← Chapters

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ တာအိုကလေးငယ်

Vol. 18 Ch. 269

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ တာအိုကလေးငယ်

Vol. 18 Ch. 269

“ နောက်ဆုံးတော့ မင်း ထွက်လာပြီကိုး ”

လေပွေကြီး၏ အပြင်ဘက်သို့ ရွှီချင်းရောက်တော့မည့် အချိန်မှာပင် ရှေ့တူရှုမှ အသံကို ကြားလိုက်ရသည်။

ထိုအသံသည် အလွန်တည်ငြိမ်ပြီး မည်သည့်စွမ်းအင်အငွေ့အသက်ကိုမျှ ထုတ်လွှတ်မထားပေ။

ရွှီချင်း လှမ်းကြည့်လိုက်သည်။ အမှန်စင်စစ် အရိပ်လေးမှတစ်ဆင့် သူ့ရှေ့မှ မြင်ကွင်းကို သူ မြင်ခဲ့ရပြီး ဖြစ်သည်။ သို့သော် ကိုယ်တိုင်မြင်လိုက်ရသောအခါတွင်လည်း သူ့စိတ်ထဲ လေးလံသွားရဆဲပင်။

မူလက ဤနေရာတွင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တစ်ထောင်ကျော် စောင့်ကြပ်နေပြီး ယခုအချိန်၌ ထိုသူများအားလုံး အဝေးတစ်နေရာတွင် ဒူးထောက်နေကြသည်။

ထွက်ပေါက်အပြင်ဘက်တွင် လူတစ်ယောက်တည်းသာ ရှိသည်။

ထိုလူူသည် လူငယ်လေးတစ်ယောက်ဖြစ်ပြီး ရွှေရောင်ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားပါသော်လည်း ဧကရာဇ်တစ်ပါး၏ သရဖူ မရှိပေ။ သူ့အသားအရေက ဖြူဆွတ်နေပြီး အနီစက်များ မရှိပေ။ သူ့အရှိန်အဝါက နက်ရှိုင်းပြီး သူ့မျက်လုံးများထဲတွင် ကြယ်ကလေးများ ဝင်းလက်နေဟန်တူသည်။

ရုပ်ရည်ချင်းယှဉ်ကြည့်လျှင် သူသည် ရွှီချင်းအောက်နိမ့်ကျသည်။ သို့သော် သူ့ထံမှ ထွက်ပေါ်နေသည့် မြင့်မြတ်သော အရှိန်အဝါများအရ သူ ရောက်နေသည့်နေရာတိုင်း လူအများ၏ အာရုံစိုက်ခြင်း ခံရပေသည်။

သူသည် ဧရာမမှိုပွင့်နီကြီးတစ်ပွင့်ပေါ် ထိုင်နေပြီး ရွှီချင်းကို အေးတိအေးစက်ကြည့်နေသည်။ သူ့ဘေးတွင် မီးခိုးနက်အလုံးကြီးတစ်လုံး လွင့်မျောနေသည်။ ထိုမီးခိုးနက်ထဲ ပိတ်မိနေသည်မှာသံတုတ်နက်လေးမှလွဲ၍ တခြားမဟုတ်ပေ။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ အပြင်သို့ ရောက်သည်နှင့် ထိုလူငယ်၏ အရှင်လတ်လတ်ဖမ်းဆီးခြင်း ခံလိုက်ရဟန်တူသည်။

အရိပ်လေးကိုမူ ၎င်း၏ ထူးဆန်းသော ပုံပန်းသွင်ပြင်ကြောင့် ရှာမတွေ့ကြပေ။ ထိုအချိန်၌ အရိပ်လေးသည် မှိုပွင့်အပေါ် ပုန်းအောင်းရင်း ထိုလူငယ်၏ အရိပ်ကို ဝါးမျိုချင်နေသည့်အလား ဂရုတစိုက်ဖြင့် ဖြန့်ကျက်နေသည်။

