← Chapters

စိတ်ဝိညာဉ်ကျား၏ စိတ်သဘောထား

Vol. 6 Ch. 83

စိတ်ဝိညာဉ်ကျား၏ စိတ်သဘောထား

Vol. 6 Ch. 83

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း ၈၃ - စိတ်ဝိညာဉ်ကျား၏ စိတ်သဘောထား

Translator – Than Toe Aung

ဆူဇီမိုသည် ကျိုးဝေတို့အုပ်စုနှင့် ပက်ပင်းမတိုးမိစေရန် တမင်တကာ ကွေ့ပတ်‌ရှောင်သွားလိုက်၏။ ထို့ကြောင့် သူသည် စိတ်ဝိညာဉ်တောင်ထွတ်မှ အကြီးအကဲနှင့်သာမက ဖိုသီဖတ်သီအဖိုးနှင့်ပါ လွဲချော်သွားခဲ့လေသည်။

သူသည် နတ်ပန်းပဲတောင်ထွတ်သို့ ရောက်သောအခါ သူထမ်းဆောင်ခဲ့သော မစ်ရှင်ကို သတင်းပို့ဖို့ သွားခဲ့၏။ သို့သော် အကြီးအကဲလျှိုက မရှိတော့ပေ။

“အကြီးအကဲလျှိုက ဘယ်ရောက်သွားတာလဲဗျ”  ဆူဇီမိုသည် အနားမှာ ဖြတ်သွားသော ဂိုဏ်းသားအချို့ကို တား၍ မေးမြန်းလိုက်၏။

“ငါလည်း သေချာတော့ မသိဘူးကွ.. သူနဲ့ ဆရာနဲ့က စကားများနေကြတာတော့ တွေ့လိုက်တယ်.. နောက်ပြီး လောလော လောလောနဲ့ ထွက်သွားကြတာပဲ.. ဘယ်ကို ထွက်သွားကြတာလဲတော့ မသိလိုက်ဘူး” ထိုဂိုဏ်းသားက ပြောပြ၍ ခေါင်းခါလိုက်၏။

ဆူဇီမိုသည် သိပ်အများကြီး တွေးမနေတော့ဘဲ စိတ်ဝိညာဉ်ကျားနှင့် ကျားသစ်ကို ခေါ်ကာ သူနေထိုင်ရာ လိုဏ်ဂူတိုက်ခန်းသို့ ပြန်လာခဲ့၏။

တောကောင်နှစ်ကောင်စလုံးက စိတ်ဝိညာဉ်ဉာဏ်ရည်ဝင်နေပြီဖြစ်ပြီး သူတို့၏ အသိဉာဏ်က အရွယ်ရောက်ကာစ လူသားဆယ်ကျော်သက်လေးများနှင့် ညီမျှလေသည်။ သူတို့သည် ဆူဇီမို၏ တိုက်ခန်းသို့ ရောက်သောအခါ ထိတ်လန့်ကြောက်ရွံ့နေကြ၏။

လူသားတွေက အားနည်းသော ခန္ဓာကိုယ်ရှိသည်ဆိုတာ တောကောင်များတောင် သိကြ၏။

သို့သော်လည်း သည်လူကတော့ ခြားနား၏။

သူ့ခန္ဓာကိုယ်က စိတ်ဝိညာဉ်တောကောင်များဖြစ်ကြသော သူတို့ထက်ပင် ပိုမာကြောနေသေး၏။

သည်လူက သူတို့ကို ဘာကြောင့် ဖမ်းခေါ်လာခဲ့သလဲဆိုတာ စိတ်ဝိညာဉ်ကျားရော ကျားသစ်ပါ မသိကြပေ။

“သတ်မလို့လား.. စားမလို့လား.. အခိုင်းအစေအဖြစ် သစ္စာကျိန်ဆိုခိုင်းမှာလား..”

“ဒါမှမဟုတ်...”

