← Chapters

သန့်စင်သော ရွှေ သလင်းကျောက်

Vol. 6 Ch. 82

သန့်စင်သော ရွှေ သလင်းကျောက်

Vol. 6 Ch. 82

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း ၈၂ - သန့်စင်သော ရွှေ သလင်းကျောက်

Translator – Than Toe Aung

ဗလတောင့်တောင့်လူသည် မဟာကျောက်တောအုပ်ထဲသို့ ရောက်လာပြီးနောက် သူ့ပုံသဏ္ဍာန်ကို ပြန်လည် ပြောင်းလဲလိုက်ပြီး အစိမ်းရောင်ဝတ်စုံကို ပြန်လည်ဝတ်ဆင်လိုက်သောအခါ သူသည် စာပေသမားလေးတစ်ယောက်လို ပြန်ဖြစ်သွား၏။ ထို့နောက် သူသည် တော၏ အတွင်းပိုင်းထဲသို့ တိုးဝင်သွားလိုက်၏။

သူ၏ ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲရခြင်းမှာ ဆူဇီမိုသည် အရှည်ကို တွေးထားသောကြောင့် ဖြစ်လေသည်။

ကျိုးဝေတို့အဖွဲ့က သူ့ကို အရင်ဆုံး ပြဿနာရှာဖို့ ရောက်လာသည်မှန်သော်လည်း သူက သူတို့ကို ထိခိုက်အောင် လုပ်လိုက်လျှင် ဂိုဏ်းကို ပြန်ရှင်းပြဖို့က အခက်အခဲရှိ၏။ ငါးယောက်နှင့် တစ်ယောက် ပြိုင်ငြင်းဖို့က သိပ်တော့ လွယ်ကူမနေပေ။

ပြဿနာစရှာသူများက အပြစ်ပေးမခံရဘဲ သူတို့ကို ထိခိုက်အောင် လုပ်မှုဖြင့် သူကသာ ပြင်းထန်စွာ အပြစ်ပေးခံရတာလည်း ဖြစ်ကောင်းဖြစ်နိုင်၏။

နောက်ပြီး အနီးကပ်တိုတ်ခိုက်ရည် အားသာချက်သည် ဆူဇီမို၏ ဝှက်ဖဲဖြစ်ပြီး သူသည် ထိုအရာကို စောစီးစွာ ထုတ်ဖော်ဖို့ ဆန္ဒမရှိသေးပေ။

ဒါ့အပြင် သူသည် ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲလိုက်သည့်အတွက် သူတို့၏ စိတ်ဝိညာဉ်ကျောက်တုံးများနှင့် ဆေးလုံးများကိုလည်း စိတ်ရှိသလို အပိုင်စီးလိုက်နိုင်၏။

သူတို့သည် ဤအဖြစ်အပျက်နှင့် ပတ်သတ်၍ တစ်ခုခုလွဲနေသည်ဟု ထင်မိလျှင်ပင် ဘယ်လို ဘာကြောင့်ဆိုတာ ရှင်းပြဖို့ ခက်ခဲလေသည်။

မည်သို့ပင်ဆိုစေ.. လျှို့ဝှက်ဆန်းကြယ်သော ဗလတောင့်တောင့်လူကြီးဆိုသည်မှာ အမှန်တစ်ကယ် ရှိသော ဖြစ်တည်မှုတစ်ခု မဟုတ်ပေ။

တောအုပ်၏ အတွင်းပိုင်းသို့ ရောက်လာသောအခါ ဆူဇီမိုသည် သူ့ဓါးပျံကို သိမ်းလိုက်ပြီး မြေပေါ်သို့ ဆင်းသက်လိုက်၏။

တောထဲတွင် အန္တရာယ်များက နေရာတိုင်းကနေ ပုန်းကွယ်လျှိုး စောင့်ဆိုင်းနေတတ်၏။ ဆူဇီမိုသည် ဓါးပျံပေါ်မှာထက် မြေပြင်ပေါ်မှာက ပို၍ မြန်ဆန်ပေါ့ပါးစွာ လှုပ်ရှားနိုင်လေသည်။ သူသည် အန္တရာယ်တစ်စုံတစ်ရာနှင့် ရုတ်တရတ် ကြုံတွေ့ခဲ့လျှင် ဖျတ်ကနဲ ပြန်လည်တုံ့ပြန်နိုင်လိမ့်ပေမည်။

