အားပြင်းသော ရိုက်ချက်
Vol. 21 Ch. 307
တစ်ခဏမျှ အုတ်အော်သောင်းတင်း ဖြစ်သွားပြီးနောက် ထိုလူသုံးယောက်သည် ကြမ်းပြင်ပေါ်၌ ညည်းတွား နေလေသည်။
ဟူရီဖေးသည် အခြေအနေကို မသိကျိုးကျွန်ပြု၍ ဘုရင်မတစ်ပါးကဲ့သို့ အေးစက်စက်အကြည့်ဖြင့် ကြည့်နေသည်။
“အမှိုက်ကောင်တွေ၊ ငါ နင်တို့နဲ့ ထပ်တွေ့လို့ကတော့ ပန်းတွေက ဘာလို့ နီနေတာလဲဆိုတာ သိအောင် လုပ်ပေးလိုက်မယ်”
သုံးယောက်သား ဒယိမ်းဒယိုင်ဖြင့် ထလာပြီး ဟူရီဖေးအား ကြောက်လန့်တကြား ကြည့်လေသည်။
“မင်း ဒီမှာ စောင့်နေလိုက်၊ ငါတို့ အားကစား အကယ်ဒမီကလူတွေ အဲ့လောက် လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ မရဘူး”
ထိုသို့ပြောပြီး သုံးယောက်လုံး ချက်ချင်း ပြေးထွက်သွားသည်။
“ဝါးးးး အစ်မရီဖေးက မိုက်လိုက်တာ၊ ကျွန်မကိုလည်း သင်ပေး၊ ကျွန်မကိုလည်း သင်ပေးပါ၊ အဲ့ဒါမှ နောက်ဆို ကျွန်မ လုရှောင်ပုကို ဆုံးမလို့ရမှာ”
ချန်မိန်ကျားက စိတ်လှုပ်ရှားလွန်း၍ ဟူရီဖေး၏ ပေါင်ကို ဖက်ထားမတတ် ဖြစ်နေလေသည်။
“နင်ကလား၊ အဲ့အကွက် မပြောနဲ့ ဆယ်ခါချတောင် ငါ့ရဲ့ ဗုဒ္ဓလက်ဝါးကို နိုင်မှာ မဟုတ်ဘူး”
လုရှောင်ပုက ပြန်ချေပသည်။
ချန်ချီချီက ရဲ့လင်းချန်အနားသို့တိုး၍ ကြောက်ရွံ့စွာ တီးတိုးပြောပြလေသည်။
“ရီဖေးက တိုက်ကွမ်ဒို သင်ထားတာလေ၊ ပြီးတော့ သူက ခါးပတ်နက်ရထားတဲ့ တစ်ဦးတည်းသော မိန်းကလေးပဲ၊ သူက အရမ်း ကြမ်းတာ၊ ငါတို့တစ်ခန်းလုံးကို အကြောက်တရားနဲ့ စိုးမိုးနေတာ၊ သူက သာမန်လူတွေ သွားရန်စလို့ ရတဲ့သူ မဟုတ်ဘူး”
“ချန်ချီချီ၊ နင် မစ္စတာရဲ့ရှေ့မှာ ငါ့အကြောင်း အတင်းတုပ်နေတာလား”
ဟူရီဖေးက အံကြိတ်၍ အေးစက်စက် အကြည့်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ချန်ချီချီ ကြောက်လန့်ကာ လှုပ်ပင် မလှုပ်နိုင်တော့ချေ။
ထိုစဉ် စားသောက်ဆိုင် မန်နေဂျာက ကြောက်လန့်နေသော အမူအရာဖြင့် ပြေးလာပြီး သူတို့ကို သတိပေးသည်။
“မင်းတို့တွေ မြန်မြန် ထွက်သွားသင့်တယ်၊ အဲ့သုံးယောက်ကို အားကစား အကယ်ဒမီက အထူးသီးသန့် ရွေးထားတာ၊ သူတို့အားလုံးမှာ သန်မာတဲ့ ခန္ဓာကိုယ်တွေ ရှိတယ်၊ သူတို့တွေက စိတ်သဘောထား သေးသိမ်ပြီးတော့ ဒီပတ်ဝန်းကျင်မှာ မထီမဲ့မြင် လုပ်နေတာ၊ သူတို့ သေချာပေါက် အကူ ခေါ်လာမှာပဲ”