တစ်စုံတစ်ရာကို တွေးလိုက်မိပြီးနောက် စိတ်ဝိညာဉ်ကျား၏ ဦးခေါင်းက ပုခုံးထဲသို့ ကျုံ့ဝင်သွား၏။ သူသည် ဆူဇီမို၏ မျက်လုံးထဲမှ ထူးဆန်းသောပုံစံကို မြင်လိုက်ရသောအခါ ကျောရိုးတစ်လျှောက် ချမ်းသွား၏။

“ဒီလူက တစ်မူထူးခြားတဲ့ ကာမစိတ် ရှိနေတာများလား”

“သွားပြီ .. ငါတော့ သွားပြီ.. ငါက ငါ့ရဲ့ ဣန္ဒြေသိက္ခာတွေကို နှစ်ပေါင်းများစွာ ထိန်းသိမ်းခဲ့ရတာ.. ငါ..ငါ လူသားတစ်‌ယောက်ဆီမှာ ကျရှုံးရတော့မှာပါလား...”

ရုတ်တရတ်ဆိုသလို စိတ်ဝိညာဉ်ကျားသည် ဆူဇီမို ဘာဖြစ်ချင်သလဲဆိုတာ ချင့်တွက်လိုက်ပြီးနောက် သူ့စကားသူ လက်ခံယုံကြည်လာကာ ကြောက်ရွံ့တုန်လှုပ်လာလေသည်။

မချင့်မရဲနှင့် စိတ်ဝိညာဉ်ကျားသည် ဝမ်းနည်းပက်လက် ဖြစ်လာပြီး ဆူဇီမိုကို ခံစားချက်ပေါင်းစုံ ‌ရောပြွမ်းနေသော အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။

ထိုအကြည့်က ဆူဇီမိုကိုပင် ကြက်သီးမွှေးညှင်းများ ထလာစေ၏။ သူသည် စိတ်ဝိညာဉ်ကျားကို ဖြန်းကနဲ တစ်ချက်ပိတ်ရိုက်လိုက်၏။

“မင်းက ဘာဖြစ်နေတာလဲ”

ဤရိုက်ချက်က စိတ်ဝိညာဉ်ကျား၏ အတွေးကို ပိုလို့ပင် ခိုင်မာသွားစေ၏။

“သွားပြီ.. တစ်ကယ်ကို သွားပြီ.. ဒီလူက အဲ့ဒါကို လုပ်ချင်ရုံတင် မဟုတ်ဘူး တင်ပါးကို ရိုက်ရတာလဲ ဝါသနာပါနေတာပဲ”

စိတ်ဝိညာဉ်ကျား၏ မျက်ဝန်းအိမ်ထဲမှ မျက်ရည်စီးကြောင်းနှစ်ခုက ထွက်ကျလာလေ၏။

စိတ်ဝိညာဉ်ကျားသစ်ကတော့ ဘေးကနေ၍ နာခံကျိုးနွံစွာ ထိုင်နေပြီး ရံဖန်ရံခါ သူ့မျက်လုံးထဲတွင် ‌‌ကြမ်းကြုတ်မှုက ပေါ်လာတတ်၏။

ဆူဇီမိုသည် စိတ်ဝိညာဉ်တောကောင်နှစ်ကောင်ရှေ့သို့ ရောက်လာပြီး မာဆတ်ဆတ် ဟောက်လိုက်၏။

“မင်းတို့နှစ်ကောင် အော်ကြည့်စမ်း”

စိတ်ဝိညာဉ်ကျား “. . .”

စိတ်ဝိညာဉ်ကျားသစ် “. . .”

စိတ်ဝိညာဉ်ကျားက စိတ်ကနေ ကြိတ်ပြီး ညည်းတွားလိုက်၏။

“ဒီလူရဲ့ ကာမစိတ်က တစ်ကယ်ကို ဖောက်ပြန်နေတာပဲ.. သူက ငါတို့ကို အဲ့ဒါ မလုပ်ခင် အရင် အော်စေချင်နေတာပဲ”

