← Chapters

အတုံးလိုက်ကြီး...

Vol. 6 Ch. 84

အတုံးလိုက်ကြီး...

Vol. 6 Ch. 84

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း ၈၄ - အတုံးလိုက်ကြီး...

Translator – Than Toe Aung

ဖိုသီဖတ်သီအဖိုးအိုနှင့် အကြီးအကဲလျှိုတို့၏ ပုပ်သိုးနေသော မျက်နှာတို့ကို မြင်ရသောအခါ ဖေးဖူသည် မနေနိုင်‌တော့ဘဲ မေးလိုက်၏။

“ဘာလို့လဲ .. မင်းတို့ရဲ့ အဲ့ဒီ အစမ်းတပည့်က...”

“သူက ငါတို့ နတ်ပန်းပဲတောင်ထွတ်ရဲ့ တစ်ဦးတည်းသော အဆင့်၃ စိတ်ဝိညာဉ်မီးတောက် ပိုင်ဆိုင်သူပဲ”  ဖိုသီဖတ်သီအဖိုးအို၏ အသံက အနည်းငယ် ခက်ထန်နေ၏။

“အဆင့်၃ စိတ်ဝိညာဉ်မီးတောက်တဲ့လား”

ဖေးဖူက အံ့အားတစ်သင့် ရေရွတ်လိုက်၏။

“နတ်ပန်းပဲတောင်ထွတ်မှာ ပါရမီရှင်လေးတစ်ယောက် ပေါ်ထွက်လာတယ်ဆိုတာ ငါလဲ ကြားမိပါရဲ့ ဘာတဲ့ သူ့နာမည်က ဆူဇီမို မဟုတ်လား”

အကြီးအကဲလျှိုက သုန်မှုန်စွာဖြင့် ပြောလိုက်၏။

“လာကွာ ငါတို့ မဟာကျောက်တောကို သွားရှာကြမယ်.. အဲ့ကောင်လေးရဲ့ အလောင်းကို မမြင်ရမချင်း သူသေပြီလို့ ငါမယုံကြည်နိုင်ဘူး”

ဖေးဖူက ပြန်ပြောလိုက်၏။

“ဟုတ်တယ် သွားရ‌အောင် ကျုပ်လဲ ခင်ဗျားတို့နဲ့ လိုက်ခဲ့မယ်”

သူသည် သူ့နောက်ရှိ အတွင်းစည်းတပည့်များကို ကျိုးဝေတို့အုပ်စုအား ဂိုဏ်းသို့စောင့်ရှောက်၍ ပြန်ခေါ်သွားဖို့ မှာကြားလိုက်ပြီးနောက် ဖိုသီဖတ်သီအဖိုးအိုနှင့် အကြီးအကဲလျှိုတို့နောက်သို့ လိုက်သွားလေသည်။

သူတို့သုံးယောက်သည် လူခွဲ၍ တစ်နေ့လုံးကုန်အောင် ရှာဖွေခဲ့ကြသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရ၏။ နောက်ဆုံးမှာတော့ သူတို့သည် မဟာကျောက်တော၏ အတွင်းဆုံးအပိုင်းသို့ ရောက်လာကြပြီးနောက် ထက်ခြမ်းခွဲနေသော ရွှေစားကောင်၏ အလောင်းကို တွေ့လိုက်ကြရ၏။

“ဒီရွှေစားကောင်က စိတ်ဝိညာဉ်သားရဲအဆင့်ကိုတောင် ရောက်လု ဖြစ်နေပြီ.. ဒါပေမယ့်လဲ အသတ်ခံလိုက်ရတာပဲ”

“ကြည့်စမ်းကွာ.. သူ့ခန္ဓာကိုယ်ကို ဘယ်လောက်ထိ ကြောက်စရာကောင်းအောင် ဆုတ်ဖြဲသွားလဲဆိုတာ.. ဘယ်လောက်တောင် သန်လိုက်တဲ့ ခွန်အားလဲ”

“အမ်”

ဖေးဖူသည် တိတ်တဆိတ်ရေရွတ်လိုက်ပြီးနောက် တစ်ခုခုကို သဘောပေါက်သွားပုံရ၏။

“အဲ့ဒါက ဟိုဗလတောင့်တောင့်လူရဲ့ လက်ချက်များ ဖြစ်နေမလား”

