← Chapters

ချောင်းမြောင်းတိုက်ခိုက်ခြင်း

Vol. 6 Ch. 89

ချောင်းမြောင်းတိုက်ခိုက်ခြင်း

Vol. 6 Ch. 89

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း ၈၉ - ချောင်းမြောင်းတိုက်ခိုက်ခြင်း

Translator – Than Toe Aung

ဆူဇီမိုသည် တစ်ချိန်လုံး တိတ်ဆိတ်နေပြီး ကြောက်စရာကောင်းလောက်‌အောင်ပင် တည်ငြိမ်နေ၏။

သူ့ဘေးမှ ရပ်နေသော ဖက်တီးလေးက ဆူဇီမိုထံမှ ထွက်ပေါ်လာနေသော စူးရှပြတ်သားသည့် အော်ရာကို အာရုံခံမိနေ၏။ ၎င်းက ကြောက်စရာ ကောင်းလှ၏။

“နောင်ကြီး ခင်ဗျား တိုက်ခိုက်ချင်တယ်ဆိုလဲ အဲ့ဒါကို ပြိုင်ပွဲစင်အောက်မှာတော့ မလုပ်နဲ့နော်.. ဂိုဏ်းစည်းကမ်းအရ စိတ်ဝိညာဉ်ပြိုင်ပွဲစင်ပေါ်မှာကလွဲရင် ဂိုဏ်းသားအချင်းချင်း တိုက်ခိုက်တာကို ပြင်းပြင်းထန်ထန် တားမြစ်ထားတယ်”

ဘာကြောင့်ရယ်မသိ.. ဆူဇီမိုက ချီစုဖွဲ့မှု အဆင့်၆သာ ဖြစ်သော်လည်း ဖက်တီးလေးသည် ထိုလူက အလွန်အမင်း သန်မာသည်ဟု သူ့စိတ်ထဲက ထင်မိနေ၏။

ကြောက်စရာကောင်းလောက်‌အောင် သန်မာ၏။

ဆူဇီမိုသည် ရှေ့သို့ တက်လိုက်ပြီး ရွှယ်ယိ၏ ဒဏ်ရာကို စစ်ဆေးကြည့်လိုက်၏။

ဓါးက သူ၏ ပုခုံးလက်ပြင်ကို ဖောက်ထွက်ထားပြီး ဒဏ်ရာက အနည်းဆုံး တစ်လလောက် ကုသဖို့ လိုလေသည်။

ရွှယ်ယိ၏ မျက်နှာက ဖြူလျော့နေ၏။ သူသည် ဆူဇီမိုကို မြင်လိုက်သောအခါ အတင်းပြုံးပြလိုက်၏

“ဂျူနီယာညီလေးဆူ မင်းလဲ ရောက်လာတာလား”

“အမ်း”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

“စီနီယာအစ်ကို စိတ်ချပါ.. ကျုပ်သူတို့ကို ပြန်ပေးဆပ်ခိုင်းမှာပါ”

“မလုပ်နဲ့”

ရွှယ်ယိ၏ အမူအယာက ပြောင်းလဲသွားပြီး ဆူဇီမို၏ လက်ကိုဆွဲကာ ခေါင်းခါပြလိုက်၏။

“ဂျူနီယာညီလေး သူတို့လှည့်ကွက်ထဲကို မဝင်မိစေနဲ့.. သူတို့ ဒီနေ့ ဒီပြဿနာကို ရှာရတဲ့ အကြောင်းရင်းက မင်းကို မြှားထုတ်ဖို့ပဲ..အဲ့ဒါမှ သူတို့က မင်းကို ဒုက္ခိတဖြစ်အောင် လုပ်လို့ရမှာဖြစ်ပြီးတော့ မင်းက နှစ်ကုန်ရင်ဆိုင်ယှဉ်ပြိုင်ပွဲမှာ ဝင်မပါနိုင်တော့မှာ”

“ဟုတ်တယ် ဂျူနီယာညီငယ်ဆူ.. မင်းငါတို့ကို အရေးလုပ်နေစရာ မလိုဘူး.. နှစ်ကုန်ပြိုင်ပွဲကျရင် အဲ့ဖုန်‌ဟောက်ယွီကိုသာ နိုင်အောင်ပြိုင်ကွာ.. အဲ့ဒါဆို ငါတို့ ကျေနပ်ပြီ” အခြားသော နတ်ပန်းပဲတောင်ထွတ်တပည့်များက ခေါင်းမော့လိုက်ကြ၏။

