ရုပ်ရည်သွင်ပြင် ပြောင်းလဲခြင်း
Vol. 6 Ch. 80
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း ၈၀ - ရုပ်ရည်သွင်ပြင် ပြောင်းလဲခြင်း
Translator – Than Toe Aung
သူသည် ဂိုဏ်းကိုစတင် ဝင်ရောက်လာကတည်းက မည်သည့်မစ်ရှင်ကိုမျှ မထမ်းဆောင်ဖူးသေးသလို အပြင်သို့လည်း တစ်ခါမျှ မထွက်ရသေးပေ။
သူသည် အပြင်သို့ထွက်မည်ဟု ဆုံးဖြတ်လိုက်သောကြောင့် တစ်လက်စတည်း မစ်ရှင်တစ်ခုကိုပါ ယူသွားရပေမည်။ ဒါမှသာ တာဝန်ကျေပွန်အမှတ်အချို့ကိုလည်း ရရှိပေလိမ့်မည်။
နတ်ပန်းပဲတောင်ထွတ်၏ မစ်ရှင်ကျောက်တိုင်သို့ ရောက်သောအခါ သူသည် အပေါ်သို့ မော့ကြည့်လိုက်၏။
မစ်ရှင်ကျောက်တိုင်ကို နှစ်ပိုင်းခွဲထား၏။ အပေါ်ပိုင်းမှာ တောင်ထွတ်ငါးခုစလုံးမှ မည်သည့်တပည့်သားမဆို ဆောင်ရွက်နိုင်သော မစ်ရှင်များ ပါဝင်ပြီး အောက်ပိုင်းမှာတော့ နတ်ပန်းပဲတောင်ထွတ်မှ တပည့်များအတွက် သီးသန့်ရည်ရွယ်ထားသော မစ်ရှင်များ ပါဝင်လေသည်။
အရှေ့ဆုံးမှ မစ်ရှင်များသည် အနောက်ကထက် ပို၍ ခက်ခဲပြီး တာဝန်ကျေပွန်အမှတ်လဲ ပိုမို ရရှိလေသည်။
မဟာကျောက်တော..
၎င်းသည် ဆန်းကြယ်တောင်ထွတ်၏ မြောက်ဘက် ဆယ့်လေးငါးမိုင်အကွာတွင် တည်ရှိပြီး ထိုနေရာတွင် ဓါးပျံများ သွန်းလုပ်ရာတွင် မရှိမဖြစ် အရေးပါသော သန့်စင်သောရွှေများ ပေါများစွာ ထွက်ပေါ်လေသည်။
ပစ္စည်းများကို စုဆောင်းရသော မစ်ရှင်များက သိပ်ခက်ခဲလေ့မရှိပေ။ သို့သော်လည်း ယခုနေရာက မဟာကျောက်တော ဖြစ်သောကြောင့် မစ်ရှင်က သိသာခြားနားစွာ ခက်ခဲသွားလေသည်။ အနည်းငယ် အတိမ်းအစောင်း ဖြစ်သွားတာနှင့် အန္တရာယ်က များလွန်းလှ၏။
တောင်းတန်းများ တောအုပ်များတွင် တောကောင်များက ကျင်လည်ကျက်စားလေ့ရှိ၏။ တော၏ အနက်ပိုင်းသို့ ရောက်လေလေ.. တောကောင်များက ပို၍ ကြမ်းကြုတ်သန်မာလာလေ ဖြစ်ပြီး အတွင်းကျဆုံးအပိုင်းများတွင် စိတ်ဝိညာဉ်သားရဲများကိုပင် တွေ့ရလေသည်။
