဲစတိုင်က ကာတွန်းဆန်လို့မရဘူး။ ကျန်တာတော့ ခင်ဗျား စိတ်ကူးအတိုင်းပဲ။"
"စုစုပေါင်း ဇာတ်ကောင် ၅၀ ရှိတယ်။ တစ်ကောင်ချင်းစီတိုင်းမှာ မူရင်းပုံ ၄ ပုံစီရှိမယ်။ စုစုပေါင်း ပုံ ၂၀၀ ပေါ့။"
"လိုအပ်ချက် ဖောင်ကိုတော့ လုပ်နေတုန်းပဲ။ ခဏနေရင် ပို့လိုက်မယ်။"
၃ မိနစ်လောက် ကြာသည်အထိ ဖေးချမ့် ပြန်စာ မရခဲ့ပါ။ ရွမ်ကွမ်းကျန့်တစ်ယောက် အကျပ်ရိုက်သွားသည်ဟု သူယူဆလိုက်ပါသည်။
ငါ့ကိုယ်ရေး စာမျက်နှာထဲမှာ ကာတွန်းပုံတွေနဲ့ ပြည့်နေတာတောင် ငါ့ကိုပထမဆုံး ပြောလိုက်တာက ကာတွန်းဆန်တဲ့ ပုံမလိုချင်ဘူးတဲ့လား။
အချိန်အတော်ကြာသောအခါ ရွမ်ကွမ်းကျန့်က စာပြန်လာပါသည်။
"ကောင်းပါပြီ။ ပုံ ၄ ပုံပါတဲ့ တစ်စုကို ယွမ် ၂,၀၀၀ ကျမယ်။ အဆင်ပြေလား။ ဒီစျေးနှုန်းက လူသစ် ပုံဆွဲသူတစ်ယောက်အနေနဲ့ နည်းနည်းများတာတော့ သိပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ ကျွန်တော့်ရဲ့ အရည်အချင်းက ထိပ်တန်းပဲ။ ကျွန်တော်က ကျောင်းတက်နေဆဲမို့လို့ ကိုယ်ရေး စာမျက်နှာထဲမှာ ဘာမှ သိပ်ပြီးမရှိတာပါ။"
(တစ်စုကို ယွမ် ၂,၀၀၀ ဟုတ်လား။ ဒါဆို တစ်ပုံကို ယွမ် ၅၀၀ တည်းလို့ ဆိုလိုတာလား။)
ဖေးချမ့် ချက်ချင်း အားမရဖြစ်သွားသည်။ စျေးပေါလွန်းပါသည်။
(ဒါဆိုသူ့ ပိုက်ဆံတွေကို အပြည့်အဝ မသုံးနိုင်တော့ဘူးလို့ ဆိုလိုတာ မဟုတ်လား။)
အစကတော့ တစ်စုကို ယွမ် ၃,၀၀၀ လောက် စီစဥ်ထားသော်လည်း အခုတော့ စျေးက ယွမ် ၂,၀၀၀ အထိ ကျသွားလေပြီ။
ဇာတ်ကောင် ၅၀ အတွက်ဆို ယွမ် ၅၀,၀၀၀ လောက် ပိုသက်သာမသွားနိုင်ဘူးလား။
မဖြစ်ဘူး၊ အဆင်မပြေပါ။
"စျေးကို နည်းနည်းတော့ ညှိနှိုင်းရလိမ့်မယ် ထင်တယ်" ဖေးချမ့်က စာပြန်၏။
ရွမ်ကွမ်းကျန့် "ဒါဆို ခင်ဗျားက ဘယ်လောက် တောင်းဆိုချင်လို့လဲ။ အဲ့တာ ကျွန်တော့်ရဲ့ အနိမ့်ဆုံးစျေးပါ။"
ဖေးချမ့် "ကျွန်တော်တို့ ဘက်က နည်းနည်းတော့ ထူးခြားတယ်ဗျ။"
"ဘာလို့လဲဆိုတော့ ကျွန်တော်တို့ လိုချင်တာက အရင်တုန်းက ဘယ်သူ့ဆီ ဘယ်မှာမှ မရှိဖူးတဲ့ စတိုင်တစ်မျိုးကို လိုချင်တာလေ။ အရမ်းအနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ပုံမျိုးကို လိုချင်တာ အဲ့တာကြောင့် အခက်အခဲက နည်းနည်းတော့ များလိမ့်မယ်။ နားလည်ရဲ့လား။"
"ပြီးတော့ ကျွန်တော်တို့ရဲ့ ဒီဇိုင်းပိုင်းဘက်မှာလည်း ပုံတွေနဲ့ သိပ်ပြီး မရင်းနှီးတော့ ကျွန်တော်တို့ တောင်းဆိုချက်တွေက နည်းနည်းတော့ မသဲမကွဲ ဖြစ်နိုင်တယ်။"
"အဲ့တာကြောင့် ခင်ဗျား နည်းနည်းလောက် ပိုကြိုးစားပြိး ဒီဇိုင်းဆွဲပေးမှဖြစ်မယ်။"
"အဲ့လို ထည့်စဥ်းစားလိုက်တော့ ခင်ဗျားအတွက် တစ်စုကို ယွမ် ၂,၀၀၀ က မတရားသလိုပဲ။ တစ်စုကို ယွမ် ၃,၀၀၀ လောက်ဆိုမှ ပိုသင့်တော်လိမ့်မယ်။"
