ငါ မခံနိုင်ဘူး၊ ငါ့မျက်လုံးတွေ ကန်းတော့မယ်
Vol. 21 Ch. 309
“ကတောင် ကတောင်”
ထိုစဉ် ရှောင်ဖေးဖေး၏ ဖုန်းက အသံမြည်လာသည်။
“လင်းချန်ပဲ”
ရှောင်ဖေးဖေး၏ မျက်လုံးများက တောက်ပသွားပြီး ချက်ချင်း စာကို ဖွင့်ဖတ်လိုက်သည်။
“သူ တကယ် ဇာတ်ညွှန်းရေးပြီးသွားပြီပဲ”
“သုံးရက်ထဲနဲ့ သူ ဇာတ်ညွှန်းကို တကယ် ပြီးသွားတာလား”
အစ်မလင်းက တအံ့တဩ ပြောသည်။
“အရည်အသွေးက ဘယ်လိုနေမလဲ မသိဘူး”
“ဆိုးမှာတော့ မဟုတ်ပါဘူး”
ရှောင်ဖေးဖေးသည် မျှော်လင့်ချက်များနှင့် ပြည့်နှက်နေ၏။ သူမက ရဲ့လင်းချန်၏ ဇာတ်ညွှန်းကို အလျင်အမြန် ပရင့်ထုတ်၍ အစ်မလင်းနှင့်အတူ အပြန်ပြန် အလှန်လှန် ဖတ်လိုက်သည်။
သူတို့ စဖတ်လိုက်ကတည်းက အရယ်မရပ်တော့ဘဲ ဇာတ်ညွှန်းထဲ၌ လုံးလုံး နစ်မြုပ်နေကာ တစ်ဝက်တစ်ပျက်နှင့် မရပ်လိုက်နိုင်ပေ။ သူတို့ နောက်ဆုံးစာမျက်နှာကို ဖတ်ပြီးသည့်အခါတွင်မှ ဖတ်နေခြင်းကို ရပ်လိုက်နိုင်၏။
“ဒီဇာတ်ညွှန်းက … မြတ်စွာဘုရား၊ လုံးဝ ပေါက်မှာ သေချာတယ်”
အစ်မလင်း ပင့်သက်ရှိုက်မိသွားသည်။ သူမသည် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းထဲမှ ဇာတ်ကွက်များကို ပြန်စဉ်းစားမိပြီး ယခုအထိ ရယ်ချင်နေသလို ခံစားနေရသည်။
ရှောင်ဖေးဖေးသည် ရုပ်သံဇာတ်လမ်းတွဲများ၏ ဘုရင်မ ဖြစ်သည်။ သူမတို့၏ ရုပ်ရှင်ဇာတ်လမ်းအပေါ် သိမြင်နိုင်စွမ်းက မည်သည့် ဒါရိုက်တာနှင့်မဆို ယှဉ်နိုင်ပေသည်။ ဤတိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း ဇာတ်ညျွန်းသည် တကယ်ပင် အရေးအသား ကောင်းပြီး လက်ရာကောင်းတစ်ခုဟု သတ်မှတ်နိုင်ပေ၏။
“ဒါက ကြည်နူးစရာ ကောင်းပြီးတော့ ရယ်ရတဲ့ ဇာတ်လမ်းတွဲပဲ”
ရှောင်ဖေးဖေးက ရဲ့လင်းချန်အပေါ် အပြည့်အဝ ယုံကြည်မှု ရှိသော်လည်း ဇာတ်ညွှန်းကို မြင်သောအခါ သူမ ထိတ်လန့်သွားရပါသေးသည်။ ဤဇာတ်ညွှန်းက သူမ ဖတ်ဖူးသမျှ ဇာတ်ညွှန်းအားလုံးထက် သာသည်ဟုပင် သူမ ခံစားမိသည်။
“ဒီဇာတ်ညွှန်းရဲ့ အကြောင်းအရာက စင်းလုံးချောပဲ၊ ဒါက ကြည့်ရှုသူ အသက်အရွယ် မရွေးနဲ့ သင့်လျော်တယ်၊ အဓိက အကျဆုံးကတော့ ဒီဇာတ်ညွှန်းရဲ့ ရိုက်ကူးရေး ကုန်ကျစရိတ်က တအား နည်းတာပဲ”
ရှောင်ဖေးဖေး ထိုအချက်ကို သတိပြုမိသည်။
