← Chapters

ရတနာတစ်ခုကို ရှာဖွေတွေ့ရှိခြင်း

Vol. 6 Ch. 77

ရတနာတစ်ခုကို ရှာဖွေတွေ့ရှိခြင်း

Vol. 6 Ch. 77

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း ၇၇ - ရတနာတစ်ခုကို ရှာဖွေတွေ့ရှိခြင်း

ဘာသာပြန်သူ - သန်းတိုးအောင်

ဘယ်သူမှ မသိလိုက်ဘဲနှင့် ဖိုသီဖတ်သီနှင့် တောင်ထွတ်သခင်သည် လက်နက်သွန်းလုပ်ခြင်း ခန်းမထဲသို့ ရောက်ချလာပြီး ဆူဇီမို၏ ဘေးတွင် ရုတ်တရတ် ပေါ်လာလေသည်။

ဖိုသီဖတ်သီနှင့် အဖိုးအိုသည် ဆူဇီမို ပြန်ရုတ်သိမ်းလိုက်သော ဆေဘာကို ကြည့်လိုက်ပြီး သာမန်ကာလျှံကာပုံစံနှင့်ပင် ပြောလိုက်၏။

“ကောင်‌လေး.. မင်းက ထစ်ကနဲရှိ လူတိုင်းကို ဓါးနဲ့ ထိုးချင်နေတာလား”

ဆူဇီမိုသည် ဂိုဏ်းသို့ စဝင်သောနေ့တုန်းကလည်း တောင်ထွတ်အရှေ့ဘက်ထိပ်တွင် ပုံရိပ်ယောင်လောကထဲမှ နိုးထလာလာခြင်း အစီအရင်အခင်းအကျင်းတောင်ထွတ်သခင်ကို ဓါးနှင့် ခုတ်ဖို့ လုပ်ခဲ့သေး၏။

ယခုတစ်ဖန် သူသည် ထိုအပြုအမူကို နတ်ပန်းပဲတောင်ထွတ်သခင်အပေါ် ထပ်မံ ကျူးလွန်မိနီးပါး ဖြစ်သွားပြန်၏။

ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ဆူဇီမိုသည် သူ၏ စိတ်ဝိညာဉ်မီးတောက်ကို ငြိမ်းသတ်ပြီး သူ့ဆရာကို တောင်းပန်ဖို့ လုပ်လိုက်၏။ သို့သော်လည်းပဲ ဖိုသီဖတ်သီနှင့် အဖိုးအိုသည် လက်ကာ၍ ခေါင်းခါပြလိုက်၏။

“ကိုယ်လုပ်စရာရှိတာ ဆက်လုပ် ကောင်လေး.. ငါက ‌ဘေးက ရပ်ကြည့်ရုံ ကြည့်ဖို့လာတာ.. ဘာဖိအားမှ ပေးဖို့ မဟုတ်ဘူး”

“ကောင်းပါပြီဗျ” ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

တစ်ခဏကြာပြီးနောက် ဖိုသီဖတ်သီနှင့် အဖိုးအိုက ဆူဇီမို၏ ပုခုံးကို ပုတ်လိုက်ပြီး ပွင့်လင်းရိုးသားဟန်ဖြင့်

“ကောင်လေး.. ဆန်းကြယ်တောင်ထွတ်မှာ နေ့နေ့ညည စိတ်ကို တင်းကြပ်ပြီး သတိကြီးလိုက်ထားနေစရာ မလိုပါဘူး.. စိတ်ကို အေးအေးထားပါ.. ဒီမှာ မင်းကို ထိခိုက်အောင် လုပ်မယ့်သူ မရှိပါဘူးကွယ်.. တစ်ခုခုဆိုတာနဲ့ ဆေဘာကြီး တစ်ဝင့်ဝင့်နဲ့ မလုပ်နဲ့တော့နော်”

တစ်ကယ်တော့ ဆူဇီမိုသည် လျှင်မြန်စွာ တုန့်ပြန်မှုကို ကန်းလန်ရိုးမမှာကတည်းက လေ့ကျင့်ထားခဲ့ခြင်းဖြစ်၏။ ယခုအခါ ထိုအရာက သူ့၏ အကျင့်တစ်ခုလို ဖြစ်နေခဲ့ပေပြီ။