ဆူဇီမိုက ခေါင်းခါပြလိုက်၏။

ဤသည်ကို တွေ့သောအခါ ရွှယ်ယိက ပိုလို့ပင် စိတ်ရှုပ်သွား၏။

“ဂျူနီယာညီလေး.. မင်းက ဂိုဏ်းကို ရောက်တာဖြင့် သုံးလတောင် မပြည့်သေးဘူး.. စိတ်ဝိညာဉ်တောင်ထွတ်က တပည့်တွေက တိုက်ခိုက်ရေးနည်းစနစ်တွေကိုပဲ ဦးစားပေး လေ့ကျင့်ကြတာ မင်းမသိသေးဘူးထင်တယ်.. မင်းက ဘယ်လိုလုပ် သူတို့နဲ့ သွားတိုက်ခိုက်လို့ ဖြစ်ပါ့မလဲ.. ငါ ချီစုဖွဲ့မှုအဆင့်၉တောင် မနိုင်တာ.. မင်းက အဆင့်၆ လေးနဲ့ မမိုက်စမ်းပါနဲ့ကွာ”

ရွှယ်ယိ၏စကားများက သူ့ကို အထင်သေးသလို ဖြစ်နေသော်လည်း သူသည် စိတ်ရင်းစေတနာမှန်နှင့် ပူပန်၍ ပြောကြားနေခြင်းဖြစ်၏။

“ဟမ့်”

စွန်းထောင်သည် စိတ်ဝိညာဉ်ပြိုင်ပွဲစင်ပေါ်မှ ဆင်းလာပြီး ဆူဇီမိုတို့ ဘေးနားကနေ ဖြတ်သွား၏။ ထိုစကားများကို ကြားရသောအခါ သူသည် မျက်ခုံးပင့်ပြီး လှောင်ရယ်လိုက်၏။

“ဂျူနီယာညီလေးဆူက တစ်ကယ်ပဲ တိုက်ခိုက်ချင်တယ်ဆိုရင်‌တော့ ငါတို့စိတ်ဝိညာဉ်တောင်ထွတ်မှာ ချီစုဖွဲ့အဆင့်၆ တပည့်လေးတွေ ရှိပါရဲ့.. အဲ့ဒါမှ အဆင်မပြေဘူးဆိုရင်လဲ အဆင့်၅ တပည့်လေးတွေနဲ့ ပွဲတည်ပေးမယ်လေ.. အဲ့‌လောက်ဆိုရင်‌တော့ အဆင်ပြေလောက်ပါရဲ့.. ဟုတ်တယ်မလား”

“ဟားဟား!”

လူအုပ်ကြီးထဲမှ ရယ်သံများက ထွက်ပေါ်လာ၏။

“ဂျူနီယာညီလေးဆူ.. ငါက အခုမှ ချီစုဖွဲ့မှု အဆင့်၅ ပဲ ရှိပါသေးတယ်.. ငါတို့ စင်ပေါ်မှာ လက်ရည်စမ်းကြမယ်လေ.. ဘယ်နှယ့်လဲ.. လုပ်ရဲတယ်မလား” စိတ်ဝိညာဉ်တောင်ထွတ်မှ တပည့်တစ်ယောက်က ထရပ်၍ ပြောလိုက်၏။

နောက်ထပ် စိတ်ဝိညာဉ်တောင်ထွတ်၏ တပည့်တစ်ယောက်ကလည်း ထအော်လိုက်၏။

“ဂျူနီယာညီလေးဆူ.. ငါတို့က ဂိုဏ်းကို အတူတူ ဝင်ခဲ့ကြတာပဲ.. ငါက အခုမှ ချီစုဖွဲ့မှုအဆင့်၄ပဲ ရှိသေးတယ်.. မင်းစိတ်ရှိရင် ငါ မင်းပြိုင်ဘက် လုပ်ပေးပါ့မယ်”

ဖုန်ဟောက်ယွီသည် ဆူဇိမိုကို လှမ်းကြည့်လိုက်ပြီး လှောင်လိုက်၏။

“မင်းက အဆင့်၃ ချီစုဖွဲ့မှုစစ်သည်တော်ကို ရှာနေတာဆိုရင်တော့.. အားနာပါတယ်ကွာ.. စိတ်ဝိညာဉ်တောင်ထွတ်မှာ အဲ့လိုတပည့်မျိုး မရှိတော့ဘူးထင်တယ်”

“ဟားဟားဟား....”