“ ငါ့နာမည်က မြောင်ချန်၊ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က လက်ရှိမျိုးဆက်ရဲ့ တာအိုကလေးငယ်ပဲ။ မင်းအဖော်ကို အကြီးအကဲယင်လင်းက နောက်ကနေ လိုက်နေတယ်။ သူ ဘယ်လိုမှ လွတ်မှာ မဟုတ်ဘူး ”

“မင်းကိုတော့ ဘယ်သူကများ ဒီနေရာကိုအတင့်ရဲပြီး လာရဲလဲ သိချင်လို့ ငါကိုယ်တိုင် တံခါးပိတ်ကျင့်ကြံနေတာကနေ လာကြည့်တာပဲ ”

“ အခုတော့ ငါ အတော်လေး စိတ်ပျက်သွားတယ်။ ဒါပေမဲ့ မင်းရဲ့လက်နက်စောင့်ဝိညာဉ်က အဆင်ပြေပါသေးတယ်။ ငါ့ကို ပေးမယ်မလား ”

မြောင်ချန်က တည်ငြိမ်စွာပြောသည်။

ရွှီချင်းသည် တစ်ခွန်းမှမဆိုဘဲ ထွက်ပေါက်အပြင်ဘက်တွင် ရပ်နေရင်း ဘေးပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်သည်။ ဤနေရာတွင် တည်နေရာရွှေ့ပြောင်းခြင်းကို ကန့်သတ်ထားသောစွမ်းအင်အနည်းငယ် ရှိနေသေးသည်။ သူ ခပ်ဝေးဝေးသို့ ရောက်သည်အထိ ရှေ့ဆက်သွားရပေဦးမည်။

“ ဘာမှကြည့်မနေနဲ့။ မင်းဘယ်လောက်ပဲ လွတ်မြောက်အောင် ကြိုးစားနေနေ အသုံးမဝင်ဘူး။ မင်းက ဒီနေ့ ငါ့သုံ့ပန်း ဖြစ်လာမှာပဲ ”

မြောင်ချန်က ရွှီချင်းကို ကြည့်လိုက်သည်။

“ မင်းက အတော်စကားများတဲ့ကောင်ပဲကွ ”

ရွှီချင်း၏အကြည့်က လူငယ်အပေါ် ရောက်သွားသည်။

ထိုစကားကို မြောင်ချန်ကြားသောအခါ မတ်တတ်ရပ်လိုက်ပြီး ရယ်မောလိုက်သည်။ သူ၏ ရယ်မောသံသည် ကျယ်လောင်သည်ထက် ကျယ်လောင်လာပြီး ဘေးပတ်ဝန်းကျင်ရှိ စွမ်းအင်များကို ရိုက်ခတ်သွားကာ တန်ပြန်အားလှိုင်း ဖြစ်ပေါ်လာပြီး မုန်တိုင်းတစ်ခု ပေါ်ပေါက်လာသည်။

ထိုမုန်တိုင်းသည် အရှိန်အဟုန်ပြင်းစွာဖြင့် မြေပြင်ပေါ်မှ ဖုန်မှုန့်များကို လှဲကျင်းတိုက်ခတ်သွားသည်။ ယင်းသည် ထိုနေရာတစ်ဝိုက်ရှိ တစ္ဆေအိပ်မက်လိပ်ပြာများကိုပင် တိုက်ခတ်သွားသည်။

လေပြင်းကြောင့် ရွှီချင်း၏ ဆံပင်ရှည်များနှင့် အဝတ်အစားများ တဖျပ်ဖျပ်လွင့်သွားသည်။ လေပြင်းက သူ့ကို ချေဖျက်ပစ်ချင်ပါသော်ငြား မစွမ်းဆောင်နိုင်သည့်အလားပင်။