စိတ်ဝိညာဉ်ကျားသစ်က မနာခံဘဲ မနေရဲဘဲ ညင်သာစွာ အသံပြုအော်လိုက်၏။

၎င်းအသံသည် တောထဲက စိတ်ဝိညာဉ်တောကောင်များ၏ ကမ္ဘာတုန်မတတ် ကြောက်မက်ဖွယ်ရာ အသံနှင့် တူမနေဘဲ ခြင်တစ်ကောင်အသံနှင့် သွားတူနေ၏။

ဆူဇီမိုသည် စိတ်ဝိညာဉ်ကျားနှင့် ကျားသစ်ကို ခေါ်လာခဲ့ရသည့် အကြောင်းရင်းမှာ သူသည် သူတို့၏ ကြောက်မက်ဖွယ်ရာ ဟိန်းဟောက်သံများကို လေ့လာပြီး ခြင်ဆီသန့်စင်ခြင်းအပိုင်း၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ဖို့ ဖြစ်လေသည်။

သို့သော်လည်း စိတ်ဝိညာဉ်ကျားသစ်သည် ဆူဇီမို၏ ပြင်းထန်စွာ ရိုက်နှက်ခြင်းကို ခံရပြီးနောက် သူ့စိတ်ထဲ၌ ကြောက်ရွံ့စိတ်က ကြီးစိုးနေချေပြီ။ ဒီလူ၏ ရှေ့မှောက်၌ သူသည် ဘယ်လိုလုပ် မာန်ဖီဟိန်းဟောက်ရဲပါ့မလဲ။ အဲ့ဒါက နာချင်လို့ တုတ်တောင်းနေတာနှင့် မတူဘူးလား။

ဆူဇီမိုသည် တစ်ခဏမျှ မှင်တက်သွားပြီးနောက် စိတ်ဝိညာဉ်ကျားကို လှည့်ကြည့်လိုက်၏။

၎င်းသည် တုန်လှုပ်သွားပြီးနောက် စိတ်ထဲကနေ အားလျှော့ကာ သက်ပြင်းချလိုက်၏။

“အင်း.. အခြေအနေက ငါ့ကို ဒီလိုဖြစ်အောင် ဖိအားပေးလာပြီပဲ.. ဒီနေ့ကစလို့ ငါက သူ့အပိုင်ဖြစ်သွားပြီပဲ .. ဘာတတ်နိုင်ပါ့မလဲလေ”

မြေပေါ်မှာ ဝပ်ပြီးနောက် သူသည် ဆူဇီမိုကို မှီလိုက်ကာ မျက်လုံးကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။ ရှက်ကိုးရှက်ကန်းဟန်ဖြင့် သူက ညင်သာစွာ အော်လိုက်၏။

“ဝါး..ဝူ..”

ထိုသို့ အော်လိုက်ပြီးနောက် သူ့ကိုယ်သူ အားရကျေနပ်သွားကာ စိတ်ဝိညာဉ်ကျားသစ်ကို လှမ်းကြည့်လိုက်ပြီး တစ်ခုခုကို သွယ်ဝိုက်ပြောနေ၏။

“တွေ့လား. ငါ့လို ပြုမူ ရတယ်” ဟူ၍ပင်။

ဘာကြောင့်ရယ်မသိ ဆူဇီမိုသည် ကြက်သီးမွှေးညင်များ ထလာပြီး အလိုအလျောက် ပိတ်ကန်လိုက်လေ၏။

ဘုန်း!

စိတ်ဝိညာဉ်ကျား၏ မျက်လုံးထဲက အားရကျေနပ်မှုများက ပျောက်ကွယ်သွားပြီး ဆူဇီမို၏ ကန်ချက်ဖြင့် လွင့်ပျံသွားလေ၏။

စိတ်ဝိညာဉ်ကျားသစ်၏ ပါးစပ်က ဟသွားပြီး ရယ်ချလုမတတ် ဖြစ်သွား၏။

လူးလဲကျုံးထလိုက်ပြီးနောက် စိတ်ဝိညာဉ်ကျားက ထောင်းကနဲ ဒေါသထွက်သွားလေသည်။

“လခွမ်းပဲ.. ငါ မင်းကို ထပ်ပြီး အသုံးတော် မခံနိုင်တော့ဘူးကွ”