ရုပ်ရှင် ထုတ်လုပ်ရေး ကုန်ကျစရိတ်သည် ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုအတွက် အရေးပါသော ကဏ္ဍ တစ်ခုပင်။ အဘယ်ကြောင့်ဆိုသော် ၎င်းက အမြတ်ကို တိုက်ရိုက် သက်ရောက်သောကြောင့်ပင်။ မည်သို့ပင် ဆိုစေကာမူ ရဲ့လင်းချန်သည် ပြည့်စုံသော အကြောင်းအရာတစ်ခုကို ဖန်တီးနိုင်ခဲ့ပြီး တစ်ချိန်တည်းမှာပင် ကုန်ကျစရိတ်ကို အနည်းဆုံး ဖြစ်အောင် စီမံနိုင်ခဲ့သည်။ သူ့အား ပါရမီရှင်တစ်ယောက်ဟု ခေါ်ဆိုထိုက်ပေ၏။ ထို့အပြင် ဤဇာတ်ညွှန်းကို သုံးရက်တည်းဖြင့် ရေးထားခြင်း ဖြစ်သည်။
ထိုသတင်းသာ ပျံ့သွားပါက ဇာတ်ညွှန်းဆရာ နယ်ပယ်တစ်ခုလုံး လှုပ်ခါသွားလောက်သည်။ ဇာတ်ညွှန်းဆရာများအားလုံး ရှက်စိတ်ကြောင့် သေသွားလောက်လေသည်။
“ဖေးဖေး နင် ဘာလို့ တအား အလုပ်ကြိုးစားနေတာလဲဆိုတာကို ငါ နားလည်ပြီ”
အစ်မလင်းက ဇာတ်ညွှန်းကို ဖတ်လျက်ဖြင့် သဘောပေါက်သလို ခေါင်းညိတ်သည်။
အစက သူမမျက်လုံးထဲတွင် ရှောင်ဖေးဖေးက ရှားပါးသော မိန်းမကောင်းလေး တစ်ယောက် ဖြစ်သည်။ သူမနှင့် ထိုက်တန်သူက လက်တစ်ဆုပ်စာပင် မရှိချင်ပါ။ သို့သော် ရဲ့လင်းချန်ကတော့ ခြွင်းချက်ပင်။
*ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ လူပါလိမ့်*
ရှောင်ဖေးဖေးက သူ့အား ကျေနပ်နေသော အီမိုဂျီလေးနှင့် စာပြန်ပို့သည်ကို မြင်သော် ရဲ့လင်းချန် ပြုံးလိုက်မိပြီး အနားယူလိုက်သည်။ ထို့နောက် သူ ဖုန်းထဲမှ ဝေ့ပေါ်အကောင့်ထဲသို့ ဝင်လိုက်သည်။
မကြာသေးခင်က ဝေ့ပေါ်တွင် သူ့ကို တွဲ၍ စာတင်သော လူများစွာ ရှိသဖြင့် သူ့ဝေ့ပေါ်အကောင့်က အသိပေးစာများ မရပ်မနား တုန်ခါလာခဲ့သည်။ အချို့သော တရားဝင် အကောင့်များကပင် သူ့ကို တွဲ၍ စာတင်ခဲ့သည်။ လက်တလော၌ သူ ဘာဖြစ်နေလဲ သေချာမသိသလို ဖြစ်နေလေသည်။
စာရေးဆရာဝိုင်၏ အကောင့်တွင် စာများဖြင့် ပြည့်နှက်နေပြီး မရေတွက်နိုင်သော မှတ်ချက်များစွာ ရှိနေသည်။
[ချီးပဲ၊ ကျေးဇူးပြုပြီး ဝေ့ပေါ်ကို သွားပြီး အရေးယူပေးစမ်းပါ၊ ငါ ထပ်သည်းမခံနိုင်တော့ဘူး]
[စာရေးဆရာဝိုင်၊ မင်း ကဗျာစပ်တာ တော်တယ် မဟုတ်လား၊ ကျေးဇူးပြုပြီး အဲ့ကဗျာဆရာတွေ ပြောပေးစမ်းပါဗျာ၊ ကျုပ် ခင်ဗျားကို တောင်းပန်ပါတယ်]