“ဘယ်က ဗလတောင့်တောင့်လူလဲ” ဖိုသီဖတ်သီအဖိုးအိုက မေးလိုက်၏။

ဖေးဖူက စိတ်ဝိညာဉ်တောင်ထွတ်မှ တပည့်ငါးယောက် တိုက်ခိုက်ခံရပုံကို ပြန်ပြောင်းပြောပြလိုက်၏။

“ကော်ချုံး ပြောပုံအရဆိုရင် .. အဲ့ဒီ ဗလတောင့်တောင့်လူက အနီးကပ်တိုက်ခိုက်ရည်မှာ အတော်ကောင်းပြီး ခွန်အားကလဲ အတော်သန်မာဆိုပဲ.. သူက ဘယ်ဂိုဏ်းကလဲ ဘယ်ကလဲ ဆိုတာလဲ မသိရသေးဘူး.. ကိစ္စက သိပ်တော့ မပေါ့တော့ဘူးပဲ”

“အဲ့ဒီဗလတောင့်တောင့်လူက ကော်ချုံးတို့ကို သတ်ဖို့ စိတ်ကူးမရှိခဲ့တာတော့ သေချာတယ်ကွာ.. မဟုတ်ရင် သူတို့အခုနေ အလောင်းကောင်တွေ ဖြစ်နေပြီ”

အကြီးအကဲလျှိုက ထပ်မံသုံးသပ်လိုက်၏။

“နောက်ပြီး ဗလ‌တောင့်တောင့်လူက သူတို့ငါးယောက်ကို မဟာကျောက်တောအုပ်ရဲ့ အပြင်ကို သယ်ထုတ်ပေးပြီးမှ ထွက်သွားတာပဲ.. အဲ့ဒါက ရှင်းနေတာပဲ.. သူက ကော်ချုံးတို့အုပ်စုကို မဟာကျောက်တောထဲမှာ ထားခဲ့ရင် စိတ်ဝိညာဉ်တောကောင်တွေရဲ့ တိုတ်ခိုက်စားသောက်ခံရမှာကို စိုးရိမ်လို့ပဲ”

“အဲ့လူက ထူးတော့ထူးတယ်.. သူက မိတ်ဆွေလား ရန်သူလားဆိုတာ ပြောဖို့ခက်တယ်”  ဖိုသီဖတ်သီအဖိုးအိုက သဘောတူစွာ ခေါင်းညိတ် မှတ်ချက်ပေးလိုက်၏။

ဆူဇီမို၏ သေသလား ရှင်သလား မသိရသော အခြေအနေကို တွေးမိကာ အကြီးအကဲလျှိုသည် လိပ်ပြာမလုံသလို ခံစားလာရပြီး သက်ပြင်းများသာ လှိမ့်ချနေရ၏။

“ထားလိုက်ပါတော့ကွာ.. ပြန်ပဲပြန်ကြတော့တာပေါ့”  ဖိုသီဖတ်သီအဖိုးအိုက စိတ်ပျက်လက်ပျက် အမူအယာနှင့် ပြောလိုက်၏။

ပကတိရွှေအူတိုင် သုံးယောက်သည် နှုတ်က ထုတ်မပြောကြသော်လည်း သူတို့မှာ တူညီသော အတွေးများ ရှိနေကြ၏။ ဆူဇီမိုသည် မဟာကျောက်တောထဲတွင် ဆိုးရွားလှသော အန္တရာယ်တစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး စစ်ကူတောင်းဖို့ စိတ်ဝိညာဉ်ကြိုးကြာကိုပင် လွှတ်ချိန်မရ‌တော့ဘဲ ဆုံးပါးပျောက်ကွယ်သွားသည် ဟူ၍ပင်။

တစ်ကယ်တော့ သူတို့သုံးယောက်စလုံးသည် ဆူဇီမို ဂိုဏ်းကို စဝင်လာတုန်းက ချောက်ကမ်းပါးတွင် ကြိုးကြာလေးနှင့် မည်သို့ စီးထိုးတိုက်ခိုက်ခဲ့သည်ဆိုတာကို တွေ့ဖူးခြင်း မရှိခဲ့ကြပေ။

သူတို့သာ ထိုမြင်ကွင်းကို မြင်တွေ့ခဲ့ဖူးလျှင် ဆူဇီမိုသည် လွယ်လွယ်နှင့် မသေနိုင်ဘူးဆိုတာ သ‌ဘောပေါက်ကြပေလိမ့်မည်။

. . .

