← Chapters

ကျားနှင့် ကျားသစ်တို့လို အသံ

Vol. 6 Ch. 85

ကျားနှင့် ကျားသစ်တို့လို အသံ

Vol. 6 Ch. 85

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း ၈၅ - ကျားနှင့် ကျားသစ်တို့လို အသံ

Translator – Than Toe Aung

ဆူဇီမိုသည် မစ်ရှင်ကို ပြီးဆုံးကြောင်း အဆုံးသတ်ပြီးသောအခါ တာဝန်ကျေပွန်အမှတ် အတော်များများကို ပြန်လည် ရရှိလိုက်၏။ ထို့နောက် သူသည် နေထိုင်ရာ တိုက်ခန်းသို့ ပြန်လာခဲ့၏။

လူအိုကြီးနှစ်ယောက်သည် ဆူဇီမိုထွက်သွားတာကို ကြည့်၍ အတွေးနက်စွာဖြင့် ရေရွတ်လိုက်ကြ၏။

“သူက အဆင့်၃ စိတ်ဝိညာဉ်မီးတောက်ကို ကျင့်ကြံနိုင်ခဲ့တာ အံ့သြစရာ မဟုတ်‌တော့ဘူးပဲ.. သူ့ရဲ့ကံကကို အခြားသူတွေထက် အပြတ်အသတ် သာလွန်နေမှတော့...”

“ဟုတ်တယ်”

အကြီးအကဲလျှိုက ဆက်ပြောလိုက်၏။

“စိတ်ဝိညာဉ်တောင်ထွတ်က တပည့်တွေလဲ မဟာကျောက်တောကို သွားခဲ့တာပဲ.. သူတို့ရဲ့ ကျင့်ကြံမှုအဆင့်ကလဲ သိပ်မနိမ့်လှပါဘူး.. ဒါတောင် သူတို့က ဆိုးဆိုးရွားရွား ဒဏ်ရာတွေရပြီးတော့ ပြန်လာရတယ်.. ဒီကောင်လေးကတော့.. အင်း.. သူက ဗလတောင့်တောင့်လူနဲ့လဲ မဆုံတွေ့လိုက်ရတဲ့အပြင် မဟာကျောက်တောကနေ သန့်စင်ရွှေရိုင်းတုံးတစ်တုံးကိုပါ ကောက်ရပြီးတော့ အေးအေးဆေးဆေး ပြန်လာနိုင်ခဲ့တယ်ဆိုတော့.. အင်း သူ့ကိုမှ ကံကောင်းလွန်းတယ် မပြောရင် ဘယ်သူ့ကို သွားပြောရမလဲ”

ဖိုသီဖတ်သီအဖိုးအို၏ မျက်နှာထက်တွင် သနားကြင်နာသော အမူအယာတို့က ပေါ်လာပြီး မှတ်ချက်ပြုပြောဆိုလိုက်၏။

“တစ်ကယ်တော့ သူ့ရဲ့ ပါရမီ အရည်အချင်း အလားအလာနဲ့ဆို သူက အစစ်အမှန် မီးစွမ်းအင်ဂိုဏ်းကို ဝင်ရောက်ဖို့ လုပ်ရမှာကွ.. အဲ့ဒါက သူ့အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်မှာ.. ငါတို့ဂိုဏ်းက ဆေးလုံးဖော်စပ်ရာနဲ့ ပန်းပဲသွန်းလုပ်မှုအရာတို့မှာ အဲ့လောက် တော်လှတာ မဟုတ်ဘူး.. ရိုးရိုးသားသား ပြောရရင်တော့ ငါတို့ဂိုဏ်းက သူ့ရဲ့ ပါရမီအလားအလာတွေကို ကုန်စင်အောင် ထုတ်‌ဖော်မပေးနိုင်မှာ စိုးရိမ်မိတယ်ကွာ”

