နတ်ပန်းပဲဆရာတစ်ယောက်ရဲ့ ဆဋ္ဌမမြောက်အာရုံ
Vol. 6 Ch. 79
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း ၇၉ - နတ်ပန်းပဲဆရာတစ်ယောက်ရဲ့ ဆဋ္ဌမမြောက်အာရုံ
Translator – Than Toe Aung
ဖိုသီဖတ်သီအဖိုးအို၏ ပြန်လည်ချေပချက်က ဖုန်ဟောက်ယွီ၏ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။
သူ၏ ဖြေကြားချက်က လုံးဝ အကျိုးသင့် အကြောင်းသင့် မရှိလှပေ။
သို့သော်လည်းပဲ တောင်ထွတ်သခင်တစ်ယောက်၏ အဆင့်အတန်းကြောင့် ဖုန်ဟောက်ယွီက မကျေနပ်လျှင်ပင် ဘာမှပြန်မပြောနိုင်ဘဲ မချင့်မရဲစိတ်များကို မျိုသိပ်ထားရုံသာ တတ်နိုင်လေသည်။
အခြားသော တပည့်များက အားကျစွာ ငေးမောကြည့်နေစဉ်မှာပင် ဖိုသီဖတ်သီနှင့် အဖိုးအိုက ဆူဇီမိုနှင့် ဖုန်ဟောက်ယွီကို အတွင်းခန်းမထဲသို့ ခေါ်ဆောင်သွားလေသည်။
အတွင်းခန်းမက သိပ်မကျယ်လှဘဲ စတုရန်းမီတာ အနည်းငယ်သာ ရှိလေသည်။ အခန်းနံရံများတွင် တစ်ထောင်ကျော်လောက်ရှိမည့် ကျောက်စိမ်းအလိပ်များကို ခပ်စိပ်စိပ် စီထည့်ထားလေသည်။
သူတို့ထဲမှ အများစုမှာ အရောင်မှိန်နေပြီး အခုတစ်ရာကျော်ကသာ လင်းလက်စွာ တောက်ပနေ၏။
ဖိုသီဖတ်သီအဖိုးအိုက နံရံရှိ ကျောက်စိမ်းလိပ်များကို ညွှန်ပြလိုက်၏။
“ဒါတွေကတော့ ဆန်းကြယ်ဂိုဏ်းစတည်ထောင်ကတည်းက နတ်ပန်းဆရာအဆက်ဆက် ချန်ရှိထားခဲ့တဲ့ ရုပ်သံမှတ်တမ်းတွေပဲ.. အရောင်တောက်နေတဲ့ ကျောက်စိမ်းလိပ်တွေကတော့ အောင်မြင်စွာ သွန်းလုပ်နိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းပဲ.. ကျန်တာတွေကတော့ ကျရှုံးခဲ့တဲ့ သွန်းလုပ်မှုတွေဆိုပေမယ့်လဲ သူတို့လည်းပဲ တစ်ကယ့် နတ်ပန်းပဲဆရာတွေပဲ.. မင်းတို့ လေ့လာဖို့ တစ်ယောက်ကို ဆယ်ခုစီ ရွေးယူကြချေ”
အံ့သြဖို့ကောင်းသည်မှာ ဆန်းကြယ်တောင်ထွတ်၏ သက်တမ်းသည် နှစ်ပေါင်း ထောင်ချီနေပြီဖြစ်ပြီး များစွာသော ကျောက်စိမ်းလိပ်များကို ချန်ထားခဲ့သော်လည်း ယခု မြင်နေရသော ဤကျောက်စိမ်းလိပ်များသာ ကျန်ရှိတော့ပြီး သူတို့ထဲက အများစုမှာ မအောင်မြင်သော သွန်းလုပ်မှုများသာ ဖြစ်လေသည်။
ဖုန်ဟောက်ယွီသည် နှစ်ခါစဉ်းစား မနေဘဲ အရောက်တောက်တောက် ကျောက်စိမ်းလိပ် ဆယ်ခုကို တန်းရွေးယူလိုက်၏။
