မုန်တိုင်းတစ်ခု လာတော့မည်
Vol. 6 Ch. 87
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း ၈၇ - မုန်တိုင်းတစ်ခု လာတော့မည်
Translator – Than Toe Aung
“မင်္ဂလာပါ ဆရာ”
ယခုရောက်လာသောသူက နတ်ပန်းပဲတောင်ထွတ်သခင်ဖြစ်သော ဖိုသီဖတ်သီအဖိုးအို ဖြစ်လေသည်။ ဆူဇီမိုက ဦးညွှတ်၍ နှုတ်ဆက်လိုက်၏။
ဖိုသီဖတ်သီအဖိုးက ခေါင်းပြန်ညိတ်ပြလိုက်ပြီးနောက် သူ့အကြည့်က ဆူဇီမို၏ အနောက်ဘက်ရှိ စိတ်ဝိညာဉ်ကျားပေါ်သို့ ရောက်သွားပြီး မျက်မှောင်ကြုတ်လိုက်၏။
ယခုအခါ စိတ်ဝိညာဉ်ကျား၏ ရင်က ဗလောင်ဆူနေပေပြီ။ သူသည် ထွက်ပြေးနိုင်ဖို့ အခွင့်အရေးကို ရှာဖွေနေစဉ်မှာပင် ဘယ်ကရယ်မသိ အဖိုးအိုတစ်ယောက်က ရောက်ချလာပြီး သူတို့ ပြောနေပုံအရဆို ထိုသူက ဒီလူသား၏ ဆရာသခင်ဖြစ်၏။
“ငါတူးထားတဲ့ သေတွင်းက နက်သထက်နက်လာပြီပဲ.. ငါတော့..”
မျက်ခုံးကို တွန့်လိုက်ပြီး ဖိုသီဖတ်သီအဖိုးအိုးက မေးလိုက်၏။
“အဲ့ကောင်က မင်းရဲ့ စိတ်ဝိညာဉ်တောကောင်လား”
ကျင့်ကြံရေးလောကတွင် များစွာသော ကျင့်ကြံသူများသည် စိတ်ဝိညာဉ်တောကောင်များကို မွေးမြူထားကြပြီး တစ်ကယ့် ရင်ဆိုင်တိုက်ခိုက်ပွဲများတွင် ထိုစိတ်ဝိညာဉ်တောကောင်များက သူတို့ခွန်အား၏ တစ်တပ်တစ်အားအဖြစ် ပူးပေါင်းပါဝင်တိုက်ခိုက်ပေးလေ့ရှိ၏။
အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
ဖိုသီဖတ်သီအဖိုးအိုက စိတ်ဝိညာဉ်ကျားကို ကြည့်လိုက်ပြီးနောက် သုန်မှုန်စွာဖြင့် ပြောလိုက်၏။
“ဒီစိတ်ဝိညာဉ်ကျားက ပုံမှန်လိုပါပဲ.. ဘာမှ ထူးထူးခြားခြားလဲ မရှိပါဘူး.. ဘာပဲဖြစ်ဖြစ်လေ မင်း သူ့ကို ရွေးချယ်ပြီးသွားပြီဆိုရင်လဲ သွေးသစ္စာတော့ ကျိန်ဆိုခိုင်းထားမှပေါ့”
ဆူဇီမိုက ဆိတ်ဆိတ်သာ နေ၏။
ဖိုသီဖတ်သီအဖိုးအိုက ဆက်ပြောလိုက်၏။
