← Chapters

ကျုပ်က ရိုးသားပါတယ်

Vol. 6 Ch. 81

ကျုပ်က ရိုးသားပါတယ်

Vol. 6 Ch. 81

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း ၈၁ - ကျုပ်က ရိုးသားပါတယ်

Translator – Than Toe Aung

ကျိုးဝေတို့အနီးရှိ ငွားငွားစွင့်စွင့် မြင့်မားလှသော သစ်ပင်အိုကြီးထက်တွင် အ‌ပေါ်ပိုင်း ဗလာကျင်းနေသော ဗလတောင့်တောင့် လူကြီးတစ်ယောက်သည် သစ်ရွက်များကြား ကွယ်လျှိုး၍ ကျိုးဝေတို့ ပြောသမျှကို နားထောင်နေလေသည်။

ဗလတောင့်တောင့် လူကြီး၏ မျက်လုံးထဲတွင် အေးစက်မှုများက ဖြတ်သန်းသွား၏။

လေအေးများက တိုက်ခတ်လာပြီး တစ်ရှဲရှဲလေတိုးသံများကို အကာအကွယ်ယူ၍ ဗလတောင့်တောင့် လူကြီးက သစ်ပင်ပေါ်မှ လျှောဆင်းလိုက်ပြီး မြေပေါ်တွင် ဝပ်လိုက်၏။ ထို့နောက် သူသည် မြက်ပင်များကြား လျှောထိုးသွားပြီး ကျိုးဝေတို့ရှိရာသို့ ဦးတည်လိုက်၏။

မြက်ပင်များက သာမန်လူ့အရပ်တစ်ဝက်လောက်မြင့်ပြီး သူသည် ကောင်းကောင်းပုန်းကွယ်နိုင်လေသည်။

ထိုနေရာသို့ ကြည့်မိပါက ကြည့်မိသူသည် မြက်ပင်များသည် လေတိုက်သောကြောင့် လှုပ်ယမ်းနေသည်ဟုသာ ထင်မိမှာ ဖြစ်လေသည်။

“စီနီယာအစ်ကိုကျိုး.. ကျုပ်တို့ လူခွဲပြီး ရှာကြရင် ကောင်းမလား”

“အဲ့အစီအစဉ်က မဆိုးဘူးပဲ .. ဆူဇီမိုက အခုမှ ချီစုဖွဲ့မှု အဆင့်၅ပဲ ရှိသေးတာ.. ကျုပ်တို့ထဲက ဘယ်သူပဲဖြစ်ဖြစ် သူ့ကို အသာလေး ဖမ်းလို့ရတယ်”

ကျိုးဝေက ခေါင်းညိတ်လိုက်၏။

“အဲ့လိုပဲ လုပ်ကြတာပေါ့.. ကဲကဲ လူခွဲပြီး ရှာကြမယ်ဟေ့”

“မင်းတို့ကောင်တွေက ဘာသွားရှာကြမလို့လဲကွ!”

ကျိူးဝေပြောပြီးပြီးချင်းမှာပင် သူ့အသံနောက်ကနေ နောက်ထပ်အသံတစ်ခုက ကပ်ပါ ထွက်ပေါ်လာ၏။ ထိုအသံက အေးစက်စက် အသံအက်ကွဲကွဲနှင့် ကျောချမ်းစရာ ကောင်းနေ၏။

ချီစုဖွဲ့စစ်သည်တော်များသည် ဓါးပျံစီး၍ ခရီးသွားကြသောအခါ မြေပြင်ကနေ သိပ်အမြင့်ကြီး ခွာ၍ သွားလေ့မရှိကြပေ။ ပုံမှန်ဆို မလိုအပ်လျှင် မြေပြင်မှ ၃ မီတာဝန်းကျင်လောက်ကနေသာ သွားလေ့ရှိကြ၏။

သူတို့ မြင့်မြင့်ပျံသန်းလေလေ စိတ်ဝိညာဉ်ချီကို ပိုသုံးစွဲရလေဖြစ်ပြီး သက်လုံမြန်မြန်ကျနိုင်သောကြောင့် ဖြစ်လေသည်။

