← Chapters

ငါ သောက်ဂရုမစိုက်ဘူးကွာ

Vol. 6 Ch. 78

ငါ သောက်ဂရုမစိုက်ဘူးကွာ

Vol. 6 Ch. 78

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း ၇၈ - ငါ သောက်ဂရုမစိုက်ဘူးကွာ

Translator – Than Toe Aung

ဖိုသီဖတ်သီနှင့် အဖိုးအိုက ဆူဇီမိုကို နှစ်သိမ့်လိုက်၏။

“ဒါက အမှားသေးသေးလေးပါကွာ.. နောက် သတိထားလိုက်ရင် ရသွားပြီ.. ဘာမှ စိတ်ပျက်စရာ မရှိဘူး”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

အဆုံးသတ်ရလဒ်က မည်သို့ပင် ဖြစ်လာပါစေ၊ ဒီကနေ့ သူဒီကို လာခဲ့တာက အချည်းနှီး မဖြစ်တော့ပေ။

ပုံဖော်ခြင်း အဆင့်က ကြည့်ရသည်မှာ ရိုးရှင်းသည်ဟု ထင်ရသော်လည်း ကိုယ်လိုချင်သော ပုံသဏ္ဍာန်နှင့် အပြည့်အဝ အသုံးနိုင်မှုလည်းရှိသော လက်နက်တစ်ခုကို ပုံဖော်ထုလုပ်ရသည်မှာ ထည့်သွင်းစဉ်းစားရသော အချက်များစွာ ရှိလေသည်။

စတုတ္ထအဆင့် .. မီးဆေးခြင်း။

ဆူဇီမိုသည် ပုံဖော်ထားသော ဓါးပျံကို ပန်းပဲမီးဖိုထဲတွင် ကြွတက်ထားစေပြီး အဆင့်၃ စိတ်ဝိညာဉ် မီးတောက်ကို တစ်ဖန် ပြန်ထုတ်ဖော်ကာ အပူကို မြှင့်တင်လိုက်လေသည်။

ဤအဆင့်တွင် အပူချိန်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်နိုင်မှုက အသက်ဖြစ်လေသည်။

အပူချိန်သည် လိုအပ်သည့်ထက် မြှင့်တက်သွားပါက ဓါးပျံက အရည်ပျော်သွားပေလိမ့်မည်။

လိုအပ်သည့်ထက် နိမ့်နေပါကလည်း မီးဆေးခြင်း၏ အကျိုးအာနိသင်ကို အပြည့်အဝ ရရှိလိမ့်မည် မဟုတ်ပေ။

ဤတွင် စိတ်ဝိညာဉ်လက်နက်ကို ထွင်းဖောက်ကြည်လင်သော ကြက်သွေးနီရောင် အနေအထားဖြင့် လောင်မြိုက်အပူပေးထားနိုင်ဖို့ လိုလေသည်။

ပြီးခဲ့သည့် တစ်လအတွင်း ဆူဇီမိုသည် မီးဆေးခြင်းအဆင့်တွင် အကြိမ်ပေါင်းများစွာ ကျရှုံးခဲ့ရ၏။

တစ်ခဏကြာပြီးနောက် ပန်းပဲမီးဖိုထဲမှ ဓါးပျံသည် အနီရောင်သို့ ပြောင်းလာ၏။ ထိုမှတစ်ဆင့် မီးတောက်၏ ဆက်တိုက် လောင်ကျွမ်းစေမှုအောက်တွင် ဓါးကိုယ်ထည်သည် တစ်လက်လက်နှင့် တောက်ပသော အနီရောင်သို့ ပြောင်းလာလေသည်။

ဆူဇီမိုသည် ဓါးပျံကို ပန်းဖိုမီးဖိုထဲတွင် ဆက်လက်ထိန်းချုပ်ထားပြီး စိတ်ဝိညာဉ်ချီဖြင့် တူတစ်စုံကို ပြုလုပ်၍ မီးဆေးခြင်း ထုနှက်ခြင်း လုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်လိုက်လေသည်။

ကလင်! လလန်!