ဆူဇီမိုက တစ်ခဏကြာချင့်ချိန်ပြီးနောက် တောက်ပသော ဆယ်ခုနှင့် ခပ်မှိန်မှိန်ဆယ်ခုကို ရွေးယူလိုက်၏။
သူနားလည်ထားသည်မှာ အောင်မြင်မှုများမှ သင်ယူစရာတွေ ရှိသလို ကျရှုံးမှုများကို ကြည့်၍လည်း တူညီသော အမှားမျိုး ထပ်မလုပ်မိစေရန် သင်ယူကာကွယ်နိုင်လေသည်။
ထိုအရာကို မြင်သောအခါ ဖိုသီဖတ်သီနှင့် အဖိုးအိုက ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
ထိုအရာသည် ဉာဏ်ရှိသော ရွေးချယ်မှုတစ်ခု ဖြစ်လေသည်။
ဆူဇီမိုသည် ကျောက်စိမ်းလိပ်ဆယ်ခုကို ရွေးယူပြီးနောက် တင်ပျဉ်ခွေခြေချိတ်ထိုင်လိုက်၏။ ကျောက်စိမ်းလိပ်များထဲသို့ စိတ်ဝိညာဉ်ချီကို ထိုးသွင်းလိုက်သောအခါ သူတို့ပေါ်ရှိ အင်းကွက်များသည် အရောင်တောက်လာပြီး ရှင်းလင်းသော ပုံရိပ်များက သူ့ရှေ့တွင် ပေါ်လာလေသည်။
သူသည် လက်နက်သွန်းလုပ်ခြင်းနှင့် ပတ်သတ်သော သူ၏ အမြင်များသည် ပို၍ ရင့်ကျက်လာပြီး သူ့စိတ်ထဲမှာ ရှိခဲ့သော သံသယများကလည်း ရှင်းလင်းသွားလေ၏။ သူသည် ထိုအထဲတွင် နစ်မြောသွားလေသည်။
မသိလိုက်မသိဖာသာနှင့်ပင် တစ်နေ့နှင့် တစ်ညက ကုန်ဆုံးသွား၏။
ဖုန်ဟောက်ယွီက မတ်တပ်ရပ်လိုက်ပြီး ကျောက်စိမ်းလိပ်ဆယ်ခုကို ပြန်ပေးလိုက်၏။ သူသည် ရုပ်သံမှတ်တမ်းတွင် နစ်မြောနေဆဲဖြစ်သော ဆူဇီမိုကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခန်းမထဲမှ ထွက်သွားလေသည်။
သိပ်မကြာမီ ဆူဇီမိုသည်လည်း မတ်တပ်ရပ်လိုက်ပြီး ကျောက်စိမ်းလိပ်ဆယ်ခုကို ပြန်ပေးလိုက်၏။
“ဘယ်လိုလဲ မင်း အဲ့ကနေ တော်တော် ရလိုက်ရဲ့လား” ဖိုသီဖတ်သီအဖိုးအိုက ပြုံး၍ မေးလိုက်၏။
ဆူဇီမိုသည် ခေါင်းညိတ်ပြ၍ တစ်ခဏ စဉ်းစားပြီးနောက် မေးလိုက်၏။
“တစ်ကယ်တော့ ကျတော် ပထမလေးဆင့်နဲ့ ပတ်သတ်ပြီး အတော်လေး သင်ယူသိရှိလိုက်ပါတယ်.. ဒါပေမယ့်လဲ စိတ်ဝိညာဉ်စုဆောင်းခြင်းမှာတော့ အစအန ဖော်မရ ဖြစ်နေတုန်းပဲ”
“စိတ်ဝိညာဉ်စုဆောင်းခြင်းရဲ့ အခက်အခဲက ကုန်းကြမ်းသတ္တုတွေထဲမှာ ပါဝင်တဲ့ စိတ်ဝိညာဉ်ချီတွေက ဘယ်လောက်တည်ငြိမ်မှုရှိနေလဲဆိုတာပေါ်မှာ မူတည်တယ်ကွ.. ငါတို့က သတ္တုတွေကို အရည်ကျိုပြီး ပြန်လည်ပေါင်းစည်းလိုက်တဲ့နောက်မှာတော့ ဓါးပျံရဲ့ ပုံသဏ္ဍာန်က အများကြီး ပြောင်းလဲသွားတာကြောင့် စိတ်ဝိညာဉ်ချီတွေကလဲ မတည်မငြိမ် ဖြစ်လာတယ်.. အဲ့ဒါကြောင့်ပဲ စိတ်ဝိညာဉ်ချီတွေကို ဓါးပျံထဲကို ပြန်စုယူပေါင်းထည့်ဖို့က အများကြီး ခက်ခဲသွားရတာပဲ.. အဲ့အချိန်မှာ ဓါးပျံကလဲ ရဲရဲနီ ပူခြစ်နေတာဆိုတော့ သဟဇာတက အနည်းငယ် ကွဲလွဲသွားတာနဲ့ ဓါးပျံကလဲ ချက်ခြင်း ပေါက်ကွဲသွားမှာပဲ”