“ကောင်လေး.. မင်းထားကွဲ့.. ငါတို့မျိုးနွယ်မဟုတ်တဲ့ အခြားသတ္တဝါတွေကို မင်းသတိထားမှ ရမယ်.. နောက်ပြီး လူသားနဲ့ သားရဲဆိုတာက မတူညီတဲ့လမ်းကြောင်းကိုယ်စီမှာ ရှိနေကြတာ.. တောကောင်တွေရဲ့ ဗီဇကို ပြောင်းလဲဖို့ဆိုတာ ခက်တယ်.. ငါတို့ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်က အများအားဖြင့် အားနည်းကြတယ်လေ.. အငိုက်မိလို့ တောကောင်တွေရဲ့ အလစ်ချောင်းတိုက်ခိုက်မှုကို ခံရပြီဆို အသက်ပါ ဆုံးပါးသွားနိုင်တယ်ကွ”
ကျင့်ကြံရေးလောကတွင် ကျင့်ကြံသူများက တောကောင်များ၏ သစ္စာဖောက်မှုကို ကာကွယ်ရန် သူတို့ကို သွေးသစ္စာကျိန်ဆိုခိုင်းထားလေ့ ရှိကြ၏။
သွေးသစ္စာကျိန်ဆိုပြီးပါက စိတ်ဝိညာဉ်တောကောင်များသည် သူတို့သခင်ကို သစ္စာဖောက်မည့် အတွေးဝင်လာတာနှင့် သွေးများ ပြောင်းပြန်စီးဆင်း၍ သေရပေလိမ့်မည်။
ကျင့်ကြံသူများသည် သန္ဓေပြောင်း အဆင့်မြင့်သားရဲ သို့မဟုတ် ရှေးဦးခေတ် မျိုးဇာတ်မြင့်သားရဲတို့ကို ရရှိထိန်းချုပ်နိုင်ပါက သူတို့၏ တိုက်ခိုက်ရည်က သိသိသာသာ တိုးတက်လာပေလိမ့်မည်။
သို့သော်လည်းပဲ သွေးသစ္စာကျိန်ဆိုခိုင်းမည့်သားရဲက သခင်လုပ်မည့်သူထက် ကျင့်ကြံခြင်းအဆင့် အရမ်းမြင့်မားနေလို့လည်း မဖြစ်ချေ။ နောက်ပြီး သွေးသစ္စာကျိန်ဆိုခိုင်းသည့် အချိန်တွင် သားရဲကလည်း ခုခံငြင်းဆန်ခြင်း မရှိစေဖို့ လိုလေသည်။ သို့မဟုတ်ပါက သွေးသစ္စာကျိန်ဆိုခြင်းက အထမြောက် အောင်မြင်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့်ပင် အချို့သော ထိပ်တန်းဂိုဏ်းကြီးများက သူတို့ဂိုဏ်းတွင် ပြိုင်စံရှား ပါရမီရှင်များ ပေါ်လာပါက မျိုးဇာတ်မြင့်သော သားရဲအကောင်ပေါက်လေးများ သို့မဟုတ် သားရဲဥများကို လက်ဆောင်ပေးကြခြင်း ဖြစ်လေသည်။
မျိုးဇာတ်မြင့်သော သားရဲများက မာနကြီး၍ အလွယ်တကူ အညံ့ခံလေ့ မရှိကြသော်လည်း အကောင်ပေါက်ကာစ အသိဉာဏ် ကောင်းကောင်းမဖွံ့ဖြိုးသေးသော အရွယ်တွင် သွေးသစ္စာကျိန်ဆိုခိုင်းခြင်းက အောင်မြင်ဖို့ အခွင့်များစွာ ပိုရှိလေသည်။
ဆူဇီမိုသည် ကျိယောင်ရွှယ်မှတစ်ဆင့် သွေးသစ္စာကျိန်ဆိုခြင်းအကြောင်းကို အရင်က ကြားဖူးခဲ့၏။ သို့သော်လည်း သူသည် ထိုအကြံဉာဏ်ကို ပယ်ချခဲ့လေသည်။