အားကစား အကယ်ဒမီသည် ဤပတ်ဝန်းကျင်တစ်ဝိုက်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသည်။ သူတို့ ပြဿနာ ကြီးကြီးကျယ်ကျယ် မဖြစ်စေသရွေ့ သူတို့၏ အထူးအဆင့်အတန်းကြောင့် ရန်ပွဲ ဖြစ်လျင်တောင်မှ လက်ကိုသာလျင် ရိုက်လေ့ရှိသည်။ ထို့အပြင် သူတို့က အလွန်အမင်း စည်းလုံးညီညွတ်သည်။ တစ်ယောက်ကို ရန်စလိုက်ခြင်းက ပျားအုံကို တုတ်နဲ့ ထိုးလိုက်သလိုပင်။ ထိုပတ်ဝန်းကျင်မှ သူတို့လူများအားလုံး လက်စားချေရန် ရောက်လာတတ်၏။
“ဟင်းဟင်း ငါက သူတို့ကို ကြောက်စရာလား”
ဟူရီဖေးက ခနဲ့လေသည်။ သူမ၏ အမူအရာက ချက်ချင်း လေးနက်ဟန်သို့ ပြောင်းလဲသွားသည်။
“ဒါပေမဲ့ ငါ ရန်ဖြစ်တာကို မကြိုက်ဘူး၊ သွားကြတာပေါ့”
“နောက်ကျလွန်းသွားပြီ”
ရဲ့လင်းချန်က ပြောသည်။
“ဘာကို နောက်ကျလွန်းတာလဲ”
တစ်ဖွဲ့လုံး သတိလက်လွတ် ဖြစ်သွားလေသည်။ ထိုစဉ် အပြင်ဘက်မှ အော်သံတစ်သံကို သူတို့ ကြားလိုက် ရသည်။
“အားကစား အကယ်ဒမီက တပ်ကူ လာပြီဟေ့”
ထို့နောက်တွင် ဝုန်းဝုန်းဒိုင်းဒိုင်းအသံ ထွက်လာပြီး လူအယောက်နှစ်ဆယ်က စားသောက်ဆိုင်ထဲသို့ ပြေးဝင်လာ ကြသည်။ သူတို့အားလုံးက သတ်မှတ်ထားသော အားကစားစွပ်ကျယ် အနက်ရောင်ကို ဝတ်ဆင်ထားကြပြီး တစ်ယောက်ချင်းစီက ဖိနှိပ်သော အရှိန်အဝါတို့နှင့် ပြည့်နှက်နေ၏။
“ချီးပဲ၊ ထပ်ပြီးတော့ အားကစား အကယ်ဒမီပဲလား”
“အခြေအနေကို ကြည့်ရသလောက်ဆို တစ်ယောက်ယောက်က အားကစား အကယ်ဒမီကို ရန်စလိုက်တဲ့ပုံပဲ၊ ဆိုးတာပဲကွာ”
“သွားရအောင် အဲ့က ဒရာမာကို သွားကြည့်ရအောင်”
လမ်းသွားလမ်းလာများက အံ့ဩသွားကြပြီး သူတို့ဘာသာ ပြောဆိုနေကြသော်လည်း ဘယ်သူကမှ သူတို့ကို တားရန် ရှေ့တက်မလာကြချေ။
ဦးဆောင်လာသူက ခေါင်းတုံးဆံတောက်ကေ ညှပ်ထားသည့် ထွားကြိုင်းသော လူငယ်တစ်ယောက် ဖြစ်သည်။ သူက အေးစက်စွာ မေးမြန်းလာ၏။
“အားကစား အကယ်ဒမီက ငါ့လူတွေကို ဘယ်သူ ထိခိုက်အောင် လုပ်တာလဲ”