သို့သော်လည်း ဆူဇီမို၏ အေးစက်သော အကြည့်နှင့် ရင်ဆိုင်ရချိန်တွင် စိတ်ဝိညာဉ်ကျား၏ သတ္တိများက ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားပြီး မြေပေါ်တွင် ပြားနေအောင် ဝပ်ကာ ကလူ၏သို့ မြှူ၏သို့ ပုံစံဖြစ်သွား၏။

ထိုအချိန်၌ ၎င်းတွင် တောဘုရင်တစ်ပါးမှာ ရှိ‌သင့်သော မာန်မာနများ တစ်ခုမျှ မရှိတော့ပေ။ ဆူဇီမို ဖမ်းလာခဲ့သည်မှာ ကျားတစ်ကောင်မဟုတ်ဘဲ ကြောင်ပေါက်လေးတစ်ကောင်ကို ဖမ်းလာခဲ့သလို ဖြစ်နေလေသည်။

စိတ်ဝိညာဉ်ကျားက စိတ်အားငယ်သွားသော်လည်း ဆူဇီမိုက ပို၍ပင် အကြပ်ရိုက်နေလေ၏။

သူသည် ဤတောကောင်နှစ်ကောင်ကို ဖမ်း၍ ခြင်ဆီသန့်စင်ခြင်းအပိုင်း၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ချင်ခဲ့၏။ သို့သော်လည်း သူဖမ်းလာခဲ့သောတောကောင်များက  မှားယွင်းနေ၏။

စိတ်ဝိညာဉ်ကျားသစ်က အနည်းငယ် ကြောက်တတ်တာကလွဲလို့ ပုံမှန်လိုပင် ဖြစ်၏။

သို့သော် စိတ်ဝိညာဉ်ကျားကတော့ တစ်နည်းနည်းနဲ့... ....ထူးခြားနေ၏။

ပို၍ ထူးဆန်းသည်မှာ စိတ်ဝိညာဉ်ကျားသစ်က အထီးဖြစ်လေသည်။

စိတ်ဝိညာဉ်တောကောင်နှစ်ကောင်ကို ငေးကြည့်၍ ဆူဇီမိုသည် ၎င်းတို့ကို သတ်စားပစ်လိုက်ရင် ကောင်းမလားဟုပင် တွေးမိလာ၏။

စိတ်ဝိညာဉ်တောကောင်နှစ်ကောင်က အာရုံခံထက်မြက်၏။ သူတို့သည် ဆူဇီမို၏ သတ်ဖြတ်လိုစိတ်ကို အာရုံခံမိလိုက်ပြီး မြေပေါ်တွင် ဝပ်ကာ ကြောက်လန့်တကြား သနားစဖွယ်‌အော်ဟစ်နေ၏။

. . .

မဟာကျောက်တောအုပ်တွင်..

စိတ်ဝိညာဉ်တောင်ထွတ်၏ အကြီးအကဲဖေးဖူက အတွင်းစည်းတပည့် ၁၂ယောက်ဖြင့် မဟာကျောက်တောသို့ ရောက်လာပြီးနောက် မကြာမီ ကျိုးဝေတို့အုပ်စုကို တွေ့သွား၏။

ယခုအခါ သူတို့အားလုံး သတိရနေကြပေပြီ။ သို့သော်လည်း သူတို့အားလုံးသည် ပြင်းထန်စွာ ဒဏ်ရာရထားကြပြီး လှုပ်တောင်မလှုပ်နိုင်ဘဲ နေရာမှာပင် ဖျော့တော့စွာဖြင့် ညည်းညူအော်ဟစ်နေကြရ၏။

ရောက်ရောက်ချင်းမှာပင် ဖေးဖူသည် သူတို့ကို တစ်ချက်ဝေ့ကြည့်လိုက်၏။ မည်သူ့တွင်မှ သေစေလောက်သော ဒဏ်ရာ မရှိသည်ကို စစ်ဆေးတွေ့ရှိလိုက်ရပြီးမှသာ သုန်မှုန်စွာဖြင့် မေးလိုက်၏။

