← Chapters

သွေးစွမ်းအား

Vol. 6 Ch. 86

သွေးစွမ်းအား

Vol. 6 Ch. 86

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း ၈၆ - သွေးစွမ်းအား

Translator – Than Toe Aung

ဆူဇီမိုသည် ကျောက်ခုတင်ထက်တွင် မလှုပ်မယှက် လှဲနေပြီး လိုဏ်ဂူထဲတွင် ပဲ့တင်ထပ်မြည်ဟည်းနေသာ ထူးဆန်းသည့် အသံကို အာရုံစိုက် နားထောင်နေလိုက်၏။ သူ့ကိုယ်ထဲရှိ ခြင်ဆီများ လှည့်ပတ်စီးဆင်းနေမှုကို အာရုံခံစားလိုက်ပြီး မျိုးစေ့တစ်ခု အညှောင့်ပေါက်လာသလို နားလည်သိရှိမှုများက ဆက်တိုက်ဖြစ်ပေါ်လာ၏။

အန္တိမသားရဲနတ်ဆိုးကျင့်စဉ်မှာ နောက်ပိုင်းရောက်လေ ပိုခက်လာရသည်မှာ ထို့ကြောင့်ပင် ဖြစ်လေသည်။ ၎င်းသည် ပြင်ပစွမ်းအားများကို အတွင်းသို့ ပြောင်းလဲယူရခြင်း ဖြစ်၏။

၎င်းသည် အရေပြားကို မာကြောသန်မာလာအောင် လေ့ကျင့်ရခြင်းမှ စ၍ အသား၊ အရွတ်၊ အရိုးများထိ ဆက်တိုက် အစီအရီ လေ့ကျင့်ခဲ့ရ၏။ ထိုအစဉ်အတန်းပြီးနောက် ယခု ရောက်ရှိလာသည်မှာ ခြင်ဆီသန့်စင်ခြင်း အပိုင်း ဖြစ်၏။

ပြင်ပအပိုင်းကို ကျင့်ကြံရသော နည်းစနစ်များက များသောအားဖြင့် လွယ်ကူတတ်၏။

ဘာကြောင့်ဆိုသော် ၎င်းတို့တွင် သုတ္တန်များအပြင် ဝင်လေထွက်လေရှူရှိုက်ခြင်းများကို အခြေခံအဖြစ် အသုံးချကာ သတ်ဖြတ်ခြင်း နည်းစနစ်များဖြင့် ထပ်ပေါင်း၍ အရေပြား၊ အရွတ်နှင့် အရိုးတို့ကို သန့်စင်မာကျောလာအောင် လေ့ကျင့်နိုင်သောကြောင့် ဖြစ်၏။

သို့သော်လည်း ခြင်ဆီသန့်စင်ခြင်း အပိုင်းသို့ရောက်သောအခါ သတ်ဖြတ်ခြင်း နည်းစနစ်များက ၎င်းအပေါ်တွင် အလုပ်မဖြစ်တော့ပေ။ အရာရာတိုင်းက ဆူဇီမို၏ နားလည်နိုင်စွမ်းအားနှင့် သုတ္တန်များမှ အနှစ်သာရများကို ဖမ်းဆုပ်နိုင်မှုအပေါ် အဓိက မူတည်လာလေသည်။

ဥပမာအားဖြင့် နွားရိုင်းကိုယ်ဟန်သုံးသွယ်ကို ဆက်တိုက် လေ့ကျင့်ခြင်းဖြင့် အ‌ရေပြားများကို မာကျောသန့်စင်စေပြီး နတ်မြင်းကိုယ်ဟန် သုံးသွယ်ကို လေ့ကျင့်ခြင်းက အရိုးများကို ကြံ့ခိုင်သန့်စင်ပေးနိုင်၏။