ကန်းလန်ရိုးမတွင် တောကောင်တိုင်းက သူ၏ ရန်သူ ဖြစ်လေသည်။

သူနေထိုင်ရာ လိုဏ်ဂူသို့ ပြန်ရောက်လာလျှင်တောင် စိတ်ဝိညာဉ်မျောက်၏ ကျီစယ်တိုက်ခိုက်မှုကို သတိထားနေရသေး၏။ ထို့ကြောင်ပင် ဆူဇီမို၏ ပုံစံက အနည်းငယ် ကြောင်တောင်တောင်နိုင်နေခြင်း ဖြစ်၏။

သို့သော်လည်း ဆူဇီမိုသည် ယခု တောင်ထွတ်သခင်က ပြောလိုက်သော စကားကြောင့် သူ့သတိကို လျှော့ချမည် မဟုတ်ပေ။ သူသည် ထစ်ခနဲရှိ ဆေဘာတစ်ဝင့်ဝင့် မဖြစ်အောင်တော့ အနည်းငယ် အာရုံပိုစိုက်ရပေမည်။

ဖိုသီဖတ်သီနှင့် အဖိုးအိုက ဆက်ပြောလိုက်၏။

“နောက်ပြီး မင်း ဆေဘာတစ်ဝင့်ဝင့် လုပ်ချင်တယ်ဆိုရင်တောင် တစ်ဖက်လူက ဘယ်သူဆိုတာတော့ အရင်ကြည့်ဦးမှပေါ့.. မင်းက အခုမှ ဂိုဏ်းထဲကို ရောက်တာ တစ်လပဲ ရှိ‌သေးတယ်.. တောင်ထွတ်သခင် နှစ်ယောက်ကို ဆေဘာနဲ့ ခုတ်ဖို့ ချိန်ရွယ်ပြီးခဲ့ပြီ.. မင်း ဒီမှာ ကြာကြာ ဆက်နေရင် ဘယ်လို ဖြစ်လာနိုင်မလဲ”

“အဟမ်း အဟမ်း.. ကျတော် အဲ့ဒါကို သေချာ မှတ်ထားပါ့မယ်” ဆူဇီမိုက ရှက်ကိုးရှက်ကန်းနှင့် ‌ခြောက်ကပ်ကပ် ရယ်ကာ ပြောလိုက်၏။

ပုံမှန်အားဖြင့် ဤကဲ့သို့သော လကုန်စမ်းသပ်ပွဲလေးမျိုးတွင် မည်သည့် တောင်ထွတ်သခင်ကမှ ယခုလို ရောက်ချလာလေ့ မရှိပေ။ အထူးသဖြင့် နဂိုတည်းက ပျင်းလှပါသည်ဟု နာမည်ကြီးသော နတ်ပန်းပဲတောင်ထွတ်သခင်အတွက် ဖြစ်လေသည်။

ဖိုသီဖတ်သီနှင့် အဖိုးအို ဘာကြောင့် ယခုလို ရောက်ချလာရလဲဆိုတာ အားလုံးသိလိုက်ကြ၏။

သူက ဖုန်ဟောက်ယွီအတွက် ရောက်လာခြင်း မဟုတ်ပေ။ ဆူဇီမိုကြောင့် ဖြစ်လေသည်။

ထိုအချိန်တွင် ခန်းမ ရှေ့ဆုံးမှာ ရပ်နေသော ဖုန်ဟောက်ယွီ၏ မျက်နှာသည် စပ်ဖျဉ်းဖျဉ်းနှင့် ပူလောင်လာလေ၏။ သို့သော်လည်း သူသည် အားလုံးကို ကျော‌ပေးကာ ရပ်နေသောကြောင့် သူ့မျက်လုံးထဲက အေးစက်မှုကို မည်သူကမျှ မမြင်လိုက်ကြပေ။

ဖုန်‌ဟောက်ယွီသည် စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်ပြီးနောက် သူ့ပန်းပဲမီးဖိုကို ပြန်လည်၍ အပူပေးလိုက်၏။

ခန်းမ၏ အနောက်နားတွင်တော့ ဆူဇီမိုသည် သူ့ကုန်ကြမ်းသတ္တုများကို ပန်းပဲမီးဖိုထဲသို့ စတင်ထည့်နေပေပြီ။