စိတ်ဝိညာဉ်သားရဲများနှင့် ပက်ပင်းတိုးလျှင် အခြေတည်ကျင့်ကြံသူများတောင်မှ မည်သည့်ဒဏ်ရာ အနာတရမှ မရရှိဘဲ ထွက်ပြေးနိုင်ဖို့ရာ ခဲယဉ်းလှပေသည်။
သန့်စင်သောရွှေကြောက မဟာကျောက်တော၏ အတွင်းဆုံးအပိုင်းတွင် တည်ရှိလေသည်။
ဤမစ်ရှင်သည် နတ်ပန်းပဲတောင်ထွတ်အတွက် သီးသန့်ဖြစ်ပြီး ၎င်းသည် အချိန်အတန်ကြာကတည်းက စာရင်းတင်ထားခဲ့သော်လည်း ထမ်းဆောင်ရဲသည့်သူ တစ်ယောက်မျှ မရှိသေးပေ။
မဟာကျောက်တောသည် ဆန်းကြယ်တောင်ထွတ်နှင့်လည်း သိပ်မကွာဝေးလှပေ။ ဆူဇီမိုသည် ဘာပဲဖြစ်ဖြစ် အပြင်ထွက်ဖို့ ရည်ရွယ်ထားပြီး ဖြစ်သောကြောင့် သင့်လျော်သော မစ်ရှင်တစ်ခုကိုလည်း ယူသွားရပေမည်။
မစ်ရှင်ဌာန၌ အကြီးအကဲတစ်ယောက်က အိပ်ငိုက်နေ၏။
ရွှယ်ယိထံမှ သူကြားသိရသည်မှာ သူသည် နတ်ပန်းပဲတောင်ထွတ်၏ အကြီးအကဲသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သော အကြီးအကဲလျှို ဖြစ်လေသည်။
ဖိုသီဖတ်သီနှင့်အဖိုးအို.. လက်နက်တိုက်ကို စောင့်ကြပ်နေသော အကြီးအကဲလီ.. နှင့် ယခု အကြီးအကဲလျှိုတို့သည် နတ်ပန်းပဲတောင်ထွတ်၏ အကြီးအကဲသုံးယောက် ဖြစ်ကြလေသည်။
ဆန်းကြယ်တောင်ထွတ်၌ အကြီးအကဲဟူသော အမည်နာမကို ခံယူခွင့်ရှိသူများသည် အနည်းဆုံးတော့ ရွှေအူတိုင်အဆင့်များ ဖြစ်ကြလေသည်။
ဆူဇီမိုသည် အကြီးအကဲလျှိုအနားသို့ ချည်းကပ်လိုက်ပြီး ဂိုဏ်းတံဆိပ်ပြားကို လက်ကမ်းပေးလိုက်၏။
အကြီးအကဲလျှိုသည် ခေါင်းမော့ကြည့်၍ မျက်မှောင်ကြုတ်လိုက်ပြီးနောက် ဂိုဏ်းတံဆိပ်ပြားကို ဆူဇီမိုထံသို့ ပြန်ပစ်ပေးလိုက်ပြီး အေးစက်စက် လေသံနှင့် ဟောက်လိုက်၏။
“သွားခွင့် မပေးနိုင်ဘူး”
“ဘာလို့လဲ” ဆူဇီမိုက ပြန်မေးလိုက်၏။
အကြီးအကဲလျှိုက မျက်လုံးပင့်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်၏။
“ကောင်လေး .. မင်းရူးနေလား.. ချီစုဖွဲ့မှု အဆင့်၅ နဲ့ မဟာကျောက်တောကို သွားပြီး အသေခံမလို့လား.. ပကတိချီစုဖွဲ့အဆင့်တွေတောင် ဒီမစ်ရှင်ကို ထမ်းဆောင်မယ်ဆိုရင် အုပ်စုဖွဲ့သွားမှ ရလိမ့်မယ်”