အလွန်ဆုံးအနေဖြင့် လေပြင်းက သူ့ဆံပင်ရှည်များနှင့် အဝတ်အစားများကိုသာ လွင့်သွားအောင် စွမ်းဆောင်နိုင်သည်။ သူ့ခန္ဓာကို တုန်ခါသွားအောင်ဖြစ်စေ၊ သူ့အေးစက်စက်အကြည့်ကို ရုတ်သိမ်းအောင်ဖြစ်စေ မလုပ်နိုင်ပေ။

ရွှီချင်းသည် သူ့ရှေ့မှ ထီမထင်ဟန်ရှိနေသော လူငယ်ကို အေးစက်စက်ကြည့်၍ ဗြုန်းခနဲ ပြေးဝင်သွားသည်။

သူ့ကိုယ်ထဲမှ သက်စောင့်မီးအိမ်မှာ တဟုန်းဟုန်း တောက်လောင်လာပြီး သက်စောင့်မီးတောက်များကို ထွန်းညှိလိုက်သည်။ သူ့နောက်ကျောမှ ရွှေကျီးကန်းဆေးမှင်ကြောင်မှာ ပူပြင်းလာသည်။ အပြင်အား တိုးတက်လာခြင်းနှင့်အတူ သူ၏အမြန်နှုန်းက ကြောက်ခမန်းလိလိ ဖြစ်နေသည်။ သူသည် ရှေ့တူရှုမှ လေအတားအဆီးအားလုံးကို ကျော်ဖြတ်၍ မြောင်ချန်ရှေ့သို့ ရိပ်ခနဲ ရောက်သွားပြီး မြောင်ချန်ကို လက်သီးဖြင့် ကြမ်းတမ်းစွာ ထိုးလိုက်သည်။

ထိုလက်သီးချက်တွင် ရွှေကျီးကန်းအရိပ်၊ မိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်းအတတ်စွမ်းအားနှင့် တဟုန်းဟုန်းတောက်လောင်နေသည့် သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော ကြောက်ခမန်းလိလိ စွမ်းအားများ ပါဝင်ပေသည်။

ထိုလက်သီးချက်သည် တဝုန်းဝုန်းမြည်ဟည်းလျက် မြောင်ချန်၏ ဝမ်းဗိုက်တည့်တည့်သို့ ဝင်ရောက်သွားသည်။

မြောင်ချန်သည် အထင်သေးသောအကြည့်ဖြင့် ကြည့်နေသည်။ သူ လက်ကို ဝှေ့ယမ်းတော့မည့်အချိန်တွင် သူ့နောက်မှ မှိုပွင့်မှာ ချက်ချင်းပင် အနီရောင်မှ အနက်ရောင်ပြောင်းသွားသည်။ ထိုအနက်ရောင်ထဲတွင် မျက်လုံးတစ်လုံးပြီးတစ်လုံး ပေါ်လာသည်။

ထိုမျက်လုံးများ ဖွင့်ချည်၊ ပိတ်ချည် လုပ်နေရာမှ မြောင်ချန်၏ လှုပ်ရှားမှုများကို ရပ်တန့်သွားစေသည့် ထူးဆန်းသော အားတစ်မျိုး ပေါ်လာသည်။

တချိန်တည်းမှာပင် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး ရှိနေသော သံတုတ်နက်လေးသည် ရုတ်တရက် လျှပ်စီးကမ္ပည်းစာများဖြင့် ဝင်းလက်လာသည်။ သူသည် စွမ်းအင်များစွာ ရရှိရန် လျှပ်စီးကမ္ပည်းစာအနည်းအကျဉ်းကို ဖျက်ဆီးလိုက်သည်။

မြူခိုးနက်ထဲမှ သံတုတ်နက်လေး လွတ်မြောက်သွားပြီး လူငယ်၏ လည်ပင်းတည့်တည့်သို့ ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် ဝင်ရောက်သွားသည်။ ထိုသံတုတ်လေးမှ ဝိညာဉ်တုန်ခါစေနိုင်သော ခေါင်းလောင်းသံများလည်း မြည်နေသည်။