ထိုအချိန်မှာပင် ဗလတောင့်တောင့်လူကြီးက ကျိုးဝေ၏ အနောက်ကို ရောက်ချလာပေပြီ။ သူသည် နှစ်မီတာလောက် အရပ်ရှည်ပြီး ကျောက်သားလို မာကျောသော ကြွက်သားများကြောင့် လူဘီလူးကြီးတစ်ကောင်နှင့် တူနေလေသည်။ သူသည် တင်းမာခက်ထန်သော မျက်နှာထားနှင့် အခုမှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးအလား ထင်ရလေသည်။

ချက်ချင်းဆိုသလို ကျိုးဝေသည် ကြောက်လန့်သွားပြီး ခေါင်းနပန်းများ ကြီးသွားလေသည်။

လူတစ်ယောက်က သူ့နောက်မှာ သည်လောက်နီးကပ်စွာ ရောက်နေတာကို သူမသိခဲ့ပေ။

ရုတ်တရတ်ဆိုသလို ဗလတောင့်တောင့်နှင့်လူသည် ကျိုးဝေကို ခြေကနေ ကိုင်ဆွဲကာ အခြားသော တပည့်လေးယောက်၏ ရှေ့မှာပင် မြေပေါ်သို့ ပြင်းထန်စွာ ကိုင်ပေါက်လိုက်လေသည်။

ဘုန်း!

ဘုန်းကနဲ မြည်သံကြီးက ထွက်ပေါ်လာ၏။

မြေပေါ်တွင် လူပုံသဏ္ဍာန် တွင်းချိုင့်ကြီးက ပေါ်လာလေသည်။

ဗလ‌တောင့်တောင့်လူ၏ လက်ထဲတွင် ချီစုဖွဲ့မှု အဆင့်၉ ဖြစ်သော ကျိုးဝေသည် ကလေးပေါက်စနလေး တစ်ယောက်အလားပင်။

ကျိုးဝေသည် တွင်းချိုင့်ထဲတွင် ကူကယ်ရာမဲ့စွာ လဲနေပြီး ပါးစပ်ထဲမှ သွေးများက ထွက်လာကာ မျက်ဖြူလန်ကျသွားလေသည်။ သူ၏ အရိုးအ‌တော်များများက ကျိုးကြေသွားပြီး နေရာမှာပင် သတိလစ်သွားလေသည်။ သူ့ခန္ဓာကိုယ်ကသာလျှင် အကြောဆွဲသလို အနည်းငယ် တွန့်နေ၏။

ကျိုးဝေကို ကိုင်ပေါက်ပြီးနောက် ဗလ‌တောင့်တောင့်လူ၏ အကြည့်က အဆင့်၈ ချီစုဖွဲ့စစ်သည်တော် နှစ်ယောက်ထံသို့ ရောက်သွား၏။

သူတို့နှစ်ယောက်၏ မျက်နှာသည် သွေးဆုတ်သွားပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ကောင်းကင်အထက်သို့ ပျံတက်ဖို့ လုပ်လိုက်ကြ၏။

သို့သော်လည်းပဲ ဗလတောင့်တောင့်လူ၏ လှုပ်ရှားမှုက သူတို့နှစ်ယောက်ထက် ပိုမြန်နေ၏။ သူသည် လျှပ်စီးလက်တစ်ချက် တစ်ချက်ခုန်လိုက်ပြီး လေထဲက နှစ်ယောက်ကို ဆွဲချ၍ ကိုင်ပေါက်လိုက်ပြန်၏။

ဘုန်း! ဘုန်း!

တူညီသော ပုံစံက ထပ်မံ ဖြစ်သွားပြန်၏။

စိတ်ဝိညာဉ်တောင်ထွတ်က တပည့်နှစ်ယောက်သည် ဗလတောင့်တောင့်လူ၏ ကိုင်ပေါက်ခြင်း ခံလိုက်ရပြီးနောက် နေရာမှာပင် သတိလစ်သွားကြလေသည်။

ကျန်ရှိသော စိတ်ဝိညာဉ်တောင်ထွတ်၏ တပည့်နှစ်ယောက်သည် စက္ကူတစ်ရွက်လို ဖြူဆုတ်သွားကြပြီး သူတို့၏ ဓါးပျံများကို ဆင့်ခေါ်ကာ ဗလတောင့်တောင့်နှင့်လူထံသို့ ညွှန်လိုက်ကြ၏။ ဓါးပျံနှစ်လက်က အလင်းတန်းနှစ်ခုလို တန်းထွက်လာလေ၏။