"မူရင်းပုံတွေကော နောက်ပိုင်း ပြုပြင်ပြောင်းလဲမှုအတွက်ကော အပါအဝင်ပဲ။ တစ်ချိန်တည်းမှာ ခင်ဗျား ပိုပြီး အသေးစိတ်ကျအောင် ဆွဲသားပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ဘယ်လိုသဘောရလဲ။"
ရွမ်ကွမ်းကျန့်ဘက်က နောက်တစ်ခေါက် ထပ်မံတိတ်ဆိတ်သွားပြန်သည်။
ပြောင်းပြန်စျေးဆစ်တတ်သည့် ဖေးချမ့်လို ဖောက်သည်မျိုး သူမတွေ့ဖူးတာတော့ သေချာသည်...။
ဒီလူက သူ့ကို တစ်စုံကို အပို ယွမ် ၁,၀၀၀ တောင် ပေးနေသေးသည်။
သို့သော်လည်း စနစ်က ဘာသတိပေးချက်မှ မပေးသဖြင့် ဖေးချမ့်၏ လုပ်ရပ်က စည်းကမ်း ချိုးဖောက်ရာ မကျပါ။
အဘယ့်ကြောင့်ဆိုသော် ဖေးချမ့်၏ ကမ်းလှမ်းချက်က လုံးဝ သင့်တော်သောကြောင့်ဖြစ်ပါသည်။ ထပ်ဆောင်းငွေပမာဏမှာ မသဲကွဲသည့် တောင်းဆိုချက်များကို ဒုက္ခခံ စဥ်းစားရတာက တစ်ကြောင်း၊ အလုပ်၏ အရည်အသွေးကို မြှင့်တင်ဖို့နှင့် နောက်ပိုင်း ညှိနှိုင်းမှုများ ပြုလုပ်နိုင်ဖို့က တစ်ကြောင်း ဖြစ်ပါသည်။
ရွမ်ကွမ်းကျန့်က မိနစ်အနည်းငယ်ကြာမှ စာပြန်လာသည်။ "ကောင်းပါပြီ။ စုစုပေါင်း အစု ၅၀ နဲ့ မူရင်း ပုံ ၂၀၀ က ၁၅၀,၀၀၀ပေါ့။ ဒီထဲမှာ အကြီးစား ပြင်ဆင်ခွင့် ၂၀ နဲ့ အသေးစား ပြင်ဆင်ခွင့် ၅၀ ပါမယ်။"
ဖေးချမ့်က ပြုံးလိုက်သည်။
(ပြင်ဆင်ခွင့်တွေဝယ်ဖို့ ပိုက်ဆံတွေတော့ သုံးလို့ရတယ်။ ဒါပေမယ့် မသုံးဖို့ပဲ ရွေးချယ်မယ်။)
ဘာပဲဖြစ်ဖြစ် ပုံက ဆိုးဆိုးဝါးဝါးထွက်လာရင် အကောင်းဆုံးပဲ မဟုတ်လား။
သူတို့နှစ်ယောက်စလုံး သဘောတူညီလိုက်ကြပြီး အရင်းအမြစ် ဝက်ဘ်ဆိုက်ပေါ်က ဒစ်ဂျစ်တယ် စာချုပ် ချုပ်ဆိုရန် ပြင်ဆင်လိုက်ကြသည်။
ရုတ်တရက် ဖေးချမ့် တစ်ခုခုကို သတိရသွားသည်။ "၃ ပတ်အတွင်း မူရင်းပုံ ဘယ်နှပုံလောက် မင်းထုတ်နိုင်မလဲ။ စာချုပ်အဆုံးမှာ စုစုပေါင်းကို ပြင်ဆင်လိုက်မယ်။"
ငွေစာရင်းမရှင်းခင် တစ်ပတ်အလိုတွင် ဖေးချမ့်၌ မကြေညာထားသည့် ဘာပစ္စည်းမှ ကျန်လို့ မရကြောင်း စနစ်က သတိပေးထားသည်။
ဖေးချမ့်သာ ငွေစာရင်းမရှင်းခင် သူ့ဂိမ်းကို တင်ချင်ပါက ရွမ်ကွမ်းကျန့်တွင် အလုပ်လုပ်ဖို့ ၃ ပတ်အချိန်ရှိပါသည်။
ရွမ်ကွမ်းကျန့် "သေချာပေါက် ၂၀၀ စလုံးတော့ မဆွဲနိုင်ဘူး။ ဒါပေမယ့် ဒီအလုပ်ကို ကျွန်တော့် အဆောင်နေ အတန်းဖော်တွေနဲ့ တွဲလုပ်လို့ရပါတယ်။ စိတ်မပူပါနဲ့။ သူတို့ရဲ့ အရည်အချင်းကိုကော စတိုင်တူညီဖို့ကော အာမခံပါတယ်။"
ဖေးချမ့်က စိတ်အေးသွားသည်။ "ဒါဆို အဆင်ပြေတာပေါ့။ ဒါဆို အားလုံးကို မင်းလက်ထဲ အပ်ထားလိုက်ပြီနော်။"
ရွမ်ကွမ်ကျန်းက ကျောင်းတက်နေဆဲဖြစ်သည်။ ရင်းမြစ်ဝက်ဘ်ဆိုက်က လိုအပ်သည့် လိုအပ်ချက်များကို သူမှီနိုင်သည် ဆိုရင်တောင် သူ့အတန်းဖော်များသည်လည်း မှီနိုင်သည်ဟု မဆိုလိုပါ။
ဒါကို မူရင်းရုပ်ပုံများ၏ အရည်အသွေးကို ရည်ရွယ်ချက်ရှိရှိ လျော့ကျသွားစေနိုင်သည့် ကယ်ပေါက် အသေးစားလေး တစ်ခုဟု သတ်မှတ်နိုင်၏။
ကောင်းလိုက်တာကွာ။