မကြာသေးခင်က ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး အဖမ်းခံလိုက်ရခြင်းသည် သူကိုယ်တိုင် အဖမ်းခံလိုက်ခြင်းကြောင့်သာ ဖြစ်သည်။ သူ မလွတ်မြောက်နိုင်၍ မဟုတ်ဘဲ ရွှီချင်းတိုက်ခိုက်မည့်အချိန်ကို စောင့်၍ အရေးအကြီးဆုံး အခိုက်အတန့်သို့ ရောက်သောအခါမှသာ သူ၏အစွမ်းကို ထုတ်ပြချင်သောကြောင့် ဖြစ်ပေသည်။

ထိုအချိန်၌ အရိပ်လေး၊ ရွှီချင်းတို့နှင့်အတူ လှုပ်ရှားလိုက်သောအခါ သူ၏အစွမ်းက တုန်လှုပ်ချောက်ချားဖွယ်ရာ ဖြစ်လာသည်။

ပထမဆုံးအကြိမ်အဖြစ် မြောင်ချန် မျက်နှာပျက်သွားသည်။ ရွှီချင်း၏လက်သီးချက်ကို သူ မရှောင်တိမ်းနိုင်တော့ပေ။ သေရေးရှင်ရေးအခြေအနေ၌ သူ့ခန္ဓာကိုယ် လှစ်ခနဲ လှုပ်ရှားသွားပြီး သူ့ခေါင်းပေါ်တွင် လက်တစ်ဝါးအရွယ် ကျောက်စိမ်းခေါင်းတလားတစ်လုံး ချက်ချင်း ပေါ်လာသည်။

ထိုခေါင်းတလား ပေါ်လာသည်နှင့် ရတနာအလင်းများ ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားပြီး လူငယ်၏ ဘေးပတ်လည်ကို ရေအလား စီးဆင်းသွားကာ အကာအကွယ်အလွှာတစ်ခု ဖြစ်သွားသည်။ ရွှီချင်း၏ လက်သီးချက်က ထိုအကာအကွယ်အပေါ်သို့ ကျရောက်သွားသည်။

မိုးမြေတုန်ဟီးစေသော မြည်ဟည်းသံကြီး လွင့်ပျံသွားသည်။ ကြိုးပြတ်သွားသော စွန်တစ်ခုအလား မြောင်ချန် လွင့်ထွက်သွားပြီး ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက မြောင်ချန်နောက်သို့ ထပ်ကြပ်မကွာ လိုက်၍ ကြမ်းတမ်းစွာ ထိုးစိုက်လိုက်သည်။ အကာအကွယ်အလွှာကို သူ မထိုးဖောက်နိုင်ပါသော်ငြား လျှပ်စီးများက အထဲသို့ ဖြန့်ကျက်သွားကာ မြောင်ချန်၏ တစ်ကိုယ်လုံးကို ရိုက်ခတ်သွားသည်။

အရိပ်လေးသည်လည်း မြောင်ချန်၏ နောက်တွင် ပေါ်လာသည်။ သစ်ပင်အရိပ် ဝိုးတဝါးပေါ်လာပြီး ပါးစပ်ကြီးကိုဟ၍ ထိတ်လန့်ဖွယ်ကောင်းစွာ စုပ်ယူလိုက်သည်။ မြောင်ချန်၏ ခန္ဓာကိုယ်ထဲမှ ဓာတ်နှောအများအပြား ရုတ်ခြည်း ထွက်ပေါ်လာသည်။

ယင်းသည် အဆုံးသတ် မဟုတ်ပေ။ ရွှီချင်းသည် နောက်တစ်ဖန် ဝင်ရောက်သွားပြီး မြောင်ချန်၏ အကာအကွယ်အလွှာကို တစ်ချက်ပြီးတစ်ချက် ထိုးနှက်လိုက်သည်။ ကောင်းကင်ဓားမော့လည်း ရုပ်လုံးပေါ်လာပြီး အညှာအတာမဲ့စွာ ခုတ်ချလိုက်သည်။

