တောင်ထွတ်နှစ်ခုကြားက စိန်ခေါ်ပွဲ
Vol. 6 Ch. 88
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း ၈၈ - တောင်ထွတ်နှစ်ခုကြားက စိန်ခေါ်ပွဲ
Translator – Than Toe Aung
ဟိုလှည့်ဒီလှည့်နှင့်ပင် ဆူဇီမို ဂိုဏ်းသို့ ရောက်လာခဲ့သည်မှာ နှစ်လကျော်သွားလေပြီ။
အချိန်ကား ယခု ပြက္ခဒိန်နှစ်၏ နှစ်လယ်ပိုင်းသို့ ရောက်လာ၏။
ဤနေ့တွင် ဆူဇီမိုသည် သူ၏ တိုက်ခန်းထဲမှာနေ၍ စိတ်ဝိညာဉ်စုဆောင်းခြင်း နည်းလမ်း အကြောင်း စဉ်းစားနေ၏။ ထိုစဉ် စိတ်ဝိညာဉ်ကျားက သူတို့ဘက်သို့ တစ်ယောက်ယောက် ဓါးပျံစီးနင်း၍ လာနေသောအသံကို ကြားလိုက်ရ၏။
သိပ်မကြာခင် သူ့တိုက်ခန်းတံခါးကို အလောတကြီး ခေါက်လိုက်သော အသံက ထွက်ပေါ်လာ၏။
“နောင်ကြီး.. အထဲမှာ ရှိတယ်မလား.. တံခါးဖွင့်ပါဦးဗျ” ဖက်တီးလေး၏ အော်သံက ထွက်ပေါ်လာ၏။
ဆူဇီမိုသည် သက်ပြင်းချလိုက်၏။ သူစိတ်ကူးပုံဖော်စဉ်းစား၍ ကောင်းနေစဉ်မှာပင် အာရုံက ပျက်သွားရပေပြီ။ သူသည် ကျောက်ခုတင်မှ ထလာပြီးနောက် စိတ်ဝိညာဉ်ကျားနှင့်အတူ လိုဏ်ဂူတိုက်ခန်းအပြင်ဘက်သို့ ထွက်လာခဲ့၏။
စိတ်ဝိညာဉ်ကျားက ဖက်တီးလေး၏ အရပ်ထက်ပင် ပိုမြင့်နေသေး၏။ ဖက်တီးလေးသည် ရုတ်တရတ် ကြောက်လန့်သွားပြီး လှည့်ပြေးတော့မလို့ပင် ဖြစ်သွား၏။
စိတ်ဝိညာဉ်ကျား၏ လည်ပင်းပေါ်မှ စိတ်ဝိညာဉ်တောကောင်တံဆိပ်ပြားကို မြင်မှသာ ဖက်တီးလေးသည် စိတ်သက်သာရာရသွားပြီး ရယ်မောပြောလိုက်၏။
“နောင်ကြီး.. ခင်ဗျားက မိုက်တယ်ဗျာ.. စိတ်ဝိညာဉ်တောကောင်တွေ ဘာတွေနဲ့တောင် ဖြစ်သွားပြီ”
“ဘာအရေးကိစ္စရှိလို့ အဲ့လောက် ရေးကြီးသုတ်ပျာ ရောက်လာရတာလဲ” ဆူဇီမိုသည် ဖက်တီးလေး၏ မျက်နှာမှ ချွေးသီးများကို မြင်လိုက်ရ၏။ အရေးကြီး ကိစ္စတစ်ခုခု ပေါ်လာလို့ သူရောက်လာတာ ဖြစ်ရပေမည်။
သူ့နဖူးကို လက်ဝါးဖြင့် ရိုက်၍ ဖက်တီးလေးက အလောတကြီး ပြန်ဖြေလိုက်၏။
“နောင်ကြီး .. အခြေအနေတွေကတော့ မကောင်းလှဘူး.. အခု ကျုပ်တို့ တောင်ထွတ်က စိတ်ဝိညာဉ်ပြိုင်ကွင်းမှာ နတ်ပန်းပဲတောင်ထွတ်က တပည့်တွေနဲ့ စိတ်ဝိညာဉ်တောင်ထွတ်က တပည့်တွေက စိန်ခေါ်ထိုးသတ်နေကြတယ်”
“ဟမ်”
ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။