သူတို့ ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ရဲ့လင်းချန်တို့ စားပွဲဝိုင်းကို စိုက်ကြည့်လေသည်။
“အစ်မရီဖေး နင့်တိုက်ကွမ်ဒိုအကွက်ကို သုံးလို့ ရမလား”
လင်းဝမ်ယွီက ရဲ့လင်းချန်ကို အသနားခံသော အကြည့်ဖြင့် ကြည့်၍ တီးတိုး ပြောလိုက်သည်။
“အယောက်နှစ်ဆယ်တောင်၊ တိုက်ကွက်က အသုံးမဝင်ဘူး၊ ဗျူဟာ သုံးဆယ့်ခြောက်ခုမှာ ထွက်ပြေးတာက အကောင်းဆုံးပဲ”
ဟူရီဖေးက အသံကိုနှိမ့်၍ ပြောသည်။
“အစ်ကို ရှင် လူမှားနေပြီ၊ စောနကလူက ကျွန်မအစ်မပါ၊ ကျွန်မက ညီမလေးပါ”
ချန်မိကျားက ခါးသီးသော မျက်နှာနှင့် အားမရှိစွာ ပြောလိုက်သည်။
“အာ … ဟုတ်တယ်၊ ကျွန်မတို့ကလည်း ညီမတွေပါ”
“ကျွန်တော်တို့က မောင်ငယ်တွေပါ”
ချန်ချီချီနှင့် လုရှောင်ပုတို့ကလည်း ပြိုင်တူ ဖြေလေသည်။
ကတုံးဆံတောက်နှင့်လူက လှောင်ရယ်ပြီး သေစေနိုင်လောက်သော အကြည့်ဖြင့်ကြည့်လေသည်။
“ငါ့ကို ငတုံးများ ထင်နေလား၊ မင်း ငါ့လူတွေကို ထိခိုက်အောင် လုပ်ခဲ့တာလေ၊ မင်း ဒါကို ဘယ်လို ရှင်းမလဲ”
“ငါတို့ ဒါကို ဘယ်လို ရှင်းသင့်တယ်လို့ မင်း ထင်လဲ”
ထိုသို့သောအချိန်၌ ရဲ့လင်းချန်က ပြုံး၍ ဝင်ပြောလိုက်သည်။
“အဲ့အလှလေး သုံးယောက် ငါတို့ထဲက ရည်းစားတစ်ယောက် ရွေးရင်ရွေးလိုက်၊ ဒါဆို ငါတို့ မိသားစုအဖြစ် စဉ်းစားပေးမယ်၊ မဟုတ်ရင် မင်း ငါ့က ဆေးဖိုး ယွမ်တစ်သိန်း ပေးရမယ်၊ မဟုတ်လို့ကတော့ မင်းတို့ ဒီကနေ ထွက်သွားဖို့ မစဉ်းစားနဲ့”
ကတုံးဆံတောက်နှင့်လူက အေးစက်စွာ ပြောသည်။
သူ့အနောက်မှ လူများ၏ မျက်လုံးတွင် တဏှာစိတ်တို့ဖြင့် ပြည့်နှက်လာသည်။ သူတို့ အထဲဝင်လာကတည်းက ချိန်မိန်ကျားတို့ သုံးယောက်ထံမှ အကြည့်မလွှဲကြချေ။
*သူတို့က လှလွန်းတာပဲ၊ ခုနက သုံးယောက် သူတို့ကို သွားအီတာ မဆန်းတော့ဘူး၊ အမြင်ကောင်းသားပဲ*
“ခဏလေး ငါတို့ကို စဉ်းစားခွင့်ပေး”
ရဲ့လင်းချန် ပြန်ပြောလိုက်သည်။ လူတော်တော်များများ၏ အကြည့်က ရဲ့လင်းချန်ထံ ကျရောက်လာသည်။
*ဒါ သူရဲဘောကြောင်လွန်းတယ်*
ကတုံးဆံတောက်နှင့်လူက သူတို့ကို သူ့လက်ခုပ်ထဲ ရထားပြီးပြီဟုထင်ကာ မာန်တက်နေသော အကြည့်ဖြင့် ကြည့်နေသည်။