၎င်းမှာ တျဲယွဲ့ကြောင့် သို့မဟုတ် သူကိုယ်တိုင်က သားရဲကျင့်ကြံခြင်း နည်းစနစ်ကို လေ့ကျင့်နေခြင်းကြောင့် မဟုတ်ပေ။ တိတိကျကျပြောရလျှင် သူ၏ ပင်ကိုစရိုက်ကကို သူများက သူ့အား ဖိအားပေးခိုင်းစေလာလျှင် လက်သင့်မခံသလို သူကလည်း အခြားသူများကို ထိုသို့ မလုပ်ချင်ပေ။
ထိုလုပ်ရပ်သည် တစ်ဖက်သား၏ လွတ်လပ်သော ဘဝကို ဖျက်ဆီးပစ်လိုက်ခြင်းနှင့် တူလေသည်။
၎င်းက သူတို့ကို သတ်ပစ်တာထက်ပင် ရက်စက်ရာကျသေး၏။
ထိုထက်ပိုပြောရလျှင် ဆူဇီမိုသည် စိတ်ဝိညာဉ်တောကောင်များကို အခြားသော ပုံစံတစ်မျိုးနှင့် ချည်းကပ်ပေါင်းသင်းချင်၏။ ဥပမာ - သူနှင့် စိတ်ဝိညာဉ်မျောက်လိုမျိုး ဖြစ်လေသည်။
သွေးသစ္စာကျိန်ဆိုမထားသော်လည်း စိတ်ဝိညာဉ်မျောက်က သူ့အပေါ် ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဆိုတာကို သူပြောရဲလေသည်။
ဆူဇီမိုသည် သွေးသစ္စာကျိန်ဆိုခြင်းကို မည်သို့မည်ပုံ ပြုလုပ်ရမည် မသိသောကြောင့် တိတ်ဆိတ်နေသည်ဟု ဖိုသီဖတ်သီအဖိုးအိုက တွေးမိလိုက်၏။ သူသည် တစ်ချက်ရယ်လိုက်ပြီးနောက် သိုလှောင်အိတ်ထဲမှ စာရွက်အလွတ်တစ်ရွက်ကို ဆွဲထုတ်ကာ စာသားအချို့ ရေးသားပြီးနောက် ဆူဇီမိုကို ကမ်းပေးလိုက်၏။
“ဒီမှာ ယူလိုက် ရော့.. မင်းဆရာရဲ့ လက်ဆောင်ပေါ့ကွာ”
ဂိုဏ်းထဲ၌ သွေးသစ္စာကျိန်ဆိုခြင်းကဲ့သို့သော ဂါထာစာသားများကို ရယူလိုလျှင် တာဝန်ကျေပွန်အမှတ် အချို့နှင့် လဲလှယ်ယူရလေသည်။ ယခု ဖိုသီဖတ်သီအဖိုးအိုက ဆူဇီမိုကို တိတ်တဆိတ် မျက်နှာသာပေးလိုက်ခြင်း ဖြစ်၏။
စာရွက်ကို လက်ခံယူကာ ဆူဇီမိုသည် ခေါင်းညိတ်၍ ကျေးဇူးတင်လိုက်၏။
“ကဲကဲကောင်းပြီ.. မင်းနေရာကို ပြန်ရောက်ရင် အဲ့ကျားကို သွေးသစ္စာကျိန်ဆိုခိုင်းလိုက်ပေါ့.. အင်း နောက်ပြီးရင် ဟိုအစောင့်အဖိုးကြီးဆီသွားပြီး စိတ်ဝိညာဉ်တောကောင်အတွက် တံဆိပ်ပြား တောင်းလိုက်ဦး.. အဲ့ဒါကိုလဲ သိပ်မကြာစေနဲ့ ကြားလား” ဖိုသီဖတ်သီအဖိုးအိုက မှာကြားစရာရှိသည်များကို မှာကြားပြီးနောက် လေထဲသို့ ပျံတက်ကာ ဂိုဏ်းအပြင်ဘက်သို့ ထွက်သွားလေ၏။