“သေချာရှင်းအောင် ပြောစမ်းပါ.. ဘာတွေဖြစ်နေတာလဲ”
“ဒါက ဒီလိုဗျာ”
ဖက်တီးလေးသည် သူ့အတွေးများကို စုစည်းလိုက်ပြီးနောက် အဖြစ်အပျက်တစ်ခုလုံးကို ပြန်ပြောင်းပြောပြလိုက်၏။
နားထောင်နေရင်းနှင့် ဆူဇီမို၏ အကြည့်များက အေးစက်သထက်အေးစက်လာလေသသည်။
တောင်ထွတ်နှစ်ခု၏ တပည့်များအကြား ပဋိပက္ခပေါ်လာရခြင်း အကြောင်းရင်းက သူ့ကြောင့်ပင်။
ဤရက်များအတွင်း ဆူဇီမိုသည် သူ့တိုက်ခန်းအတွင်းမှာသာ နေပြီး အပြင်သို့ ထွက်ခဲလေသည်။ သူသည် လကုန်စမ်းသပ်ပွဲများတွင် ဝင်မပြိုင်ရုံသာမက ဖုန်ဟောက်ယွီ၏ စိန်ခေါ်မှုကိုလည်း လျစ်လျူရှုထားခဲ့၏။ သို့သော်လည်း ထိုလုပ်ရပ်ကြောင့်ပင် ဆူဇီမိုသည် သူ့ကို အထင်သေး အဖက်မလုပ်ခြင်းဖြစ်သည်ဟု ဖုန်ဟောက်ယွီက ခံစားခဲ့ရ၏။
ထိုအရာသည် သူ့အတွက် စောက်ကားခံရခြင်းပင် ဖြစ်လေသည်။
ထို့ကြောင့် ဆူဇီမိုသည် စိန်ခေါ်တာတောင် လက်မခံရဲသော ပုန်းရှောင်နေသော ငကြောက်တစ်ယောက်သာ ဖြစ်သည်ဟု စိတ်ဝိညာဉ်တောင်ထွတ်က တပည့်များက လှောင်ပြောင်ခဲ့ကြ၏။
နတ်ပန်းပဲတောင်ထွတ်မှ တပည့်များသည် ဤသည်ကို ကြားသိရသောအခါ မခံမရပ်နိုင် ဖြစ်ကြပြီး ပြန်လှန်ပြောကြရင်းနှင့် အခြေအနေတွေက တင်းမာလာကာ ပိုဆိုးလာ၏။
ဤနေ့ကို အရောက်မှာတော့ တင်းမာမှုများက ပေါက်ကွဲထွက်လာပြီး တစ်ဦးချင်း စိန်ခေါ်ထိုးသတ်ပွဲများအထိ ရောက်လာခဲ့ခြင်း ဖြစ်လေသည်။
ပြောရလျှင် နတ်ပန်းပဲတောင်ထွတ်တွင် ဆူဇီမိုတစ်ယောက်သာ ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ်ကို ပိုင်ဆိုင်လေသည်။ သူတို့သည် တိုက်ခိုက်ခြင်း နည်းစနစ်များ၌လည်း သိပ်ပြီး ကျွမ်းကျင်မှု မရှိကြပေ။
နတ်ပန်းပဲတောင်ထွတ်မှ တပည့်အများစုသည် ကျင့်ကြံခြင်း အဆင့်မြှင့်တင်ခြင်းနှင့် လက်နက်သွန်းလုပ်ခြင်း၌သာ အချိန်ကုန်ကြသည် များလေသည်။ သူတို့သည် တိုက်ခိုက်လေ့ကျင့်မှုများကို သိပ်မလုပ်ကြပေ။
ကျင့်ကြံမှု အဆင့်ခြင်း တူနေလျှင် နတ်ပန်းပဲတောင်ထွတ်မှ တပည့်များသည် စိတ်ဝိညာဉ်တောင်ထွတ်မှ တပည့်များထက် တိုက်ခိုက်ရည်၌ များစွာ နိမ့်ကျလေသည်။ ထပ်ပြီးပြောရလျှင် သူတို့က အဆင့်တစ်ဆင့် ပိုမြင့်နေလျှင်တောင် အသာရဖို့ ခက်ခဲလေသည်။