ပန်းပဲမီးဖိုအတွင်းရှိ အပူချိန်က ဆက်လက်မြင့်တက်လာနေ၏။

သတ္တုကျို အရည်ပျော်စေခြင်း အဆင့်တွင် မြင့်မားသော အပူချိန်ကို သုံး၍ ပါဝင်ကုန်ကြမ်းများကို အရည်အဖြစ် ပြောင်းလဲပေးရ၏။ ထို့နောက် အညစ်အကြေးများကို တတ်နိုင်သမျှ များများ ဖယ်ထုတ်ကာ ပါဝင်ပစ္စည်းများကို အတူတကွ ရောနှောပေါင်းစပ်ရလေသည်။

ထို့ကြောင့် ဤအဆင့်သည် လက်နက်သွန်းလုပ်ခြင်း နည်းပညာပိုင်းဆိုင်ရာနှင့် သိပ်ပတ်သတ်မှု မရှိဘဲ စိတ်ဝိညာဉ်မီးတောက်၏ အဆင့်ကွာဟမှုကသာ များစွာ စကားပြောလေ၏။

ဆိုလိုတာက အဆင့် ၂ စိတ်ဝိညာဉ်မီးတောက်ကို ပိုင်ဆိုင်ထားသည့် အဆင့်မြင့် နတ်ပန်းပဲဆရာတစ်ယောက်သည် အဆင့် ၃ စိတ်ဝိညာဉ်မီးတောက်ကို ပိုင်ဆိုင်ထားသည် လက်သင်နတ်ပန်းဆရာတစ်ယောက်ကိုပင် သတ္တုကျိုအရည်ဖျော်ခြင်း လုပ်ငန်းစဉ်၌ ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

သိပ်မကြာမီမှာ့ပင် ပန်းပဲမီးဖိုအတွင်းရှိ ကုန်ကြမ်းပစ္စည်းများသည် စတင်အရည်ပျော်လာပြီးနောက် သတ္တုရည်များ အဖြစ်သို့ ပြောင်းလဲသွားကာ စိတ်ဝိညာဉ်ချီများက ထွက်ပေါ်လာလေ၏။

ရွှေရောင်အရည်များက ပန်းပဲမီးဖိုထဲတွင် ပွက်ပွက်ဆူ လောင်မြိုက်နေပြီး အထဲရှိ စိတ်ဝိညာဉ်ချီများက သိပ်သည်းပေါများလာ၏။

ထိုအချိန်တွင် ဖိုသီဖတ်သီနှင့် အဖိုးအိုသည် လွန်စွာ စိတ်ကျေနပ်အားရနေ‌သော အမူအယာနှင့် ခေါင်းတဆတ်ဆတ် ညိတ်နေလေ၏။

သတ္တုရည်များသည် ထပ်တလဲလဲ အပူပေးခြင်းအောက်တွင် နီရဲတောက်ပလာပြီး သိပ်သည်းကျစ်လစ်လာကာ အညစ်အကြေးများက ကင်းစင်လာလေ၏။

၁၅မိနစ်ကြာပြီးနောက် သတ္တုရည်များက ဆက်လက်သိပ်သည်းခြင်း မရှိတော့ပေ။

ဆိုလိုသည်မှာ အညစ်အကြေးများက ဆက်လက်ပယ်ရှားခြင်း မရှိတော့ဟုပင်။ ထိုအရာသည် အဆင့်၃ စိတ်ဝိညာဉ်မီးတောက်၏ အရည်ကျိုသန့်စင်ခြင်း အကန့်အသတ်ဖြစ်လေသည်။ တစ်နည်းအားဖြင့် ဒီထက်ပို သန့်စင်ချင်လျှင် အဆင့်၃ စိတ်ဝိညာဉ်မီးတောက်ထက် ပိုကောင်းသော မီးတောက်ကို အသုံးပြုမှ ရပေတော့မည်။

သတ္တုအရည်ပျော်စေခြင်း လုပ်ငန်းစဉ်က ပြီးဆုံးသွားပေပြီ။

ထိုအချိန်တွင် အခြားတပည့်များ၏ ကုန်းကြမ်းသတ္တုများက စတင်အရည်ပျော်ကာစသာ ရှိသေး၏။ သူတို့အထဲတွင် ဖုန်ဟောက်ယွီက အမြန်ဆုံးဖြစ်ပြီး သူ့ပန်းပဲမီးဖိုအတွင်းတွင် သတ္တုအရည်များက ဖြစ်တည်နေပေပြီ။