လမ်းတစ်လျှောက်တွင် သူသည် စိတ်ဝိညာဉ်တောကောင်များ၏ အော်ရာကို အာရုံခံမိခဲ့၏။

သို့သော်လည်း ဆူဇီမိုသည် ၎င်းတို့နှင့် ထိပ်တိုက်ရင်ဆိုင်ဖို့ စိတ်ကူးမရှိဘဲ မဟာကျောက်တောအုပ်အတွင်း ကွေ့ပတ်လျှောက်သွားကာ တောကောင်များကို ရှောင်ရှားလိုက်၏။

ရှေ့မလှမ်းမကမ်းဆို တော၏ ပင်မအတွင်းပိုင်းသို့ ‌ရောက်ရှိပေပြီ။

ထိုနေရာ မြေပြင်ပေါ်တွင် သန့်စင်သော ရွှေအရိုင်းတုံးများသည် ပေါများစွာ ရှိနေပြီး အရောင်တစ်လက်လက် တောက်ပနေလေသည်။ ဆူဇီမိုသည် ထိုနေရာသို့ ဂရုတစိုက် ချည်းကပ်လိုက်၏။

ထိုနေရာဝန်းကျင်တစ်ဝိုက်တွင် အလွန်တရာ သန်မာအားကောင်းသော စိတ်ဝိညာဉ်တောကောင် သို့မဟုတ် သားရဲ တစ်ကောင်ကောင်က အမြဲတမ်း ရှိနေတတ်၏။

တောအုပ်၏ အလယ်တွင် ကြီးမားလှသည့် သန့်စင်သော ရွှေရိုင်းတုံးကြီးများ အပြင် ထူထဲသော ရွှေရောင်အခွံနှင့် စိတ်ဝိညာဉ်တောကောင် တစ်ကောင်သည် မြေပေါ်တွင် တွားသွားပုံစံနှင့် ဝပ်နေ၏။ ၎င်း၏ အခွံကြီးသည် ရွှေရောင်လို တစ်လက်လက်တောက်ပနေပြီး ကိုယ်လုံးအပြင် လည်ပင်းနှင့် ခြေလက်တို့ကိုပါ ဖုံးအုပ်ထား၏။ ၎င်း၏ အမြီးမှာလည်း ဆူးချွန်များ အပြည့်နှင့် ဖြစ်လေသည်။

ရွှေစား တောကောင်!

စိတ်ဝိညာဉ်သတ္တုရိုင်းများကို ဝါးမြိုစားသုံးပြီး ရှင်သန်နေထိုင်သော ၎င်းသည် ရက်စက်ကြမ်းကြုတ်သော သဘာဝရှိပြီး အလွန်အမင်း သန်မာလေသည်။ လက်နက်များဖြင့် မထိုး‌ဖောက်နိုင်ဘဲ ၎င်းမှာ အားနည်းချက်ဟူ၍ မရှိသလောက်ပင်။

ထိုရွှေစားကောင်က စိတ်ဝိညာဉ်သားရဲအဆင့်နီးပါးသို့ပင် ရောက်နေသည်မှာ ထင်ရှားလေသည်။

ဒါက နည်းနည်းတော့ ကိုင်တွယ်ရ ခက်မည့်ပုံပင်။

ဆူဇီမိုသည် မျက်မှောင်ကြုတ်လိုက်၏။

ဒီနေရာမှာ အခြားသော စိတ်ဝိညာဉ်တောကောင်များသာဆိုလျှင် သူသည် ၎င်းသတ္တဝါကို သတ်နိုင်ဖို့ ယုံကြည်မှုရှိ၏။ သို့သော်လည်းပဲ ယခု ရွှေစားကောင်ကို ကိုင်တွယ်ဖို့နည်းလမ်းကတော့ သူ စဉ်းစားလို့ မရသေးပေ။

ရုတ်တရတ်ဆိုသလို.. မူလက အိပ်ပျော်နေသော ရွှေစားကောင်သည် သူ့မျက်လုံများကို ဖွင့်လိုက်ပြီး ဆူဇီမိုကို ပြင်းထန်အားကောင်းသော သတ်ဖြတ်လိုစိတ်ဖြင့် စူးစိုက်ကြည့်လိုက်၏။

“ဂါး!”

မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် တစ်ချက်ဟိန်းဟောက်လိုက်ပြီး ဆူဇီမိုရှိရာသို့ ပြေးဝင်ချလာလေသည်။

အေးစက်စက် သူ့အကြည့်ကို ကျဉ်းမြောင်းလိုက်ပြီးနောက် ဆူဇီမိုသည် ခြေဖဝါးနှစ်ဖက်ဖြင့် ကန်ကျောက်ကာ ကောင်းကင်ထယ်သွားခြေလှမ်းကို ပုံဖောက်လိုက်၏။ ချက်ခြင်းဆိုသလို သူ့ခြေဖဝါးများ ကြွသွားရာအောက်တွင် ချိုင့်ကြီးနှစ်ခုက ပေါ်ပေါက်လာပြီး ရွှံ့များခဲများက စင်ထွက်လာလေ၏။

ရွှေစားကောင်၏ ခုန်အုပ်မှုကို ထိပ်တိုက်ရင်ဆိုင်ဖို့ လုပ်လိုက်ပြီး ဆူဇီမို၏ အော်ရာသည် သိသိသာသာ မြင့်တက်လာ၏။ ကောင်းကင်ထယ်သွားခြေလှမ်းကို လှမ်းပြီးတာနှင့် တစ်ဆက်တည်းပင် သူသည် တောင်တန်းအားပြုကိုယ်ဟန်ကို ထုတ်ဖို့ကာ ရှေ့သို့ ပစ်တိုက်ချလိုက်လေ၏။

ဘုန်း!

လူတစ်ယောက်နှင့် ‌တောကောင်တစ်ကောင်က ထိပ်တိုက်ရင်ဆိုင် အားစမ်းလိုက်ကြချေပြီ။

ဆူဇီမိုသည် ခြေတစ်လှမ်းလောက် နောက်ဆုတ်လိုက်ရကာ ရွှေစားကောင်ကတော့ လွင့်စင်ထွက်သွားပြီး ရွှေရိုင်းတုံးကြီးတစ်တုံးနှင့် ဝုန်းကနဲ ပစ်တိုက်ပြီးမှ ရပ်တန့်သွားလေသည်။

“ဟားဟား!”

ဆူဇီမိုက အားရပါးရ ရယ်ချလိုက်၏။

ဤခဏ၌ သူနားလည်လိုက်တာက သူသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်၏ အခြေခံအုတ်မြစ်ကို စိတ်ဝိညာချီများသုံး၍ သန့်စင်ကာ အဆင့်မြှင့်တင်လိုက်ပြီးနောက် သူခန္ဓာကိုယ်၏ ကြံ့ခိုင်သန်မာမှုက ကြောက်စရာကောင်းလောက်သော အဆင့်တစ်ခုသို့ တိုးတက်သွားချေပြီ။

ရွှေစားကောင်၏ ခွန်အားတောင်မှ သူနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ရာ မစွမ်းသာတော့ချေ။

ရွှေစားကောင်၏ မျက်လုံးထဲတွင် ကြောက်ရွံ့တုန်လှုပ်မှုက ဝင်ရောက်လာ၏။

နတ်မြင်း လျှပ်တစ်ပြက် ပြေးထွက်ခြင်းကို အသက်သွင်းလိုက်ပြီးနောက် ဆူဇီမိုသည် မျက်စိတစ်မှိတ်အတွင်း ရွှေစားကောင်၏ အ‌ရှေ့တွင် ပြန်ပေါ်လာ၏။ သူသည် သိုလှောင်အိတ်ထဲကနေ အေးမြစန္ဒာဆေဘာကို ထုတ်ယူလိုက်ပြီး ရွှေစားကောင်၏ ဦးခေါင်းကို ခုတ်ပိုင်းလိုက်၏။

ချွင်!

မီးပွားများက အဖက်ဖက်သို့ လွင့်စင်သွား၏။

‌အေးမြစန္ဒာဆေဘာက ပြန်ကန်ထွက်လာပြီး ရွှေစားကောင်က အကောင်းပကတိ ထိခိုက်မှု မရှိပေ။

တစ်ချိန်တည်းမှာပင် ၎င်း၏ အဆူးများနှင့် အမြီးသည် လေထဲတွင် ဖြတ်သန်းလာပြီး ဆူဇီမို၏ ရင်အုပ်ဆီသို့ ကျဆင်းလာလေသည်။

လျှပ်စီးလို အမြန်နှုန်းဖြင့် ဆူဇီမိုသည် ခန္ဓာကျောက်ရုပ်ကိုယ်ဟန်ကို ထုတ်ဖော်လိုက်ပြီး သူ့အသားများက တင်းသွားကာ ကြွက်သားများက မာကျောက်လာလေ၏။

ဘုန်း!