ဤစိန်ခေါ်ပွဲတွင် နတ်ပန်းပဲတောင်ထွတ်က မည်သို့မျှ အသာရနိုင်ခြင်း မရှိပေ။
မည်သည့်စကားမျှ ထပ်မပြောတော့ဘဲ ဆူဇီမိုသည် သူ့ဓါးပျံကို ထုတ်ယူလိုက်ပြီး သုန်မှုန်စွာ ပြောလိုက်လေသည်။
“သွားမယ်လာ.. စိတ်ဝိညာဉ်တောင်ထွတ်ကို”
စိတ်ဝိညာဉ်ကျားကလည်း ဓါးပျံပေါ်ကို ခုန်တက်လိုက်၏။ ဆူဇီမို၏ စိတ်ဝိညာဉ်တောကောင်အနေဖြင့် သူသည်လည်း လိုက်ပါရပေမည်။
ဤအချိန်တွင် ဆူဇီမိုသည် ချီစုဖွဲ့မှုအဆင့်၆ သို့ ရောက်နေပေပြီ။ သူ၏ ဓါးပျံစီးနင်းသွားသော အမြန်နှုန်းက ဖက်တီးလေးနှင့် မတိမ်းမယိမ်းပင် ဖြစ်လေသည်။ ဖက်တီးလေးက ချီစုဖွဲ့မှုအဆင့်၇ ဖြစ်၏။
ဖက်တီးလေးနှင် ဆူဇီမိုတို့ နှစ်ယောက်စလုံးသည် ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်သူများ ဖြစ်ကြ၏။
သို့သော်လည်း ယခု သူတို့နှစ်ယောက်၏ အမြန်နှုန်းက မကွာလှသောကြောင့် ဆိုလိုသည်မှာ ဆူဇီမို၏ စိတ်ဝိညာဉ်ချီသည် ဖက်တီလေးထက် ပို၍ အရည်အသွေးကောင်းသည်ဟု သွယ်ဝိုက်ဖော်ပြနေလေသည်။
“ဒါက သိပ်တော့ အဓိပ္ပါယ်မရှိဘူး”
ဖက်တီးလေးက ဝေခွဲမရ ဖြစ်သွား၏။
“နောင်ကြီး စိတ်လိုက်မာန်ပါတွေ လျှောက်မလုပ်နဲ့နော်” သူတို့သည် စိတ်ဝိညာဉ်တောင်ထွတ်သို့ ရောက်တော့မည် ဖြစ်လေသည်။ ဖက်တီးလေးက ဆူဇီမို၏ မျက်လုံးထဲက အေးစက်မှုကို မြင်သောအခါ မလုပ်သင့်တာများ မလုပ်မိစေရန် စိုးရိမ်စိတ်ဖြင့် သတိပေးလိုက်၏။
ဆူဇီမိုက ဘာမှ ပြန်မပြောပေ။
ဆန်းကြယ်တောင်ထွတ်တွင် ကျင့်ကြံသူများကို ဒီတိုင်းလက်လွတ်စပယ် တိုက်ခိုက်ခွင့် ပေးမထားပေ။ သူတို့အချင်းချင်း မကျေလည်စရာများ ဖြေရှင်းဖို့ လိုလာလျှင် ထိုအရာကို သူတို့သည် စိတ်ဝိညာဉ်ပြိုင်ပွဲစင်ပေါ်တွင် ပြုလုပ်ခွင့် ရှိလေသည်။
တောင်ထွတ်တစ်ခုစီတိုင်းတွင် သူတို့၏ ကိုယ်ပိုင် စိတ်ဝိညာဉ်ပြိုင်ကွင်းများရှိပြီး ၎င်းက တောင်ထွတ်၏ အနောက်အရပ်တွင် တည်ရှိလေသည်။
အနောက်အရပ်ဆိုသည်မှာ သတ္တုဒြပ်စင်ကို ကိုယ်စားပြုပြီး တိုက်ခိုက်သတ်ဖြတ်ခြင်း၏ သင်္ကေတပင် ဖြစ်လေသည်။
သို့သော်လည်း စိတ်ဝိညာဉ်ပြိုင်ကွင်းတွင်တောင်မှ ကျင့်ကြံသူများကို တစ်ဖက်လူအား သတ်ဖြတ်ခြင်း၊ ကျင့်ကြံမှုကို ဖျက်ဆီးခြင်းတို့ မပြုလုပ်ရန် တားမြစ်ထားလေသည်။ ၎င်းသည် အနိုင်အရှုံးကို အဆုံးအဖြတ်ခံယူရသော နေရာတစ်ခုသာ ဖြစ်ရပေမည်။