တစ်လက်က ဗလ‌တောင့်တောင့်လူ၏ နဖူးကို ချိန်ရွယ်ထားပြီး နောက်တစ်လက်ကတော့ ရင်အုပ်ကို ချိန်ရွယ်ထားလေသည်။ နှစ်နေရာလုံးက သေကွင်းသေကွက်များ ဖြစ်လေသည်။

လှောင်ပြောင်သလို သွားဖြဲလိုက်ပြီး ဗလ‌တောင့်တောင့်လူက လုံးဝရှောင်ဖို့ မလုပ်ဘဲ ရှေ့သို့သာ ဆက်တက်လိုက်၏။

ထိုအရာကို မြင်သောအခါ စိတ်ဝိညာဉ်တောင်ထွတ်၏ တပည့်နှစ်ယောက်က စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

ဤလျှို့ဝှက်ဆန်းကြယ်သော လူထူးဆန်းက ခွန်အားအရာမှာ အလွန်တရာ သန်မာသော်လည်း ဉာဏ်မရှိပေ။ သူသည် ကျင့်ကြံသူများ၏ နည်းလမ်းများနှင့် အကျွမ်းဝင်မှုမရှိဘဲ ဓါးပျံကို ရှောင်ရကောင်းမှန်းပင် မသိပေ။

ကလန်! ကလန်!

ဓါးပျံများက ဗလတောင့်တောင့်လူ၏ နဖူးနှင့် ရင်အုပ်ကို မိတ်ဆက်လိုက်သောအခါ သတ္တုခြင်း ထိခတ်သံလို အသံမျိုးက ထွက်ပေါ်လာ၏။

ဓါးပျံများက ပြန်ကန်စင်ထွက်သွား၏။

ထိခိုက်မှု အနည်းငယ်မျှ မရှိဘဲ ဗလတောင့်တောင့်လူသည် သူတို့နှစ်ယောက်ဆီသို့ ပြေးဝင်ချလာလေပြီ။

“မွန်း.. မွန်းစတားကြီးဟ”

စိတ်ဝိညာဉ်တောင်ထွတ်၏ တပည့်တစ်ယောက်က တုန်ယင်နေသော အသံဖြင့် အော်လိုက်၏။ သူ့မျက်နှာက လုံးဝ ဖြူဆုတ်သွားပေပြီ။ သူသည် အကြောက်လွန်၍ ပြေးဖို့ပင် သတိမရတော့ချေ။

အခြားသော တပည့်တစ်ယောက်ကတော့ သူ့ခြေထောက်အောက်က ဓါးပျံကို ထိန်းချုပ်၍ တတ်နိုင်သမျှ ဝေးဝေး ပျံသန်းလိုက်လေသည်။

ဗလတောင့်တောင့်နှင့်လူက မှင်တက်နေသော ဂိုဏ်းသားတစ်ယောက်ကို တစ်ချက်ထိုး၍ လှဲသိပ်လိုက်ပြီးနောက် ထွက်ပြေးသွားသော တစ်ယောက်နော်ကသို့ ပြေးလိုက်လိုက်လေ၏။

သူသည် ယှဉ်ကာ ပေါက်နေသော သစ်ပင်အိုကြီးနှစ်ပင်ကို ခြေနှစ်ဖက်ဖြင့် ဘယ်ညာကန်ကျောက်ကာ အပေါ်သို့ တက်သွားပြီးနောက်

“ဆင်းလာခဲ့စမ်း” ဟုဆိုကာ ရယ်မော၍ ခုန်အုပ်လိုက်ပြီး ဂိုဏ်းသား၏ ခြေသလုံးကို ကိုင်ကာ လေထဲကနေ ဆွဲချလိုက်၏။

ဂျွတ်!

ဗလတောင့်တောင့်လူ၏ လက်ဖြင့် ဆုပ်ကိုင်မှုနှင့်ပင် ဂိုဏ်းသား၏ ခြေသလုံးရိုးက ကျိုးသွားချေပြီ။

အ! အ! အား!