ရယ်သံများက ပိုကျယ်သွားလေသည်။

ဖက်တီးလေးက ဘေးကနေ၍ သက်ပြင်းချလိုက်၏။

သူသည် ဆူဇီမို၏ဘက်က ဖြစ်သော်လည်း ဘာပဲဖြစ်ဖြစ် သူသည် စိတ်ဝိညာဉ်တောင်ထွတ်မှ တပည့်တစ်ယောက်သာဖြစ်ပြီး ဤအခြေအနေတွင် ဝင်ပြောဖို့က မသင့်လျော်ပေ။

ရွှယ်ယိက သူ့ဒဏ်ရာကို လက်ဖြင့် အုပ်ပြီး ညင်သာစွာ ပြောလိုက်၏။

“ဂျူနီယာညီလေးဆူ.. လာ ပြန်ကြရအောင်.. သူတို့အကွက်ထဲ မဝင်မိစေနဲ့”

“ဒီနေ့ပြဿနာတွေက ကျုပ်ကြောင့် ဖြစ်လာတာပဲ.. ကျုပ်ပဲ အဆုံးသတ်ပေးရမှာပေါ့”

ထိုသို့ ပြောပြီးသည်နှင့် ဆူဇီမိုသည် ဖုန်ဟောက်ယွီဘက်သို့ လှည့်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်လေ၏။

“ဖုန်ဟောက်ယွီ.. တောင်ထွတ်သုံးခုရဲ့ နံပါတ်တစ်ဆိုတဲ့ ဘာမှ သောက်အဓိပ္ပါယ်မရှိတဲ့ ကလေးကလား ဂုဏ်ပုဒ်လေးတစ်ခု အတွက်နဲ့ မင်းပြဿနာရှာတာ တော်တော်များနေပြီ.. ငါ အစက ထင်မိတာတော့ မင်းက ဘာဆိုလား ညာဆိုလား တစ်ခုခုပဲပေါ့ ထူးခြားတယ်ပေါ့.. အခုတော့ကွာ .. ကလေးဆန်လိုက်ပုံများ..”

ဆူဇီမိုသည် ဆက်မပြောတော့ဘဲ ခေါင်းခါလိုက်၏။

ဖုန်ဟောက်ယွီ၏ မျက်နှာသည် ပုပ်သိုးပျက်ဆီးသွားပြီး အေးစက်စွာ မေးလိုက်၏။

“မင်း ဘာကို ပြောချင်နေတာလဲ”

“မင်းက ငါ့ကို စိန်လာလာခေါ်နေတာမလား”

ဆူဇီမိုက ဆက်ပြောလိုက်၏။

“မင်း ဇရှိတယ်ဆိုလဲ.. စင်ပေါ်သာ တက်လိုက်‌တော့ကွာ”

ထိုစကားက လူအုပ်ကြီးကို ငြိမ်သက်သွားစေ၏။

လူတိုင်းက ဆူဇီမိုကို တုန်လှုပ်စွာ ကြည့်လိုက်ကြ၏။ သူတို့ကြားလိုက်တာကို မယုံနိုင်အောင် ဖြစ်သွားကြ၏။

ဆူဇီမိုက ဖုန်ဟောက်ယွီကို စိန်ခေါ်နေတာလား။

တစ်ယောက်က ချီစုဖွဲ့မှုအဆင့်၆ ဖြစ်ပြီး တစ်ယောက်ကတော့ အဆင့်၈ ဖြစ်၏။

တစ်ယောက်က တိုက်ခိုက်ရေးနည်းစနစ်များကို မလေ့ကျင့်ရသေးသော နတ်ပန်းပဲတောင်ထွတ်မှ တပည့်တစ်ယောက်ဖြစ်ပြီး အခြားတစ်ယောက်ကတော့ စိတ်ဝိညာဉ်တောင်ထွတ်၏ နံပါတ်တစ် ပါရမီရှင် ဖြစ်၏။

သူတို့နှစ်ယောက်၏ တိုက်ခိုက်ရည် ခြားနားချက်က မိုးနဲ့မြေလိုပင်။

ဖက်တီးလေးတောင်မှ မှင်တက်သွား၏။

သူသည် ဆူဇီမို အလွန် သန်မာကြောင်း တွေးထားသော်လည်း ဖုန်ဟောက်ယွီနှင့်တော့ တစ်ခါမျှ မနှိုင်းယှဉ်ထားပေ။

သို့သော် ယခု ဆူဇီမို၏ ဖုန်‌ဟောက်ယွီအပေါ် စိန်ခေါ်မှုက ဖက်တီးလေးကို ထိတ်ထိတ်ပျာပျာ ဖြစ်သွားစေ၏။

“ဂျူနီယာညီလေးဆူ.. ဘာ ဘာတွေ လျှောက်လုပ်နေတာလဲ”  ဆူဇီမိုသည် ငယ်ရွယ်၍ မိုက်မဲသောကြောင့်သာ ဤကဲ့သို့ စိန်ခေါ်လိုက်သည်ဟု ရွှယ်ယိက တွေးလိုက်၏။

“ဟားဟားဟား...”