သို့စေကာမူ တစ်ကယ်တမ်း တိုက်ခိုက်ကြပြီးဆိုလျှင် .. နှစ်ဖက်သားက အကြိတ်အနယ် ယှဉ်ပြိုင်ရသည့်အခါ သေရေးရှင်ရေး အနေအထားသို့ ကျရောက်လာတတ်ပြီး ထိုအချိန်တွင် ခွန်အားကို ထိန်ချန်ထိန်းချုပ်နိုင်ဖို့ ခက်ခဲသောကြောင့် မတော်တဆ အပြင်းအထန် ထိခိုက်စေမှုများကလည်း စိတ်ဝိညာဉ်ပြိုင်ပွဲစင်ပေါ်တွင် မကြာခဏ ဖြစ်ပွားလေ့ ရှိလေသည်။
သိပ်မကြာမီမှာပင် ဆူဇီမိုနှင့် ဖက်တီးလေးသည် စိတ်ဝိညာဉ်တောင်ထွတ်သို့ ရောက်ရှိလာကြလေသည်။ အနောက်ဘက်အရပ်တွင် များစွာသော တပည့်များက စုဝေးနေကြလေသည်။
ဆူဇီမိုနှင့် ဖက်တီးလေးသည် စိတ်ဝိညာဉ်ပြိုင်ပွဲစဉ်၏ အပြင်ဘက်တွင် ဆင်းသက်လိုက်ကြ၏။
“လမ်းဖယ်ပေးကြပါ.. လမ်းဖယ်ပေးကြပါ” ဖက်တီးလေးက သူ၏ ဝဖိုင့်သော ခန္ဓာကိုယ်ဖြင့် အားသုံး၍ လမ်းကြောင်းတစ်ခု ဖော်လိုက်လေ၏။
များစွာသော စိတ်ဝိညာဉ်တောင်ထွတ်၏ တပည့်များက သူ့ကို ဖမ်းဟောက်မလို့ လုပ်လိုက်စဉ်မှာပင် သူတို့သည် ဆူဇီမို၏ အနောက်က စိတ်ဝိညာဉ်ကျားကို မြင်လိုက်ကြပြီး တုန်လှုပ်စွာဖြင့် စကားလုံးများကို ပြန်လည်မျိုချလိုက်ရ၏။
ဆူဇီမို၏ ရှေ့မှောက်တွင် စိတ်ဝိညာဉ်ကျားသည် ယဉ်ပါးနေသာ ကြောင်ပေါက်လေးလို ဖြစ်သော်လည်း အပြင်ထွက်သည့်အခါတွင်တော့ သူသည် ဒေါမာန်ထနေသော တောဘုရင်သာ ဖြစ်လေသည်။ ရံဖန်ရံခါ သူသည် သွေးလန့်ဖွယ်ရာ မာန်ဖီလိုက်သေး၏။
မကြာမီ သူတို့သည် လူအုပ်ကြီး၏ အရှေ့သို့ ရောက်သွား၏။
စိတ်ဝိညာဉ်ပြိုင်ကွင်းတွင် အနည်းဆုံး လူနှစ်ထောင်လောက် စုဝေးနေကြ၏။ နတ်ပန်းပဲတောင်ထွတ်နှင့် စိတ်ဝိညာဉ်တောင်ထွတ်က တပည့်များသားမက အခြားသော တောင်ထွတ်သုံးခုမှ တပည့်များမှာလည်း ပွဲဖြစ်နေသည်ကြားသောကြောင့် ဖျာဝင်ခင်းဖို့ ရောက်လာကြပေပြီ။
ဤစိန်ခေါ်ပွဲက တောင်ထွတ်ငါးခုစလုံးကိုပင် အုတ်သော်အောင်းနင်း ဖြစ်သွားစေလေသည်။
လူအုပ်ကြီး၏ ရှေ့ဆုံးမှ ရပ်ကြည့်နေကြသူများသည် သက်ဆိုင်ရာတောင်ထွတ်၏ ထူးချွန်ထက်မြက်သော တပည့်များ ဖြစ်ကြလေသည်။ ထိုအထဲတွင် ရေခဲစိတ်ဝိညာဉ်ရင်းမြစ်နှင့် လမ့်ရိုလည်း ပါဝင်ပြီး သူမ၏ ထူးမခြားနား အေးစက်သော အမူအယာနှင့် စောင့်ကြည့်နေလေ၏။