မီဆေးခြင်းသည် ဓါးပျံအတွင်းရှိ မသန့်စင်သော အညစ်အကြေးများကို ဖယ်ထုတ်နိုင်ရုံသာမက ဓါးပျံ၏ ကိုယ်ထည်ကိုလည်း မာကျောကြံ့ခိုင်လာစေ၏။

အဆင့်ခြောက်ဆင့်တွင် ဤအဆင့်၌ နည်းပညာပိုင်းဆိုင်ရာနောကျေမှုက များစွာ အရေးကြီးလာ၏။ မီးဆေးခြင်းနှင့် ပတ်သတ်၍ နတ်ပန်းပဲဆရာတိုင်းတွင် သူတို့၏ ကိုယ်ပိုင်နည်းစနစ်နှင့် ဟန်ပန်များ ရှိကြလေသည်။

ဆူဇီမိုသည် ၎င်းကို သူ၏ ခွန်အားသက်သက်ဖြင့်သာ ပြုလုပ်ဖို့ ရည်ရွယ်ထားပြီး ဓါးပျံကို စတင်ထုနှက်လိုက်လေသည်။

ဘေးတွင် ရပ်ကြည့်နေသော ဖိုသီဖတ်သီနှင့် အဖိုးအိုက မျက်မှောင်ကြုတ်လိုက်၏။ ဆူဇီမို၏ နည်းစနစ်သည် အကြမ်းဖျင်းဆန်လှပြီး မော်တယ်ကမ္ဘာမှ သာမန်  ပန်းပဲဆရာများ ပန်းပဲထုပုံနှင် သိပ်မကွာခြားလှပေ။

တစ်ချိန်တည်းမှာပင် ဖုန်ဟောက်ယွီသည်လည်း သူ့ဓါးပျံအား မီးဆေးခြင်းကို စတင်နေလေပြီ။

ဖုန်ဟောက်ယွီကတော့ ဆူဇီမိုလို မဟုတ်ဘဲ မီးဆေးခြင်း၌ အတော်လေး ကျွမ်းကျင်ပိုင်နိုင်မှု ရှိလေသည်။

ဖုန်‌ဟောက်ယွီတွင် လေစိတ်ဝိညာဉ်ရင်းမြစ် ရှိသောကြောင့် သူဆင့်ခေါ် ဖန်တီးလိုက်သော တူတွင် လေစိတ်ဝိညာဉ်ချီက ရောယှက်ပါဝင်နေပြီး ဓါးပျံကို အဆက်မပြတ် ထုနှက်လိုက်၏။ ထို့ကြောင့်ပင် သူမီးဆေးလိုက်သော ဓါးပျံက ပို၍ ပေါ့ပါးသွက်လက်လာပေလိမ့်မည်။

ထုနှက် ရိုက်ခတ်နေရင်းနှင့် ဓါး၏ အသွားများက တစ်ဖြည်းဖြည်း ထက်ရှလာလေသည်။

ဖုန်ဟောက်ယွီသည် မီးဆေးခြင်း၌ အတွေ့အကြုံများစွာ ရှိကာ နည်းစနစ်ပိုင်းဆိုင်ရာ ပိုင်နိုင်ပြီး မြန်ဆန်မှု ရှိလေသည်။ သူသည် မကြာခင်မှာပင် ဆူဇီမိုကို မီလုနီးပါး ဖြစ်လာ၏။

ငါးမိနစ်ကြာပြီးနောက် ဆူဇီမိုက စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

သူသည် မီးဆေးခြင်းကို လုပ်ဆောင်လို့ ပြီးသွားချေပြီ။

စိတ်ဝိညာဉ်တု လက်နက်တစ်ခုကို လိုချင်တာဆိုလျှင် သူအခုနေ နောက်ဆုံးလုပ်ရမည်မှာ နီရဲ‌တောက်နေသော ဓါးပျံကို ရေအေးထဲသို့ ပစ်ထည့်ပြီး အအေးခံလိုက်ရုံပင်။