အဆင့်၃ စိတ်ဝိညာဉ်မီးတောက်က အညစ်အကြေးများကို ဖယ်ထုတ်သန့်စင်ရာတွင် ကောင်းရုံသာမက ပိုလည်း မြန်ဆန်လေ၏။ ထို့ကြောင့် ဆူဇီမို၏ လက်နက်သွန်းလုပ်မှု အမြန်နှုန်းက အခြားသူများအားလုံးကို ကျောက်တက်သွားခြင်း ဖြစ်လေသည်။

နောက်ထပ်တစ်ဆင့်ကား.. ပုံဖော်ခြင်း ဖြစ်လေသည်။

ဆူဇီမိုသည် စိတ်ဝိညာဉ်မီးတောက်ကို ဖယ်ရှားလိုက်ပြီး ပန်းပဲမီးဖိုအတွင်း အပူချိန်ကျလာဖို့ကို ‌စောင့်ဆိုင်းနေလိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် ဘေးမှာ ခဏထိုင်ကာ အနားယူပြီး ကုန်ဆုံးသွားသော စိတ်ဝိညာဉ်ချီများကို ပြန်လည်ဖြည့်တင်းနေလိုက်၏။

ပုံဖော်ခြင်း အဆင့်တွင် စိတ်ဝိညာဉ်ချီများကို စီးဆင်းစေ၍ စိတ်ဝိညာဉ်လက်တစ်စုံကို ဖန်တီးပြီး ပန်းပဲမီးဖိုအတွင်းသို့ ထည့်ရပေမည်။ ထို့နောက် ထိုသူသည် သတ္တုအရည်များ လုံးလုံးခဲမသွားခင် ဖန်တီးထားသော စိတ်ဝိညာဉ်လက်ဖြင့် ကိုယ်လိုချင်သည့် လက်နက်ပုံသဏ္ဍာန်ကို ပုံဖော်ယူရပေမည်။

အပူချိန်မြင့်မားနေတုန်းမှာ ပန်းပဲမီးဖိုအတွင်းသို့ ဝင်ရောက်စေလိုက်လျှင် ဖန်တီးထားသော စိတ်ဝိညာဉ်လက်တစ်စုံသည် အပူချိန်ကို ခံနိုင်ရည်မရှိဘဲ ပြိုကွဲသွားပေလိမ့်မည်။ သတ္တရည်များ အေးခဲ၍ မာသွားမှဆိုလျှင်လည်း ကိုယ်လိုချင်သည် လက်နက်ပုံစံကို ပုံ‌ဖော်ဖို့ ခက်ခဲသွားပေလိမ့်မည်။

ဤအဆင့်တွင် အတွေ့အကြုံက လွန်စွာ စကားပြောလေသည်။

ငါးမိနစ်ကြာပြီးနောက် ဆူဇီမိုသည် ရုတ်တရတ် စိတ်ဝိညာဉ်ချီများကို အရူးအမူး ထုတ်ဖော်စီးဆင်းစေလိုက်ပြီး လက်တစ်စုံကို ဖန်တီးလိုက်၏။ ထို့နောက် ဖန်တီးထားသော ထိုလက်တစ်စုံက ပန်းပဲမီးဖိုအတွင်း ဝင်ရောက်သွားပြီး သတ္တုရည်များကို ဆွဲကိုင်ယူလိုက်၏။

ထိုအရာသည် လုံးဝ အချိန်ကိုက်ဖြစ်ပြီး သတ္တုရည်များက များစွာအေးခဲခြင်း မရှိသေးဘဲ လိုသလို နန်းဆွဲပုံဖော်ဖို့ အကောင်းဆုံး အခိုက်အတန့် ဖြစ်လေသည်။

ဘေးမှနေ၍ ဖိုသီဖတ်သီနှင့် အဖိုးအိုသည် ဆူဇီမိုကို အားရုံစူးစိုက်ကြည့်နေပြီး ပို၍ ပို၍ စိတ်ကျေနပ်သွားလေ၏။

“ဟာ ဟန်ကျသကွာ.. ငါတော့ ဒီတစ်ကြိမ် ရတနာတစ်ခုကို ရှာတွေ့ပြီ‌ဟေ့”