“အတွေးတွေလဲ အရမ်းလွန်မနေပါနဲ့ကွာ.. သူက အခုမှ ပန်းပဲသွန်းလုပ်မှုကို စတင်ကာစရှိသေးတာ.. အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်တစ်ခု‌တောင် သွန်းလုပ်နိုင်သေးတာမှ မဟုတ်ဘဲ.. ငါတို့ဂိုဏ်းက လက်နက်သွန်းလုပ်ခြင်းမှာ အဲ့လောက်မတော်ရင်တော့ ငါတို့မှာ အခြေခံအုတ်မြစ်တော့ ကောင်းကောင်းရှိထားတာပဲလေ.. နောက် အနာဂတ်ကျမှ ငါတို့ သူလိုအပ်တာတွေကို ဘယ်လိုဖြည့်ဆည်းပေးနိုင်မလဲ စဉ်းစားကြတာပေါ့ ဟုတ်ပြီလား”  အကြီးအကဲလျှိုက နှစ်သိမ့်ပေးလိုက်၏။

ဖိုသီဖတ်သီအဖိုးအိုက ခေါင်းညိတ်လိုက်ပြီးနောက် ခေါင်းငုံ့ကာ အတွေးနက်နေလေတော့၏။

. . .

ဆူဇီမိုတစ်ယောက် သူနေထိုင်ရာ တိုက်ခန်းသို့ ပြန်ရောက်သောအခါ အချိန်က စောနေသေး၏။

သူ့အစီအစဉ်ချထားပုံအရဆို.. သူသည် နေ့ဘက်တွင် အင်မော်တယ်လမ်းကို လျှောက်လှမ်း၍ သူ့ကျင့်ကြံခြင်းကို အဆင့်မြှင့်ခြင်း၊ လက်နက်သွန်းလုပ်ခြင်း နည်းစနစ်များကို လေ့လာစမ်းသပ်ခြင်းတို့ဖြင့် အချိန်ကို ကုန်ဆုံးစေမည်ဖြစ်သည်။ ညဘက်ရောက်လျှင်တော့ သူသည် မဟာအရိုင်းကမ္ဘာက သားရဲနတ်ဆိုး ဘုရင်၁၂ပါး၏ အန္တိမနတ်ဆိုးသားရဲကျင့်စဉ်ကို လေ့ကျင့်ရပေမည်။

အူတိုင်တစ်ခုကို မဖွဲ့တည်နိုင်ခင်အထိတော့ ချီစုဖွဲ့အဆင့်ဖြစ်စေ၊ အခြေတည်အဆင့်ဖြစ်စေ.. သူတို့သည် မော်တယ်များနှင့် များစွာ သိပ်ကွာခြားမှုမရှိဘဲ အိပ်စက်အနားယူဖို့လည်း လိုအပ်လေသည်။

ချီစုဖွဲ့စစ်သည်တော်၊ အခြေတည်အဆင့်ကျင့်ကြံသူများနှင့် မော်တယ်တို့သည် လူ့သက်တမ်းအရလည်း သိပ်ကွာခြားမှု မရှိလှပေ။

သူတို့သည် ထူးခြားသော ဖျားနာမှုများမရှိ၊ မတော်တဆမှုများ မရှိလျှင်ပင် အများဆုံး နှစ်တစ်ရာအထက်ထိသာ နေနိုင်ကြလေသည်။

သားရဲကျင့်စဉ်သည် အင်မော်တယ်ကျင့်စဉ်နှင့် ကွဲပြားခြားနား၏။

သားရဲအများစုသည် နေ့ဘက်တွင် ပုန်းကွယ်လျှိုး၍ နေကြပြီး ညဘက်ရောက်မှသာ အပြင်ထွက်၍ အမဲလိုက်ကြလေသည်။ ညအချိန်မှသာ သူတို့၏ စွမ်းအားက အထိတ်အထိပ်သို့ ရောက်လေ၏။

တစ်ကယ်တော့ ဆူဇီမိုသည်လည်း ညဘက်ရောက်လျှင် အနားယူဖို့ လိုအပ်လေသည်။ သို့သော်လည်း သူသည် သားရဲ့ကျင့်ကြံခြင်းနည်းစနစ်ကို နှစ်နှစ်လောက် လေ့ကျင့်ပြီးနောက် ၎င်းကို ကျင့်ကြံခြင်းက သူ၏ အလေ့အကျင့်တစ်ခုလို ဖြစ်လာ၏။ သူသည် အိပ်နေလျှင်ပင် သားရဲကျင့်ကြံခြင်းနည်းစနစ်၏ ဝင်လေထွက်လေ ရှူသွင်းရှူထုတ်ခြင်းများကို ပြုလုပ်နေမိပေမည်။

