← Chapters

စမ်းသပ် ပြိုင်ပွဲ

Vol. 6 Ch. 76

စမ်းသပ် ပြိုင်ပွဲ

Vol. 6 Ch. 76

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း ၇၆ - စမ်းသပ် ပြိုင်ပွဲ

ဘာသာပြန်သူ - သန်းတိုးအောင်

“ဘာ မိုက်တော့ မိုက်သားပဲ ဟုတ်လား.. မိုက်တော့မိုက်တာ မဟုတ်ဘူး တော်တော်ကြီးကို မယုံနိုင်ဖွယ်ကောင်းအောင် မိုက်တာကွ”

ရွှယ်ယိက ညည်းတွားပြောဆိုလိုက်၏။

“ငါ ဆန်းကြယ်တောင်ထွတ်ကို ရောက်လာတာ ခြောက်နှစ်တောင်ရှိပြီ.. ငါ အခုမှ အဆင့်၂ စိတ်ဝိညာဉ်မီးတောက်ရဲ့ အစွန်အဖျားကို ထိတွေ့မိရုံလေးပဲ ရှိသေးတယ်”

“ထားလိုက်ပါတော့ကွာ အဲ့ဒါကို ဆက်မပြောတာပဲ ကောင်းပါတယ်”

ရွှယ်ယိက ပုခုံးတွန့်လိုက်၏။

“ဘာပဲဖြစ်ဖြစ်လေ.. ဖုန်‌ဟောက်ယွီက ဆေးလုံးဖော်စပ်ခြင်းနဲ့ ပန်းပဲသွန်းလုပ်ခြင်းမှာ ဆရာတစ်ဆူ ဖြစ်လာပြီးတော့ ဂိုဏ်းပေါင်းစုံပြိုင်ပွဲရောက်တဲ့အခါ ထိပ်ဆုံးဆယ်ယောက် အဆင့်သတ်မှတ်စာရင်းထဲ ဝင်အောင်လုပ်နိုင်ရင်လဲ ကောင်းတာပါပဲ.. ဒါဟာ ငါတို့ဂိုဏ်းအတွက် ဂုဏ်ယူစရာ ဖြစ်လာမှာပေါ့”

ဆူဇီမိုသည် ပြုံး၍ ခေါင်းညိတ်လိုက်၏။

“အားလုံးပဲ တိတ်ပေးကြပါ”

ထိုအချိန်မှာပင် လက်နက်သွန်းလုပ်ခြင်းခန်းမရှေ့တွင် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက် ပေါ်လာပြီး သူ့လက်ကို အောက်နှိမ့်ချဟန် ပြလိုက်၏။ ခန်းမထဲတွင် စကားစမြည် ပြောနေကြသောသူများ တိတ်ကြသွား၏။

“အားလုံးပဲ ရှေ့ကိုထွက်ပြီးတော့ သင်တို့ရဲ့ ကုန်ကြမ်းပစ္စည်းတွေကို လာရွေးကြပါ.. ပြီးရင် ခန်းမထဲမှာ နေရာလွတ်တစ်ခုရှာပြီးတော့ သင်တို့ရဲ့ လက်နက်သွန်းလုပ်ခြင်းကို စတင်လို့ ရပါပြီ”

အားလုံးသည် အလျှိုလျှိုနှင့် သူတို့ လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို ‌ရွေးချယ်ယူငင်လိုက်ကြ၏။ ထို့နောက် ဆူဇီမိုနှင့် ရွှယ်ယိသည်လည်း ခန်းမထဲရှိ အနောက်ဘက်တွင် တစ်နေရာစီ ယူလိုက်ကြ၏။

လက်နှစ်ဖက် နောက်ပစ်လျက်နှင့်ပင် ဖုန်ဟောက်ယွီသည် အရှေ့ဆုံးတွင် မောက်မာဟန်ဖြင့် ရပ်နေ၏။ မည်သူကမျှ သူနှင့် တန်းတူ ယှဉ်မရပ်ရဲကြပေ။