ခြင်ဆီသည် အရိုး၏ အတွင်းထဲတွင် တည်ရှိ၏။ ပြင်ပကိုယ်ကာယ နည်းစနစ်များက အများဆုံး အရိုးအထိသာ သန့်စင်ပေးနိုင်၏။ ထိုထက် ပို၍ အတွင်းကျအောင် မရောက်နိုင်တော့ပေ။

ထို့ကြောင့်ပင် ခြင်ဆီကိုသန့်စင်ဖို့အတွက် အသုံးပြုရသော နည်းစနစ်သည် သည့်အရင်က နည်းစနစ်များနှင့် မတူဘဲ သိသိသာသာ ကွဲပြားခြားနားသွားရခြင်း ဖြစ်၏။

ကျားနှင့်ကျားသစ်တို့၏ အသံသည် ခြင်ဆီသန့်စင်ခြင်းအပိုင်း၏ အလှည့်အပြောင်း တံခါးပေါက်လေးတစ်ခုသာ ဖြစ်လေသည်။

တစ်ကယ့်အနှစ်သာရကတော့ သုတ္တန်ထဲမှာသာ ရှိလေသည်။

ဆူဇီမိုသည် ခြင်ဆီသန့်စင်ခြင်းအပိုင်း၏ သုတ္တန်စာသားများကို ပြန်လည်ပုံဖော်ကြည့်လိုက်ပြီး ကျားနှင့် ကျားသစ်တို့၏ အသံကို စတင် အတုခိုး အော်ကြည့်လိုက်၏။

“XXX….XXX…XXX…”

အတုခိုးလိုက် ‌အသံထွက်ကြည့်လိုက် ထပ်တစ်လဲလဲ ပြုလုပ်နေရင်းနှင့် ဆူဇီမို၏ ကိုယ်ထဲမှ တစ်မူထူးခြားသော တုန်ခါသံများက ထွက်ပေါ်လာ၏။

ထိုတုန်ခါသံများက သူ့အရိုးများထဲရှိ ခြင်ဆီများကို လှုံ့ဆော်ပေး၍ အရူးအမူး စီးဆင်းလာစေကာ သွေးအသစ်တစ်မျိုးကို ဖြစ်ပေါ်လာစေပြီး ဆူဇီမို၏ သွေးများ အကြောများထဲသို့ စိမ့်ဝင်စီးဆင်းသွားလေသည်။

ခြင်ဆီသန့်စင်ခြင်းအပိုင်း၏ ဖော်ပြထားမှုအရ စဦးအောင်မြင်မှုကို ရရှိလျှင် သူသည် အစောပိုင်း-အခြေတည်အဆင့် ကျင့်ကြံသူများကို သတ်နိုင်စွမ်းရှိမှာဖြစ်ပြီး၊ သာလွန်‌‌အောင်မြင်မှုကို ရရှိလျှင်တော့ အလယ်အလတ်-အခြေတည်အဆင့် ကျင့်ကြံသူများကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိလာမှာဖြစ်ကာ နောက်ပိုင်း-အခြေတည်အဆင့် ကျင့်ကြံသူများနှင့်ပင် ယှဉ်တိုက်နိုင်လာမှာ ဖြစ်လေသည်။

ထိုအရာသည် ခြင်ဆီသန့်စင်ခြင်းတွင် သွေးဖလှယ်ခြင်း၏ ကြောက်လန့်စရာ ခွန်အား ဖြစ်လေသည်။

ခန္ဓကိုယ်၊ အရွတ်နှင့် အရိုးတို့ကို မီးဆေးသန့်စင်ခြင်းသည် ဘာပဲပြောပြော ပြင်ပ ခွန်အားများသာ ဖြစ်လေသည်။

ခြင်ဆီသန့်စင်ခြင်းအပိုင်းမှ စ၍ ဆူဇီမို လေ့ကျင့်ရမည်မှာ အတွင်းမှလာသော အားများဖြစ်၏။ ယခု ခြင်ဆီသန့်စင်ခြင်းအပိုင်းတွင် သူရလာမည်မှာ သွေး၏ စွမ်းအား ဖြစ်လေသည်။