ဆန်းကြယ်တောင်ထွတ်တွင် ကျင့်ကြံသူများ၏ စိတ်ဝိညာဉ်တောကောင်များတောင်မှ အသိအမှတ်ပြု တံဆိပ်ပြား လုပ်ရ၏။ ထို့မှသာ ၎င်းသည် မြူလွှာဝင်္ကပါကို ဖြတ်၍ ဂိုဏ်းထဲဂိုဏ်းပြင် အလွယ်တကူ ဝင်ထွက်သွားလာနိုင်ပေမည်။
သူ့မျက်စိရှေ့မှ ဖြစ်ပျက်ပုံများကို ကြည့်၍ စိတ်ဝိညာဉ်ကျားသည် ဝမ်းနည်းပက်လက်ဖြစ်သွားကာ တိတ်တဆိတ် ငိုကြွေးလိုက်၏။
“အခုမှ တစ်ကယ် သွားတာပဲကွာ.. ကိုယ်ကျိုးတော့ နည်းပါပြီ.. သွေးသစ္စာကျိန်ဆိုပြီးတာနဲ့ ငါဘယ်ကိုမှ ထွက်ပြေးလို့ရမှာ မဟုတ်တော့ဘူး.. ငါက သူ့ကို အသုံးတော်ခံရတော့မှာ”
ဆူဇီမိုသည် ဓါးပျံကို ထုတ်ယူလိုက်ပြီးနောက် စိတ်ဝိညာဉ်ကျားကိုပါ ခေါ်၍ ပျံသန်းလာခဲ့၏။ သိပ်မကြာမီ သူနေထိုင်ရာ တိုက်ခန်းသို့ ပြန်ရောက်လာခဲ့လေ၏။
တစ်လျှောက်လုံး ဆူဇီမိုသည် တိတ်ဆိတ်နေပြီး ဟန်အမူအယာ ကင်းမဲ့နေ၏။
လိုဏ်ဂူတိုက်ခန်းရှေ့သို့ ပြန်ရောက်လာပြီးနောက် ဆူဇီမိုသည် သွေးသစ္စာပြုလုပ်ပုံအကြောင်း ရေးသားထားသော စာရွက်ကို အမှုန့်များ ဖြစ်သွားသည့်အထိ ပွတ်ချေလိုက်ပြီး လေထဲသို့ ဖြန့်ကျဲလိုက်၏။
စိတ်ဝိညာဉ်ကျားသည် ထိုအရာကို မြင်သောအခါ ပါးစပ်အဟောင်းသားနှင့် တုန်လှုပ်သွားလေသည်။
သူသည် ဆူဇီမိုကို လမ်းတစ်လျှောက်လုံး ကြည့်လာခဲ့၏။ ထိုလူက သွေးသစ္စာကျိန်ဆိုခြင်းစာရွက်ကို တစ်ချက်မျှ မကြည့်ရသေးပေ။
ယခုသူက ထိုစာရွက်ကို ဖျက်ဆီးပစ်လိုက်သည်ဆိုတော့ သူက နဂိုကတည်းက သွေးသစ္စာမည်သို့ ပြုလုပ်ရသည်ဆိုတာကို သိထားပြီးသားလား။
ဆူဇီမိုသည် စိတ်ဝိညာဉ်ကျားကို ထူးမခြားနားပုံစံနှင့်ပင် လှည့်ကြည့်လိုက်၏။
“ငါက မင်းကို သွေးသစ္စာကျိန်ဆိုခိုင်းမှာ မဟုတ်ဘူး.. မင်းငါနဲ့နေမှာဆိုရင် ခေါင်းညိတ်ပြ.. ဟုတ်ပြီလား.. မနေဘူးဆိုရင်လဲ လစ်လို့ ရပြီ”
စိတ်ဝိညာဉ်ကျားက ကြောင်အသွား၏။
ရွေးချယ်မှု!