သို့သော်လည်း ဆူဇီမိုသည် ထိုသို့ တန်းမလုပ်ချင်သေးပေ။

သူ့ဓါးပျံသည် ပုံဖော်ကတည်းက လက်ကိုင်ကြီးပါလာပြီး အသုံးပြုရန် အဆင်မပြေ ဖြစ်နေမှတော့ သူသည် စိတ်ဝိညာဉ်စုဆောင်းခြင်းကို စမ်းသပ်လုပ်ဆောင်ကြည့်ရပေမည်။

ပြီးခဲ့သည့် တစ်လအတွင်း ဆူဇီမိုသည် စိတ်ဝိညာဉ်စုဆောင်းခြင်း လုပ်ဆောင်ရာ၌ တစ်ကြိမ်မျှ မအောင်မြင်ခဲ့ဘဲ ပျက်ဆီးသွားသော ဓါးပျံမှာ ဆယ်လက်အထက် ရှိခဲ့ပေသည်။

အတွင်းစည်းတပည့်များ ပြောခဲ့ပုံအရဆိုလျှင် စိတ်ဝိညာဉ်စုဆောင်းခြင်းတွင် အထူးနည်းစနစ်ရယ်ဟု သတ်သတ်မှတ်မှတ် မရှိဘဲ ၎င်းသည် ကံအပေါ်တွင်သာ အဓိက မူတည်နေလေသည်။ လူတစ်ယောက်က ကံကောင်းလေလေ အောင်မြင်ဖို့က အခွင့်ပိုများလေလေပင် ဖြစ်သည်ဆို၏။

သို့သော်လည်း ထိုအရာက အကြောင်းပြချက်တစ်ခုသာလည်း ဖြစ်ကောင်းဖြစ်နိုင်လေသည်။

မီးဆေးပြီးနောက် ဆူဇီမိုသည် ပန်းပဲမီးဖိုထဲက ဓါးပျံကို ထုတ်မယူသေးဘဲ ထိုအထဲမှာ လှည့်ပတ်စီးမျောနေသော စိတ်ဝိညာဉ်ချီများကို စူးစိုက်ကြည့်ရှုနေ၏။

“သူက .. စိတ်ဝိညာဉ်စုဆောင်းဖို့များ စဉ်းစားနေတာလား!”

“သူ အဲ့ဒါကိုသာ လုပ်နိုင်ရင် သူက ဆရာကြီးပဲ!”

“ဟမ့် လက်နက်သွန်းလုပ်ခြင်းနဲ့ ထိတွေ့တာဖြင့် တစ်လပဲ ရှိသေးတယ်.. စိတ်ဝိညာဉ်စုဆောင်းဖို့ စဉ်းစားနေတာဆိုရင်တော့ သူက သူ့ကိုယ်သူ တော်‌တော် အထင်ကြီးနေတာပဲ”

‌ဆွေးနွေးပြောဆိုသံများက ထွက်ပေါ်လာ၏။ တစ်ချို့က တုန်လှုပ်စွာ.. တစ်ချို့က အံ့သြစွာ.. တစ်ချို့က လှောင်ပြောင်လိုစိတ်များနှင့် ဖြစ်ကြလေသည်။

စိတ်အာရုံပျက်ယွင်းစရာများအားလုံးကို ပယ်ချလိုက်ပြီး ဆူဇီမိုက သူ့စိတ်ကို တည်ငြိမ်အောင် လုပ်လိုက်၏။ အာရုံမပျံ့လွင်စေဘဲ ကိုယ့်အလုပ်အပေါ်မှာ ကိုယ်အာရုံစိုက်ထားဖို့သည် နတ်ပန်းပဲဆရာတစ်ယောက်အတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်လေသည်။ အထူးသဖြင့် ဤအဆင့်မှာ ဖြစ်လေသည်။

အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီးနောက် သူသည် ပန်းပဲမီးဖိုထဲမှာရှိသော စိတ်ဝိညာဉ်ချီများကို ထိန်းချုပ်လိုက်ပြီး ရဲရဲနီနေသော ဓါးဆီသို့ စိတ်စွမ်းအားဖြင့် စေခိုင်းလိုက်၏။

ဖိနှိပ်စုယူခြင်းကြောင့် ဓါးပေါ်တွင် အင်းကွက်တစ်ခုက ခပ်ရေးရေး ပေါ်လာလေသည်။ ၎င်းအရောင်က မှိန်မှိန်လေးသာဖြစ်ပြီး မြင်ရသည်ဆိုရုံသာ ရှိလေသည်။

“ကြည့် ကြည့် .. စိတ်ဝိညာဉ်အင်းကွက်လေးမလား!”