ဆူဇီမိုသည် စင်ထွက်သွားပြီး တောအုပ်အလယ်ရှိ ကြီးမားသော သန့်စင်ရွှေရိုင်းတုံးကြီးနှင့် ပစ်တိုက်မိသွား၏။ ၎င်းပေါ်တွင် ပြင်းထန်သော အက်ကွဲကြောင်းများက ပေါ်လာလေသည်။

ရွှေစားကောင်သည် ဆူဇီမို၏ အနောက်မှ အက်ကွဲသွားသော သတ္တုရိုင်းတုံးကြီးကို ကြည့်၍ အနည်းငယ် ကျောချမ်းသွား၏။

သူ့ရင်ဘတ်ကို ပုတ်ခါလိုက်ပြီး ဆူဇီမိုသည် အေးမြစန္ဒာဆေဘာကို ပြန်သိမ်းလိုက်၏။

အေးမြစန္ဒာဆေဘာကို ဆက်လက်ပြီး အသုံးချလို့ အရာရောက်မည့်ဟန် မပေါ်တော့ပေ။ ဆူဇီမိုသည် သူ့ကိုယ်ပိုင်ခွန်အားကိုသာ အသုံးပြု၍ တိုက်ခိုက်ရပေတော့မည်။

လူတစ်ယောက်နှင့် တောကောင်တစ်ကောင်က နောက်တစ်ဖန် ထပ်မံတိုက်ခိုက်လိုက်ကြ၏။

၎င်း၏ ပါးစပ်ကြီးကို ဖြဲဟကာ ရွှေစားကောင်သည် ဆူဇီမို၏ လည်မျိုးကို ဖမ်းကိုက်ဖို့ ကြိုးစားလိုက်၏။

တုန်လှုပ်ခြင်း အလျှင်းမရှိဘဲ ဆူဇီမိုသည် လက်နှစ်ဖက်ဖြင့် ရွှေစားကောင်ပါးစပ်၏ အပေါ်ခြမ်းနှင့် အောက်ခြမ်းကို ဆွဲကိုင်လိုက်ပြီး ရက်စက်ကြမ်းကြုတ်စွာ ဆွဲဖြဲချလိုက်၏။

ဟေး!

သူသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီးနောက် အနာကွန်ဒါဝါးမြိုခြင်းကို ပုံဖော်လိုက်သောကြောင့် သူ့ရင်အုပ်က နိမ့်ချည်မြင့်ချည် ဖြစ်လာ၏။ သူ့လက်တံ‌ပေါ်ရှိ သွေးကြောများသည် မြွေများ ရစ်ပတ်ထားသလို ဖောင်းကြွလာပြီးနောက် ကြောက်မက်ဖွယ်ရာခွန်အားက ထွက်ပေါ်လာလေသည်။

“ကွဲထွက်စမ်းကွာ!”

တစ်ချက်ဟိန်း‌ဟောက်လိုက်ပြီးနောက် ဆူဇီမိုသည် ဆက်လက် ဆုတ်ဖြဲလိုက်၏။

ဗျစ်! ဗျစ်! ရှီး!

ရွှေစားကောင်၏ အရေများအရွတ်များက ဆုတ်ပြဲကုန်ပြီး သွေးများက ပန်းထွက်လာ၏။ ကိုယ်တွင်းအင်္ဂါများက ထွက်ကျလာကာ ညှီစို့စို့အနံ့ကြီးက ထွက်‌ပေါ်လာလေသည်။

ရွှေစားကောင်သည် ဆူဇီမို၏ လက်ချက်ဖြင့် ထက်ခြမ်းကွဲသွားရချေပြီ။

သူသည်လည်း ‌မောပန်းစွာ အသက်ရှူလိုက်ပြီးနောက် ရွှေစားကောင်၏ အလောင်းကို ပစ်ချကာ ဝန်းကျင်တစ်ခွင်ရှိ သန့်စင်ရွှေရိုင်းတုံးများကို လိုက်လံစုယူလိုက်၏။

“ဟမ်”