သူ့ဘက်က ငြင်းဆန်လျှင်တောင် ဤလူက သူ့ကို သွေးသစ္စာအတင်းကျိန်ဆိုခိုင်းနိုင်သော အစွမ်းအစ ရှိ၏။ သို့သော်လည်း ဤလူက အခု သူ့ကို ရွေးချယ်ခွင့် ပေးနေ၏။
စိတ်ဝိညာဉ်ကျား၏ ရင်ထဲတွင် ယုံကြည်မှုနှင့် လေးစားမှုတို့က လျှံတက်လ၏။
ရုတ်တရတ်ဆိုသလို စိတ်ဝိညာဉ်ကျား၏ ဦးခေါင်းထဲသို့ သွေးများက ဝုန်းကနဲ တိုးဝင်ချလာပြီး သူ့စိတ်က ဗလာကျင်းသွား၏။ မသိလိုက်မသိဖာသာနှင့်ပင် သူသည် ကြက်အစာကောက်သလို ခေါင်းကို တစ်ဆတ်ဆတ် ညိတ်ပြနေမိ၏။
ဆူဇီမိုက ဟက်ကနဲ တစ်ချက်ရယ်လိုက်၏။
“ကောင်းပြီလေ.. မင်းက ငါ့နောက်ကို လိုက်ပြီဆိုမှတော့ ငါ့ကိုတော့ သစ္စာမဖောက်ရဘူးပေါ့.. မင်းဘက်က ကောင်းကောင်းမွန်မွန်နေရင် ငါကလဲ မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံမှာပါ”
လူတစ်ယောက်နှင့် ကျားတစ်ကောင်သည် မသိလိုက်သော်လည်း သူတို့၏ အထက် တိမ်လွှာများကြားတွင် မျက်လုံးတစ်စုံက သူတို့ကို ဖောက်ထွင်း၍ ကြည့်နေပြီး သူတို့ပြောနေသော စကားများကို နားထောင်နေ၏။
ဆူဇီမိုသည် လိုဏ်ဂူတိုက်ခန်းထဲသို့ ဝင်လိုက်ပြီး စိတ်ဝိညာဉ်ကျားကလည်း အနောက်ကနေ ကပ်ပါလိုက်သွားလေ၏။
တိမ်လွှာများကြားတွင် ဧရာမ အတောင်ပံကြီးများကို ရိုက်ခတ်လိုက်ပြီးနောက် ကြိုးကြာကြီးတစ်ကောင်သည် ဆန်းကြယ်တောင်ထွတ်ဘက်သို့ ပျံသန်းသွားလေ၏။
လိုဏ်ဂူတိုက်ခန်းထဲသို့ ပြန်ရောက်လာပြီးနောက် စိတ်ဝိညာဉ်ကျားသည် အရင်ရက်များက နှိပ်စက်ညှင်းပန်းခံခဲ့ရပုံများကို ပြန်လည်တွေးမိသွားပြီးနောက် နောင်တများက ရလာလေ၏။
“သေစမ်းကွာ.. ငါစောစောက ဘာဖြစ်သွားတာပါလိမ့်.. ငါဘာလို့ အဲ့လောက် အလောတကြီး ခေါင်းညိတ်လိုက်ရတာလဲကွာ.. အဲ့လူက ငါ့ကို ပြုစားလိုက်ပြန်ပြီထင်တယ်”
စိတ်ဝိညာဉ်ကျားသည် သူ့ဆုံးဖြတ်ချက်နှင့် ပတ်သတ်ပြီး နောင်တရနေလေ၏။
သို့သော်လည်း သူသည် သဘောတူခဲ့ပြီ ဖြစ်သောကြောင့် တစ်ခဏအတွင်း ပေးခဲ့ပြီးသော ကတိကို ဖောက်ဖျက်ရမှာလဲ ရှက်စရာကောင်းသည်ဟု သူခံစားမိ၏။