“ဟုတ်တယ်ဟ အဲ့ဒါ စိတ်ဝိညာဉ်အင်းကွက်ပဲ.. ဒါပေမယ့် အခုထိ ရုပ်လုံးမပေါ်သေးဘူး”

“သူ တစ်ကယ်ပဲ အဆင့်နိမ့် စိတ်ဝိညာဉ်လက်နက်တစ်ခုကို ဖန်တီးနိုင်မှာလား”

ထိုအချိန်မှာပင် ဖုန်‌ဟောက်ယွီက သူ၏ မီးဆေးခြင်းအဆင့်ကို လုပ်ဆောင်ပြီးသွားချေပြီ။ ဆွေးနွေးပြောကြားသံများကို ကြားရသည့်အခါ သူ့နုလုံးက ဆတ်ကနဲ ခုန်သွားပြီး ဆူဇီမိုကို လှည့်ကြည့်လိုက်လေသည်။

အခြေအနေကို လေ့လာအကဲခတ်၍ ဆူဇီမိုသာ အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်တစ်ခုကို ဖန်တီးနိုင်ခဲ့လျှင် သူလည်းပဲ စိတ်ဝိညာဉ်စုဆောင်းခြင်းကို လုပ်ဆောင်ရပေလိမ့်မည်။

သို့သော်လည်း ဤအဆင့်နှင့် ပတ်သတ်၍ ဖုန်ဟောက်ယွီသည်လည်း ယုံကြည်မှု သိပ်မရှိလှပေ။ မည်သို့ပင်ဆိုစေ စိတ်ဝိညာဉ်စုဆောင်းခြင်းသည် အလွန်တရာ ခက်ခဲလှပြီး သူလည်းပဲ ထိုအရာကို အခုချိန်ထိ အောင်မြင်အောင် မလုပ်နိုင်ဖူးသေးပေ။

ဖိုသီဖတ်သီနှင့် အဖိုးအိုသည် ပန်းပဲမီးဖိုအတွင်းက ဓါးပျံကို မမှိတ်မသုန် စူးစိုက်ကြည့်နေပြီး သူ့လက်ဖဝါးနှစ်ဖက်က ချွေးများစိုလာလေသည်။ သူက ဆူဇီမိုထက်ပင် ပို၍ ဖိအားဝင်နေသေး၏။

ဖောင်း!

ဆူဇီမို၏ ပန်းပဲမီးဖိုထဲမှ ကြွပ်ဆတ်ဆတ် အသံတစ်ခုက ထွက်ပေါ်လာ၏။

သွားပြီ၊ ပြီးသွားပြီ!

ဆူဇီမိုစိတ်ထဲကနေ ညည်းတွားရေရွတ်လိုက်၏။

ဖောင်းကနဲ အသံတစ်နှင့်အတူ ဓါးပျံက ပေါက်ကွဲသွားပြီး အစအနများက ပန်းပဲမီးဖို၏ အတွင်းပိုင်းနံရံကို ရိုက်ခတ်သွားလေသည်။