ကန်းလန်ရိုးမတွင် ပျော်ရွှင်ဖွယ်ကလန်၏ အခြေတည်အဆင့် ကျင့်ကြံသူများ အမဲလိုက်တာကို ခံရခဲ့စဉ်က သူသည် မျှော်လင့်ချက်မျောက်ဝံ အသွင်းပြောင်းလဲခြင်းကို အသုံးချကာ သေခြင်းမှ ပွတ်ကာသီကာ ရုန်းထွက်နိုင်ခဲ့၏။

ထိုစဉ်က မျှော်လင့်ချက်မျောက်ဝံအသွင်ပြောင်းလဲခြင်းမှ အချိန်တစ်ခဏတာကြာသည့်အထိ များပြားလှသော ခွန်အားစွမ်းအားများ ထွက်ပေါ်လာရခြင်းမှာ သွေး၏ စွမ်းအားကြောင့်ပင် ဖြစ်လေသည်။

ထို့ကြောင့်ပင် မျှော်လင့်ချက်မျောက်ဝံအသွင်းပြောင်းလဲခြင်း ကုန်ဆုံးသွားပြီးနောက် ဆူဇီမိုသည် အားအင်ချိနဲ့သွားရခြင်း ဖြစ်၏။ တစ်နည်းအားဖြင့် ထိုစဉ်က သူအသုံးပြုခဲ့သည်မှာ အငှားခွန်အားသာ ဖြစ်လေသည်။ ထိုစဉ်က သူသည် ခြင်ဆီသန့်စင်ခြင်းကို မလေ့ကျင့်ရသေးသောကြောင့် ထိုကဲ့သို့သော ခွန်အားကို သူ့ခန္ဓာကိုယ်က အချိန်အကြာကြီး တောင့်ခံနိုင်ခြင်း မရှိပေ။

ခြင်ဆီသန့်စင်ခြင်းအပိုင်းကို လေ့ကျင့်တတ်မြောက်သွားလျှင်တော့ ဆူဇီမိုသည် မျှော်လင့်ချက်မျောက်ဝံ အသွင်ပြောင်းလဲခြင်းကို ထပ်မံအသုံးပြုစရာ မလိုတော့ပေ။

မည်သို့ပင်ဆိုစေ.. ထိုအရာသည် ခြင်ဆီသန့်စင်ခြင်း၏ စဦးအောင်မြင်မှုလေးပင် ဖြစ်လင့်ကစား သူ၏ စီးဆင်းနေသော သွေးများက ကြောက်စရာကောင်းလောက်သော စွမ်းအားပမာဏကို ထုတ်ဖော်ပေးလိမ့်ပေမည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ညတာက ကုန်ဆုံးသွားပြန်၏။

သူသည် ကျားနှင့် ကျားသစ်တို့၏ အသံကို အကြမ်းဖျင်းအားဖြင့်‌တော့ နားလည်တတ်မြောက်သွားပေပြီ။

မတ်တပ်ရပ်လိုက်ပြီးနောက် ဆူဇီမို၏ ရင်သည် ပျော်ရွှင်မှုများနှင့် ပြည့်နေကာ ‌စောစောရက်များက ဖြစ်ပေါ်ခဲ့သော စိတ်ပျက်လက်ပျက်ဖြစ်မှုများက ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားချေပြီ။

သူသည် နောက်ဆုံးမှာတော့ အချိန်အတော်ကြာ တစ်ဆို့နေခဲ့သော ခြင်ဆီသန့်စင်ခြင်းအပိုင်း၏ အဟန့်အတားကို ဖြတ်ကျော်နိုင်ခဲ့ပေပြီ။