နှစ်ရက်သာ ကြာသွားသော်လည်း ဆူဇီမိုသည် စိတ်ဝိညာဉ်ကျားနှင့် ကျားသစ်ထံမှ တစ်စုံတစ်ရာ ဘာမှ မရရှိသေးပေ။ သူသည် စိတ်ပျက်လက်ပျက် ဖြစ်လာပြီးနောက် မစ်ရှင်အတွက် ရယူခဲ့သော ရွှေရိုင်းတုံးများကို သွားရောက် မအပ်နှံရသေးတာကို သတိရသွား၏။ ထို့ကြောင့် သူသည် နေထိုင်ရာ လိုဏ်ဂူတိုက်ခန်းထဲမှ ထွက်လိုက်ပြီး မစ်ရှင်ကျောက်တိုင်ရှိရာသို့ ဓါးပျံစီး၍ ထွက်လာခဲ့လိုက်၏။

မစ်ရှင်ကျောက်တိုင်နားတစ်ဝိုက်တွင် ရွှယ်ယိအပါအဝင် နတ်ပန်းပဲတောင်ထွတ်မှ တပည့်အတော်များများ စုဝေးနေကြတာကို သူတွေ့လိုက်ရ၏။

ဆူဇီမိုက လမ်းလျှောက်သွားလိုက်ပြီး မေးလိုက်၏။

“အကြီးအကဲလျှိုက အခုထိ ပြန်မရောက်သေးဘူးလားဗျ”

“ဟုတ်တယ် သူထွက်သွားတာ နှစ်ရက်ရှိပြီ .. အခုထိ ပြန်မရောက်သေးဘူး” ရွှယ်ယိက ခေါင်းညိတ်ဖြေလိုက်၏။

“ခင်ဗျားတို့တွေ အဲ့မှာ ဘာတွေ စိတ်ဝင်တစား ကြည့်နေကြတာလဲ” မစ်ရှင်ကျောက်တိုင်နား တစ်ဝိုက်တွင် များစွာသော တပည့််များ စုဝေးနေကြပြီး တီးတိုးဆွေးနွေးနေကြတာကို ဆူဇီမို တွေ့လိုက်ရ၏။

ရွှယ်ယိက ကျောက်တိုင်ကို ညွှန်ပြလိုက်၏။

“ပထမဆုံးမစ်ရှင်ကို ကြည့်ကြည့်လိုက်လေ”

ဆူဇီမို မော့ကြည့်လိုက်၏။

တောင်ထွတ်ငါးခုစလုံးအတွက်မစ်ရှင် - လျှို့ဝှက်ဆန်းကြယ်သော ဗလတောင့်တောင့်နှင့်လူကို ရှာပါ။

ထိုမစ်ရှင်၏ ဘေးတွင် ဆူဇီမို အဲ့တုန်းက ပြောင်းလဲခဲ့သော ဗလတောင့်တောင့်လူ၏ ပုံပန်းသဏ္ဍာန်ကိုပါ ရေးဆွဲပြထားသေး၏။

“အဲ့ဒါက ဘာကြီးလဲ”  ဆူဇီမိုသည် မသိဟန်ဆောင်၍ ပြန်မေးလိုက်၏။

ရွှယ်ယိက တီးတိုးပြောလိုက်၏။

“ငါကြားတာတော့ စိတ်ဝိညာဉ်တောင်ထွတ်က တပည့်အချို့ မဟာကျောက်တောစပ်မှာ အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ဗလတောင့်တောင့်လူကြီး တိုက်ခိုက်တာကို ခံခဲ့ရတယ်တဲ့.. သူတို့ပြောပုံအရဆို အဲ့လူက ပကတိချီစုဖွဲ့အဆင့်ဖြစ်ပြီးတော့ ခွန်အားကလဲ အလွန်တရာ သန်မာသတဲ့”

ဆူဇီမိုသည် စိတ်ထဲကနေ ကြိတ်ပြီး ရယ်နေလိုက်၏။

သူတို့သည် ဆန်းကြယ်ဂိုဏ်းနှင့် နီးစပ်ရာတစ်ခွင် မြေလှန်ရှာကြလျှင်ပင် ဤလျှို့ဝှက်ဆန်းကြယ်သော ဗလတောင့်တောင့်လူကြီးကို ရှာတွေ့ကြမည် မဟုတ်ပေ။

ဖလပ်! ဖလပ်!