သူ ကျရှုံးသွားချေပြီ။

သို့သော်လည်း ထိုအရာက သူ မျှော်လင့်ထားပြီးဖြစ်၏။

ဆူဇီမိုသည် ခေါင်းခါလိုက်ပြီး မချင့်မရဲနှင့် ရယ်မောလိုက်၏။

ဖိုသီဖတ်သီနှင့် အဖိုးအိုက ညင်သာစွာ သက်ပြင်းချလိုက်၏။

ဘေးကနေ ရပ်ကြည့်နေသော ရွှယ်ယိက နှမြောတမ်းတစွာ ကြည့်နေ၏။

ထိုအချိန်တွင် ဖုန်ဟောက်ယွီက နောက်ဆုံး စိတ်သက်သာရာရသွားပြီး ဟင်းချလိုက်၏။

ဆူဇီမို၏ ဓါးပျံက ‌ပေါက်ကွဲပျက်ဆီးသွားပြီ ဖြစ်တာကြောင့် ဖုန်‌ဟောက်ယွီသည် စိတ်ဝိညာဉ်စုဆောင်းခြင်းကို လုပ်ဆောင်ဖို့ စိတ်မရှိတော့ပေ။ သူသည် ပန်းပဲမီးဖိုအတွင်းမှ စိတ်ဝိညာဉ်တု လက်နက်ကို ထုတ်ယူလိုက်ပြီး ရေအေးထဲသို့ ပစ်ထည့်လိုက်၏။

ထူပိန်းသော အဖြူရောင်မီးခိုးများက ရေဇလားထဲမှ ထွက်ပေါ်လာ၏။

ထက်ရှသောအရောင်၊ မွန်းကျပ်ဖွယ်ရာအော်ရာနှင့် ဓါးပျံတစ်လက်ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပေပြီ။

ဖုန်ဟောက်ယွီသည် သူ၏ ဓါးပျံကို ရှေ့ဆုံးစားပွဲခုံပေါ်တွင် သွားတင်လိုက်ပြီး တွက်ချက်ကြေငြာမည့် ရလဒ်ကို စောင့်နေလိုက်၏။

ဆူဇီမိုက သူ့ပန်းပဲမီးဖိုကို ပြန်သိမ်းလိုက်သည့်အချိန်တွင် ခန်းမထဲ၌ ကျယ်လောင်သောအသံက ထွက်ပေါ်လာ၏။

လက်နက်သွန်းလုပ်ခြင်းရဲ့ အဆင့်ခြောက်ဆင့်ထဲမှာ စိတ်ဝိညာဉ်မီးတောက်က           အဆင့် ဘယ်လောက်ကို ရောက်နေမှဆိုတာမျိုး သတ်မှတ်ထားတာ မရှိဘူး.. မင်းမှာ အဆင့်၃ စိတ်ဝိညာဉ်မီးတောက်ဆိုတာနဲ့ မင်းကိုယ်မင်း နတ်ပန်းပဲဆရာတစ်ယောက် ဖြစ်လာပြီလို့ ပြောလို့မရသေးဘူး”

ဆူဇီမိုသည် အသံလာရာဆီသို့ လှမ်းကြည့်လိုက်သောအခါ ဖုန်ဟောက်ယွီ၏ လှောင်ပြောင်သရော်လိုသော မျက်နှာကို တွေ့လိုက်ရ၏။

အပြုံးတုတစ်ခုကို ဆင်မြန်းရင်း ဖုန်‌ဟောက်ယွီက ဆက်ပြောလိုက်၏။

“ဂျူနီယာညီလေးဆူ.. လူတစ်ယောက်က တစ်ဆင့်ပြီးမှ နောက်တစ်ဆင့်ကို သွားသင့်တယ်ကွ.. လမ်းတောင်ကောင်းကောင်း မလျှောက်တတ်သေးဘဲ အပျံသင်ချင်တဲ့အခါ ပြုတ်ကျရင် အထိပိုနာတာပေါ့ကွာ”

ဆူဇီမို၏ မျက်ခုံးနှစ်ဖက်က အနည်းငယ် တွန့်သွား၏။

သူတို့နှစ်ယောက်သည် နှစ်ကြိမ်သာ တွေ့ဆုံဖူးသေးပြီး စကားလည်း မပြောခဲ့ကြဘူးသလို တစ်ယောက်၏စည်းကို တစ်‌ယောက်မကျော်ခဲ့ကြဖူးပေ။ အခုချိန်မှာတော့ ဘာကြောင့်ရယ် မသိရသော်လည်း ဖုန်‌ဟောက်ယွီက သူ့ကို ရန်လိုစိတ်ရှိနေသည်မှာ သိသာထင်ရှားနေပေပြီ။