မြောင်ချန်မှာ ပေတစ်ထောင်အကွာသို့ လွင့်ထွက်သွားပြီး သူ ကျရောက်သွားသည့်နေရာတွင် ကျဉ်းနက်ကြီးတစ်ခု ပေါ်လာသည်။ အဝေးရှိ ဒူးထောက်နေသော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ မျက်နှာပျက်သွားကြသည်။ သူတို့ ချည်းကပ်ရန်ပြင်လိုက်သည့်အချိန်မှာပင် ကျဉ်းနက်ကြီးထဲမှ ဒေါသတကြီး ကြိမ်းမောင်းသံ ထွက်ပေါ်လာသည်။

“ မင်းတို့အားလုံး နောက်ဆုတ်နေ။ ဒီကိစ္စကို ငါ ဖြေရှင်းလိုက်မယ် ”

ထိုဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာပြီးနောက် ကျဉ်းနက်ကြီးထဲမှ သက်စောင့်မီးလုံးတစ်လုံး အရှိန်အဝါများ တမုဟုတ်ချင်း လွင့်ပျံလာသည်။ ထို့နောက် အပြင်ဘက်သို့ လူတစ်ယောက် ထွက်လာသည်။ သူ့ဆံပင်များ ရှုပ်ပွနေပြီး သူ့မျက်လုံးများထဲတွင် လူသတ်ငွေ့များဖြင့် ဆူဝေနေသည်။ အပြင်သို့ သူ လျှောက်နေရင်း သူ့ကိုယ်ထဲမှ ဒုတိယမြောက်သက်စောင့်မီးတောက် လောင်မြိုက်လာသည်။

ယင်းနောက် တတိယမြောက်နှင့် စတုတ္ထမြောက်သက်စောင့်မီးလုံးများ ချက်ချင်း တောက်လောင်လာသည်။

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ တာအိုကလေးငယ်ဖြစ်၍ ဓမ္မတံခါးတစ်ရာ့နှစ်ဆယ်ကို သူ ဖွင့်နိုင်ခဲ့ပြီဖြစ်ပြီး သက်စောင့်မီးလုံးလေးလုံးကို ထုတ်ဖော်နိုင်ခဲ့သည်။

ထိုကဲ့သို့ ကောင်းကင်လက်ရွေးစင်တစ်ယောက်သည် များသောအားဖြင့် အကျဉ်းအကြပ်ထဲ ရောက်သောအခါမှသာ အဆင့်တက်လေ့ရှိသည်။ အစောပိုင်းက သူ၏စကားများအရ သူသည် တံခါးပိတ်ကျင့်ကြံနေခဲ့သည်။ သို့သော် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၌ ကိစ္စရပ်ကြီးတစ်ခု ဖြစ်ပျက်နေခဲ့ပြီး လူအလုံအလောက် မရှိပေ။ သို့တည်းမဟုတ် သူ၏ သိချင်စိတ်ကြောင့်လည်း ဤနေရာသို့ ရောက်လာခြင်း ဖြစ်နိုင်သည်။

သို့ပေမည့် ရွှီချင်း၏ ထူးဆန်းသော နည်းလမ်းများစွာဖြင့် ပူးပေါင်းတိုက်ခိုက်မှုများက သူ့ကို ချက်ချင်း ဖိနှိပ်နိုင်မည်ဟု သူ မမျှော်လင့်ထားပေ။ ယင်းကြောင့် သူ အနည်းငယ် ရှက်သွားရပြီး အစွမ်းကုန် ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။

သူ အစွမ်းကုန် ထုတ်ဖော်လိုက်စဉ် ရွှီချင်းမှာ ထပ်မံ ချဉ်းကပ်သွားသည်။ တဟုန်းဟုန်း တောက်လောင်နေသော သက်စောင့်မီးအိမ်ကြောင့် ရွှီချင်းသည်သက်စောင့်မီးလုံးသုံးလုံးကို ပိုင်ဆိုင်ထားသည်။ ကျင်းဝူလျန့်ဝမ့်လင်အတတ်ကို ပေါင်းစပ်လိုက်သောအခါတွင် ရွှီချင်း၏ အစစ်အမှန် အတိုက်အခိုက်စွမ်းရည်သည် သက်စောင့်မီးလုံးလေးလုံးသို့ ရောက်နေပြီ ဖြစ်သည်။