စိတ်ဝိညာဉ်ကျားနှင့် ကျားသစ်တို့ကို လှမ်းကြည့်လိုက်ပြီး ဆူဇီမိုက ပြုံးပြလိုက်၏။ သူတို့ကို သတ်ဖြတ်မည့် အတွေးက သူ့မှာ မရှိတော့‌ပေ။

မည်သို့ပင်ဆိုစေ ဤတောကောင်နှစ်ကောင်က သူ၏ ခြင်ဆီသန့်စင်ခြင်းအပေါ် နားလည်ဆင်ခြင်သုံးသပ်ရာတွင် တစ်ထောင့်တစ်နေရာက ကူညီပေးခဲ့လေသည်။

တောကောင်နှစ်ကောင်က အချိန်အတော်ကြာကတည်းက နိုးနှင့်နေပြီးဖြစ်၏။ သူတို့သည် ဆူဇီမို၏ အပြုံးကို မြင်လိုက်ရသောအခါ ကျောချမ်းသွားပြီး ကြောက်ရွံ့တုန်လှုပ်သွားကြ၏။

သည့်အရင်က ဆူဇီမို ပြုံးတာကို သူတို့ တစ်ခါမျှ မမြင်ဖူးခဲပေ။

ယခုတော့ သူက ရုတ်တရတ်ကြီး ပြုံးပြနေချေပြီ။

“သွားပြီ.. ပြီးသွားပြီ.. ဒီလူက ငါြ့ကို တစ်ကယ်ကြီး တွယ်တော့မှာပဲ” စိတ်ဝိညာဉ်ကျားက ကြိတ်၍ ငိုကြွေးလိုက်၏။

စိတ်ဝိညာဉ်ကျားသစ်ကတော့ မလုံမလဲ ခံစားနေရ၏။

သူသည် ပြီးခဲ့သည့်ညက သူ၏ သတ်ဖြတ်လိုစိတ်ကြောင့် နေရာမှာတင် ပွဲချင်းပြီး ရှောရတော့မလို့ပင်။ ယခုအခါ သူသည် ခေါင်းကို ငုံ့ထားပြီး ဆူဇီမိုကို လုံးဝ မကြည့်ရဲပေ။

ဆူဇီမိုသည် ရှေ့သို့ လျှောက်လာပြီးနောက် စိတ်ဝိညာဉ်ကျားနှင့် ကျားသစ်ကို ဘယ်ညာလက်တစ်ဖက်စီဖြင့် ဆတ်ကနဲ ဆွဲယူကာ လိုဏ်ဂူတိုက်ခန်းမှ ထွက်လိုက်ပြီး တောင်ထွတ်အရှေ့ဘက်သို့ ဦးတည်သွားလိုက်၏။

ထူထဲသော မြူလွှာများကို ဖြတ်သန်းပြီးနောက် သူသည် ဂိုဏ်း၏ အပြင်ဘက်အစပ်သို့ ရောက်လာကာ စိတ်ဝိညာဉ်တောကောင်နှစ်ကောင်ကို ပစ်ချလိုက်၏။

“ကဲ မင်းတို့ သွားလိုရာ သွားလို့ရပြီ”

စိတ်ဝိညာဉ်ကျား “. . . .”

စိတ်ဝိညာဉ်ကျားသစ်”. . . .”

တောင်ကောင်နှစ်ကောင်စလုံးက မှင်တက်နေကြပြီး မည်သို့မည်ပုံ ဖြစ်လာသည်ကို မစဉ်းစားတတ် ဖြစ်နေကြ၏။

သူက ငါတို့ကို ဒီတိုင်းပဲ လွှတ်ပေးလိုက်တော့မှာလား။

တစ်ခဏကြာပြီးနောက် တောကောင်နှစ်ကောင်သည် ကြောင်ပေါက်လေးများလို မြေပေါ်မှာ ကျိုးနွံနာခံစွာ ဝပ်နေကြ၏။