ဖိုသီဖတ်သီနှင့် အဖိုးအိုက ညင်သာစွာ သက်ပြင်းချလိုက်၏။
“အဲ့ဒါက မင်းမှ မဟုတ်ဘူး.. အဆင့်မြင့် နတ်ပန်းပဲဆရာတွေတောင်မှပဲ စိတ်ဝိညာဉ်စုဆောင်းခြင်း အဆင့်ကို ၁၀၀% အောင်မြင်အောင် လုပ်နိုင်ပါတယ်လို့ အာမ,မခံရဲဘူး.. သူတို့ထဲက အများစုကတော့ နှစ်ပေါင်းများစွာ လက်နက်သွန်းလုပ်ခဲ့တဲ့ အတွေ့အကြုံတွေအပေါ်အခြေခံပြီးတော့ အလိုလိုသိနိုင်တဲ့ ဆဋ္ဌမြောက်အာရုံတစ်ခု ရလာအောင် လေ့ကျင့်ယူကြရတာပဲ”
ဤနောက်ဆုံးဖော်ပြချက်ကို ကြားရချိန်တွင် ဆူဇီမို၏ ရင်က ထိတ်ကနဲ တစ်ချက်ခုန်သွား၏။
ဆဋ္ဌမမြောက်အာရုံတဲ့လား။
ဆူဇီမိုသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို လေ့ကျင့်ပြီး သေခြင်းရှင်ခြင်း အတွေ့အကြုံပေါင်းများစွာ ခံစားတွေ့ကြုံခဲ့ရပြီးနောက် သူသည် ဆဋ္ဌမမြောက်အာရုံလိုမျိုး အာရုံခံသတိစိတ်တစ်ခုကို ရရှိလာခဲ့၏။
ထိုအာရုံခံသတိခံစိတ်က စိတ်ဝိညာဉ်ချီစုဆောင်းရာတွင် အလုပ်ဖြစ်နိုင်မလား တွေးလိုက်ရင်း သူ့စိတ်များက အရိုင်းဆန် ပြေးလွှားသွားလေ၏။
“ကဲ.. အရင်ဆုံး ပြန်ပြီး နားလိုက်ဦး.. မင်းမှာ သိချင်တဲ့ သံသယမေးခွန်းတွေ ရှိလာတဲ့အခါ ဒီနေရာမှာ ငါ့ကို ကြိုက်တဲ့အချိန် လာရှာချေ” ဤစကားကို ပြောချိန်တွင် ဖိုသီဖတ်သီအဖိုးအိုသည် နံရံရှိ ကျောက်စိမ်းလိပ်များကို မေးငေါ့ပြလိုက်ပြီး မျက်လုံးမှိတ်ပြလိုက်လေ၏။
“အမ်”
ဖိုသီဖတ်သီအဖိုးအို ပြောချင်သည်ကို ဆူဇီမို ရုတ်တရတ် နားလည်သွား၏။
သူက ဆူဇီမိုကို အရိပ်အမြွက် ပေးလိုက်ခြင်း ဖြစ်၏။ ဆူဇီမိုသည် သူ့ဆီလာရင်း အခွင့်အရေး ရတာနှင့် နံရံမှ ကျောက်စိမ်းလိပ်များကိုလည်း လေ့လာခွင့် ရပေလိမ့်မည်။
“ကျေးဇူးတင်ပါတယ်ဆရာ” ဆူဇီမိုသည် ရင်ထဲမှ နှစ်နှစ်ကာကာဖြင့် ကျေးဇူးတင် ဦးညွှတ်လိုက်ပြီး သူ့ရင်ထဲတွင် နွေးထွေးသွားလေ၏။
လက်နက်သွန်းလုပ်ခြင်း ခန်းမထဲမှ သူထွက်လာချိန်တွင် အဝင်အထွက်ပေါက်နား၌ တစ်စုံတစ်ယောက်ကို တွေ့လိုက်ရ၏။
ဖုန်ဟောက်ယွီ..