သူသည် ထပ်မံ တိုက်ခိုက်လိုက်ပြီး ကျဉ်းနက်ထဲမှ ထွက်လာသော လူငယ်ကို ဖိအားပေးလိုက်သည်။

တာအိုကလေးငယ်တစ်ယောက်ဖြစ်၍ မြောင်ချန်သည် ထူးထူးခြားခြား အစွမ်းထက်သူတစ်ယောက် ဖြစ်သည်။ သူ၏ လက်ကိုဝှေ့ယမ်းလိုက်ရာ သူ့ပတ်လည်တွင် အနက်ရောင်အရည်အစက်များ ရုတ်ခြည်း ပေါ်လာသည်။ မျက်တောင်တစ်ချက်ခတ်အတွင်း ထိုအရည်များ စုစည်းသွားပြီး အနက်ရောင်ပင်လယ်တစ်စင်းဖြစ်သွားကာ ရွှီချင်းထံ ဝင်ရောက်သွားသည်။

ဝုန်း …

တရွှီရွှီအော်မြည်နေသော အနက်ရောင်ပင်လယ်က ဧရာမပါးစပ်ကြီးအသွင် ပြောင်းလဲ၍ ရွှီချင်းကို ဝါးမျိုလိုက်သည်။

ရွှီချင်း၏ မျက်လုံးများမှာ လူသတ်ငွေ့များဖြင့် ဝင်းလက်သွားပါသော်လည်း ဤနေရာတွင် ကြာကြာနေ၍ မဖြစ်သည်ကို သိသည်။ ထို့ကြောင့် ဓမ္မတံခါးခြောက်ဆယ့်ငါးခုထဲရှိ ဝိညာဉ်ပင်လယ်မှာ ပေါက်ကွဲသွားပြီး ခန္ဓာကိုယ်အပြင်ဘက်သို့ ပျံ့နှံ့လာကာ ပေတစ်သောင်းအကျယ်ရှိသော ဓမ္မစွမ်းအားကန်ကြီးတစ်ကန်အဖြစ် ပြောင်းလဲသွားသည်။

သိပ်သည်းထူထပ်သော ဓမ္မစွမ်းအားများကို အားကိုး၍ လူငယ်ကို သူ အညှာအတာကင်းမဲ့စွာ ဖိနှိပ်လိုက်ခြင်းပင်။

လူငယ်၏မန္တန်မှ ဖြစ်ပေါ်လာသော အနက်ရောင်ပင်လယ်မှာ ချက်ချင်း ပြိုကွဲသွားသည်။ ရွှီချင်း၏ ဓမ္မစွမ်းအားများသည်လည်း လွင့်ပျယ်သွားသည်။ ထို့နောက် လူငယ်၏ကိုယ်ထဲမှ သက်စောင့်မီးတောက်လေးခုမှာ တဟုန်းဟုန်း တောက်လောင်နေပြီး လူငယ်က ရွှီချင်း၏ရှေ့သို့ ရိပ်ခနဲ ရောက်သွားကာ နှလုံးသားကို ဖမ်းဆုပ်လိုက်သည်။

ရွှီချင်းသည် ကိုယ်ကိုယိမ်းနွဲ့၍ ရှောင်တိမ်းလိုက်ပြီး လူငယ်ကို ဒူးဖြင့် တိုက်လိုက်သည်။