ဆူဇီမိုက ပြုံးလိုက်ပြီး လက်ကာပြလိုက်၏။

“ကဲကဲ သွားချင်ရင် သွားလို့ရပါပြီ.. မင်းတို့ကို ဘာမှ မလုပ်တော့ပါဘူး”

ဒီတစ်ကြိမ်တွင်တော့ တောကောင်နှစ်ကောင်သည် ဆူဇီမို၏ လေသံက ပေါ့ပေါ့ပါးပါးပင် ရှိနေတာကို သတိထားမိလိုက်ကြ၏။

ဒီလူက သူတို့ကို သဘောရိုးနှင့် ဒီအတိုင်း သွားခိုင်းနေပုံရ၏။

စိတ်ဝိညာဉ်ကျားသစ်က ထရပ်လိုက်ပြီး ရှေ့သို့ နည်းနည်း တိုးကြည့်လိုက်၏။ ဆူဇီမိုထံမှ လာမည့် တုံ့ပြန်မှုကို စောင့်ကြည့်၍ သူသည် ရှေ့သို့ ထပ်တိုးကြည့်လိုက်၏။

ခြေလေးငါးလှမ်းပြီးနောက် ကျားသစ်သည် နောက်သို့ အလောတကြီး ပြန်လှည့်ကြည့်လိုက်ပြီး ဆူဇီမိုက သူ့ကို လိုက်မဖမ်းတာတွေ့မှ စိတ်သက်သာရာ ရသွား၏။

ဤသို့ဆိုလျှင်တောင် စိတ်ဝိညာဉ်ကျားသစ်သည် ပြေးမသွားရဲဘဲ ရှေ့သို့ ခြေလှမ်းစိပ်စိပ်ဖြင့် နည်းနည်းချင်း ရွေ့ကာ ရံဖန်ရံခါဆိုသလို အနောက်သို့လည်း လှည့်ကြည့်ရသေး၏။

စိတ်ဝိညာဉ်ကျားကတော့ လုံးဝ မလှုပ်ဘဲ ဆူဇီမိုကိုသာ ပါးစပ်အဟောင်းသာ ငေးကြည့်နေ၏။

ဆူဇီမိုက မေးလိုက်၏။

“မင်းက ဘာလို့ မသွားသေးတာလဲ”

စိတ်ဝိညာဉ်ကျားက မြှူစွယ်သလို သွားဖြဲပြလိုက်ပြီး သူ့အမြီးကိုပင် နှံ့လိုက်သေး၏။

နောက်တစ်ခဏ၌ စိတ်ဝိညာဉ်ကျား၏ နုလုံးက ဒုတ်ကနဲ ခုန်သွားပြီး သူ့ကိုယ်သူ ကျိန်ဆဲလိုက်၏။

“လခွမ်းပဲ.. ငါက တောဘုရင်လေ.. ငါက ဘာလို့ ခွေးတစ်ကောင်လို အမြီးနှံ့နေရတာလဲ”

“မင်း မသွားဘူးဆိုလဲနေလေ ငါကတော့ သွားတော့မယ်”

ထိုသို့ ပြောပြီးနောက် ဆူဇီမိုသည် မြူခိုးလွှာဆီသို့ လှည့်ပြန်လာခဲ့၏။

ခဏမျှ တုံ့ဆိုင်းနေပြီးနောက် စိတ်ဝိညာဉ်ကျားက သူ့နောက်သို့ ပြေးလိုက်လာခဲ့၏။

“အမ်”

သူ့နောက်က စိတ်ဝိညာဉ်ကျားကို ကြည့်လိုက်ပြီးနောက် ဆူဇီမိုက ပြုံးလိုက်၏။

“ဘာလဲ မင်းက ငါ့နောက်ကို လိုက်ချင်တာလား”