များပြားလှသော တပည့်များ အနားမှာ ရှိနေခြင်းကြောင့်သာ မဟုတ်လျှင် ဖိုသီဖတ်သီနှင့် အဖိုးအိုက ဆူဇီမိုကို ဆွဲဖက်ပြီး နမ်းရှုံ့နေလောက်ပေပြီ။

ဘာကြောင့်ရယ်မသိ ဆူဇီမိုသည် တောင်ထွတ်သခင်ကို ကျောပေးထားရင်း နောက်ကျောမလုံ ချမ်းစိမ့်စိမ့် ဖြစ်လာလေသည်။

သိပ်မကြာခင် ဓါးပျံတစ်ချောင်း၏ ပုံသဏ္ဍာန်က တစ်ဖြည်းဖြည်း ရုပ်လုံးပေါ်လာလေသည်။

ဓါးသွား၌ အနားစောင်းများ မပါသည့် ခပ်ရှည်ရည်သဏ္ဍာန် ပုံကြမ်းတစ်ခုသာ ရှိသေး၏။

ယခုအချိန်တွင် တပည့်သားအတော်များများသည် သူတို့၏ စမ်းသပ်ချက်များကို လက်လျှော့လိုက်ကြပြီး ဆူဇီမို၏ လက်နက်သွန်းလုပ်ခြင်း လုပ်ငန်းစဉ်ကိုသာ ဝိုင်းကြည့်နေကြကုန်၏။

ပုံဖော်ထားသော ဓါးပုံသဏ္ဍာန်ကို သူတို့ ကြည့်နေစဉ်မှာပင် လူအုပ်ကြီးထဲမှ တစ်ရှဲရှဲနှင့် အသံက ထွက်ပေါ်လာ၏။

ထိုအချိန်၌ ဖုန်‌‌ဟောက်ယွီသည် သူ၏ သတ္တုကျိုအရည်ဖျော်ခြင်းကို လုပ်ဆောင်ပြီးသွားပေပြီ။ သူသည် ပန်းပဲမီးဖိုမှ အပူချိန်ကျဆင်းလာဖို့ကို ‌စောင့်နေလိုက်၏။ သူသည် ဘေးမှာထိုင်ကာ အနားယူဖို့ လုပ်လိုက်ရင်းနှင့် မနေနိုင်စွာ အုန်းအုန်းကျက်ကျက် ဖြစ်နေသော နေရာသို့ လှမ်းကြည့်လိုက်၏။

ဆူဇီမို၏ ပန်းပဲမီးဖိုထဲမှ ဓါးပုံသဏ္ဍာန်ကို မြင်တွေ့လိုက်ရသည့် တစ်ခဏ၌ လှောင်ပြောင်သရော်လိုမှုများက သူ့မျက်နှာတွင် ပေါ်လာပြီးနောက် ပြန်လှည့်သွားလေသည်။

ပုံ‌ဖော်ခြင်းကို ပြီးစီးသွားပြီးနောက် ဆူဇီမိုသည် သူ့ဝန်းကျင်မှ ထူးဆန်းစွာ တစ်မျိုးတစ်မည် ဖြစ်နေမှုများကို သတိထားမိလိုက်၏။

“ဆရာ .. ကျတော် အမှားလုပ်မိသွားပြီလား”  သူသည် မနေနိုင်စွာ မေးလိုက်၏။

ဖိုသီဖတ်သီ အဖိုးအိုက လက်ကာပြလိုက်ပြီး သာမန်ကာလျှံကာပုံစံနှင့်ပင် ပြန်ဖြေလိုက်၏။

“ထားလိုက်ပါ.. အဲ့ဒါက ပြောပလောက်တဲ့ အမှား မဟုတ်ပါဘူး.. မင်းပုံဖော်ဖို့ စဝင်လိုက်တာက တစ်ကယ့်အချိန်ကိုက်ပဲ.. မင်းလုပ်မိတာဆိုလို့ ဓါးမှာ အပို လက်ကိုင်ဓါးရိုးလေး ထည့်လိုက်မိတာပဲ”