[ဝိုင်နတ်ဘုရားရေး၊ မင်း တိုက်ရိုက်ထုတ်လွှင့်မှုကိုပဲ အာရုံမစိုက်ဘဲ နေလို့မရဘူးလား၊ မင်းက ကဗျာစပ်တာ သိပ်တော်တာလေ၊ နည်းနည်းလောက် ထပ်စပ်ပါလား]
[ယီးပဲ ငါ ထပ်သည်းမခံနိုင်တော့ဘူး၊ ငါ အန်ချင်လာပြီ]
[ငါ အခု ဝေ့ပေါ်ကို ဝင်မကြည့်တာ သုံးရက်ရှိပြီ၊ ငါ့မျက်လုံးတွေ လောင်နေပြီ]
…
ဝေ့ပေါ်၏ ပင်မစာမျက်နှာသို့ ဝင်လိုက်သောအခါ ရဲ့လင်းချန် ထိတ်လန့်သွားသည်။
ပင်မစာမျက်နှာ၏ အလယ်၌ အစီအစဉ် ခေါင်းစဉ်တစ်ခု ရှိနေသည်။ ၎င်းမှာ ကဗျာ အစီအစဉ်တစ်ခု ဖြစ်ပြီး ပြီးခဲ့သော ရက်ပိုင်းက သူ မြင်ခဲ့သော အရာ ဖြစ်သည်။ ၎င်းသည် လူတိုင်းကို သူတို့၏ ကဗျာများ ချပြခွင့် ပြုထားသည့် ပလက်ဖောင်း တစ်ခုပင်။
အမှန်အတိုင်း ပြောရမည်ဆိုလျင် ထိုအစီအစဉ်က အောင်မြင်ပြီး သက်ဝင်လှုပ်ရှားမှုတို့ဖြင့် ပြည့်နေ၏။
အစီအစဉ် လင့်ခ်ကို ဖွင့်လိုက်သောအခါ ရဲ့လင်းချန် အံ့ဩသွားရသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အစီအစဉ် စာမျက်နှာ၌ မမျှော်လင့်ဘဲ ကဗျာများနှင့် ပြည့်နေသည်။ အကြမ်းဖျင်းအားဖြင့် ထောင်ချီလောက်သည်။
အစီအစဉ် စတင်ခါက နောက်ပြောင်မှုအချို့မှလွဲလျင် အချို့သော ရိုးရာ ကဗျာဆရာများကို ခေါ်ဆောင်လာနိုင်ပြီး အစီအစဉ်က တိုးတက်လာသည်။
သူတို့ အားလုံး၏ ဝေ့ပေါ်အကောင့်များက အသိအမှတ် ပြုထားသော အကောင့်များ ဖြစ်ပြီး သူတို့က ဒေသပေါင်းစုံမှ စာရေးဆရာများ အဖွဲ့အစည်း၏ အဖွဲ့ဝင်များ ဖြစ်လေသည်။ ကဗျာများက အမျိုးအစား စုံလင်ပြီး ခေတ်သစ်ကဗျာများ ပါသလို ရှေးကဗျာမျာလည်း ပါပေသည်။
ဤလူစုသည် နာမည်ကျော်သည်ဟု ပြောနိုင်ပြီး ယခင်က လက်ရာအချို့ ဖန်တီးခဲ့သည်။ သူတို့၏ ကျော်ကြားနှင့်အတူ သူတို့၏ ပါဝင်ခြင်းက အစီအစဉ်၏ အဆင့်အတန်းနှင့် သက်ဝင်မှုကို ချက်ချင်း မြင့်တက်သွားစေသည်။
လူတိုင်းက မှတ်ချက်များ ဝင်ပေးကာ ဆရာလုပ်ပြီး စကားနိုင်လုကြသည်။
အစပိုင်းတွင် အရာအားလုံး အဆင်ပြေနေ၏။ သို့သော် ဤလူစုသည် ကိုယ်ရည်သွေးရာ၌ စွဲလမ်းသွားပြီး ဘဝင်ခေါင်ခိုက်သွားကြသည်။ ထို့ကြောင့် သူတို့၏ ကဗျာများကို လူတိုင်းဖတ်နိုင်ရန် အဆောတလျင် မျှဝေကြလေသည်။
[xxမြို့၏ စာရေးဆရာများ အဖွဲ့အစည်း ဥက္ကဋ္ဌ: မြစ်ရေက အရာအားလုံးကို ဖုံးလွှမ်းသွားပြီး ရေတွင်းပေါ်မှာ တွင်းနက်တွေ ရှိနေတယ်၊ ခွေးဝါက ဖြူနေပြီး ခွေးဖြူက ရောင်နေတယ်]