“ဘာတွေဖြစ်ခဲ့တာလဲ.. ဘယ်သူ လုပ်သွားတာလဲ”

“ကျတော် မသိပါဘူး”

ကော်ချုံးသည် ဝမ်းနည်းပက်လက်ဖြင့် မျက်ရည်များက ပေါက်ပေါက် ပေါက်ပေါက် ကျလာလေသည်။

“ကျတော်တို့ငါးယောက်က လှည့်လည်လျှောက်သွားရင်းနဲ့ မဟာကျောက်တောအုပ်အစပ်လဲ ရောက်ရော .. ဘယ်ကရယ်မသိ.. အပေါ်ပိုင်းအဝတ်ဗလာကျင်းနဲ့ ဗလတောင့်တောင့်လူကြီးတစ်ယောက်က ရောက်ချလာပြီး.. ဘာမပြောညာမပြောနဲ့ ကျတော်တို့ကို ဆော်ပလော်တီးတော့တာပါပဲဗျာ”

“သူ့နာမည်က ဘာတဲ့လဲ”

“ကျတော် မသိပါဘူး”

“သူက ဘယ်ဂိုဏ်းကတဲ့လဲ”

“ကျတော် မသိပါဘူး”

ဖေးဖူက စိတ်မရှည်‌တော့ဘဲ ဟောက်လိုက်၏။

“အဲ့ဒါဆို မင်းသိတာရော ဘာရှိလဲ”

“ကျတော်သိတာကတော့ သူက ဗလတောင့်တောင့်နဲ့ လူသန်ကြီးဆိုတာပါပဲ”

ဖေးဖူသည် ခဏကြာ တိတ်ဆိတ်၍ စဉ်းစားနေပြီးနောက် တစ်ဖန်ထပ်မေးလိုက်၏။

“အဲ့လူရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ”

“ပကတိ ချီစုဖွဲ့မှုအဆင့်ပါ”  ကော်ချုံးက တုံ့ဆိုင်းခြင်းမရှိ ချက်ခြင်း ဖြေလိုက်၏။

တစ်ကယ်‌တော့ တစ်ဖက်လူက ချီစုဖွဲ့မှု အဆင့်၅သာ ဖြစ်တာကို သူတို့ငါးယောက်လုံး သိထားကြ၏။ သို့သော်လည်း စိတ်ဝိညာဉ်တောင်ထွတ်က တပည့်ငါးယောက်ကို ချီစုဖွဲ့မှု အဆင့်၅သာ ရှိသေးသည့် လူတစ်ယောက်က ဆော်ပလော်တီးသွားသည်ဆို‌သော သတင်းသာ ပျံ့နှံ့သွားပါက လူအများ ဝိုင်းဟားစရာဖြစ်ပြီး သူတို့ ရှက်လို့ သေရပေလိမ့်မည်။

ထို့‌ကြောင့်ပင် သူတို့ကို ဆုံးမသွားသောသူအား ပကတိချီစုဖွဲ့မှုအဆင့်ဟု ပြောရန် ‌စောစောကတည်းက သူတို့ငါးယောက် တိုင်ပင်ထားကြပြီး ဖြစ်၏။

ဖေးဖူက မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။

“ဒါပေမယ့် မင်းတို့ကိုယ်ပေါ်က ဒဏ်ရာတွေက ကျင့်ကြံသူတစ်ယောက်က တိုက်ခိုက်ထားတာနဲ့ မတူပါလားကွ”

“အကြီးအကဲ သင်မသိဘူးနော်.. အဲ့လူက ခန္ဓာမီးဆေးကျင့်ကြံခြင်းနည်းစနစ် တစ်ခုခုကို လေ့ကျင့်ထားတာ ဖြစ်ရမယ်.. သူက အနီးကပ်တိုက်ခိုက်ရာမှာ အရမ်းကို သန်မာတာဗျာ.. ကျုပ်တို့ ဓါးပျံတွေဆို သူ့အသားကို ခြစ်ရာလေးတောင် ပေါ်အောင် မလုပ်နိုင်ဘူး” ကော်ချုံးက အလောတကြီး အားရပါးရ ရှင်းပြလိုက်၏။