သူစောင့်နေသည်မှာ အချိန်အတော်ကြာ ရှိနေလောက်ပေပြီ။
ဆူဇီမိုသည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။ သူသည် ဓါးပျံကို ဆင့်ခေါ်၍ သူနေထိုင်ရာ လိုဏ်ဂူတိုက်ခန်းသို့ ပြန်ဖို့ လုပ်လိုက်စဉ်မှာပင် ဖုန်ဟောက်ယွီက ရှေ့သို့ ရောက်လာပြီး ဆူဇီမို၏ လမ်းကြောင်းကို လက်ဖြင့် ပိတ်တားလိုက်၏။
“ဘာကိစ္စရှိလို့လဲ” ဤလူ၏ မောက်မာသော ဟန်ပန်ကြောင့် ဆူဇီမိုသည် အနည်းငယ် ဒေါသထွက်သွား၏။
ဖုန်ဟောက်ယွီက ထူးမခြားနားပင် ပြန်ဖြေလိုက်၏။
“ဒီနှစ်ကုန်ကျရင် ငါက ဆန်းကြယ်တောင်ထွတ်မှာ သမိုင်းသစ်တစ်ခုတင်ချင်တယ်.. ဆိုလိုတာကတော့ ငါက နတ်ပန်းပဲတောင်ထွတ်အပါအဝင် တောင်ထွတ်သုံးခုရဲ့ နံပါတ်တစ် ဖြစ်ချင်တယ်ကွာ.. ဂျူနီယာညီလေးဆူ မင်းက ဉာဏ်ကောင်းပါတယ်.. ဘာလုပ်ရမလဲဆိုတာ မင်းသိမှာပါ”
“ဟာသပဲ.. မင်း နံပါတ်တစ် ဖြစ်ချင်ရင် မင်းဉာဏ်မီသလောက် ကြိုးစားကြည့်လေ” ဆူဇီမိုက အမူအယာမဲ့စွာဖြင့် ခေါင်းခါလိုက်၏။
“မင်းက သွေးတိုးစမ်းနေတာလား” ဖုန်ဟောက်ယွီက မျက်လုံးနှစ်ကို ကျဉ်းမြောင်းလိုက်ပြီး အဆင့်၇ ချီစုဖွဲ့ အော်ရာကို ထုတ်ဖော်လိုက်၏။ ချက်ခြင်းဆိုသလို သူ့ဘေးပတ်လည်တွင် အေးစိမ့်စိမ့်လေများက တိုက်ခတ်လာလေ၏။
“မင်းက သောက်ရူးပဲ!”
အေးစက်စက် တစ်ချက်ဟောက်လိုက်ပြီး ဆူဇီမိုသည် ဓါးပျံကို စီး၍ ဖုန်ဟောက်ယွီရှေ့မှ ထွက်ခွာသွားလေသည်။
. . .