ဤနည်းအားဖြင့် ဆူဇီမို၏ သားရဲနတ်ဆိုးကျင့်ကြံခြင်းက အင်မော်တယ်ကျင့်ကြံမှု အချိန်ကို ဖဲ့ယူရခြင်း မရှိဘဲ မှန်မှန်လေး တိုးတက်လာခဲ့၏။

သို့သော်လည်း လွန်ခဲ့တဲ့ အချိန်ကာလအနည်းငယ်မှ စ၍ သူသည် သားရဲကျင့်ကြံခြင်းလမ်းမှာ အဟန့်အတားဆီး တစ်ခုနှင့် ကြုံတွေ့နေရပြီး ခြင်ဆီသန့်စင်ခြင်းအပိုင်းတွင် ရှေ့မတက်နိုင်ဘဲ ရပ်တန့်နေသည်မှာ ကြာပြီ ဖြစ်၏။

နောက်ထပ်ရက်အနည်းငယ်ကြာသည့်အထိ ဆူဇီမိုသည် စိတ်ဝိညာဉ်တောကောင်နှစ်ကောင်ကို အတင်းဖိအားပေး၍ ဆက်တိုက် အော်ဟစ်ခိုင်းခဲ့၏။

ထိုရက်များအတွင်း တောကောင်နှစ်ကောင်သည် ဆက်တိုက်အော်ဟစ်ရ၍ ပင်ပန်းနေကြပြီဖြစ်ပြီး အသံများပင် အက်ကွဲ၍ ဝင်နေကြပြီ ဖြစ်လေသည်။ သို့သော်လည်း ဆူဇီမိုသည် ခြင်ဆီသန့်စင်ခြင်းကို ဘယ်လိုဘယ်ပုံလုပ်ရမည်ဆိုတာကို အစရှာမရ ဖြစ်နေဆဲ ဖြစ်၏။

စိတ်ဝိညာဉ်သားရဲများတောင်မှ နေ့မနားညမနား အစာမစားရဘဲ ဆက်တိုက်‌အော်နေရလျှင် ပင်ပန်းနုန်းချိလာကြပေမည်။

စိတ်ဝိညာဉ်ကျားနှင့် ကျားသစ်သည် လုံးဝ အားအင်ကုန်းခမ်း နွမ်းနယ်နေကြပြီး မြေ‌ပေါ်သို့ အရုပ်ကြိုးပျက် လှဲချလိုက်ကြ၏။

“သေစမ်းကွာ.. ဒီလောက်ခေါင်းမာတဲ့လူမျိုး ငါ‌‌တော့ တစ်ခါမျှ မတွေ့ဖူးသေးဘူး”

စိတ်ဝိညာဉ်ကျားက သက်ပြင်းချလိုက်၏။

“သူ ငါတို့ကို သတ်ချင်တာ သတ်သာသတ်လိုက်တော့ကွာ.. အဲ့ဒါကမှ မြန်မြန် ဒုက္ခငြိမ်းသွားဦးမယ်.. အခုလို ငါတို့ကို ညှင်းပန်းနေတာက ဘာသဘောလဲ”

ဤရက်များအတွင်း ဆူဇီမိုသည်လည်း အတော်လေး ပင်ပန်းခဲ့ရ၏။

စိတ်ဝိညာဉ်တောကောင်နှစ်ကောင် အော်နေစဉ် သူသည်လည်း ဒီအတိုင်းငြိမ်နေရတာတော့ မဟုတ်ပေ။ သူသည်လည်း မတော်တဆဖြင့် အရေးကြီးသည့်နေရာလေးကို လွတ်သွားမှာ စိုးရိမ်စိတ်ဖြင့် အာရုံအပြည့် စူးစိုက်ကာ သူတို့၏ အော်သံကို စေ့စပ်စွာ နားစိုက်ထောင်ရ၏။

သို့သော်လည်း နောက်ဆုံးရလဒ်ကတော့ သူသည် လုံးဝ ပင်ပန်းနေပြီဖြစ်ပြီး မျက်ခွံများက လေးလံလာကာ အိပ်ပစ်လိုက်ချင်ရုံကလွဲလို့ အခြားစိတ် လုံးဝ မရှိတော့ပေ။