“ကျတော်က တစ်ချက်လောက် သွားပြီး အကဲခတ်ကြည့်မလို့ပါ.. အဲ့မှာ အန္တရာယ်ရှိတယ်ဆိုတာနဲ့ ကျတော်ချက်ခြင်း ပြန်လှည့်ထွက်ခဲ့မှာပါ” ဆူဇီမိုက ပြုံးပြလိုက်၏။
တစ်ကယ်တော့ မဟာကျောက်တောက အန္တရာယ်ရှိသည် ဆိုသော်ငြားလည်း ဆူဇီမိုလို အာရုံခံသတိစိတ်ရှိသူ တစ်ယောက်အတွက်တော့ ပြောပလောက်အောင် မဟုတ်ချေ။
“တစ်ကယ့်အန္တရာယ်နဲ့ ကြုံတွေ့ရပြီဆို မင်းကိုယ်မင် လွတ်အောင်ပြေးနိုင်မယ် ထင်လို့လား” အကြီအကဲလျှို၏ နှုတ်ခမ်းစူလိုက်၏။
“မင်းပုံစံကိုလဲ ကြည့်လိုက်ဦး ဘယ်လောက် အားနည်းလိုက်သလဲ.. အဲ့ဒီမှာ မင်းသေသွားမှ ငါ့အပြစ်ဖြစ်လာနေဦးမယ်”
“သိပ်လဲစိတ်မပူပါနဲ့ အကြီးအကဲကြီးရယ်.. ကျတော်က တော်တော်ကံကောင်းတဲ့သူဗျ.. လွယ်လွယ်နဲ့ မသေနိုင်သေးပါဘူး” ဆူဇီမိုက နောက်လိုက်၏။
အကြီးအကဲလျှိူက နှာတစ်ချက်မှုတ်လိုက်ပြီးနောက် မှတ်တမ်းတစ်ခုကို ကောက်ရေးလိုက်၏။ ကျောက်တိုင်ပေါ်ရှိ မစ်ရှင်တစ်ခုက အရောင်မှိန်သွား၏။ ဆိုလိုသည်မှာ ထိုမစ်ရှင်ကို လက်ရှိထမ်းဆောင်နေသူ ရှိသည်ဟူ၍ပင်။
တစ်ခဏကြာ စဉ်းစားပြီးနောက် အကြီးအကဲလျှိုက သိုလှောင်အိတ်ထဲကနေ အင်းကွက်များ ရေးခြယ်ထားသော စက္ကူကြိုးကြာတစ်ကောင်ကို ဆွဲထုတ်လိုက်ပြီး ဆူဇီမိုကို လှမ်းပေးလိုက်၏။
“ဒီစိတ်ဝိညာဉ်ကြိုးကြာရုပ်က ငါတို့ဂိုဏ်းရဲ့ ဆက်သွယ်ရေးအဆောင်ပဲ.. မင်းအန္တရာယ်နဲ့ ကြုံတွေ့ရတဲ့အခါ အဲ့ဒါကို လွှတ်တင်လိုက်ချေ”
“ကျေးဇူးတင်ပါတယ်.. အကြီးအကဲ” ဆူဇီမိုသည် စိတ်ဝိညာဉ်ကြိုးကြာကို သူ့သိုလှောင်အိတ်ထဲသို့ ထည့်လိုက်၏။ ထို့နောက် အကြီးအကဲကို လက်သီးဆုပ်ဂါဝရပြု နှုတ်ဆက်လိုက်ပြီးနောက် ဓါးပျံစီး၍ နတ်ပန်းပဲတောင်ထွတ်မှ ထွက်လာခဲ့လေ၏။
သူ၏ ပျင်းရိလေးတွဲနေသော မျက်လုံးများကို ပြန်ပိတ်လိုက်ပြီးနောက် အကြီးအကဲလျှိုက ညည်းတွားရေရွတ်လိုက်၏။
“အင်း ဒီနေ့ခေတ် ဂျူနီယာတွေများ တယ်လဲ မိုက်မဲကြတာပဲ”
. . .