စိတ်ဝိညာဉ်ပြိုင်ပွဲစင်ပေါ်တွင် စိတ်ဝိညာဉ်တောင်ထွတ်မှ အဆင့်၈ ချီစုဖွဲ့မှု စစ်သည်တော်တစ်ယောက်နှင့် ရွှယ်ယိက တိုက်ခိုက်နေကြ၏။
ရွှယ်ယိသည် ချီစုဖွဲ့မှု အဆင့်၉ ဖြစ်ပြီး ပြိုင်ဘက်လူထက် အဆင့်တစ်ဆင့် ပိုမြင့်လေသည်။ သို့သော်လည်း သူသည် အောက်စည်းသို့ ရောက်၍ ဖိနှိမ်ခံနေရပြီး ရှုံးနိမ့်ဖို့က အချိန်တစ်ခုသာ လိုတော့လေသည်။
ချီစုဖွဲ့မှုစစ်သည်တော်များအကြား တိုက်ခိုက်မှုတွင် ကန့်သတ်ချက်များရှိပြီး သုံးနေကျ စိတ်ဝိညာဉ်ဓါးပျံအပြင် ကျန်စိတ်ဝိညာဉ်လက်နက်များနှင့် အဆောင်လက်ဖွဲ့များကို အသုံးပြုခွင့် မရှိပေ။
သူတို့နှစ်ယောက်စလုံးသည် ဓါးပျံတစ်ချောင်းစီကို စီးနင်း၍ တိုက်ခိုက်နေကြသော်လည်း ဓါးပျံကို ထိန်းချုပ်ရာတွင် စိတ်ဝိညာဉ်တောင်ထွတ်က ချီစုဖွဲ့မှုအဆင့်၈ တပည့်က များစွာ ပို၍ ကျွမ်းကျင်နိုင်နင်းမှုရှိပြီး ရွှယ်ယိကို သူ၏ ဓါးပျံဖြင့် တောက်လျှောက်ဖိအားပေးနေလေ၏။
“သူက စွန်းထောင်ပဲ.. ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ်ပဲ.. စိတ်ဝိညာဉ်တောင်ထွတ်မှာဆို သူက ဖုန်ဟောက်ယွီရဲ့ နောက်လိုက်တစ်ယောက်ထက် မပိုဘူး.. အဆင့်၇ချီဖွဲ့မှုဆိုပေမယ့် ကျုပ်တောင် သူ့ကို လှဲသိပ်နိုင်တယ်” ဖက်တီးလေးက ဘေးကနေ၍ တီးတိုး ပြောလိုက်၏။
ဆူဇီမိုသည် ခေါင်းညိတ်၍ ဘေးပတ်လည်ကို လှည့်ကြည့်လိုက်သောအခါ ခရမ်းရောင်ဝတ်စုံနှင့် မောက်မာဟန်ရသော ဖုန်ဟောက်ယွီကို တွေ့လိုက်ရ၏။
ထိုအချိန်တွင် ဖုန်ဟောက်ယွီကလည်း ဆူဇီမိုကို လှည့်ကြည့်လိုက်၏။
ဖုန်ဟောက်ယွီ၏ မျက်လုံးထဲတွင် မထီတရီ လှောင်ပြောင်လိုရိပ်က ပေါ်လာ၏။
“ဟီးဟီး .. နောက်ဆုံးတော့လဲ မင်း ကိုယ်ထင်ပြပြီပေါ့လေ”
ဖုန်ဟောက်ယွီသည် အေးစက်စက် နှာတစ်ချက်မှုတ်လိုက်ပြီးနောက် ရုတ်တရတ် ကျယ်လောင်စွာ လှမ်းအော်လိုက်လေသည်။
“စွန်းထောင်ရေ.. သိပ်အကြာကြီး လုပ်မနေနဲ့တော့ကွာ.. မြန်မြန်သာ လက်စသတ်လိုက်တော့.. ဒီမှာ နတ်ပန်းပဲတောင်ထွတ်ရဲ့ ပါရမီရှင်ကြီးက ပွဲလာကြည့်နေတယ်ဟ”
ဖုန်ဟောက်ယွီသည် ပါရမီရှင်ကြီးဟူသော စကားနေရာတွင် အလေးပေးဖိပြောလိုက်၏။ ထိုအခါ များစွာသော အကြည့်များက ဆူဇီမိုအပေါ်သို့ ကျရောက်လာလေသည်။