နဖူးမှ ချွေးများ စီးကျလာပြီးနောက် ဂိုဏ်းသားက နာကျင်စွာ အော်ဟစ်လိုက်၏။

ဗလတောင့်တောင့်လူသည် ဂိုဏ်းသားကို ဆွဲကိုင်ကာ နဂိုနေရာသို့ ပြန်လာ၍ အခြားလေးယောက်ကိုပါ ဆွဲယူလိုက်၏။ သူသည် လက်တစ်ဖက်က သုံးယောက်ကို ဆွဲယူသယ်ကာ ကျန်တစ်ဖက်က နှစ်‌ယောက်ကို ဆွဲယူသယ်လာခဲ့၏။

“ခင်ဗျား.. ခင်‌ဗျားက ဘယ်သူလဲ”

“ကျုပ်တို့က ဆန်းကြယ်တောင်ထွတ်က တပည့်တွေပဲ.. ခင်ဗျား ကျုပ်တို့ကို ထိခိုက်အောင်လုပ်ရင် ဂိုဏ်းက ခွင့်လွှတ်မှာ မဟုတ်ဘူးနော်”

တစ်ဦးတည်းသော သတိလစ်မနေသည့် ကော်ချုံးက အော်ပြောလိုက်၏။

ဗလတောင့်တောင့်လူက မည်သည်မျှ ပြန်မပြောဘဲ တောအုပ်ထဲတွင် ပြေးလွှားသွားနေ၏။

ကော်ချုံးသည် ‌လိုက်ပါလာရင်းနှင့် တစ်ဖြည်းဖြည်း ကြောက်ရွံ့စိတ်က ကြီးစိုးလာပြီး တုန်တုန်ယင်ယင်နှင့် ပြောလိုက်၏။

“လူ လူကြီးမင်း.. ကျုပ် ကျုပ်တို့ကို သွားခွင့်ပေးပါဗျာ”

“လူကြီးမင်း အခု ကျုပ် မှားတာ သိပါပြီဗျာ”

ရုတ်တရတ်ဆိုသလို ဗလ‌တောင့်တောင့်လူက သူ့ခြေလှမ်းကို ရပ်တန့်လိုက်ပြီး ကော်ချုံးကို ငုံ့ကြည့်လိုက်ပြီး အေးစက်ခက်ထန်စွာ မေးလိုက်၏။

“ကဲပြော မင်းက ဘာမှားသွားတာလဲ”

“ကျုပ် ကျုပ်.. ကျုပ်က..”

ကော်ချုံးသည် ဘာပြန်ဖြေလို့ ဖြေရမည် မသိတော့ဘဲ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေလေတော့၏။

သူသည် စောစောကစကားကို ကြောက်လန့်နေသောကြောင့် လွှတ်ကနဲ ပြောထွက်သွာခြင်း ဖြစ်ပြီး သူဘယ်နေရာမှာ မှားသွားလည်း သူလည်း မသိပေ။

ကော်ချုံးသည် လျှာရှည်မိသည့် သူ့ကိုယ်သူ ကျိန်ဆဲလိုက်၏။ ဗလတောင့်တောင့်နှင့်လူသည် ရုတ်တရတ် ဘယ်ကရယ်မသိ ထွက်ပေါ်လာပြီး ပေါ်လာတာနှင့် သူတို့ကို တန်းပြီး တိုက်ခိုက်ခဲ့၏။ ဤလူက မယုံနိုင်လောက်‌‌အောင် သန်မာလေသည်။

သူတို့၏ တိုက်ခိုက်ရေး နည်းလမ်းများက ဤလူအပေါ်တွင် တစ်ခုမျှ အလုပ်မဖြစ်ခဲ့ချေ။

ဗလတောင့်တောင့်လူက သွားနေတာကို ရပ်တန့်လိုက်ပြီးနောက် သူတို့ငါးယောက်ကို မြေပေါ်သို့ ပစ်ချလိုက်ပြီး မည်သည့်စကားမျှ ထပ်မဆိုတော့ဘဲ ထွက်ခွာသွားလေ၏။

ကော်ချုံးသည် မယုံကြည်နိုင်အောင် ဖြစ်သွား၏။

ငါတို့ မသေတော့ဘူးပေ့ါ။

ဗလတောင့်တောင့်လူက သူတို့ကို သတ်ဖို့ အစီအစဉ် မရှိဘူးပဲ။

ကော်ချုံးသည် ဘေးပတ်လည်ကို လှည့်ကြည့်လိုက်၏။ သူတို့သည် မဟာကျောက်တော၏ အပြင်ဘက်သို့ ပြန်ရောက်လာပြီဖြစ်၏။ ဗလတောင့်တောင့်လူက သူ့ဘာသာသူ ဒီအတိုင်း ထွက်သွားလို့ ရရဲ့နှင့် သူတို့ကို ဘာကြောင့် ဆွဲသယ်ယူခေါ်လာခဲ့သလဲ သူ မစဉ်းစားတတ်တော့ပေ။