“သူက ငါ့အပေါ်မှာ အဲ့ဒါကို မလုပ်သရွေ့ ငါလက်ခံလို့ ရပါတယ်.. တစ်ခါတစ်လေ အော်ခိုင်းတာလောက်တော့ ကိစ္စမရှိပါဘူးလေ.. အခုလောလောဆယ်တော့ အခြေအနေအရ ဒီမှာပဲ နေရတာပေါ့.. နောက်ပြီး သူက ငါ့ကို သွေးသစ္စာကျိန်ဆိုခိုင်းထားတာမှ မဟုတ်ဘဲ .. ငါ လွတ်လွတ်လပ်လပ် သွားလာလို့ ရနေတာပဲလေ”
ထိုသို့တွေးပြီးနောက် စိတ်ဝိညာဉ်ကျား၏ စိတ်သည် တစ်ဖန် ပြန်ပေါ့ပါးသွားပြီး ဆူဇီမိုနှင့် အတူ လိုဏ်ဂူတိုက်ခန်း၌ နေဖို့ ဆုံးဖြတ်လိုက်လေ၏။
စိတ်ဝိညာဉ်တောကောင်တစ်ကောင် တိုးလာခြင်းက ဆူဇီမို၏ နေထိုင်မှုပုံစံအပေါ် အကျိုးသက်ရောက်မှု မရှိပေ။
ထိုအချိန်မှစ၍ စိတ်ဝိညာဉ်ကျားသည် အပြင်သို့ အစာထွက်ရှာလေ့ရှိပြီး ပြန်လာလျှင် ဆူဇီမိုအတွက်ပါ ယူလာလေ့ရှိ၏။
ထိုအချိန်မှစ၍ ဆူဇီမိုသည် သူ၏ အချိန်များကို ညဘက်တွင် ခြင်ဆီသန့်စင်ခြင်းအပိုင်းအား ကျင့်ကြံခြင်း၊ နေ့ဘက်တွင် သူ၏ ကျင့်ကြံမှုအား အဆင့်မြှင့်တင်ခြင်းနှင့် လက်နက်သွန်းလုပ်ခြင်းတို့တွင် အများအားဖြင့် အသုံးပြုခဲ့လေ၏။
ဖိုသီဖတ်သီအဖိုးအိုက သူ့ကို အထာပြခဲ့သောကြောင့် သူသည် လက်နက်သွန်းလုပ်ခြင်းနှင့် ပတ်သတ်၍ သံသယများပေါ်လာပြီး မရှင်းတာများရှိလျှင် အဖိုးအိုကို သွားရှာရင်းနှင့် ရုပ်သံမှတ်တမ်းများကိုပါ တစ်ခါတည်း ကြည့်ခဲ့လေ၏။
ထို့ကြောင့် အချိန်တစ်ခုကြာပြီးနောက် ဆူဇီမိုသည် လက်နက်သွန်းလုပ်ခြင်း၏ ပထမလေးဆင့်ကို အတော်လေး နောကျေနေပေပြီ။
သို့သော်လည်း သူ့ကို တစ်ကယ်တမ်း အခက်တွေ့စေတာက ပဥ္စမမြောက်အဆင့်ဖြစ်သော စိတ်ဝိညာဉ်စုဆောင်းခြင်း ဖြစ်လေသည်။
ထိုအဆင့်၌ သူသည် ရှေ့မတက်နိုင်ဖြစ်နေပြီး အခုအချိန်ထိ အဆင့်နိမ့်စိတ်ဝိညာဉ် ဓါးပျံတစ်ချောင်းကိုပင် ပြုလုပ်နိုင်ခြင်း မရှိသေးပေ။ ယခုအခါ သူ့သိုလှောင်အိတ်ထဲတွင် စိတ်ဝိညာဉ်တုဓါးပျံများက ပုံထပ်နေပြီ ဖြစ်လေသည်။