[xxမြို့၏ စာရေးဆရာများ အဖွဲ့အစည်း အဖွဲ့ဝင်တစ်: ကောင်းလိုက်တဲ့ကဗျာ၊ ကဗျာကောင်းပဲ၊ ဥက္ကဋ္ဌရဲ့ ကဗျာက နှင်းကျနေတဲ့ မြင်ကွင်းကို ပြောတာ မဟုတ်လား၊ သိပ်အသက်ဝင်တာပဲ၊ ကျုပ် လေးစားမိပြီ၊ လေးစားမိပါတယ်]
[xxမြို့၏ စာရေးဆရာများ အဖွဲ့အစည်း အဖွဲ့ဝင်နှစ်: ကဗျာရဲ့ အကြောင်းအရာနဲ့ စကားလုံးတွေက လွယ်လွယ်ကူကူ ဆက်စပ်နေတယ်၊ သာမန် ကာရံညီပုံစံတွေနဲ့လည်း ကွာခြားတယ်၊ အထူးသဖြင့် “ခွေးဖြူက ရောင်နေတယ်” ဆိုတဲ့ စာသားပြ ဒါက ကဗျာရဲ့ အသက်ပဲ၊ အဲ့ဒါက ကျုပ်တို့ကို နှင်းမုန်တိုင်း တိုက်နေတဲ့ မြင်ကွင်းကို ပြနေပြီးတော့ စာရွက်ထဲကနေ အဲ့မြင်ကွင်း ခုန်ထွက်လာသလို ခံစားရစေတယ်၊ အံ့ဩဖို့ ကောင်းပါပေတယ်]
[xxမြို့၏ စာရေးဆရာများ အဖွဲ့အစည်း အဖွဲ့ဝင်သုံး: ဒီကဗျာက လက်ရာကောင်းတစ်ခုပဲ၊ ကျုပ် မျှော်လင့်မိပြီ]
လူအများထံမှ ချီးကျူးစကားကို ရသောအခါ …မြို့၏ စာရေးဆရာများ အဖွဲ့အစည်း ဥက္ကဋ္ဌက နှိမ့်ချစွာ ရယ်လေသည်။
[ဒါ ဘာမှမဟုတ်ပါဘူး၊ ဒါက ကျုပ် မနှစ်က နှစ်ကုန်ခါနီးမှာ သာမန်ကာလျှံကာ ရေးလိုက်တဲ့ စာလေးတစ်ခုပါ၊ ပုံမှန် အစီအစဉ်တွေနဲ့ မသင့်လျော်ဘူး၊ ကျေးဇူးပြုပြီး ငါ့ကို မရယ်ကြပါနဲ့ …]
သူတို့သည် ပလက်ဖောင်းပေါ်၌ အချင်းချင်း ကပ်ဖားယပ်ဖား လုပ်နေကြပြီး တဖြည်းဖြည်း ပိုပိုဆိုးလာကာ ပလက်ဖောင်းကို သူတို့ စင်မြင့်အဖြစ်သို့ ပြောင်းလဲလာ၏။
ရဲ့လင်းချန် ဆက်၍ ဖတ်လိုက်သည်။ ထိုအခါ ပို၍တောင်မှ အမြီးအမောက် မတည့်သော စာများကို တွေ့လိုက် ရလေသည်။
[xxမြို့၏ စာရေးဆရာများ အဖွဲ့အစည်း ဥက္ကဋ္ဌ: လူတိုင်းက သူတို့ လက်ရာတွေကို မျှဝေနေမှတော့ ငါ့လက်ရာကို ပြပြီး လူတိုင်းကို ဖျော်ဖြေမှ ဖြစ်တော့မှာပေါ့၊ တမင်ရေကန် __ တမင်ရေကန်၊ ရေကန်က ကြည်လင်ပြီး ကြီးမားတယ်၊ ကြည်လင်တဲ့ ရေကန်ကြီးမှာ ကြာပန်းတွေ ရှိတယ်၊ ကြာပန်းတွေပေါ်မှာ ဖားပြုပ်တစ်ကောင်က ဟိုခုန်ဒီခုန်နဲ့ ကူးသန်းနေလေရဲ့]
[xxမြို့၏ စာရေးဆရာများ အဖွဲ့အစည်း အဖွဲ့ဝင်တစ်: ကောင်းလိုက်တဲ့ ကဗျာ၊ ကဗျာကောင်းပဲ]