ရုတ်တရတ်ဆိုသလို အဝတ်လေတိုးသံများက ထွက်ပေါ်လာ၏။

အားလုံး လှည့်ကြည့်လိုက်ကြသောအခါ ဖိုသီဖတ်သီအဖိုးအိုနှင့် အကြီးအကဲလျှိုတို့နှစ်ယောက်သည် လေထဲကနေ ပျံသန်းလာကြပြီး တောင်ထွတ်ဆီသို့ ဆင်းသက်လာကြတာကို တွေ့လိုက်ရ၏။

“အမ်း”

သူတို့နှစ်ယောက်သည် တပည့်များကို ပုံမှန်အတိုင်း ဝေ့ကြည့်လိုက်ကြပြီး သူတို့၏ အကြည့်များက ဆူဇီမိုထံသို့ အရောက်တွင် ခိုင်မြဲစွာ ရပ်တန့်တည်ငြိမ်သွားကြ၏။

သူတို့နှစ်ယောက်၏ အကြည့်များက သူ့ကို အစိမ်းလိုက်ဝါးစားတော့မည်ဟုပင် ထင်လာရ၏။

“မင်းက မဟာကျောက်တောကနေ အသက်ရှင်ရက် ပြန်ရောက်လာတယ်ပေါ့လေ.. ဟုတ်လား.. ကောင်လေး”  ဖိုသီဖတ်သီနှင့် အဖိုးအိုသည် အံကိုတင်းတင်းကြိတ်၍ မေးခွန်းထုတ်လိုက်၏။ စကားလုံးတိုင်းက မိုးချုန်းသံလို မြည်ဟည်းသွား၏။

သူသည် ဒေါသထွက်နေပေပြီ။ သူတို့သည် စိုးရိမ်တကြီးနှင့် မဟာကျောက်တောထဲတွင် ဆူဇီမိုကို နေ့နေ့ညည ရှာဖွေခဲ့ရ၏။ ဘယ်တုန်းကတည်းကရယ်မသိ ထိုကောင်လေးက ဂိုဏ်းကို ဘေးမသီရန်မခဘဲ ပြန်ရောက်နှင့်နေပေပြီ။

အကြီးအကဲလျှိုက ပိုလို့ပင် ဒေါသထွက်လာ၏။

ဆူဇီမိုအတွက်နှင့် သူသည် ဖိုသီဖတ်သီအဖိုးအို၏ ဆူပူကြိမ်းမောင်းတာကို ခံခဲ့ရသလို ပြီးခဲ့သည့် နှစ်ရက်လုံးလုံး အပြစ်ရှိသလို လိပ်ပြာမလုံ ခံစားနေခဲ့ရ၏။

ဘယ်သူက သိမှာလဲ.. ဒီကောင်လေးကတော့ နည်းနည်းလေးတောင် ပွန်းပဲ့ခဲ့ပုံမရဘဲ ဒီမှာလာပြီး ကောင်းကောင်းနေထိုင်နေခဲ့၏။

သူတို့၏ အကြည့်များအောက်တွင် ဆူဇီမိုသည် ကြက်သီးမွေးညင်းများ ထလာပြီး ချောင်းတစ်ချက်ဟန့်ကာ ခေါင်းညိတ်ပြလိုက်၏။

“ဟုတ်ကဲ့.. ကျတော်ဟာ မစ်ရှင်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး ပြန်ရောက်လာခဲ့ပါတယ်”

“ပေါက်တတ်ကရကွာ!”

ဖိုသီဖတ်သီအ‌ဖိုးအိုက ဖမ်းဟောက်လိုက်၏။

“မဟာကျောက်တောမှာ ငါတို့ မင်းကို ဘာလို့ မတွေ့ရတာလဲ”

“အာ”

တစ်ခဏမျှ ရပ်နားပြီးနောက် ဆူဇီမိုက ပြန်ဖြေပေးလိုက်၏။

“ကျတော်က အခုမှ ချီစုဖွဲ့မှု အဆင့်၅ပဲ ရှိပါသေးတယ်.. အဲ့ဒါကြောင့် စိတ်ဝိညာဉ်ချီအချို့ကို ချွေတာဖို့အတွက် ကျတော့်ရဲ့ ခရီးတစ်ဝက်လောက်ကို ဓါးပျံစီးမသွားဘဲ ခြေကျင်ပဲ လျှောက်လာခဲ့တာပါ.. ကျ‌တော်က အောက်ကလာ.. ဆရာတို့က အပေါ်ကသွားနဲ့ လွဲသွားတာ ထင်ပါရဲ့”