ဤဖြစ်စဉ် မတိုင်ခင်က ဖုန်းဟောက်ယွီသည် တောင်ထွတ်ငါးခုတွင် လှည့်ပတ် စုံစမ်းထားခဲ့၏။ မည်သူကမျှ အဆင့်၂ စိတ်ဝိညာဉ်မီးတောက်ကို ဖန်တီးထုတ်ဖော်နိုင်ခြင်း မရှိကြပေ။ အကောင်းဆုံးဆိုသောသူများမှာ အဆင့်၂ စိတ်ဝိညာဉ်မီးတောက်၏ တစ်စွန်းတစ်စကို ထိတွေ့မိရုံမျှသာ ရှိကြသေးလေသည်။

ထို့ကြောင့်ပင် ဖုန်ဟောက်ယွီသည် ဤလကုန်စမ်းသပ်စစ်ဆေးပွဲ၌ သူသည် သေချာ‌ပေါက် အတော်ဆုံးဖြစ်လာပြီး ဂိုဏ်းက စီနီယာကြီးများ ချန်ထားခဲ့သော လက်နက်သွန်းလုပ်ခြင်း ရုပ်သံမှတ်တမ်းကို ကြည့်ရှုနိုင်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်ထားလေသည်။

ဘန်း!

သူ့သိုလှောင်အိတ်ထဲမှ ပန်းပဲမီးဖိုတစ်ခုကို ထုတ်ယူလိုက်ပြီးနောက် ဖုန်ဟောက်ယွီသည် ၎င်းကို ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်၏။ ခန်းမတစ်ခုလုံးက သိမ့်ကနဲ လှုပ်ခါသွား၏။

သူ၏ ပြုမူလှုပ်ရှားမှု တစ်ခုစီတိုင်းက လူတိုင်း၏ စိတ်အာရုံကို ဆွဲ‌ဆောင်မှု ရှိနေလေသည်။

စမ်းသပ်ပွဲကို တက်ရောက်လာကြသော ခန်းမထဲရှိ လူအားလုံးတွင် မည်သူကမျှ အလောတကြီး ရှိမနေကြဘဲ သူတို့၏ ပန်းပဲမီးဖိုများကို အသာချကာ ဖုန်ဟောက်ယွီကို ငေးကြည့်နေကြ၏။

ဖုန်ဟောက်ယွီ၏ နှုတ်ခမ်းက တွန့်ကွေးသွား၏။

သူသည် အနောက်သို့ လှည့်ကြည့်စရာမလိုဘဲ သိနှင့်လိုက်၏။ လူတိုင်းက သူ့ကို မနာလို၊ အားကျမှုများဖြင့် ငေးမောကြည့်နေကြလေသည်။

လူအများ ကြည်ညိုလေးစားမှု.. ဤခံစားချက်ကို ဖုန်ဟောက်ယွီတစ်ယောက် လွန်စွာနှစ်ခြိုက်၏။

သူ့လက်ဖဝါးကို တစ်ဖြည်းဖြည်း ဆန့်ထုတ်လိုက်ပြီး စိတ်ဝိညာဉ်ချီကို ပို့လွှတ်လိုက်၏။

မီးတောက်တစ်ခုက ဖြစ်ပေါ်လာပြီး အရောင်က အနီဖျော့ဖျော့ .. အဆင့်၁ စိတ်ဝိညာဉ်မီးတောက် ဖြစ်၏။

ခန်းမတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေပြီး ဖုန်ဟောက်ယွီ၏ လက်ဖဝါးထက်က မီးတောက်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြ၏။

ရွှစ်!

ဖုန်ဟောက်ယွီသည် သူ့ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့လက်‌ချောင်းထိပ်ကနေ စိတ်ဝိညာဉ်ချီတစ်မျှင်ကို ထုတ်လွှတ်လိုက်သောအခါ ၎င်းက မူလရှိနေသော စိတ်ဝိညာဉ်မီးတောက်ထဲသို့ ဝင်ရောက်သွားလေသည်။

မီးတောက်သည် တရှဲရှဲနှင့် တောက်ပစွာ လောင်ကျွမ်းလာပြီး ၎င်း၏ အရောင်ကလည်း ပိုရင့်လာ၏။ သိပ်မကြာခင် ၎င်းသည် အနီရင့်‌ရောင် ဖြစ်လာလေသည်။

အဆင့်၂ စိတ်ဝိညာဉ်မီးတောက်!