သို့သော် ရဲ့လင်းချန်က သူ့အိတ်ကပ်ထဲမှ မှတ်စုစာအုပ်ကို ထုတ်၍ ဖတ်နေသည်။ လူတိုင်း စပ်စုချင်လာသဖြင့် အနားတိုး၍ ကြည့်လိုက်ကြသည်။ သူတို့သည် “အရူးများနှင့် ဘယ်လို ညှိနှိုင်းရမလဲ” ဟူသည့် စာသား ရေးထားသည်ကို တွေ့လိုက်ရသည်။
“မင်း စဉ်းစားလို့ ပြီးပြီလား”
ကတုံးဆံတောက်နှင့်လူက စိတ်မရှည်စွာ မေးလိုက်သည်။
“ခဏလေး ဒီက အကြောင်းအရာက နည်းနည်း ရှုပ်ထွေးလို့”
ရဲ့လင်းချန်က တည်ငြိမ်စွာ ပြောလိုက်ပြီး နောက်စာအုပ်တစ်အုပ်ကို ထုတ်လေသည်။ ကတုံးဆံတောက်နှင့်လူ မျက်မှောင်ကြုတ် သွားပြီး အနားလာကြည့်သောအခါ “အရူးများနှင့် ဘယ်လို ညှိနှိုင်းရမလဲ အတွဲ ၂” ဟု ခေါင်းစဉ် တပ်ထားသည်ကိုသာ တွေ့လိုက်ရသည်။
“မင်း ငါ့ကို လာကစားရဲတယ်ပေါ့လေ”
ကတုံးဆံတောက်နှင့်လူ၏ အမူအရာက ချက်ချင်း ပျက်ယွင်းသွားသည်။ ထိုသို့ပြောပြီး သူက လက်ကိုမြှောက်၍ ရဲ့လင်းချန်ကို ဖမ်းချုပ်လေသည်။
“အစ်ကိုရဲ့ သတိထား”
လုရှောင်ပုနှင့် ချန်ချီချီတို့က ထထားပြီးသား ဖြစ်သည်။
သို့သော် ထိုလက်က တစ်ဝက်မျှသာ ဆန့်လိုက်နိုင်ပြီး ရှေ့သို့ တစ်လက်မမျှ မရွေ့နိုင်တော့ချေ။ ရဲ့လင်းချန်က အသာလေး ရိုက်ထုတ်လိုက်သောအခါ ကတုံးဆံတောက်နှင့်လူ ချက်ချင်း လွင့်ထွက်သွားသည်။
“ယီးပဲ မင်းက လက်တုံ့ပြန်ရဲတယ်ပေါ့လေ၊ ညီအစ်ကိုတို့ သူ့ကို ချကြစမ်း”
ကတုံးဆံတောက်နှင့်လူက အော်လိုက်သောအခါ လူအယောက်နှစ်ဆယ်က ချက်ချင်း သူတို့ကို ဝိုင်းလာသည်။
ချန်ချီချီတို့အဖွဲ့က ထရပ်ရန် ပြင်သော်လည်း ရဲ့လင်းချန်က အကြည့်ဖြင့် ရပ်လိုက်ရန် အချက်ပြသည်နှင့် တိုးသွားသည်။ ထို့နောက် သူက တစ်ယောက်တည်း ရှေ့တက်သွားသည်။
ရဲ့လင်းချန်၏ နောက်ကျောကို ကြည့်ပြီး သူတို့ အသာလေး နောက်ဆုတ်လိုက်ကြသည်။
“ထွီ … ဒီနေရာက ဘာနေရာလဲ မသိဘူးလား၊ မင်းက သူရဲကောင်း လုပ်ရဲတယ်ပေါ့လေ”
ကတုံးနှင့်လူက ထရပ်လိုက်ပြီး အမူအရာက ကြည့်ရဆိုးနေသည်။
“အခု ငါ နောက်ထပ် အခြေအနေတစ်ခုပါ ထပ်ပေါင်းမယ်၊ ဒူးထောက်ပြီး ခွင့်လွှတ်ဖို့ တောင်းပန်၊ မဟုတ်ရင် မင်းကို ငါ ဒီနေရာမှာ လှဲနေရအောင် လုပ်ပစ်လိုက်မယ်”
“ဒူးထောက်ပြီး တောင်းပန်ရမယ် ဟုတ်လား”