၎င်းက အလောတကြီး ခေါင်းညိတ်ပြလိုက်၏။

စိတ်ဝိညာဉ်ကျားက စိတ်ထဲကနေ ရေရွတ်လိုက်၏။

“နောက်နေတာလား ကိုယ့်လူ.. မင်းက ငါတို့ကို ဒီလောက် နှိပ်စက်ပြီးမှ လွယ်လွယ်လွှတ်ပေးမှာတဲ့လား.. ငါ့ကိုများ နုံတယ်ထင်နေလား.. ဒါက ထောင်ချောက်ဆိုတာ ငါသိတာပေါ့.. ငါတို့သာ တစ်ကယ် ပြေးထွက်သွားရင် မင်းက ငါတို့ကို လိုက်သတ်မှာမလား”

စိတ်ဝိညာဉ်ကျားသည် စိုးရိမ်ပူပန်စွာနှင့် ဖြည်းဖြည်းချင်း လမ်းလျှောက်သွားနေသော စိတ်ဝိညာဉ်ကျားသစ်ကို လှမ်းကြည့်လိုက်ပြီး စိတ်ထဲကနေ ဂရုဏာသက်စွာဖြင့် ရေရွတ်လိုက်၏။

“ညီလေးကျားသစ်ရေ.. ကံကောင်းပါစေကွာ.. မင်း မသေဖို့ ငါမျှော်လင့်ပါတယ်”

ဆူဇီမိုကတော့ စိတ်ဝိညာဉ်ကျား၏ အတွေးများကို မသိရှာပေ။ သူသည် ၎င်းကို သူနှင့်အတူ ပြန်ခေါ်လာခဲ့ပြီး မြူနှင်းများအကြား လျှောက်လာခဲ့၏။

လမ်းတစ်လျှောက်တွင် စိတ်ဝိညာဉ်ကျားက ဆူဇီမိုသည် ဘယ်တော့များ နောက်ပြန်လှည့်၍ စိတ်ဝိညာဉ်ကျားသစ်ကို သွားသတ်မလဲဆိုတာ စောင့်ဆိုင်းနေ၏။

သို့သော်လည်း သူတို့သည် မြူလွှာဝင်္ကပါကို ဖြတ်ကျော်ခဲ့ပြီးတာတောင် ဆူဇီမိုက နောက်ပြန်လှည့်ဖို့ စိတ်ကူးရှိပုံ မရပေ။

“သေစမ်း.. ငါတော့ ကိုယ်ကျိုးနည်းပြီ!”

စိတ်ဝိညာဉ်ကျားက အံ့ကြိတ်၍ သူ့ကိုယ်သူ ကျိန်ဆဲလိုက်၏။

“နေပါဦး.. ငါက ကိုယ်သေတွင်းကိုယ်တူးပြီး ခုန်ချခဲ့တာပဲ.. ငါက ကိုယ့်ကိုယ်ကို ငတတ်ကြီးလိုတောင် တွေးလိုက်သေး...”

“နောက်ထပ် အခွင့်အရေးတစ်ခုတော့ ရှိဦးမှာပါ.. ဟုတ်တယ် ရှိဦးမှာပါ”

စိတ်ဝိညာဉ်ကျားကို သူ့ကိုယ်သူ အားပေးလိုက်၏။ အခွင့်အရေးရတာနှင့် ထွက်ပြေးဖို့ အဆင်သင့်ပြင်ထားလိုက်၏။

ထိုအချိန်မှာပင် ပကတိရွှေအူတိုင်အဆင့် တစ်ယောက်က လေထဲကနေ ပျံသန်းလာ၏။ သူသည် အောက်မှာရှိသော ဆူဇီမိုကို မြင်လိုက်သောအခါ တိတ်တဆိတ် အံ့အားသင့်သွားပြီး သူသွားရာ ဦးတည်ဖက်ကို ပြောင်းလိုက်ကာ ဆူဇီမိုတို့ နှစ်ယောက်နားတွင် ဆင်းသက်လိုက်၏။

All Chapters