ထို့နောက် ဘေးမှ သံတုတ်နက်လေးက တရွှီရွှီမြည်လျက် ပျံသန်းသွားသည်။ သံတုတ်နက်လေးပေါ်ရှိ ကမ္ပည်းစာများ ဝင်းလက်သွားပြီး နောက်ထပ်ကမ္ပည်းစာ ဆယ်ခုနှင့်အထက် ပေါက်ကွဲသွားသည်။ ယင်းသည် မြောင်ချန်၏ ရှေ့တွင် ဆတ်ခနဲ ပေါ်လာပြီး လည်ပင်းကို ထိုးစိုက်လိုက်သည်။

မြောင်ချန် ကွက်ခနဲ မျက်နှာပျက်သွားသည်။ သူ ရှောင်တိမ်းရန်ပြင်လိုက်သည့်အခိုက် မြေပြင်မှ အရိပ်လေးက အပေါ်သို့ ခုန်အုပ်လာသည်။

သေရေးရှင်ရေးအခြေအနေတွင် မြောင်ချန်သည် အော်ဟစ်ကြုံးဝါးလိုက်ရာ သူ့ကိုယ်ထဲရှိ သက်စောင့်မီးလုံးလေးလုံးမှာ အစွမ်းကုန် တောက်လောင်လာပြီး ပြင်းထန်သော အားလှိုင်းအသွင်ဖြင့် ရိုက်ခတ်သွားရာ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ စူးစူးဝါးဝါးအော်ဟစ်ကာ နောက်သို့ လွင့်သွားသည်။ ရွှီချင်းသည်လည်း ထိုအားလှိုင်း၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရပြီး ကိုယ်တွင်းအင်္ဂါများ ယိမ်းခါသွားကာ သူ့မျက်လုံးများထဲ လူသတ်ငွေ့များဖြင့် ဝင်းလက်သွားသည်။

အရိပ်လေးသည်လည်း ပြန့်ကျဲသွားသည့်တိုင်အောင် အရိပ်အမျှင်တန်းတစ်ခုက လူငယ်၏ ကိုယ်ထဲ ထိုးဖောက်ဝင်ရောက်သွားသည်။ ယင်းအရိပ်အမျှင်တန်းသည် သူ၏ဒန်တျန်ထဲ ဝင်ရောက်သွားပြီး ယခင်က သက်စောင့်မီးအိမ်ကို ငြိမ်းသက်ခဲ့သည့်အလား သက်စောင့်မီးလုံးပေါ်သို့ ခုန်အုပ်လိုက်သည်။

ထိုသို့ ခုန်အုပ်လိုက်သည်နှင့် သက်စောင့်မီးလုံးမှာ ချက်ချင်း ယိမ်းခါလာပြီး ငြိမ်းသက်တော့မည့် လက္ခဏာများ ပြသလာသည်။

တာအိုကလေးငယ်၏ စိတ်ထဲ တုန်ခါသွားသည်။ သူ့ကိုယ်ထဲရှိ သက်စောင့်မီးတောက်များ တဟုန်းဟုန်း တောက်လောင်လာပြီး ကောင်းကင်နန်းတော်ပင် ဝိုးတဝါး ပေါ်လာကာ သက်စောင့်မီးလုံး အငြှိမ်းခံရမည့်ဘေးမှ ကာကွယ်ရန် အရိပ်လေးကို ဖိနှိပ်လိုက်သည်။

တခြားအရာများကို သူ ဂရုမစိုက်နိုင်တော့သည့်အတွက်ကြောင့် ရွှီချင်း အခွင့်အရေး ရသွားသည်။

ထိုစဉ် ရွှီချင်း၏ မျက်လုံးများ အေးစက်စက်ဝင်းလက်သွားသည်။ ထိုကဲ့သို့ သေရေးရှင်ရေးအခြေအနေတွင် သူ၏ဝှက်ဖဲများ ပေါ်သွားမည်ကို သူ ဂရုမစိုက်နိုင်တော့ပေ။ သူ့နောက်မှ ရွှေကျီးကန်းပေါ်လာပြီး ကောင်းကင်ယံသို့ မီးတောက်နက်များ တဟုန်းဟုန်း လွင့်ပျံတက်သွားကာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ တာအိုကလေးကို ဖိနှိပ်လိုက်သည်။