[xxမြို့၏ စာရေးဆရာများ အဖွဲ့အစည်း အဖွဲ့ဝင်နှစ်: ဒီကဗျာက တမင်ရေကန်ရဲ့ ရှုခင်းကို အပြည့်အဝ ဖော်ပြထားတာပဲ၊ အံ့ဩဖို့ ကောင်းလိုက်တာ]
[xxမြို့၏ စာရေးဆရာများ အဖွဲ့အစည်း အဖွဲ့ဝင်သုံး: အားလုံးပဲ ကျေးဇူးပြုပြီးတော့ လက်ခုပ်သံလေးနဲ့ အားပေး လိုက်ရအောင်ဗျာ]
ထို့အပြင် အကြံဉာဏ် တောင်းသူများလည်း ရှိသည်။
[xxမြို့၏ စာရေးဆရာများ အဖွဲ့အစည်း အဖွဲ့ဝင်: ကျွန်တော် ဈာန်ဝင်ပြီးတော့ ကဗျာတစ်ပုဒ် ရေးခဲ့တယ်၊ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တို့ ကျွန်တော့်ကို အကြံဉာဏ်လေးတွေ ပေးကြမယ်လို့ မျှော်လင့်ပါတယ်၊ တိမ်ဖြူတိမ်စိုင်အား ချီးမွမ်းခြင်း __ ကောင်းကင်ယံက တိမ်စိုင်တွေက တကယ်ကို ဖြူစွတ်နေတယ်၊ တကယ်ကို ဖြူတာ၊ တကယ့်ကို အတော်လေး ဖြူတာ၊ ဖြူလွန်း၊ ဖြူလွန်းတယ်၊ အလွန်အမင်း ဖြူတယ်၊ မဟားတရား ဖြူတယ်၊ ဖြူလွန်းလို့ ကျွန်တော် သေလို့တောင် ရတယ်၊ အား…]
၎င်းက အဆိုးဆုံး မဟုတ်ပေ။ ၎င်းအောက်၌ တစ်စုံတစ်ယောက်က သူ့ကို တကယ်ကြီး အကြံဉာဏ် ပေးနေ၏။
[xxမြို့၏ စာရေးဆရာများ အဖွဲ့အစည်း ဥက္ကဋ္ဌ: မင်းရဲ့ ကဗျာက တိမ်တွေရဲ့ ဖြူစင်မှုကို အဓိကထားပြီး ရေးထားတာပဲ၊ အကြောင်းအရာက ပြတ်သားပါတယ်၊ ဒါပေမဲ့ အဓိပ္ပာယ်က မပြည့်စုံဘူး၊ ကဗျာတစ်ပုဒ် အနေနဲ့ဆိုရင်တော့ လက်ခံလို့ ရတယ်လို့ ပြောလို့ရတယ်၊ အသင့်အတင့်ပဲ]
[xxမြို့၏ စာရေးဆရာများ အဖွဲ့အစည်း ဥက္ကဋ္ဌး မင်းကဗျာက နောက်ထပ် ပံ့ပိုးပေးမယ့် စာသား လိုနေတယ်လို့ ငါ ထင်တယ်၊ ဥပမာ ပြောရရင် “ကန်ရေပြင်ပေါ် ရောင်ပြန်ဟပ်နေလို့ ရေတောင်မှ အဖြူရောင် ပြောင်းနေတယ်”]
[xxမြို့၏ စာရေးဆရာများ အဖွဲ့အစည်း အဖွဲ့ဝင်: ဒါက အဓိက အသက်ပဲ၊ ဥက္ကဋ္ဌလို့ မပြောရဘူး၊ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်ဗျာ၊ ကျွန်တော် အများကြီး သင်ယူလိုက်ရပါတယ်]
*မရတော့ဘူး၊ ဒါ ဒါကို ထပ်မဖတ်နိုင်တော့ဘူး*
ရဲ့လင်းချန် အကောင့်ထဲမှ ခပ်မြန်မြန် ထွက်လိုက်သည်။ သူတို့ ပြောထားသော စကားများကိုသာ သူ ဆက်ဖတ်နေလျင် သူ့ဉာဏ်ရည်အပေါ်၌ သက်ရောက်မှု ရှိသွားမည်ကို စိုးရိမ်ရသည်။
လူတော်တော်များများ ရူးမတတ် အော်ဟစ် ပြောဆိုနေကြသည်က မဆန်းတော့ပေ။ ယင်းက အလွန့်ကို ကြောက်စရာ ကောင်းလှသည်။ အလွန့်ကို ခက်ခဲလှသည်။