ဖိုသီဖတ်သီအဖိုးအိုက တစ်ခါက ပြောဖူး၏။ နတ်ပန်းပဲဆရာများ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံများမှ ထူးခြားသော ဆဋ္ဌမမြောက်အာရုံတစ်မျိုး ပေါ်ပေါက်လာတတ်ပြီး ၎င်းက စိတ်ဝိညာဉ်စုဆောင်းရာ၌ များစွာ အထောက်အကူ ပြုပေးလေသည်။
အဆင့်မြင့် နတ်ပန်းပဲဆရာများအတွက်တော့ .. စိတ်ဝိညာဉ်အင်းကွက်တစ်ခုရအောင် စုဆောင်းပြီး အဆင်နိမ့်စိတ်ဝိညာဉ်လက်နက်တစ်ခု ဖန်တီးခြင်း၏ အောင်မြင်နိုင်ချေက ၁၀၀%နီးပါး ရှိလေသည်။
ဆူဇီမိုတွင် ဆဋ္ဌမမြောက်အာရုံလိုမျိုး အာရုံခံသတိစိတ်တစ်ခု ရှိ၏။ သို့သော်လည်း ၎င်းက နတ်ပန်းပဲဆရာများမှာရှိသော အရာနှင့် မတူကွဲပြားနေ၏။
သူသည် စိတ်ဝိညာဉ်စုဆောင်းခြင်းတွင် အာရုံခံသတိစိတ်ကို အသုံးပြုကြည့်သော်လည်း အချည်းနှီးပင် ဖြစ်လေသည်။
ထိုသို့ နေထိုင်ရင်းနှင့် နတ်ပန်းပဲတောင်ထွတ်၏ နောက်ထပ် လကုန်စမ်းသပ်ပွဲကျင်းပသည့် အချိန်သို့ ရောက်လာခဲ့၏။ ဖုန်ဟောက်ယွီသည် နောက်တစ်ဖန် နတ်ပန်းပဲတောင်ထွတ်သို့ ရောက်လာကာ ချီစုဖွဲ့စစ်သည်တော်အချို့ကို ဆူဇီမို၏ လိုဏ်ဂူတိုက်ခန်းရှေ့သို့ စေလွှတ်ပြီး သူနှင့် ယှဉ်ပြိုင်ဖို့ ဆူဇီမိုကို စိန်ခေါ်ခဲ့လေသည်။
သို့သော်လည်း ဆူဇီမိုက ငြင်းဆန်ခဲ့၏။
ပြီးခဲ့သည့် လကုန်စမ်းသပ်ပွဲတုန်းက ဆူဇီမို ဝင်ပြိုင်ရသည်မှာ သူသည် စီနီယာများ၏ ရုပ်သံမှတ်တမ်းကို ကြည့်ရှုခွင့် ရလိုသောကြောင့် ဖြစ်၏။ သို့သော် ယခုအခါ ထိုရုပ်သံမှတ်တမ်းများကို သူသည် စိတ်ရှိတိုင်း ကြည့်ခွင့်ရနေပေပြီ။ ထို့ကြောင့် စမ်းသပ်ပွဲသို့ သွား၍ သူ့အချိန်များကို သွားဖြုန်းနေစရာ မလိုတော့ပေ။
ဖုန်ဟောက်ယွီ၏ စိန်ခေါ်မှုကို သူသည် နည်းနည်းလေးမျှ အဖက်မလုပ်ပေ။
ထိုအချိန်တုန်းက ဆူဇီမို မသိခဲ့သည်မှာ သူ၏ စိန်ခေါ်မှုကို ငြင်းပယ်ခြင်းက ဆန်းကြယ်တောင်ထွတ်၏ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးသော မုန်တိုင်းတစ်ခုကို သွယ်ဝိုက်၍ ဖြစ်ပေါ်လာစေလိမ့်မည်ဆိုတာကိုပင်။