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လူအုပ်ကြီးထဲမှ ဝါးလုံးကွဲရယ်သံများက ထွက်ပေါ်လာ၏။

အချို့သော စိတ်ဝိညာဉ်တောင်ထွတ်မှ တပည့်များသည် သူတို့၏ ဗိုက်ကို လက်ဖြင့်နှိပ်၍ အတောမသတ် ရယ်နေကြ၏။

“ငါ..ငါတော့ မရတော့ဘူး.. ဒီဆူဇီမိုက တစ်ကယ့် လူနောက်ပဲကွာ.. .သူက ဂျူနီယာညီလေးဖုန်ကိုတောင် စိန်ခေါ်လိုက်သေးတယ်”

“တော်တော် ဘဝင်ရူးတဲ့ကောင်”

“အဲ့ဒါ ဘဝင်ရူးတာ မဟုတ်ဘူးကွ.. မျက်နှာ‌‌ပြောင်တိုက်တာလို့ခေါ်တယ်..ဟားဟား”

ဖုန်ဟောက်ယွီသည် ပြုံးရုံသာပြုံး၍ ဆူဇီမိုကို ကြည့်နေလိုက်၏။

အခုချိန်မှာ သူ ဘာမှ ထပ်ပြောစရာ မလိုပေ။ ဆူဇီမိုက သူ့ဟာသူကို လူအများ ဟားတိုက်စရာ ဖြစ်နေချေပြီ။

အနီးမှာရှိသောစွန်းထောင်က လှောင်ရယ်ပြောလိုက်၏။

“မင်းက ဂျူနီယာညီလေးဖုန်ကိုတောင် စိန်ခေါ်ချင်တယ်ပေါ့လေ.. ဟုတ်စ”

ဆူဇီမိုက သူကို တစ်ချက်လှည့်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။

“မပူပါနဲ့ ငါ သူ့ကို ကိုင်တွယ်ပြီးရင် မင်းအလှည့်ရောက်လာမှာပါ”

“ဝေါင်း!”

ရုတ်တရတ် ဝပ်နေသော စိတ်ဝိညာဉ်ကျားက နားကွဲမတတ် တစ်ချက်ဟိန်းလိုက်ပြီး ဆူညံနေသော လူအုပ်ကြီးကို ငြိမ်သက်သွားစေ၏။

များစွာ‌သောတပည့်များသည် တုန်လှုပ်ခြောက်ခြားသွားကြပြီး မသိလိုက်ဘဲ သတိလက်လွတ်၍ အနောက်သို့ ဆုတ်လိုက်ကြသောကြောင့် လူအုပ်ကြီးသည် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။

စိတ်ဝိညာဉ်ကျားသည် တစ်ချိန်လုံး ကုပ်၍ နေခဲ့ရသောကြောင့် ယခုအခါ ရွှင်မြူးသွား၏။

သူသည် ဆူဇီမိုထံတွင် အညံ့ခံခဲ့ရသော်လည်း အားနည်းသည်ဟု မဆိုနိုင်ပေ။

သူသည် တစ်ကယ်သန်မာပါ၏။ အဆင့်မြင့်ချီစုဖွဲ့စစ်သည်များတောင် သူနှင့် သူသေကိုယ်သေ တိုက်ခိုက်ကြမည်ဆိုလျှင် နောက်ဆုံးမှာ ဘယ်သူနိုင်မလဲ ပြောရခက်၏။

များစွာသော စိတ်ဝိညာဉ်တောင်ထွတ်မှ တပည့်များသည် အပြင်ဘက်သို့ မကြာခဏ ထွက်လေ့ရှိပြီး စိတ်ဝိညာဉ်တောကောင်များစွာကို မြင်တွေ့ကြုံဖူးကြ၏။ ယခုအခါ သူတို့သည် စိတ်ဝိညာဉ်ကျား၏ လည်ပင်းမှ တံဆိပ်လည်ပတ်ကို မြင်သောအခါ ပို၍ပင် တည်ငြိမ်သွားကြ၏။

စွန်းထောင်သည် မျက်လုံးကို မှေးကျဉ်းလိုက်ပြီး စိတ်ဝိညာဉ်ကျား၏ မြင်ကွင်းမှ သူ့ကိုယ်သူ ကွယ်လိုက်၏။ သူ၏ ဓါးပျံကို တိတ်တဆိတ်ဆွဲထုတ်လိုက်ပြီး သူ့မျက်လုံးများက ရက်စက်ကောက်ကျစ်တော့မည့်ပုံပေါက်လာ၏။

ရွှစ်!