လိုဏ်ဂူတိုက်ခန်းသို့ ပြန်ရောက်သောအခါ ဆူဇီမိုသည် သူ့ခုတင်ပေါ်တွင် ထိုင်လိုက်ပြီး ကျောက်စိမ်းလိပ်ဆယ်ခုမှ အကြောင်းအရာများကို ပြန်လည် ပုံဖော်စဉ်းစားနေ၏။
အချိန်အတန်ကြာပြီးနောက် သူ့အခန်းတံခါးကို တစ်စုံတစ်ယောက်က လာခေါက်လေ၏။
“နောင်ကြီး ကျုပ်ပါဗျ” (အရင်က သုံးခဲ့သော ဘရိုအစား နောင်ကြီးဟု ပြောင်းသုံးပါမည်ခင်ဗျ)
ဖက်တီးလေး၏ အသံက ထွက်ပေါ်လာ၏။
သူတို့နှစ်ယောက် မတွေ့ရသည်မှာ တစ်လကြာသွားပြီဖြစ်ပြီး ဖက်တီးလေးက အဆင့် ၆ ချီစုဖွဲ့ခြင်းသို့ပင် ရောက်ရှိနေပေပြီ။
ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်သူများ၏ ကျင့်ကြံမှု အမြန်နှုန်းက ကြောက်ဖို့ကောင်း၏။ ဖုန်ဟောက်ယွီ၊ လမ့်ရိုနှင့် ဖက်တီးလေးတို့သည် ဒီနှစ်ကုန် မတိုင်ခင် အဆင့် ၉ သို့မဟုတ် ပကတိ ချီစုဖွဲ့ခြင်းသို့ ရောက်လာဖို့ အခွင့်များလေသည်။
“နောင်ကြီး ကျုပ်ကြားမိတာတော့ ခင်ဗျားက ဖုန်ဟောက်ယွီနဲ့ ရန်ငြိုးဖွဲ့လိုက်မိတယ်ဆို” ဖက်တီးလေးက စစချင်း မေးခွန်းတစ်ခုနှင့် ဝင်လာ၏။
ဆူဇီမိုက ပြန်မေးလိုက်၏။
“မင်းတောင် အဲ့ဒါကို သိသွားပြီလား”
“အဲ့ဒါက ကျုပ်မှ မဟုတ်ဘူးဗျို့.. တောင်ထွတ်ငါးခုလုံးကို အကုန်သိနေကြတာ.. အခုတလော ဂိုဏ်းသားတွေက အဲ့အကြောင်းပဲ ပြောနေကြတာ” ဖက်တီးလေးက သက်ပြင်းတစ်ချက် ချလိုက်၏။
“နောင်ကြီး.. အဲ့ဒါက တစ်ကယ်တော့ မဖြစ်သင့်ဘူးနော်”
“ဘယ်သူဘာပြောပြော ငါတို့က ကိုယ့်ဟာကိုယ် ကျင့်ကြံနေရုံပေါ့.. ဘာကို ဂရုစိုက်နေရဦးမှာလဲ” ဆူဇီမိုက ဘာမှ မထူးခြားသလိုပင် ရယ်မောပြောဆိုလိုက်၏။
“ကိစ္စက အဲ့လောက် မရိုးလို့ပေါ့”
ဖက်တီးလေးက ဆက်ပြောလိုက်၏။
“ဂိုဏ်းထဲမှာက တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်သတ်ဖြတ်တာကို တားမြစ်ထားတယ်ဗျ.. အဲ့ဒါကြောင့် သူက ခင်ဗျားကို လာပြီးစိန်ခေါ်လဲ ကိစ္စမရှိဘူး .. မလုပ်ချင်ရင် ငြင်းလိုက်လို့ရတယ်.. ဒါပေမယ့် ဂိုဏ်းအပြင်ဘက် ရောက်သွားရင်တော့ မတူတော့ဘူး.. နောင်ကြီး ခင်ဗျားလဲ ဂိုဏ်းထဲမှာပဲ အမြဲတမ်း နေနေမှာတော့ မဟုတ်ဘူးလေ.. ဟုတ်တယ်မလား.. ဂိုဏ်းကချမှတ်ထားတဲ့မစ်ရှင်တွေ အတော်များများက အပြင်ထွက်ပြီး လုပ်ဆောင်ရတာလေ.. အခုဆို ဖုန်ဟောက်ယွီကို ဆည်းကပ်နေကြတဲ့ တပည့်တွေက အတော်များနေပြီ.. ဂိုဏ်းအပြင်ဘက်ကို ရောက်တာနဲ့ သူတို့အတော်များများက နောင်ကြီးကို ပြဿနာလာရှာကြတော့မှာ”
ဆူဇီမိုသည် မျက်ခုံးသာ တွန့်ပြလိုက်ပြီး မည်သည့်စကားမျှ ပြန်မပြောပေ။
ဖက်တီးလေးက ဆက်ပြောလိုက်၏။
“တစ်ကယ်တော့ ဖုန်ဟောက်ယွီရဲ့ ပါရမီအရည်အချင်းအရဆိုရင် ဒီနှစ်ကုန် တောင်ထွတ်ငါးခုရဲ့ ရင်ဆိုင်ယှဉ်ပြိုင်ပွဲပြီးတာနဲ့ သူက ကျိန်းသေပေါက် အခြေတည်အဆင့်ကို ရောက်သွားမှာပဲ .. အဲ့ကျရင် သူက အတွင်းစည်းတပည့်အဖြစ် အဆင့်တိုးပေးခံရလိမ့်မယ်.. နောင်ကြီး တစ်ကယ်ဆို ခင်ဗျား ဒီနှစ်ကုန်ပွဲကို လက်ရှောင်လိုက်သင့်တယ်.. နောက်တစ်နှစ်မှ ဝင်ပြိုင်လဲ နောက်မကျပါဘူးဗျာ.. အဲ့လိုဆိုရင် သူလဲ ခင်ဗျားကို မျက်နှာသာ ပြန်ပေးရမှာပဲ”
“ငါတို့ အဲ့အကြောင်းကို နောက်မှ ဆက်ပြောကြတာပေါ့” ဆူဇီမိုက နောက်ထပ်ဆက်လက်ပြောဆိုရန် ငြင်းဆိုလိုက်၏။
ဖက်တီးလေးက ခေါင်းညိတ်လိုက်၏။
“ဘာပဲဖြစ်ဖြစ်နော် ကျုပ်ကတော့ ခင်ဗျားဘက်ကပဲ ရှိနေမှာ.. နောင်ကြီး.. ခင်ဗျား ကျုပ်ဆီက လိုအပ်သာရှိရင် ပြောသာပြောလိုက်ဗျာ”
“ကောင်းပြီလေ” ဆူဇီမိုက ပြုံးလိုက်၏။
ဆူဇီမိုသည် သူ၏ လိုဏ်ဂူတိုက်ခန်းထဲတွင် စဉ်းစားချင့်ချိန်နေပြီးနောက် ခဏလောက်တော့ ဂိုဏ်းပြင်ကိုထွက်ဖို့ ဆုံးဖြတ်ချက်ချလိုက်၏။
သူသည် ပြီးခဲ့သည့် တစ်လလုံးလုံး ခြင်ဆီသန့်စင်ခြင်း အပိုင်းနှင့် ပတ်သတ်၍ လမ်းပျောက်နေသောကြောင့် စိတ်က မကြည်မသာ ဖြစ်နေ၏။
သူသည် နွားရိုင်းလျှာဆေဘာအကွက်ကို စတင်လေ့ကျင့်တုန်းက နွားတစ်ကောင် မြက်စားနေတာကို ကြည့်ရှုလေ့လာပြီးသာလျှင် အနှစ်သာရကို ဖမ်းဆုပ်နိုင်ခဲ့၏။
သည်တစ်ကြိမ်လည်း ဆူဇီမိုသည် ဂိုဏ်း၏ အနီးနားရှိ တောအုပ်ထဲသို့ ဝင်ရောက်ကာ ကျားတစ်ကောင်နှင့် ကျားသစ်တစ်ကောင်ကို ဖမ်းလာဖို့ ဆုံးဖြတ်ထား၏။ ထိုမှသာ သူသည် ကိစ္စများကို ထဲထဲဝင်ဝင် လေ့လာနိုင်ပေမည်။