လူအုပ်ကြီးက လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြ၏။

ဂိုဏ်းထဲရှိ တပည့်တိုင်းလိုလိုသည် ထိုအကြောင်းကို ကြားဖူးထားကြသော်လည်း ဖုန်ဟောက်ယွီက အဆင့် ၂ စိတ်ဝိညာဉ်မီးတောက် ဖန်တီးထုတ်ဖော်ပြလိုက်တာကို ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ရချိန်တွင် အံ့သြတုန်လှုပ်ကုန်ကြလေ၏။

အဆင့်၂ စိတ်ဝိညာဉ်မီးတောက်နှင့် ဆိုပါက အဆင့်နိမ့် စိတ်ဝိညာဉ်လက်နက်များကို သွန်းလုပ်ရာတွင် အောင်မြင်နိုင်ချေ ပိုများလေ၏။ ကျင့်ကြံသူအတော်များများအတွက်တော့ ဤအရာသည် သူတို့ တစ်ဘဝလုံး ကုန်ဆုံးသည့်တိုင် ရမလာနိုင်သော အရာများ ဖြစ်၏။

လူအုပ်ကြီး၏ စိတ်ခံစားချက်များ ထကြွသောင်းကျန်ကုန်ကြတာကို အာရုံခံမိလိုက်ပြီး ဖုန်ဟောက်ယွီသည် အတော်လေးကို ဘဝင်ခိုက်သွားလေသည်။ ထို့နောက် သူသည် အဆင့်၂ စိတ်ဝိညာဉ်မီးတောက်ဖြင့် သူ၏ ပန်းပဲမီးဖိုကို လောင်မြိုက်စေလိုက်၏။

သူသည် သူ့ပန်းပဲမီးဖိုကို အပူနွေးပေးနေခြင်း ဖြစ်၏။

လက်နက်သွန်းလုပ်ရာတွင် ပထမဆုံးအနေဖြင့် ပန်းပဲမီးဖိုကို စိတ်ဝိညာဉ်မီးတောက်ဖြင့် အညီအမျှ အပူနွေးပေးရ၏။ အပူချိန်က မျှချေကို ‌ရောက်လာမှသာလျှင် ပါဝင်ကုန်ကြမ်းပစ္စည်းများကို ပန်းပဲမီးဖို့အတွင်းသို့ ထည့်ရပေမည်။

လက်နက်သွန်းလုပ်ခြင်းသည် အချိန်အတော်ပေးရသည် ဖြစ်သောကြောင့် ဖုန်ဟောက်ယွီ၏ အနောက်ရှိ ကျင့်ကြံသူများသည် သူတို့၏ စိတ်ဝိညာဉ်မီးတောက်များကို စတင်စုယူ၍ ပန်းပဲမီးဖို အပူနွေးခြင်း လုပ်ငန်းစဉ်ကို လုပ်လာကြ၏။

ရွှယ်ယိက ဆူဇီမိုကို ကြည့်လိုက်၏။

“ကဲ.. စလိုက်ကြစို့လား.. ညီလေးဆူရေ”

“ကောင်းပြီလေ” ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

ရွှယ်ယိသည် သူ့လက်ဖဝါးကို ဆန့်ထုတ်လိုက်သောအခါ စိတ်ဝိညာဉ်မီးတောက်တစ်ခုက ထွက်‌ပေါ်လာ၏။ ၎င်းသည် အဆင့်၁ စိတ်ဝိညာဉ်မီးတောက်တစ်ခုသာ ဖြစ်သော်လည်း ၎င်း၏ အရောင်မှာ ပုံမှန်ထက်ရင့်နေပြီး အဆင့်၂ စိတ်ဝိညာဉ်မီးတောက်အဖြစ်သို့ ကူးပြောင်းတော့မည့် လက္ခဏာပြနေ၏။