ဆူဇီ၏ မျက်လုံးက ဝင်းလက်သွား၏။

ကြေမွနေသော ရွှေရိုင်းတုံးများကြားတွင် ကြီးမားသော သန့်စင်ရွှေသလင်းကျောက်တုံးကြီးကို တွေ့လိုက်ရ၏။ ၎င်းသည် တစ်မူထူးခြားသော အရောင်ဖြင့် တောက်ပဝင်းလက်နေကာ ထွင်းဖောက်မြင်ရလောက်‌အောင် ကြည်လင်နေ၏။

“သန့်စင်သောရွှေသလင်းကျောက်”

ဆူဇီမိုက အံ့အားတသင့် ရေရွတ်လိုက်၏။

သန့်စင်သောရွှေသလင်းကျောက်က အလွန်ရှားပါးသော တွင်းထွက်သတ္တုရိုင်းတစ်မျိုးဖြစ်ပြီး ဖြစ်တည်ထွက်ပေါ်လာဖို့ အလွန်ခဲယဉ်းလေသည်။ နောက်ပြီး ၎င်းသည် အလယ်အလတ်အဆင့် သို့မဟုတ် အဆင့်မြင့် စိတ်ဝိညာဉ်လက်နက်များ သွန်းလုပ်ရာတွင် မရှိမဖြစ် အ‌ရေးပါသော ပါဝင်ပစ္စည်းတစ်မျိုး ဖြစ်လေသည်။

“ငါတော့ ချမ်းသာပြီကွ.. ဟဟ”

သူသည် အားရဝမ်းသာစွာဖြင့် လျှောက်လှမ်းသွားလိုက်ပြီး သန့်စင်သောရွှေသလင်းကျောက်တုံးကြီးကို သိုလှောင်အိတ်ထဲသို့ ကောက်ယူသိမ်းလိုက်၏။ ၎င်းသည် သာမန်လူတစ်ယောက် အရပ်အမြင့်လောက်ကို ရှိလေ၏။

ဆူဇီမိုသည် အခြားသော ရွှေရိုင်းတုံးများကို လိုက်လံခွဲကြည့်သော်လည်း နောက်ထပ် ရွှေသလင်းကျောက်ကိုကား မတွေ့ရတော့ပေ။

မည်သို့ပင်ဆိုစေ.. ဒီတစ်ခေါက် ခရီးစဉ်က သူ့မျှော်မှန်းထားသည်ထက်ကို အများကြီး ပိုပြီး အကျိုးအမြတ် ဖြစ်ထွန်းခဲ့လေသည်။

ရွှေရိုင်းတုံးများအားလုံးကို လိုက်လံသိမ်းယူလိုက်ပြီးနောက် သူသည် လှည့်ထွက်ခဲ့လေ၏။

သိပ်မကြာခင်မှာပင် အစိမ်းရောင်ဝတ်စုံနှင့် စာပေသမားလေးသည် ဘယ်ဘက်လက်က ကျားတစ်ကောင်၊ ညာဘက်လက်က ကျားသစ်တစ်ကောင်ကို ကိုင်ဆွဲကာ တောအုပ်ထဲမှ လှမ်းထွက်လာခဲ့၏။

. . .

တစ်ချိန်တည်းမှာပင် စိတ်ဝိညာဉ်တောင်ထွတ်မှာတော့ ကော်ချုံးပေးပို့လိုက်သော စိတ်ဝိညာဉ်ကြိုးကြာကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။

စိတ်ဝိညာဉ်တောင်ထွတ်၏ အကြီးအကဲတစ်ယောက်က တပည့်အချို့ကို ‌‌ခေါ်၍ မဟာကျောက်တောဆီသို့ ကိုယ်တိုင် ထွက်လာခဲ့ကြ၏။

နတ်ပန်းပဲတောင်ထွတ်တွင်..