“အပို ဓါးရိုးလား” ဆူဇီမိုသည် မှင်တက်သွားပြီး စိတ်ရှုပ်သွား၏။

ဖိုသီဖတ်သီနှင့် အဖိုးအိုက မေးလိုက်၏။

“ကျင့်ကြံသူတွေကိုင်တဲ့ ဓါးပျံတွေ အများစုမှာ ဘာကြောင့် ဓါးရိုးမပါတာလဲ မင်းတွေးကြည့်ဖူးလား”

ဆူဇီမိုက ခေါင်းခါပြလိုက်၏။

“အဲ့ဒါက မလိုလို့ပဲ.. ဓါးပျံဆိုတာက ပေါ့ပါးရမယ်၊ သွက်လက်ရမယ်၊ လေခုခံမှုကို လျှော့ချနိုင်ပြီး လည်ပတ်အား ကောင်းမွန်ရမယ် ပြီးရင် နှစ်ဖက်စလုံးက အသွားပါပြီး ထက်နေရမယ်.. ဓါးပျံမှာ ဓါးရိုးထည့်လိုက်ရင် အဲ့ဒါက စောစောက ပြောတဲ့အချက်တွေနဲ့ ကိုက်ညီမှာ မဟုတ်တော့ဘူး”

ရုတ်တရတ် ဆူဇီမို၏ မျက်လုံးက လင်းလက်သွား၏။

အရင်တုန်းက သူသည် သားရဲကျင့်ကြံခြင်းနည်းစနစ်ကိုသာ လေ့ကျင့်ခဲ့ပြီး အနီးကပ် တိုက်ခိုက်ခြင်းတွင်သာ အားသန်နေခဲ့၏။ ယခုအခါ သူသည် အင်မော်တယ်ကျင့်ကြံရေးလမ်းသို့ စလျှောက်သည်မှာ တစ်လပင် မပြည့်တတ်သေးပဲ ဓါးများနှင့် လေ့ကျင့်တိုက်ခိုက်ဖူးခြင်း မရှိသေးပေ။

ဘာပဲပြောပြော အင်မော်တယ်လမ်းစဉ်နှင့် သားရဲလမ်းစဉ်က လုံးဝ ကွဲပြားခြားနား၏။ ကျင့်ကြံသူများက အခြားသူများနှင့် ရင်ဆိုင်ရာတွင် ဓါးပျံများကို လက်ကကိုင်၍ တိုက်ခိုက်ကြသည် မဟုတ်ပေ။ ထို့အစား သူတို့သည် ဓါးပျံအတွင်းသို့ စိတ်ဝိညာဉ်ချီကို သွတ်သွင်းပြီး အဝေးကနေသာ ထိန်းချုပ်၍ တိုက်ခိုက်ကြလေသည်။

တိုက်ခိုက်မှုအတွင်း မိမိသုံးလိုက်သော ဓါးပျံက ဓါးရိုးပါနေလျှင် တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို အလွယ်တကူ ဖောက်ထွက်နိုင်တော့မည် မဟုတ်ပေ။

ဓါးရိုးမပါပါက ဓါးပျံသည် တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို အလွယ်တကူ ဖောက်ထွက်သွားနိုင်ပြီး နှောင့်နှေးကြန့်ကြာမှု မရှိဘဲ ဓါးပျံကို ဆက်လက်ထိန်းချုပ်၍ ထပ်မံ တိုက်ခိုက်နိုင်ပေမည်။

အကယ်၍ တစ်ဖက်လူသည် ခန္ဓာကြံ့ခိုင်မီးဆေးခြင်းကို လေ့ကျင့်ထားပြီး ရုပ်ပိုင်းဆိုင်ရာက အလွန်တရာ သန်မာနေလျှင် ဓါးရိုးပါသော ဓါးပျံကို သူ့လက်ချည်းသက်သက်ဖြင့် ဖမ်းယူသွားနိုင်ပေသည်။

ဓါးရိုးမပါပါက ဓါးပျံ၏ နေရာတိုင်းသည် အသွားဖြင့် ထက်ရှနေပြီး တစ်ဖက်လူက တော်ရုံတန်ရုံ လက်ချည်းသက်သက်ဖြင့် ဖမ်းကိုင်ရဲမည် မဟုတ်တော့ပေ။

ဓါးပျံတစ်ချောင်းအတွက်တော့ ဓါးရိုးသည် မလိုအပ်သော အဟန့်အတားတစ်ခုသာ ဖြစ်လေသည်။

All Chapters