ပန်းပဲမီးဖို အပူနွေးခြင်း လုပ်ငန်းစဉ်တွင် လူတစ်ယောက်သည် အများကြီး အာရုံစိုက်ထားဖို့ မလိုချေ။

ရွှယ်ယိသည် သူ၏ စိတ်ဝိညာဉ်မီးတောက်ဖြင့် ပန်းပဲမီးဖို လှည့်ပတ် အပူပေးလိုက်ရင်း ဆူဇီမိုကို လှည့်ကြည့်လိုက်၏။ သူ၏ ဂျူနီယာညီလေး ဆူဇီမိုသည် ယခုမှ လက်နက်သွန်းလုပ်ခြင်း လုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်မှာဖြစ်ပြီး ထိုအရာနှင့် သိပ်အကျွမ်းတဝင် မရှိ‌လှတော့‌ကြောင့် လိုအပ်ပါက အကြံဉာဏ်အချို့ပေးပြီး အကူအညီပေးရမည်ဟု ရွှယ်ယိက တွေးလိုက်၏။

သို့သော်လည်း လှည့်ကြည့်မိပြီး တစ်ခဏ၌ ရွှယ်ယိသည် ကြက်သေသေသွား၏။

ဆူဇီမို၏ လက်ဖဝါးထက်တွင် မီးတောက်တစ်ခုက လောင်ကျွမ်းနေပြီး ၎င်း၏ အရောင်သည် အတော်လေး မျက်စိစပါးမွှေးစူးစရာ ကောင်းနေ၏။

ရွှယ်ယိသည် လုံးဝမှင်တက်သွားပြီး သူ့စိတ်က ဗလာကျင်းသွား၏။ ပန်းပဲမီးဖိုကို အပူပေးနေသော သူ့လက်ဖဝါးထက်က မီးတောက်က ငြိမ်းသေသွားတာကိုတောင် သူသတိမထားမိတော့ပေ။

ဆူဇီမိုသည် သူ့ဘေးပတ်လည်က လူများ စိတ်ဝိညာဉ်မီးတောက်ဖြင့် ပန်းပဲမီးဖိုအား အပူပေးနေပုံကို လေ့လာအကဲခတ်ကြည့်နေ၏။

ယခင် အတွင်းစည်းတပည့်၏ ရှင်းပြချက်များကို သူနားထောင်ခဲ့စဉ်က ထိုအထဲတွင် ပန်းပဲမီးဖိုကို အပူပေးခြင်း လုပ်ငန်းစဉ်အကြောင်း မပါခဲ့ပေ။

“အင်း ကြည့်ရတာတော့ ငါဒီကိုလာခဲ့တာက အချည်းနှီးဖြစ်မသွားဘူးပဲ.. ငါ ဒီကနေ တစ်ခုခုတော့ ရလာဦးမှာပဲ”  ဆူဇီမို စိတ်ထဲကနေ ကြိတ်ပြီး ကျေနပ်သွား၏။

“ဂျူနီယာ ညီလေးဆူ.. မင်း..မင်းရဲ့ စိတ်ဝိညာဉ်မီးတောက်က...”

ထိုအချိန်တွင် ရွှယ်ယိ၏ အထစ်ထစ် အငေါ့ငေါ့ စကားသံများက ဆူဇီမို၏ နားထဲသို့ ဝင်လာလေ၏။

ဆူဇီမိုသည် ရွှယ်ယိကို လှည့်ကြည့်ပြီး ပြုံးပြလိုက်၏။

“ကျုပ်တော့ ဘယ်လို ကံကောင်းသွားလဲ မသိဘူး.. မတော်တဆ ကျင့်ကြံရင်းနဲ့ အဆင့်၃ စိတ်ဝိညာဉ်မီးတောက်က ကျူပ်လက်ထဲ ရောက်ချလာတာပဲ”