“မင်းတို့ကောင်တွေ ဒီလောက်ဒဏ်ရာတွေ ရထားတာတောင် ဆေးလုံးတွေကို ဘာလို့ ထုတ်မသောက်ကြတာလဲ.. ဘာလဲ မင်းတို့က သေချင်နေကြတာလား”

“အဲ့ဒီ ဗလတောင့်တောင့်လူကြီးက ကျတော်တို့ သိုလှောင်အိတ်ထဲကဟာတွေ အကုန်လုံး အ‌ပြောင်ရှင်းသွားတာလေဗျာ.. ကျုပ်တို့က ဘယ်ကဆေးလုံးကို ထုတ်သောက်ရမှာလဲ.. ကျန်ခဲ့တာဆိုလို့ ဓါးပျံလေးနှစ်ချောင်းပဲ ရှိတော့တယ်”

ဖေးဖူးက သက်ပြင်းချလိုက်ပြီး လက်ပြလိုက်၏။

သူ့နောက်ရှိ အတွင်းစည်းတပည့်များက ရှေ့သို့ထွက်လာကြပြီး သူတို့ငါးယောက်ကို ဆေးလုံးများထုတ်၍ တိုက်လိုက်ကြ၏။

ထိုအချိန်မှာပင် သူတို့ရှိရာသို့ ပုံရိပ်နှစ်ခုက လေထဲကနေ လျှပ်စီးလို အမြန်နှုန်းဖြင့် ရောက်ချလာကြ၏။

သူတို့နှစ်ယောက်မှာ နတ်ပန်းပဲတောင်ထွတ်သခင်ဖြစ်သော ဖိုသီဖတ်သီအဖိုးအိုနှင့် အကြီးအကဲလျှိုတို့ ဖြစ်ကြလေသည်။

ဖိုသီဖတ်သီအဖိုးအိုက မျက်လုံးနှစ်ဖက်ကို တွန့်လိုက်ပြီး မေးလိုက်၏။

“မင်းတို့ကောင်တွေက ဘယ်လိုဖြစ်လို ဒီရောက်နေကြတာလဲ”

ဖေးဖူက သက်ပြင်းချလိုက်၏။

“ကျုပ်တို့တပည့်တွေက ဒီနေရာမှာ တိုက်ခိုက်ခံလိုက်ရလို့ စစ်ကူလာပေးတာပါ.. ခင်ဗျားတို့နှစ်ယောက်ကရော .. နတ်ပန်းပဲတောင်ထွတ်က တပည့်တွေလဲ တိုက်ခိုက်ခံရတာတော့ မဟုတ်ဘူးမလား”

ဖိုသီဖတ်သီအဖိုးအိုနှင့် အကြီးအကဲလျှိုသည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး ကော်ချုံးတို့အုပ်စုကို ကြည့်ကာ စိုးရိမ်ပူပန်စွာ မေးလိုက်၏။

“မင်းတို့ကောင်တွေ ငါတို့တောင်ထွတ်က အစမ်းတပည့် ဆူဇီမိုကိုရော မြင်မိကြသေးလား”

“ဟုတ်..ဟုတ်ကဲ့”

ကော်ချုံးသည် မလုံမလဲနှင့်ပင် မဟာကျောက်တောအုပ်ကို ညွှန်ပြလိုက်၏။

“သူ မဟာကျောက်တောထဲ ဝင်သွားတာကို ကျုပ် မြင်လိုက်ပါတယ်.. အခုထိတော့ ပြန်ထွက်လာတာ မတွေ့ရသေးပါဘူး”

“သွားပြီကွာ သွားပြီ ကိုယ်ကျိုး‌တော့ နည်းကုန်ပါပြီ”

ဖိုသီဖတ်သီအဖိုးအိုနှင့် အကြီးအကဲလျှိုတို့သည် ဝမ်းနည်းစိတ်ပျက်စွာနှင့် ယူကျုံးမရ ဖြစ်သွားကြ၏။

All Chapters