ရဲ့လင်းချန် ရယ်လိုက်သည်။
“အဲ့အကြံ ကောင်းသားပဲ”
ထိုသို့ပြောပြီး ကတုံးဆံတောက်နှင့်လူ၏ ပခုံးပေါ် လက်တင်၍ အားဖြင့် ဖိချလိုက်သည်။
ကတုံးဆံတောက်နှင့်လူသည် ဖိနှိပ်နိုင်သော စွမ်းအင်တစ်ခု ဝင်လာသည်ဟု ခံစားလိုက်ရသည်။ သူ့ခြေထောက်များ တုန်လာပြီး ကြမ်းပြင်ပေါ် ဒုန်းခနဲ ကျသွားလေသည်။
“ငါ ထမင်းစားနေတုန်း နှောင့်ယှက်ခံရတာကို မုန်းတယ်”
ရဲ့လင်းချန် အသာအယာ ပြောလိုက်သည်။ ထိုလှုပ်ရှားမှုက လူတိုင်းကို အံ့အားသင့်သွားစေသည်။
ဟူရီဖေးတို့အဖွဲ့သည် အချင်းချင်း ပြန်ကြည့်နေကြပြီး တစ်ယောက်ချင်းစီ၏ မျက်လုံးတွင် အံ့ဩဟန်တို့ ပြည့်နေသည်။
“သူ့ဆီ အတူတူ တက်ကြ”
အားကစား အကယ်ဒမီမှ အဖွဲ့ထဲက လူတစ်ယောက်က အော်လိုက်ပြီး ရဲ့လင်းချန်ထံ အားလုံး ပြေးတက် လာကြသည်။
“ငါ့နဂါးနိုင် လက်ဝါး ဆယ်ချက်ကို မြည်းကြည့်လိုက်”
ရဲ့လင်းချန်၏ မျက်နှာက လေးနက်လာပြီး ညာဘက်လက်ကို မြှောက်၍ လျှပ်စီးအလား ရိုက်နှက်လေသည်။
“ဖြောင်း ဖြောင်း ဖြောင်း”
လူအုပ်ကြီးသည် လက်တစ်ဖက်က ဆက်တိုက် လှုပ်သည်ကိုသာ မြင်လိုက်ရသည်။ တစ်ကြိမ် လှုပ်လိုက်တိုင်း ရိုက်သံများ ထွက်ပေါ်လာပြီး သူပြိုင်ဘက် အားလုံး၏ မျက်နှာပေါ် ဖြတ်သန်းသွားလေသည်။ တစ်ခဏအတွင်း လူအယောက် နှစ်ဆယ်သည် ပွင့်ဖတ်များ ကြွေသကဲ့သို့ အရပ်မျက်နှာအနှံ့သို့ လွင့်သွားကြသည်။
လူတစ်ယောက်တည်းက အယောက်နှစ်ဆယ်ကို တုံ့ပြန်ခွင့်ပင် မပေးဘဲ ရိုက်နှက်ခဲ့သည်။ ထိုသို့ မြန်ဆန် ပြင်းထန်သော ရိုက်နည်းက လူတိုင်းကို ခေါင်းနားပမ်း ကြီးသွားစေသည်။ ပွဲကြည့်နေသူများသည်လည်း အရိုက်ခံ လိုက်ရသူများ နည်းတူ အံ့ဩနေကြလေသည်။
သူတို့မျက်လုံးထဲတွင် ရဲ့လင်းချန်၏ ရိုက်ချက်များက သံလိုက်လိုပင်။ အယောက်နှစ်ဆယ်လုံးသည် အရိုက်ခံရန် ရဲ့လင်းချန်၏ လက်ဝါးရှေ့ မျက်နှာ အပ်လိုက်ကြသည်ဟုပင် ထင်ရလေသည်။
*အံ့ဩဖို့ကောင်းတဲ့ ဆန်းကြယ်မှုပဲ*
ထို့အပြင် အရိုက်ခံလိုက်ရပြီးသည်နှင့် အယောက်နှစ်ဆယ်လုံးက တန်းစီ၍ ပန်းပွင့်ဖတ်ချပ်များသဖွယ် လွင့်ထွက် သွားခဲ့ကြသည်။ ရင်သက်ရှုမောဖွယ် ကောင်းလှပေ၏။