သူသည် ဤစကားကို တမင် နှိမ့်ချလိုသောကြောင့် ပြောခြင်းမဟုတ်ပေ။ တစ်ကယ်လဲ သူ ထိုအရာကို မတော်တဆဖြင့် ရရှိလာခဲ့ခြင်းဖြစ်၏။ ဘယ်လိုကြောင့် ဤသို့ ဖြစ်လာရသည်ကို သူလဲ မတွေးတတ်တော့‌ပေ။

ရွှယ်ယိ၏ မျက်လုံးများသည် ပြူးကျယ်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွား၏။

အဆင့်၃ စိတ်ဝိညာဉ်မီးတောက်ကို မတော်တဆ ကံကောင်းလို့ ရလာခဲ့တာပါဟု တစ်စုံတစ်ယောက်က ပြောခြင်းကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်လေသည်။

သူတို့နှစ်ယောက် စကား‌ပြောနေသော အသံက သိပ်မကျယ်လှသော်လည်း ဘေးပတ်ပတ်လည်ရှိ တပည့်များသည် စကားလုံးတိုင်းကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။

အဆင့်၃ စိတ်ဝိညာဉ်မီးတောက်တဲ့လား။

လိုချင်လို့လား.. ဆုတောင်းလေ။

အရှေ့မှ တပည့်အချို့သည် လှည့်ကြည့်လိုက်ကြပြီးနောက် မှင်တက်သွားကြလေ၏။

တစ်မျိုးတစ်မည် ဖြစ်နေသွားသော လူများ၏ အမူအယာက လေထုကို တစ်မျိးတစ်မည် ဖြစ်သွားစေပြီး ခန်းမတခွင် ပျံ့နှံ့သွားလေ၏။

ရှေ့ဆုံးမှာ ရှိနေသော ဖုန်‌ဟောက်ယွီသည်လည်း တစ်စုံတစ်ရာကို ခံစားမိလိုက်ပြီး မျက်မှောင်ကြုတ်လိုက်၏။ သို့သော်လည်း သူ၏ မောက်မာမှုကြောင့် အနောက်ကိုတော့ လှည့်မကြည့်ဖြစ်ပေ။

ဤခန်းမထဲတွင် သူ့လှည့်ကြည့်လောက်ရအောင် ထိုက်တန်သည့်သူ မည်သူမျှ မရှိပေ။ ဤသို့ သူမှတ်ယူထား၏။

ရုတ်တရတ် နားထဲသို့ စူးဝင်လာသော အသံများက ခန်းမထဲတွင် ထွက်ပေါ်လာ၏။

“အဆင့် ၃ စိတ်ဝိညာဉ်မီးတောက်ဟ!”

ထိုအသံထွက်လာပြီးနောက် ခန်းမတစ်ခုလုံးသည် အုန်းအုန်းကျက်ကျက် ဖြစ်လာကြလေသည်။

“ကြက်သွေးနီရောင်နဲ့.. တစ်ကယ်ပဲ.. အဲ့ဒါက  အဆင့် ၃ စိတ်ဝိညာဉ်မီးတောက်ဟ!”

“အဲ့လူက ဘယ်သူလဲ.. သူ့ကို မမြင်ဖူးပါဘူး”

“ငါထင်တာတော့ သူက ဒီနှစ်မှ ဝင်လာတဲ့ တပည့်သစ်ထင်တယ်”

“ဒါက တစ်ကယ်ကို မယုံနိုင်စရာကောင်းတာပဲ.. ဒီလူက အဆင့် ၅ ချီစုဖွဲ့ခြင်းပဲ ရှိသေးတာတောင် အဆင့် ၃ စိတ်ဝိညာဉ်မီးတောက်ကို ဖော်ထုတ်နိုင်နေပြီ။ ဘယ်လို ပါရမီ အရည်အချင်းပါလိမ့်”

သူ့နောက်မှ ဆွေးနွေးပြောကြားသံများကို ကြားရသောအခါ ဖုန်ဟောက်ယွီ၏ မျက်နှာက စူပုတ်လာလေသည်။