လမ့်ရိုသည်လည်း တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် ထူးမခြားနားပုံစံနှင့်ပင် ပြန်လှည့်သွား၏။
စင်ပေါ်မှာ တိုက်ခိုက်နေရသော်လည်း စွန်းထောင်သည် အေးဆေးသက်သာပုံစံ ရှိနေပြီး စိတ်ဝိညာဉ်ပြိုင်ပွဲစင်အောက်သို့ လှမ်းကြည့်လိုက်၏။
ဆူဇီမိုကို မြင်သောအခါ သူသည် ဟက်ကနဲတစ်ချက် ရယ်လိုက်ပြီး လက်ဟန်အချိတ်အပိတ် စည်းတစ်ခုကို ပြုလုပ်လိုက်၏။ သူ့ဓါးပျံက အရောင်တောက်လာပြီးနောက် စွမ်းအားများက ပေါက်ကွဲထွက်ပေါ်လာ၏။ ရွှယ်ယိ၏ ဓါးပျံသည် လွင့်စင်ထွက်သွားပြီး သူ့ဓါးပျံက ရွှယ်ယိ၏ နုလုံးသားဆီသို့ ဦးတည်လိုက်၏။
ရွှယ်ယိသည် ရင်ထိတ်သွား၏။ ဝင်ရောက်လာသော ဓါးပျံကို ကြည့်၍ သူသည် ရှောင်လိုက်ချင်၏။ သို့သော်လည်း သူ့စိတ်နှင့် ကိုယ်က ဟန်ချက်မညီတော့ဘဲ အနည်းငယ် တုံ့ဆိုင်းသွားလေသည်။
ဆူဇီမိုက မျက်လုံးများကို မှေးကျဉ်းလိုက်၏။
ဓါးပျံက ရွှယ်ယိ၏ နုလုံးကို ဖောက်ဝင်တော့မည့် အချိန်မှာပင် စွန်းထောင်သည် ဓါးပျံကို ထိန်းချုပ်၍ လမ်းကြောင်းပြောင်းလိုက်၏။
ဖောက်!
ဓါးပျံသည် ရွှယ်ယိ၏ ပုခုံးကို ဖောက်ထွက်သွားပြီး သွေးများက စီးထွက်လာလေ၏။
ညည်းတွားလိုက်ပြီးနောက် ရွှယ်ယိသည် ဒယီးဒယိုင်ဖြင့် အနောက်ကို ဆက်တိုက်ဆုတ်သွားပြီး စင်ပေါ်မှ ပြုတ်ကျသွားလေသည်။
နတ်ပန်းပဲတောင်ထွတ်မှ တပည့်များသည် အတင်းပြေးချလာပြီး ရွှယ်ယိကို ဖေးမထူကာ ချက်ဆေးများကို ပေးလိမ်းလိုက်မှသာ ထွက်နေသောသွေးများက တစ်ဖြည်းဖြည်းတိတ်သွားလေသည်။
စွန်းထောင်က စင်ပေါ်မှ ဆင်းလာသောအခါ နတ်ပန်းပဲတောင်ထွတ်၏ တပည့်များက ဒေါသတကြီး အော်ဟစ်လိုက်ကြ၏။
“အနိုင်အရှုံးက သဲကွဲနေပြီကို .. မင်း ဘာလို့ သူ့ကို ဒဏ်ရာရအောင် လုပ်ရတာလဲ!”
“ဟမ့် .. သူညံ့လို့ သူခံရတာကို ဘယ်သူ့ကို အပြစ်တင်ချင်နေသေးတာလဲ”
စွန်းထောင်က အေးစက်စွာ သရော်လိုက်၏။
“နတ်ပန်းပဲတောင်ထွတ်ကလူတွေက ရန်တွေ့ဖို့ပဲ တတ်ကြတာလား ဟမ် .. ချီစုဖွဲ့မှု အဆင့်၉ တဲ့ကွာ.. ဘာမှကို မဟုတ်တာ.. မင်းက ငါ့ထက် အဆင့်တစ်ဆင့် ပိုမြင့်တယ်ဆိုရင်တောင် ငါ့မျက်လုံးထဲမှာတော့ မင်းက ဘာမှကို မဟုတ်တာ”