ဆူဇီမိုသည် ဂိုဏ်းကို စရောက်ကတည်းက ပထမဆုံးအကြိမ် တောင်ထွတ်အပြင်သို့ ထွက်လာခဲ့ခြင်း ဖြစ်လေသည်။
သူသည် အကြီးအကဲလျှို ပေးခဲ့သော စိတ်ဝိညာဉ်ကြိုးကြာလေးကို ထုတ်ကြည့်လိုက်၏။
သူအရင်ကလည်း ဒါမျိုးတစ်ခုကို မြင်တွေ့ဖူး၏။
ယန်တိုင်းပြည်၏ မင်းနေပြည်တော်မြို့မှာတုန်းက လက်တစ်ဖက်ပြတ် ချီစုဖွဲ့စစ်သည်တော်သည် ပျော်ရွှင်ဖွယ်ဂိုဏ်းကို လှမ်း၍ သတင်းပို့တုန်းက ဤကဲ့သို့သော စက္ကူကြိုးကြာလေးကို သုံးခဲ့တာ သူမြင်တွေ့ခဲ့ဖူး၏။
စက္ကူကြိုးကြာပေါ်တွင် ရှုပ်ထွေးပွေလီသော အင်းကွက်စာသားများ ရေးခြယ်ထားပြီး ၎င်းကို အသုံးပြုချင်လျှင် စိတ်ဝိညာဉ်ချီကို ထိုအထဲသို့ ထိုးသွင်းပေးရ၏။
၎င်းကို ပြန်သိမ်းလိုက်ပြီးနောက် ဆူဇီမိုသည် တစ်စုံတစ်ရာကို အာရုံခံမိသွား၏။
တစ်ယောက်ယောက်ကတော့ သူ့နောက်က လိုက်လာနေချေပြီ။
ဆူဇီမိုသည် စိတ်ထဲကနေ ကျိတ်ပြီး လှောင်ရယ်လိုက်၏။
သူဂိုဏ်းက ထွက်လာတာတောင် သိပ်မကြာသေးဘူး။ တစ်ယောက်ယောက်က သူ့နောက်က လိုက်လာ၏။ နှစ်ခါထပ်၍ စဉ်းစားနေစရာ မလိုပေ။ ထိုသူက သူတို့ ဂိုဏ်းထဲကပင် ဖြစ်ရပေမည်။
“ဖက်တီးလေး ပြောတာက မှန်နေမလား.. ဖုန်ဟောက်ယွီက တစ်ကယ်ကြီး ငါ့ကို အပြင်မှာ ပြဿနာရှာချင်နေတာပဲ”
မပြောင်းလဲသော အမူအယာနှင့်ပင် ဆူဇီမိုသည် မဟာကျောက်တောဘက်သို့ ဦးတည်သွားလိုက်၏။
သိပ်မကြာခင်မှာပင် သူသည် မဟာကျောက်တောအစပ်သို့ ရောက်ရှိလာခဲ့၏။
လမ်းတစ်လျှောက်တွင် ဆူဇီမို စူးစမ်း၍ သိလိုက်ရသည်မှာ လိုက်လာသူများက အားလုံးပေါင်း ငါးယောက် ဖြစ်၏။ သူတို့ထဲက အမြင့်ဆုံးတစ်ယောက်မှာ ချီစုဖွဲ့မှု အဆင့်၉ ဖြစ်၏။
“ဒီလူတွေကို တစ်ကယ်ပဲ ဖုန်ဟောက်ယွီက လွှတ်လိုက်တာဆိုရင် .. သူက ငါ့ကို တော်တော် အထင်ကြီးပေးထားတာပဲ”
ဆူဇီမိုသည် ရယ်မောလိုက်ပြီးနောက် တုံ့ဆိုင်းခြင်းမရှိ တောအုပ်ထဲသို့ ပြေးဝင်ချသွားလေသည်။
တောတောင်ဆိုတာက ဆူဇီမို၏ နယ်မြေပင် ဖြစ်လေသည်။ ဒီနေရာမှာ သူ့လောက် ကျွမ်းကျင်နှံ့စပ်မှုရှိသူက ခပ်ရှားရှားပင်။