အထူးသဖြင့် ဒီကနေ့မှာ ဖြစ်လေသည်။

“ဂျူနီယာညီလေးဖုန် ပြောတာ အမှန်ပဲ”

“ဟဟ တစ်ချို့များ အဆင့်၃ စိတ်ဝိညာဉ်မီးတောက်လေး ရှိတယ်ဆိုတာနဲ့ စိတ်ကြီးဝင်နေကြတာ ရယ်ဖို့ကောင်းလိုက်တာကွာ.. ကိုယ့်နေရာတောင် ကိုယ်မသိတော့ဘူး”

ယခုပြောနေသောသူများမှာ နတ်ပန်းပဲတောင်ထွတ်မှ တပည့်များ မဟုတ်ကြပေ။ သူတို့သည် စမ်းသပ်ပွဲသို့ လာခဲ့ကြသော စိတ်ဝိညာဉ်‌တောင်ထွတ်မှ တပည့်များ ဖြစ်ကြ၏။ သူတို့သည် ရလာသော အခွင့်အရေးကို အမိအရဆွဲကိုင်ကာ ဆူဇီမိုကို လှောင်ပြောင်ပြီး ဖုန်‌ဟောက်ယွီနှင့် နီးစပ်ရင်းနှီးနိုင်ဖို့ ကြိုးစားလိုက်ကြ၏။

“ကိုယ်တိုင်တောင် ဘာမှ မဟုတ်သေးဘဲနဲ့ သူများကို လိုက်ဝေဖန်မနေနဲ့ .. မင်းတို့ကိုယ်တိုင် အဆင့်၃ စိတ်ဝိညာဉ်မီးတောက်ကို ထုတ်နိုင်ပြီမှ အဲ့စကားကို တစ်ဖန်လာပြန်ပြောပါလား” ရွှယ်ယိက မနေနိုင်စွာ ထရပ်လိုက်ပြီး အေးစက်စက် သရော်လိုက်၏။

စိတ်ဝိညာဉ်‌တောင်ထွတ်မှ များစွာသော တပည့်များသည် မျက်နှာပျက်သွားကြပြီး ပြောစရာစကားမဲ့သွားရ၏။

မည်သို့ပင်ဆိုစေ.. ဆူဇီမိုသည် စိတ်ဝိညာဉ်စုဆောင်းခြင်းအဆင့်တွင် ကျရှုံးခဲ့ရင်တောင် သူသည် လက်နက်သွန်းလုပ်ခြင်းတွင် အတော်အတန် ခရီးရောက်နေပြီဖြစ်ပြီး အဆင့်၃ စိတ်ဝိညာဉ်မီးတောက်ကိုလည်း ပိုင်ဆိုင်ထားသေး၏။ ဤအချက်နဲ့တင် တောင်ထွတ်ငါးခုမှ အစမ်းတပည့်များတွင် လောလောဆယ် သူ့ကို ယှဉ်နိုင်သူမရှိသေးပေ။

ဖုန်‌ဟောက်ယွီက ဆက်ပြောလိုက်၏။

“ဂျူနီယာညီလေးဆူ.. ဒီတစ်ကြိမ်ကျရှုံးသွားတာကို ဘာမှ စိတ်ထဲထားမနေပါနဲ့.. ဒီနှစ်ကုန်ကြရင် တောင်ထွတ်ငါးခုရဲ့ ထိပ်တိုက် ရင်ဆိုင်ယှဉ်ပြိုင်ပွဲ ရှိသေးတာပဲ.. အဲ့ကျမှ ငါ့ကို အနိုင်ရဖို့ ကြိုးစားကြည့်ပေါ့”

ဆူဇီမိုသည် မည်သည့်စကားမျှ ပြန်မဆိုဘဲ ဖုန်‌ဟောက်ယွီကို ထူးမခြားနားပုံစံနှင့်သာ ပြန်ကြည့်နေလိုက်၏။