သူသည် တိတ်တဆိတ် ရပ်နေရင်းနှင် ဣန္ဒြေဆည်ကာ အနောက်သို့ တစ်ဖြည်းဖြည်းချင်း မသိမသာ လှည့်၍ ခိုးကြည့်လိုက်လေ၏။

သူ့အမြင်အာရုံထဲသို့ အရင်ဆုံး ဝင်ရောက်လာသည်မှာ ကြက်သွေးရောင်မီးတောက်တစ်ခု ဖြစ်လေသည်။

ထို့နောက် ထပ်မြင်လိုက်ရသည်မှာ သူအရင်က မြင်ဖူးခဲ့သော အစိမ်းရောင်ဝတ်စုံနှင့် ထင်ရှားပြတ်သားသော ပုံရိပ်တစ်ခု ဖြစ်လေသည်။

“ဟမ့်..သူပဲလား”

ဖုန်ဟောက်ယွီ၏ အေးစက်သော မျက်လုံးများက ကျဉ်းမြောင်းသွား၏။

“အမ်”

ဆူဇီမိုသည် သူ့အပေါ်ကျရောက်လာသော ရန်လိုစိတ်တစ်ခုကို အာရုံခံမိလိုက်ပြီး အလိုအလျောက် မော့ကြည့်လိုက်မိ၏။

“ထက်လိုက်တဲ့ အာရုံ!”

ဖုန်ဟောက်ယွီ စိတ်ထဲကနေ မှတ်ချက်ပေးလိုက်၏။

သူသည် ရန်လိုစိတ်ကို ချက်ခြင်း ပြန်လည် ဖုံးကွယ်လိုက်တာတောင် ဆူဇီမိုသည် အာရုံခံမိသွားသေး၏။

သူတို့နှစ်ယောက်၏ အကြည့်သည် လေထဲမှာ ဆုံတွေ့သွားပြီးနောက် ဖုန်ဟောက်ယွီက ထူးမခြားနားပုံစံနှင့်ပင် အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ သူပုံစံကတော့ မောက်မာမြဲတိုင်းပင်။

အပေါ်ယံကြည့်လျှင်တော့ ဖုန်‌ဟောက်ယွီသည် ထိုအရာကို စိတ်ထဲ သိပ်မထားသလိုပင်။

သို့သော်လည်းပဲ သူ့ပန်းပဲမီးဖိုအောက်က အဆင့်၂ စိတ်ဝိညာဉ်မီးတောက်ကတော့ ငြိမ်းသေသွားပေပြီ။ ထိုအရာက သူအံ့သြတုန်လှုပ်သွားခြင်း၏ သက်သေပင်။

ဆူဇီမိုသည် ပြုံးလိုက်ပြီး ထိုအရာနှင့် ပတ်သတ်၍ ဘာမှ စိတ်ထဲ သိပ်ထားမနေချေ။ သူ့ပန်းပဲမီးဖိုက ပူနွေးလာပြီဖြစ်သောကြောင့် သူသည် ကုန်ကြမ်းသတ္တုများကို ထည့်သွင်းမလို့ လုပ်နေတုန်းမှာပင် သူ့နောက်ဘက်မှ ဦးခေါင်းတစ်လုံးက ရုတ်တရတ် ပြူထွက်လာလေ၏။

သူသည် ရုတ်တရတ် ထိတ်လန့်သွားပြီး သိုလှောင်အိတ်ထဲမှ အေးမြစန္ဒာဆေဘာကို ထုတ်ကာ ခုတ်ပိုင်းရန် အဆင်သင့် လက်ဟန်ပြင်လိုက်၏။

“မင်္ဂလာပါ ဆရာ”

“မင်္ဂလာပါ တောင်ထွတ်သခင်”

ယခု ဝင်ရောက်လာသူကို ခန်းမထဲရှိလူများ မြင်တွေ့လိုက်ကြသောအခါ အားလုံးက နှုတ်ဆက်လိုက်ကြ၏။

ဆူဇီမိုသည် ရှက်ကိုးရှက်ကန်းဖြင့် ချောင်းဟန့်၍ သူဆေဘာကို မသိမသာ ပြန်သိမ်းလိုက်၏။

All Chapters