ဆူဇီမိုသည် ဓါးပျံကို သိမ်းလိုက်ပြီး ခြေကျင်ဖြင့်ပင် ဘယ်ညာ ဟိုဟိုသည်သည် ကွေ့ပတ်လျှောက်ပြေးလိုက်၏။ သိပ်မကြာမီမှာပင် သူ့နောက်မှ လိုက်လာသူများကို မျက်ခြေဖြတ်လိုက်နိုင်ပြီး ချောင်ကျတိတ်ဆိတ်သော နေရာတစ်ခုသို့ ရောက်လာ၏။ ထိုနေရာ၌ သူသည် အစိမ်းရောင်ဝတ်စုံကို ချွတ်လိုက်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို ဗလာကျင်းထားလိုက်၏။
ဆူဇီမို၏ ကိုယ်တွင်းရှိ အရွတ်များ အရိုးများဆီမှ ဗျိုးဗျိုးဗျစ်ဗျစ် မြည်သံများ ထွက်ပေါ်လာပြီးနောက် သူ့ခန္ဓာကိုယ်က ပွယောင်းလာလေသည်။ တစ်ခဏအတွင်းမှာပင် သူ့အရပ်က နှစ်မီတာလောက် ဖြစ်သွားပြီး သူ့အသားများ ကြွက်သားများက တစ်ရစ်ဖောင်းကားလာ၏။ သူ့ခန္ဓာကိုယ်ပုံစံက လုံးဝ ပြောင်းလဲသွားချေပြီ။
ဆူဇီမို၏ မျက်နှာကြွက်သားများက တွန့်လိမ်သွားပြီးနောက် အရေးအကြောင်းများက ပြန်လည်ချိတ်ဆက်သွား၏။ စက္ကန့်ပိုင်းအတွင်းမှာပင် သူ့ရုပ်ရည်သွင်ပြင်က ပြောင်းလဲသွားပြီး အပေါ်ပိုင်း ဗလာကျင်းနှင့် ဗလတောင့်တောင့် ရက်စက်ကြမ်းကြုတ်သော လူကြီးတစ်ယောက်အသွင် ဖြစ်သွားလေ၏။
အန္တိမသားရဲနတ်ဆိုးကျင့်ကြံခြင်း၏ ပထမဆုံးအပိုင်း သုံးပိုင်းကို လေ့ကျင့်ပြီးနောက် ဆူဇီမိုသည် နဖူးမှ ခြေဖျားထိ သူ့ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲနိုင်စွမ်း ရှိလာ၏။ သူနှင့် အနီးကပ်နေသည့်သူများတောင်မှ မှတ်မိမှာ မဟုတ်တော့ပေ။
သူ့ခေါင်းကို ငုံ့၍ ဆူဇီမိုသည် ရယ်မောလိုက်ပြီး လျှင်မြန်စွာ ပြေးထွက်သွားလေ၏။
. . .
“စီနီယာအစ်ကိုကျိုး.. အဲ့ဆူဇီမိုက ဘယ်ဘက်ကို ပြေးသွားပါလိမ့်.. ရုတ်တရတ်ကြီး ကျုပ်တို့ ခြေရာခံလို့ မရတော့ဘူး”
“အဲ့ဒါကြောင့် ငါပြောတာပေါ့.. စောစောကတည်းက ငါတို့ လှုပ်ရှားလိုက်ပါမယ်လို့.. သူသာ အခုနေ မဟာကျောက်တောထဲကို ဝင်သွားမယ်ဆို ငါတို့ ဘယ်လိုလုပ်မလဲ”
“တိတ်တိတ်နေကြစမ်းကွာ” ကျိုးဝေ၏ မျက်နှာက စူပုပ်နေပြီ ဟိန်းဟောက်လိုက်၏။
“အဲ့တုန်းက ငါတို့က ဂိုဏ်းနဲ့ သိပ်ဝေးဝေး မရောက်သေးဘူးလေ.. ငါတို့လှုပ်ရှားလိုက်တုန်း ဂိုဏ်းက တစ်ယောက်ယောက်များ မြင်သွားရင် ဘယ်လိုလုပ်မလဲ.. ငါတို့ ဂိုဏ်းကို ပြန်ရောက်တာနဲ့ တန်းပြီး အပြစ်ပေးခံရမှာပေါ့ကွ”