သူ့နောက်မှ ရွှေကျီးကန်းသည် စူးစူးဝါးဝါး အော်မြည်ကာ လှမ်း၍ ခုန်အုပ်လိုက်သည်။ အန္တရာယ်ကို မြောင်ချန် သတိထားမိသွားသည့်အချိန်မှာပင် မီးတောက်နက်များက သူ့ကို ဖုံးလွှမ်းသွားခဲ့ပြီး သူ့ခေါင်းမှစတင်၍ ကြမ်းတမ်းစွာ စုပ်ယူလိုက်သည်။

သန့်စင်ခြင်း …

ရွှီချင်းသည် အရိပ်ကြောင့် ဖြစ်ပေါ်လာသည့် အခွင့်အရေးကို အသုံးချ၍ ထိုလူငယ်ကို အသက်ရှင်လျက် သန့်စင်ရန် ပြင်ဆင်ထားခဲ့သည်။

သူတို့နှစ်ယောက်သည် မယုံနိုင်စရာကောင်းလောင်အောင် မြန်ဆန်ပြီး အပြင်လူများအနေဖြင့် သူတို့လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ တာအိုကလေးငယ်မှာ အဖိနှိပ်ခံရဟန်ရှိပါသော်လည်း အမှန်စင်စစ် အလွန်အစွမ်းထက်သည်။ ရွှီချင်းအနေဖြင့် နည်းလမ်းမျိုးစုံ သုံးလိုက်သောအခါမှသာ ထိုကဲ့သို့ ကောင်းမွန်သော အခွင့်အရေးတစ်ရပ်ကို ရရှိသွားခဲ့ခြင်း ဖြစ်သည်။

ထိပ်သီးကျင့်ကြံသူများ တိုက်ခိုက်သည့်အခါ ကောင်းမွန်သော အခွင့်အရေးကို မြင်ပြီး ဖန်တီးနိုင်ရန် အလွန် အရေးကြီးသည်။

ရွှီချင်း၏ ရက်စက်ကြမ်းကြုတ်သော အကြည့်ဖြင့် ကျင်းဝူလျန့်ဝမ့်လင်အတတ်၏ ဝါးမျိုခြင်း ခံနေရသည့်အတွက်ကြောင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ တာအိုကလေးငယ်မှာ စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းလိုက်သည်။ ပထမဆုံးအကြိမ် သူ့မျက်လုံးများထဲ အကြောက်တရားများ ပေါ်လာသည်။ သူ့ခေါင်းအရည်ပျော်ကာ သူ့သွေးနှင့်ချီများ ဆွဲနှုတ်ခံနေရသည့်အလား ခံစားနေရသည်။

အမှန်တကယ်တွင်လည်း သူခံစားနေရသည့်အတိုင်း ဖြစ်ပျက်နေသည်။ အဝေးမှကြည့်ပါက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ တာအိုကလေးငယ်ထံမှ သွေးနှင့်ချီများ အပြင်သို့ ပျံ့ထွက်သွားပြီး ရွှေကျီးကန်းနှင့် ထိပ်တိုက်ဖြစ်နေသည့် သူ့မျက်နှာညာခြမ်းမှာ အရည်ပျော်နေသည်ကို မြင်နိုင်သည်။

သူ့ညာဘက်နား ပျောက်သွားပြီဖြစ်ပြီး သူ့မျက်နှာညာခြမ်းတစ်ခုလုံး ရုပ်ပျက်ဆင်းပျက်ဖြစ်နေပေသည်။

ထိုဖြစ်ရပ်ကြောင့် အဝေးရှိ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ မျက်နှာပျက်သွားသည်။ တာအိုကလေးငယ်၏ ညွှန်ကြားချက်ကို သူတို့ ဂရုမစိုက်နိုင်တော့ဘဲ အလျင်အမြန်ပြေးသွားကြသည်။

All Chapters