သူ့လက်ထက်မှ ဓါးပျံက စိတ်ဝိညာဉ်ကျား၏ ဦးခေါင်းဆီသို့ ဦးတည်ပျံသန်းသွားလေသည်။

စွန်းထောင်၏ တိုက်ခိုက်မှုက အလွန်ကို ခိုးကြောင်ခိုးဝှက်နိုင်လှလေသည်။

လူများက နှစ်ထောင်ကျော် စုဝေးနေတာကြောင့် နေရာတစ်ခုလုံးက အသံဗလံများဖြင့် ဆူညံ၍ အော်ရာများက ရောနှောနေ၏။ စိတ်ဝိညာဉ်ကျား သတိထားမိလိုက်သောအခါ ဓါးပျံက သူနှင့် လွန်စွာ နီးကပ်နေပေပြီ။

၎င်းသည် လွန်မင်းစွာ ရက်စက်သော လှုပ်ရှားမှုဖြစ်ပြီး လုံးဝထိန်ချန်ထားခြင်း မရှိဘဲ တစ်ခါတည်း အပြီးသတ်ဖြတ်ဖို့ ရည်ရွယ်လေသည်။

သေဘေးနှင့် ကြုံတွေ့ရသောကြောင့် စိတ်ဝိညာဉ်ကျားသည် ဘေးဘက်သို့ ခုန်လိုက်ပြီး သူ့ခေါင်းကို တတ်နိုင်သမျှ မြန်မြန် ငဲ့စောင်းလိုက်၏။

ရှီး!

သွေးများက ဖြာထွက်လာ၏။

စိတ်ဝိညာဉ်ကျား၏ ကိုယ်‌ပေါ်တွင် ရှည်လျားသည့် ဓါးဒဏ်ရာကြီးက ပေါ်လာပြီး သူ့အရေပြားက ပြဲလန်သွားကာ သွေးများက အဆက်မပြတ် စီးကျလာလေသည်။

“ဝေါင်း!”

စိတ်ဝိညာဉ်ကျားသည် မြေပေါ်သို့ လှဲချလိုက်ပြီး သူ့ကိုယ်က တစ်ဆတ်ဆတ် တုန်ယင်နေ၏။ သူ့မျက်လုံးများက နာကျင်မှုကို ဖော်ပြနေပြီး စူးစူးရှရှ ဟိန်းဟောက်လိုက်၏။

“ဟမ်း”

ဆူဇီမို၏ အမူအယာက ပြောင်းလဲသွားပြီး လှည့်ကြည့်လိုက်၏။ မြေပေါ်တွင် ဒဏ်ရာရလဲနေသော စိတ်ဝိညာဉ်ကျားကို ကြည့်လိုက်ပြီး သူ့ရင်ထဲက သတ်ဖြတ်လိုစိတ်က ထောင်းကနဲ ထလာ၏။

ဆူဇီမိုသည် အန္တရာယ်ကို အာရုံမခံလိုက်မိသည်မှာ စွန်းထောင်၏ တိုက်ခိုက်မှုက သူ့ကို ရည်ရွယ်တာ မဟုတ်သောကြောင့် ဖြစ်လေသည်။ ဓါးပျံလာသော အသံကို သူကြားလိုက်ရချိန်တွင် အဲ့ဒါက နောက်ကျသွားပေပြီ။

ဒါ့အပြင် ဆူဇီမို၏ အာရုံက ဖုန်‌ဟောက်ယွီအပေါ်တွင် ရောက်နေပြီး စွန်းထောင်ကို ကျောပေးထား၏။

တစ်ယောက်ယောက်က ဂိုဏ်းစည်းကမ်းကို လျစ်လျူရှုပြီး စိတ်ဝိညာဉ်ပြိုင်ပွဲစင်၏ အပြင်ဘက်တွင် တိုက်ခိုက်မှုကို စတင်လိမ့်မည်ဟု သူ မထင်ထားချေ။

ဆူဇီမို၏ မျက်လုံးများကို မြင်လိုက်သောအခါ ဖက်တီးလေး၏ နုလုံးက ဒိန်းကနဲ ခုန်သွား၏။

“သေစမ်း.. သောက်ကျိုးတော့ နည်းကုန်တော့မှာပဲ”

All Chapters