တော်ရုံတန်ရုံ ကိစ္စမရှိဘဲနှင့် လေထဲမှ ပျံသန်းသွားလေ့ရှိသော ကျင့်ကြံသူများသည် မြေပေါ်မှ ခြေကျင်လျှောက်သွားသူများကို အာရုံစိုက်၍ ကြည့်ကြလေ့ မရှိပေ။

ထိုအရာက အဓိပ္ပါယ်ရှိ၏။

ဆူဇီမို၏ ဘေးအန္တရာယ်ကို စိုးရိမ်သောကြောင့် သူတို့တစ်ချိန်လုံး တောအုပ်ထဲတွင် ပိုက်စိပ်တိုက် ရှာဖွေနေခဲ့သည်ဆိုတာကို ဖိုသီဖတ်သီအဖိုးအိုနှင့် အကြီးအကဲလျှိုတို့သည် တပည့်အများ၏ အရှေ့တွင် ရှက်ရွံ့သောကြောင့် ဝန်မခံလိုကြပေ။

သူတို့၏ အဆင့်အတန်းအရ ထိုသို့ပြောဖို့က ရှက်ဖွယ်ကောင်း၏။

သို့သော်လည်း သူတို့စိတ်ထဲတွင် မျိုသိပ်ထားရသော မကျေနပ်ချက်များကို မည်သို့ ဖြေဖျောက်ရမည်မသိ ဖြစ်နေကြ၏။

မြေခွေးအိုကြီးနှစ်‌ယောက်သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် တစ်ယောက်၏ စိတ်ကို တစ်ယောက်က မပြောဘဲ သိလိုက်ကြ၏။

၎င်းမှာ - ငါတို့နှစ်ယောက် ဒီဂြိုလ်မွှေတဲ့ ကောင်လေးကို တစ်နည်းနည်းနဲ့တော့ အပြစ်ပေးရမည် ဟူ၍ပင်။

အကြီးအကဲလျှို၏ မျက်လုံးများက ပါးနပ်မှုဖြင့် အရောင်တောက်သွားပြီး လေသံမာမာနှင့် ပြောလိုက်၏။

“ကောင်လေး.. မင်းက မဟာကျောက်တောက မစ်ရှင်ကို အခုထိ မထမ်းဆောင်ရသေးဘူးမလား.. မစ်ရှင်တစ်ခုကို ကျေပွန်အောင် မထမ်း‌ဆောင်နိုင်ရင် အပြစ်ပေးခံရမယ်ဆိုတာ မင်းသိလား”

သူတို့နှစ်ယောက်လုံး တွေးမိသည်မှာ ဆူဇီမိုသည် မဟာကျောက်တောကနေ ‌ဘေးမသီရန်မခ ပြန်လာနိုင်တာကကိုပင် အတော်လေး ကံကောင်းလှနေပေပြီ။ သူသည် မစ်ရှင်ကို အောင်မြင်အောင် ထမ်းဆောင်နိုင်ခဲ့ဖို့ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။

မဟာကျောက်တော၏ အတွင်းဆုံးအပိုင်းတွင် ရွှေစားကောင်က စောင့်ကြပ်နေတာကို သူတို့ တွေ့ခဲ့ရ၏။ ဒါ့အပြင် သန့်စင်သော ရွှေသတ္တုကြောတစ်ခုလုံးကို ဗလတောင့်တောင့်နှင့်လူက အပြောင်ရှင်းသွားပုံ ရလေသည်။

သို့သော်လည်း ဆူဇီမို ရယ်သံ‌နှောလိုက်ပြီး

“ကံကောင်းတာလား ဘာလားတော့ မသိပါဘူး.. ကျတော်က မစ်ရှင်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ပါတယ်.. ဒီက တပည့်က ဆရာ့တို့ကို စိတ်မပျက်စေခဲ့ပါဘူး”ဟု ပြောဆိုလိုက်၏။

“အာ”