ဖိုသီဖတ်သီနှင့် အဖိုးအိုက ဘေးကနေ ရပ်ကြည့်နေပြီး မည်သည့်စကားမျှ ဝင်မပြောပေ။ ဘာပဲဖြစ်ဖြစ် သူသည် အကြီးအကဲတစ်‌ယောက်ဖြစ်၏။ တပည့်တွေကြားမှာ ဖြစ်တတ်သော ကတောက်ကဆ စကားဝိုင်းများကို သူက အ‌ရေးလုပ်ဝင်ပါနေမည် မဟုတ်ပေ။

ခဏနေပြီးနောက် စမ်းသပ်ပွဲကို ဦးစီးလက်ခံကျင်းပပေးသော ဂိုဏ်းသားတစ်ယောက်က ရလဒ်ကို ထုတ်ပြန်ကြေငြာလိုက်၏။

“စိတ်ဝိညာဉ်တုလက်နက်ကို သွန်းလုပ်နိုင်ခဲ့သူက တစ်ဦးထက်ပိုရှိခဲ့သော်လည်း ထိုအထဲတွင်မှ ဖုန်‌ဟောက်ယွီ၏ ဓါးပျံက အရည်အသွေး အကောင်းဆုံးနှင့် အမြန်ဆန်ဆုံး ဖြစ်လေသည်။ ထို့ကြောင့် ဤစမ်းသပ်ပွဲ၏ ပထမနေရာကို ရရှိခဲ့သူမှာ ဖုန်ဟောက်ယွီပင် ဖြစ်လေသည်။”

စိတ်ဝိညာဉ်တောင်ထွတ်မှ များစွာသော တပည့်များက စတင်အောင်ပွဲခံလိုက်ကြ၏။

ဖုန်ဟောက်ယွီက ဆူဇီမိုကို ကျော်၍ ဖိုသီဖတ်သီနှင့် အဖိုးအိုကို ကြည့်လိုက်ပြီး သွားဖြဲပြ၍ အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်လေသည်။

“တောင်ထွတ်သခင်.. ဂိုဏ်းက စီနီယာတွေ ချန်ထားခဲ့တဲ့ လက်နက်သွန်းလုပ်ခြင်း ရုပ်သံမှတ်တမ်းကို ကြည့်ရှုဖို့ရာ ကျုပ်ကို ခေါ်သွားပေးပါခင်ဗျာ”

“အမ်း”

ဖိုသီဖတ်သီနှင့် အဖိုးအိုက ပုံမှန်အတိုင်းပင် ခေါင်းညိတ်လိုက်၏။

“မင်းက ပထမနေရာကို ရခဲ့တာဆိုတော့ ကြည့်ရသင့်ပါတယ်လေ”

ထို့နောက် သူသည် ဆူဇီမိုကို လက်မောင်းကနေ လှမ်းဆွဲလိုက်ပြီး ဒီတိုင်းပင် ပြောလိုက်၏။

“လာ ကောင်လေး.. မင်းလဲ ကြည့်ဖို့ လိုက်ခဲ့ချေ”

ဆူဇီမိုသည် တစ်ခဏမျှ မှင်တက်သွား၏။

ဖုန်ဟောက်ယွီက မျက်မှောင်ကြုတ်၍ သုန်မှုန်နေသော မျက်နှာထားနှင့် ပြောလိုက်၏။

“ဆူဇီမိုက လက်နက်သွန်းလုပ်ရာမှာ ကျရှုံးခဲ့လို့ အဆင့်သတ်မှတ်ချက်ထဲတောင် မဝင်ဘူးလေ.. သူက အဲ့ဒါကို ကြည့်ဖို့ ဘယ်လိုလုပ် အဆင့်မီမှာလဲ .. တောင်ထွတ်သခင် အဲ့လိုလုပ်ဖို့ရာ သင်တော်ပါရဲ့လား”

“တစ်ကယ်တော့ မသင့်တော်ဘူးလေ”

ဖိုသီဖတ်သီနှင့် အဖိုးအိုက သဘောတူစွာ ခေါင်းညိတ်လိုက်ပြီးနောက် ဆက်ပြောလိုက်၏။

“‌ဒါပေမယ့် အဲ့ဒါကို ငါက သောက်ဂရုမစိုက်လို့လေ”

All Chapters