“ထားလိုက်တော့ကွာ.. မနက်ကျမှ အဲ့နှစ်ကောင်ကို ပေါ်စားပလိုက်တော့မယ်”

သူ၏ ကျောက်ခုတင်ပေါ်မှာ လှဲချလိုက်ရင်း ထိုသို့ နောက်ဆုံးအတွေးတစ်ချက် ဝင်လာပြီးနောက် အိပ်ပျော်သွားလေတော့၏။

သူသည် လုံးဝ ပင်ပန်းနေချေပြီ။

သူ့မျက်လုံးများကို မှိတ်လိုက်သည့်ခဏ၌ သူသည် အိပ်မက်ကမ္ဘာထဲသို့ ဝင်ရောက်သွားပြီး အသက်ရှူသံများက လေးလံလာလေသည်။ ခန္ဓာကြံ့ခိုင်မီးဆေးခြင်း၊ အရွတ်အသွင်ပြောင်းလဲခြင်းနှင့် အရိုးကြံ့ခိုင်စေခြင်းအပိုင်းတို့၏ သုတ္တန်များမှာပါသည့် ဝင်လေထွက်လေ ရှူသွင်းရှူထုတ်ခြင်းပုံစံများက သူ့ထံတွင် တစ်လှည့်စီ ဖြစ်ပေါ်နေ၏။

စိတ်ဝိညာဉ်တောကောင်နှစ်ကောင်က အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ဝန်ထုပ်ကြီး ပြုတ်ကျသွားသလို ခံစားလိုက်ကြရ၏။

“ဒီလူက နောက်ဆုံးတော့ ရပ်တန့်သွားလို့ တော်သေးတာ‌ပေါ့လေ”

စိတ်ဝိညာဉ်ကျားသည် တွေးလိုက်ရင်း သူ့အဖြစ်ကို ဝမ်းနည်းလာကာ မျက်ရည်များက စီးကျလာပြီး အော်ဟစ်လုမတတ်ပင် ဖြစ်သွား၏။

ဒီလူသာ မနားသေးဘဲ သူ့ကို ဆက်လက်ခိုင်းစေလျှင် သူသည် နံရံကို ခေါင်းနှင့် ပစ်တိုက်၍ သတ်သေရန်ပင် စဉ်းစားခဲ့သေး၏။

စိတ်ဝိညာဉ်ကျားသစ်က ပင်းပန်းနွမ်းနယ်နေပြီဖြစ်သော်လည်း ဆူဇီမို အိပ်မောကျသွားတာကို မြင်ရပြီးနောက် သူ့မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်မှုများက ဝင်ရောက်လာ၏။

ဒါက အကောင်းဆုံး အခွင့်အရေးပင် ဖြစ်လေသည်။

စိတ်ဝိညာဉ်တောကောင်နှစ်ကောင် အဓိက ခံစားနေရသည်မှာ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုဖြစ်ပြီး သူတို့၏ ရုပ်ပိုင်းဆိုင်ရာကတော့ ခွန်အား အတန်အသင့် ကျန်ရှိနေသေး၏။ သူတို့သာ ဤလူသား၏ လည်မျိုကို တစ်ချက်တည်းနှင့် အပြီးကိုက်လိုက်နိုင်လျှင် သူတို့သည် ဒီနေရာကနေ ထွက်ခွာခွင့် ရပေလိမ့်မည်။

စိတ်ဝိညာဉ်ကျားကို ကြည့်၍ စိတ်ဝိညာကျားသစ်က ညင်သာစွာ တစ်ချက်အသံပြုလိုက်၏။

သက္ကတဘာသာစကားအရ ဆိုလိုသည်ကို စိတ်ဝိညာဉ်ကျားက ကောင်းကောင်းနားလည်လိုက်၏။

စိတ်ဝိညာဉ်ကျားသစ်၏ ကမ်းလှမ်းချက်က အတော်လေး မက်လောက်စရာ ကောင်းသော်လည်း စိတ်ဝိညာဉ်ကျားက အန္တရာယ်ကို မစွန့်စားလိုပေ။ ဘယ်သူ ‌ပြောနိုင်မလဲ.. ဒီလူက အိပ်ချင်ယောင်‌ဆောင်နေတာ မဟုတ်ပါဘူးလို့။

ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီးနောက် စိတ်ဝိညာဉ်ကျားက မြေပေါ်တွင် ဝပ်ချကာအိပ်ချလိုက်၏။

စိတ်ဝိညာဉ်ကျားသစ်က အနည်းငယ် ချီတုံချတုံဖြင့် ပူပန်ကြောင့်ကြနေဟန်ပေါ်၏။ တစ်ခဏကြာပြီးနောက် သူသည် တစ်စုံတစ်ရာကို စိတ်ပိုင်းဖြတ်လိုက်သည့်အလား သူ့မျက်လုံးများက ရက်စက်သည့်ပုံစံသို့ ပြောင်းသွား၏။ သူသည် ခြေဖျားထောက်၍ ကိုယ်ကို ကျုံ့ကာ ဆူဇီမို၏ ဘေးဘက်နားသို့ တိတ်တဆိတ် ချည်းကပ်သွားလိုက်၏။

ဆူဇီမို၏ အားနည်းလှသော လည်ပင်းဖြူဖြူလေးကို ကြည့်ကာ သူ့ပါးစပ်ကို တစ်ဖြည်းဖြည်းချင်း ဟလိုက်၏။

သူသာ မိမိရရ ကိုက်လိုက်နိုင်ပါက ကျောက်တုံးတစ်တုံးဆိုလျှင်ပင် ကြေမွသွားပေလိမ့်မည်။

ရုတ်တရတ်ဆိုသလို...

သူသည် အတွေးတစ်ချက်ပေါ်လာပြီး တစ်ခုခုကို နားလည်သွား၏။ သူ့မျက်လုံးထဲရှိ ရက်စက်သည့်အကြည့်ကလည်း ပျောက်ကွယ်သွားပြီး ကြောက်ရွံ့မှုက အစားထိုးဝင်ရောက်လာလေသည်။ သူ၏ ဟဖြဲထားသောပါးစပ်ကြီးကို သန်းဝေလိုက်သည့်အလား ဖြည်းဖြည်းချင်း ပြန်စေ့လိုက်၏။

ဘေးဘက်သို့ ပြန်လှည့်သွားလိုက်ပြီး စိတ်ဝိညာဉ်ကျားသစ်က မျက်လုံးထဲတွင် ကြောက်ရွံ့မှုများက ပြည့်နှက်နေကာ သူ့ခြေလက်များက တုန်ယင်နေ၏။ သူသည် မြေပေါ်တွင် ဝပ်ချလိုက်ပြီးနောက် ကတုန်ကယင်နှင့် အိပ်နေသော ဆူဇီမိုကို မဝံ့မရဲ တစ်ချက်လှမ်းကြည့်လိုက်၏။ သူသည် နောက်ထပ် ကြိုးစားဖို့ရာ မရဲတော့ပေ။

“သူက နိုးနေတာပဲဟ”

စိတ်ဝိညာဉ်ကျားသစ်၏ စိတ်ထဲတွင် ဤစကားလုံးက ပေါ်လာ၏။

သူသည် ထိုလူ၏ လည်ပင်းကို ကိုက်တော့မည့်ဆဲဆဲမှာပင် ထိုလူသား၏ အသက်ရှူနှုန်းက ရုတ်တရတ် ပြောင်းလဲသွား၏။

ဤပြောင်းလဲမှုက စိတ်ဝိညာဉ်ကျားသစ်ကို ဇောချွေးပြန်သွားစေ၏။

တစ်ကယ်တော့ စိတ်ဝိညာဉ်ကျားသစ်၏ သတ်ဖြတ်လိုစိတ် ထကြွလာချိန်တွင် ဆူဇီမိုက နိုးနှင့်နေပြီဖြစ်၏။