“လူကြီးမင်း.. သင့်နာမည်က ဘယ်လိုခေါ်လဲ.. ဘယ်ဂိုဏ်းက လာတာလဲ သိလို့ရမလားဗျ” ကော်ချုံးက သိချင်စိတ်ဖြင့် လှမ်းအော်လိုက်၏။

ရုတ်တရတ်ဆိုသလို ဗလတောင့်တောင့်လူက ရပ်တန့်လိုက်ပြီး သူ့ဆီသို့ ပြန်လှည့်လာလေ၏။

ကော်ချုံးသည် တုန်လှုပ်ခြောက်ခြားသွားပြီး သူ့ပါးသူ လက်ဝါးဖြင့် ပြန်ရိုက်ကာ အလောတကြီး ပြောလိုက်လေ၏။

“လူ လူကြီးမင်း ဒီတစ်ခါတော့ ကျုပ်ဘာမှားသွားလဲ သေချာသိပါပြီဗျာ.. ကျုပ် ကျုပ်က သင့်နာမည်ကို မမေးခဲ့သင့်ပါဘူးဗျာ...”

သူတို့ငါးယောက်နားသို့ ရောက်လာပြီးနောက် ဗလတောင့်တောင့်နှင့်လူက သူတို့၏ သိုလှောင်အိတ်များကို ဆွဲယူလိုက်ပြီး အထဲမှ စိတ်ဝိညာဉ်ကျော်တုံးများနှင့် ဆေးလုံးများကို ထုတ်ယူကာ ပြန်ချထားလိုက်၏။

ဗလာကျင်းသွားသော သူ့သိုလှောင်အိတ်ကို ကြည့်လိုက်ပြီး ကော်ချုံးသည် မျက်ရည်များ ရစ်ဝဲလာလေသည်။

တစ်ချက်လှောင်ရယ်လိုက်ပြီးနောက် ဗလတောင့်တောင့်လူသည် မဟာကျောက်တောအုပ်ထဲသို့ ပြန်ဝင်ကာ တစ်ခဏအတွင်း ‌ပျောက်ကွယ်သွားလေတော့၏။

ကော်ချုံးသည် သူ့သိုလှောင်အိတ်ထဲမှ စက္ကူကြိုးကြာတစ်ကောင်ကို ခြစ်ကုပ်ထုတ်ယူလိုက်ပြီး စိတ်ဝိညာဉ်ချီဖြင့် စာအချို့ရေးလိုက်၏။

“မဟာကျောက်တောအုပ်မှာ ကျတော်တို့တစ်တွေ တိုက်ခိုက်ခံလိုက်ရပါတယ်ခင်ဗျာ.. တိုက်ခိုက်သူဟာ ဘယ်သူဘယ်ဝါမှန်း မသိရဘဲ အလွန့်အလွန်ကို သန်မာပါတယ်.. ဂိုဏ်းကနေ စစ်ကူများ ပို့လွှတ်ပေးပါခင်ဗျာ”

စိတ်ဝိညာဉ်ချီကို ထိုးသွင်းလိုက်သောအခါ စိတ်ဝိညာဉ်ကြိုးကြာက အတောင်ပံများကို ခတ်၍ ပျံသန်း ထွက်ခွာသွားလေ၏။

ကော်ချုံးသည်လည်း ဒဏ်ရာရရှိထားသည် ဖြစ်သောကြောင့် သူသည် အခြားသော လေးယောက်ကို ပြန်သယ်ယူနိုင်စွမ်း မရှိတော့ပေ။ ဂိုဏ်းမှ ပို့လွှတ်မည့် စစ်ကူကို စောင့်နေရုံသာ တတ်နိုင်လေတော့သည်။

သတိလစ်မေ့မျောနေသော သူ့အပေါင်းအသင်းရောင်းရင်းများကို ကြည့်၍ ကော်ချုံးသည် စိတ်ပျက်အားငယ်လာလေသည်။

သူနှစ်အတန်ကြာအောင် စုဆောင်းခဲ့ရသော ပစ္စည်းများ လုယူခံလိုက်ရတာကို တွေးမိသွားပြီးနောက် ဝမ်းနည်းပက်လက်ဖြင့် ညည်းတွားလိုက်လေ၏။

“ကျုပ်က ရိုးသားပါတယ်ဗျာ”

All Chapters