ဒီတစ်ကြိမ်တော့ သူတို့နှစ်‌ယောက်လုံး အကျပ်ရိုက်သွားကြလေသည်။

ဘာလဲဆိုတာ သူတို့နှစ်‌ယောက်လုံး ကောင်းကောင်း သဘောမပေါက်သေးခင်မှာပင် ဆူဇီမိုသည် သိုလှောင်အိတ်ထဲကနေ သန့်စင်သော ရွှေရိုင်းတုံးကြီးတစ်တုံးကို ဆွဲထုတ်လိုက်၏။ ၎င်းသည် လူတစ်ယောက်အရပ်ထက်ပင် အနည်းငယ် မြင့်မားနေပြီး တောင်ပို့လေးတစ်လုံးစာလောက် ရှိလေသည်။

ဖိုသီဖတ်သီအဖိုးအိုနှင့် အကြီးအကဲလျှိုတို့ အကျပ်ရိုက်သွားကြသလို ကျန်တပည့်များအားလုံးလည်း မှင်တက်ငေးမောသွားကြ၏။

နားလည်ဖို့ လိုသည်မှာ လက်သီးဆုပ်လောက် သန့်စင်သောရွှေသတ္တုရိုင်းကို ရလာခဲ့လျှင်ပင် မစ်ရှင်ကို ကျေပွန်ဖို့ လုံလောက်လေသည်။

သို့သော်လည်း ဆူဇီမို ယူလာခဲ့သည်မှာ အတုံးလိုက်အတစ်လိုက်ကြီး ဖြစ်၏။ အလွန်တရာ ကြီးမာသော အတုံးကြီးဖြစ်၏။

သို့သော် လူတိုင်း မသိလိုက်ကြသည်မှာ သူတို့မြင်နေရသော ရွှေတုံးကြီးက ဆူဇီမို၏ သိုလှောင်အိတ်ထဲမှာ ကျန်နေသေးသော ရွှေရိုင်းများ၏ သုံးပုံတစ်ပုံသာ ဖြစ်လေသည်။

ဒါ့အပြင် သူသည် အဖိုးအတန်ဆုံးဖြစ်သော သန့်စင်သော ရွှေသလင်းကျောက်ကိုလည်း ဝှက်ထားသေး၏။

“အာ..”

အချို့က မှင်တက်လျက်.. အချို့က ပြောစရာစကားမဲ့လျက်..

ခဏကြာပြီးနောက် အကြီအကဲလျှိုက တံတွေးများကို မြိုချ၍ ညင်သာစွာ ချောင်းဟန့်လိုက်ကာ ပြောလိုက်၏။

“ကောင်းတယ် ကောင်လေး.. ကောင်းတယ်.. ဒီမစ်ရှင်က.. တစ်ကယ်ကို .. ကောင်းကောင်းကြီး ပြီးဆုံးသွားတာပဲ.. အဟမ်း အဟမ်း”

အစကတော့ အကြီးအကဲလျှိုသည် ဆူဇီမိုကို အခက်တွေ့အောင်လုပ်ဖို့ ရည်ရွယ်ထား၏။ သို့သော်လည်း သူသည် ကြီးမားသော ရွှေရိုင်းတုံးကြီးကို တွေ့လိုက်ရချိန်တွင် ထိုသို့လုပ်နိုင်စွမ်း မရှိတော့ပေ။

ဖိုသီဖတ်သီအဖိုးအိုက မျက်ခုံးကို တွန့်လိုက်ပြီး မေးလိုက်၏။

“ကောင်လေး.. မင်းအဲ့မှာတုန်းက ရွှေကြောရဲ့ဘေးမှာ ‌ရွှေစားကောင်ကို တွေ့ခဲ့သေးလား”

“ဟုတ်ကဲ့”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

“ကျတော် အဲ့ကို ရောက်သွားတဲ့အခါ ရွှေစားကောင်က သေနေပြီ.. အဲ့နားမှာ ရွှေရိုင်းတုံးတစ်တုံးကို တွေ့ရတာနဲ့ ကျတော်လဲ ကောက်ယူပြီး ပြန်လာခဲ့တာပဲ”

“ဘာလဲကွာ လခွမ်းပဲ”

သူတို့နှစ်ယောက်စလုံး စိတ်ထဲကနေ ရေရွတ်လိုက်၏။

“ဒီကောင်လေးရဲ့ကံက အဲ့လောက်ထိ သေလောက်အောင်ကို ကောင်းနေရလားကွာ”

All Chapters