အလွန်တရာ ပျင်းရိငြီးငွေ့လာသောကြောင့် ဖိုသီဖတ်သီနှင့်အဖိုးအိုသည် တောင်ထွတ်ထိပ်တွင် လှည့်ပတ်လျှောက်သွားနေ၏။ မစ်ရှင်ကျောက်တိုင်နားသို့ ရောက်သောအခါ သူသည် တစ်ချက်မော့ကြည့်လိုက်ပြီး အံ့အားတစ်သင့် ရေရွတ်လိုက်၏။

“မဟာကျောက်တောအုပ်အတွက် ပေးထားတဲ့ မစ်ရှင်က အသက်ဝင်သွားပြီလား.. ငါတို့တောင်ထွတ်မှာ ဒီလိုသတ္တိရှိတဲ့ တပည့်တွေ ထွက်လာပြီပေါ့လေ”

မစ်ရှင်ကျောက်တိုင်ဘေးတွင် အိပ်ငိုက်နေသော အကြီးအကဲလျှိုက သူ၏ ပျင်းရိလေးတွဲနေသော မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်ပြီး နှာ‌ခေါင်းရှုံ့လိုက်၏။

“တစ်ချို့မိုက်ရူးရဲလေးတွေများ.. ကိုယ့်ကြည့်တော့ ချီစုဖွဲ့မှု အဆင့်၅ပဲ ရှိသေးတယ်.. တစ်ယောက်တည်း သွားဝံ့တယ်တဲ့လေ.. ငါတောင် သူ ဒုက္ခရောက်ရင် သုံးရအောင် စိတ်ဝိညာဉ်ကြိုးကြာတစ်ခု ထည့်ပေးလိုက်သေးတယ်”

“ချီစုဖွဲ့မှု အဆင့်၅ တဲ့လား”

ဖိုသီဖတ်သီနှင့် အဖိုးအိုသည် မျက်မှောင်ကြုတ်လိုက်၏။ ရုတ်တရတ် အတွေးတစ်ခုက သူ့ခေါင်းထဲ ဝင်လာပြီးနောက် သူသည် အကြီးအကဲလျှို၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်၏။

“ပြောပါဦး.. သူ့နာမည်က ဘာတဲ့လဲ”

“ဆူဇီမိုဆိုလား.. ဘာဆိုလာ.. မသိပါဘူးကွာ”

“ဘာ!”

ဖိုသီဖတ်သီနှင့် အဖိုးအိုက စားပွဲခုံကို ဝုန်းကနဲ ရိုက်ချလိုက်၏။ အကြီးအကဲလျှိုလည်း လန့်ဖျန့်သွားပြီး ငေါက်ကနဲ မတ်တပ်ထရပ်လိုက်၏။

“မင်း ရူးနေလား .. ဘာတွေလျှောက်လုပ်နေတာလဲ”  အကြီးအကဲလျှိုက ဖမ်း‌ဟောက်လိုက်၏။

“ရူးတာက ငါမဟုတ်ဘူး.. မင်းကွ!”

ဖိုသီဖတ်သီနှင့် အဖိုးအိုက ပြန်အော်လိုက်၏။

“အဲ့ကောင်လေးက ငါတို့ နတ်ပန်းပဲတောင်ထွတ်မှာ အဆင့်၃ စိတ်ဝိညာဉ်မီးတောက်ကို ကျင့်ကြံနိုင်တဲ့ တစ်ဦးတည်းသောသူကွ.. လခွမ်းပဲ မင်းက အခုသူ့ကို မဟာကျောက်တောကို သွားခွင့်ပြုလိုက်တယ်ပေါ့.. ငါ မင်းကို သတ်မိတော့မယ်”

“သူက အဆင့်၃ စိတ်ဝိညာဉ်မီးတောက်ကို ကျင့်ကြံနိုင်တဲ့သူလား”  အကြီးအကဲလျှိုသည် တုန်လှုပ်သွား၏။

စူပုပ်နေသော မျက်နှာထားနှင့် ဖိုသီဖတ်သီအဖိုးက ဆူပူကြိမ်းမောင်းလိုက်၏။

“အိပ် အိပ်.. အားအားရှိ အိပ်ပဲအိပ်.. နေ့နေ့ညည မင်းလုပ်ဖို့ သိတာက အိပ်ဖို့ပဲ.. အဲ့ကောင်လေးက ငါတို့နတ်ပန်းပဲတောင်ထွတ်ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ကွ.. သူသာ တစ်ခုခု ဖြစ်လို့ကတော့ မင်းမလွယ်ဘူးမှတ်”

တစ်ခဏမျှ မှင်တက်နေပြီးနောက် အကြီးအကဲလျှိုက ထခုန်၍ လောဆော်လိုက်၏။

“ငါတို့ အချိန်ဖြုန်းနေလို့ မဖြစ်‌တော့ဘူး.. လာလာ.. မဟာကျောက်တောကို အမြန်လိုက်သွားရအောင်”

All Chapters