ကျိုးဝေသည် စိတ်ဝိညာဉ်တောင်ထွတ်၏ အစမ်းတပည့်တစ်ယောက် ဖြစ်၏။ ချီစုဖွဲ့မှုအဆင့်၉ အနေနဲ့ သူသည် အတော်အတန် အရာရောက်လေသည်။
ကောင်းကင်ကိုဖီဆန်နေသော ပါရမီအရည်အချင်းနှင့် ဖုန်ဟောက်ယွီရောက်လာသောအခါ ထိုသူက ချီစုဖွဲ့မှုအဆင့်၇ မျှနှင့်ပင် သူ့ကို အနိုင်ယူဖိနှိမ်နိုင်ခဲ့လေသည်။
ကျိုးဝေသည် ဖုန်ဟောက်ယွီ၏ ခွန်အားအောက်၌ လုံးဝ အညံ့ခံ အရှုံးပေးခဲ့လေသည်။
သူသည် ယခု လုပ်ဆောင်ချက်ကို သူ့သဘောနှင့်သူလို လုပ်ဆောင်နေသည် ဖြစ်သော်လည်း သူနှင့် ဖုန်ဟောက်ယွီအကြားတွင် တိတ်တဆိတ် သဘောတူညီမှုတစ်ခု ရှိလေသည်။
ချီစုဖွဲ့မှုအဆင့်၉ ဖြစ်သော ကျိုးဝေအပြင် နောက်ထပ်လေးယောက်ရှိသေးပြီး သူတို့မှာ အဆင့် ၇နှင့် အဆင့် ၈ တို့ ဖြစ်ကြ၏။ သူတို့နှင့်ပင် ဆူဇီမိုကို သင်ခန်းစာကောင်းကောင်းပေးရန် လုံလောက်ပေသည်။
“သေသေချာချာ လိုက်ကြည့်စမ်းပါကွ.. အဲ့ဆူဇီမိုက ချီစုဖွဲ့မှုအဆင့်၅ ပဲ ရှိသေးတာကို ဘယ်လောက်ဝေးဝေး ပြေးနိုင်မှာမို့လဲ.. သူက သေချာပေါက် မဟာကျောက်တောအုပ်ရဲ့ အစပ်နားပဲ ရှိဦးမှာ” ကျိုးဝေက တည်ငြိမ်စွာ ကောက်ချက်ချလိုက်၏။
စိတ်ဝိညာဉ်တောင်ထွတ်က တပည့်တစ်ယောက်က ပြောလိုက်၏။
“သူက မဟာကျောက်တောအုပ်ထဲ ရောက်သွားပြီဆိုရင်ရော ဘယ်လိုလုပ်မလဲ”
“အဲ့ဒါဆိုလဲ ကောင်းတာပေါ့ကွာ.. သူ့ကို စိတ်ဝိညာဉ်တောကောင်တွေက တစ်စစီ ဆွဲဆုတ်ပစ်လိုက်တော့လဲ .. သူ ဘယ်သူ့ကိုမှ သွားပြီး အပြစ်တင်လို့ မရတော့ဘူးပေါ့” ကျိုးဝေက အေးစက်စွာ လှောင်ရယ်မောပြောဆိုလိုက်၏။
နောက်ထပ် တပည့်တစ်ယောက်က ထပ်မေးလိုက်၏။
“ငါတို့ ဆူဇီမိုကို တွေ့ပြီဆိုရင်ရော ဘယ်လိုကိုင်တွယ်ကြမလဲ”
ကျိုးဝေ၏ မျက်လုံးထဲတွင် အေးစက်ယုတ်မာမှုများက ဝင်ရောက်လာပြီး ပြောလိုက်၏။
“ဂိုဏ်းသားအချင်းချင်း သတ်ဖြတ်တာတို့ ဒုက္ခိတဖြစ်အောင် လုပ်တာတို့ကို တားမြစ်ထားတယ် ဆိုပေမယ့်လည်း ငါတို့က သူ့ကို ဒုက္ခိတ မဖြစ်ရုံတစ်မယ်.. သူ့အရိုးတွေကိုချိုး.. အရွတ်တွေကို ဆွဲဆုတ်လို့ ရတာပဲ.. အဲ့ဒါဆို သူလဲ တစ်နှစ်လုံးလုံး အိပ်ယာထဲကနေ ထနိုင်မှာ မဟုတ်တော့ဘူး.. ဒါဆို နှစ်ကုန်လို့ ရင်ဆိုင်ယှဉ်ပြိုင်ပွဲ ကျင်းပတဲ့အခါ သူလဲ ဝင်ပြိုင်နိုင်မှာ မဟုတ်တော့ဘူးကွ”