ဘာကြောင့်ဆိုသော် ဆူဇီမို၏ အာရုံခံသတိစိတ်က အလွန်အမင်း ကြောက်စရာကောင်းလှအောင် ထက်ရှနေပြီ ဖြစ်သောကြောင့်ပင်။ လေက စတင်မတိုက်သေးခင်မှာပင် ပုဇဉ်းရင်ကွဲက ဆောင်းဦးရောက်တော့မှာကို ကြိုသိ၏။ ကန်းလန်ရိုးမမှာတုန်းက ဆူဇီမိုအပေါ်  စိတ်ဝိညာဉ်‌မျောက်၏ အလစ်ချောင်းမြောင်းတိုက်ခိုက်မှုများကတောင် အောင်မြင်ခဲ၏။ ဤစိတ်ဝိညာဉ်ကျားသစ်လောက်ကတော့ ထည့်တွက်စရာပင် မလိုပေ။

သူသည် ဤတောကောင်နှစ်ကောင်ကို နောက်တစ်နေ့တွင် သတ်ပစ်တော့မည်ဟု ဆုံးဖြတ်ထားသောကြောင့် အခုချိန်မှာ သက်သက် အ‌ရေးလုပ်မနေတော့ဘဲ ဆက်လက်အိပ်လိုက်၏။

ညသန်းခေါင်သို့ ‌ရောက်သောအခါ ဆူဇီမိုနှင့် စိတ်ဝိညာဉ်တောကောင်နှစ်ကောင်တို့က အိပ်မောကျနေချေပြီ။

စိတ်ဝိညာဉ်ကျား အိပ်နေစဉ်မှာပင် ထူးဆန်းသော အသံများက သူ့နားထဲသို့ ဝင်လာလေသည်။

“xx xx xx xx”

စိတ်ဝိညာဉ်ကျားလိုပင် အိပ်နေသော စိတ်ဝိညာဉ်ကျားသစ်သည်လည်း ထူးဆန်းသော အသံများကို ကြားလိုက်ရ၏။

“xx…xxx…xx…xx”

အသံက နှစ်မျိုးဖြစ်ပြီး မတိုးမကျယ်နှင့် တစ်မူထူးခြားနေ၏။ ထိုအသံများက လိုဏ်ဂူတိုက်ခန်းထဲတွင် ပဲတင့်ထပ်ထွက်ပေါ်နေလေ၏။

ထိုအချိန်တွင် ဆူဇီမို၏ ကိုယ်တွင်းထဲ၌ ထူးဆန်းသော ပြောင်းလဲမှုများက စတင် ဖြစ်ပေါ်နေ၏။

ထိုအသံနှစ်မျိုးက ထူးဆန်းသောစွမ်းအင်များကို သယ်ဆောင်ထားပြီး သူ၏ အသွေးအသားများ အရွတ်များကို ဖြတ်ကျော်ကာ အရိုးထဲသို့ စိမ့်ဝင်ပျံ့နှံ့သွားပြီးနောက် ခြင်ဆီထဲသို့ စီးဝင်သွားလေသည်။

“ဟွား..လလ..ဟွား..လလ”

အသံနှစ်သံ၏ တုန်ခါလှိုင်းများအောက်တွင် သူ့ခြင်ဆီထဲမှ ရေစီးသံလို အသံများ ထွက်ပေါ်လာပြီး ၎င်းက သာယာနာပျော်ဖွယ်ကောင်းနေ၏။

အိပ်မောကျနေသာ ဆူဇီမိုသည် အိပ်မက်တစ်ခု မက်နေသလို ထင်ရ၏။ သူ့အရိုးထဲမှ ရှိသော ခြင်ဆီရည်များသည် တစ်ဖြည်းဖြည်း လှည့်ပတ်စီးဆင်းလာပြီး သူ့အရိုးများကို ဆက်တိုက်သန့်စင်ကာ လတ်ဆတ်သော သွေးများအသွင် ပြောင်းလဲသွား၍ သူ့ခန္ဓာကိုယ်ထဲရှိ မူလသွေးများနှင့် အတူရောနှော စီးဆင်းသွားလေ၏။

“ဟမ့်”

ဆူဇီမိုသည် မျက်လုံးပြူးမျက်ဆန်ပြူးနှင့် တုန်လှုပ်စွာ နိုးလာလေ၏။ ဒါက ... ကျားနဲ့ ကျားသစ်တို့ရဲ့ အသံပဲ။

All Chapters