လက်လွတ်ဆုံးရှုံးရခြင်း
Vol. 18 Ch. 270
သို့သော်လည်း အလွန်ဝေးသောနေရာ၌ ရှိနေသည်ဖြစ်၍ အချိန်မီ မရောက်နိုင်ပေ။
ထိုသေရေးရှင်ရေးအခြေအနေတွင် တာအိုကလေးငယ်သည် အော်ဟစ်ကြုံးဝါး၍ ကျောက်စိမ်းခေါင်းတလားကို ထုတ်လိုက်ပြန်သည်။ ခေါင်းတလား ပွင့်သွားပြီး အလင်းများ ဖြာထွက်လာကာ လက်ချောင်းတစ်ချောင်း ဆန့်ထွက်လာသည်။
ထိုလက်ချောင်းက ပေါ်လာသည်နှင့် ရွှီချင်းကို လက်ညှိုးဖြင့် ညွှန်လိုက်သည်။
ရွှီချင်း၏စိတ်ထဲ ပြင်းထန်သော အန္တရာယ်အငွေ့အသက်များ ခံစားလိုက်ရသည်။ သူ တွေဝေတွန့်ဆုတ်မနေဘဲ ချက်ချင်း နောက်ဆုတ်လိုက်သည်။ နောက်ဆုံး၌ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ တာအိုကလေးငယ်မှာ အသက်ဝဝရှူသွင်းခွင့်ရသွားပြီး အလျင်အမြန် နောက်ဆုတ်လိုက်သည်။
ထိုအချိန်၌ ကြိတ်ပူဆွေးနေခဲ့ရသော ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ စိုးရိမ်ကြောင့်ကြလာသည်။ ဤဖြစ်ရပ်တွင် အရိပ်လေးက များစွာ အကျိုးပြုခဲ့သည်ကို သူ မြင်ခဲ့ရပြီး သူ့စိတ်ထဲ အရေးပေါ် သတိပေးချက်တစ်ခုကို ပြင်းထန်စွာ အာရုံရနေသည်။ ယခုလိုသာ ဆက်သွားနေမည်ဆိုပါက သူ လက်စတုံးခံရတော့မည်မှာ သေချာသည်။
သူ့မျက်လုံးများ နီမြန်းလာသည်။ သူ အော်ဟစ်လိုက်ပြီး ပို၍ မြန်ဆန်သွားစေရန် လျှပ်စီးကမ္ပည်းစာ အမြောက်အမြားကို တွေဝေတွန့်ဆုတ်ခြင်းမရှိ စတေးလိုက်သည်။ သူသည် ကြောက်ခမန်းလိလိမြန်ဆန်စွာ ရွေ့လျားသွားပြီး သွေးရူးသွေးတန်းဖြစ်နေသော တာအိုကလေးငယ်၏ လက်မောင်းကို ချက်ချင်း ထိုးစိုက်သွားသည်။
သွေးများ ဖွာခနဲ ပန်းထွက်သွားပြီး တာအိုကလေးငယ် ဆိုးဆိုးဝါးဝါး မျက်နှာပျက်သွားသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် အလျင်အမြန် နောက်ဆုတ်လိုက်ပြီး စိတ်လှုပ်တရှား ပြန်သွားသည်။
အဝေးမှကြည့်ပါက တိုက်ပွဲကွင်းပြင်ရှိ လူနှစ်ယောက် နောက်ဆုတ်နေသည်ကို မြင်ရပေမည်။ သို့သော် တာအိုကလေးငယ်၏ ဆိုးဆိုးဝါးဝါးအခြေအနေနှင့် ယှဉ်ပါက ရွှီချင်းမှာ များစွာ ကောင်းမွန်သော အခြေအနေတွင် ရှိသည်။
သို့သော် သူ မောက်မာဝင့်ကြွားခြင်း မရှိပေ။ မြောင်ချန်၏ တိုက်ရည်ခိုက်ရည်က ထိုမျှသာ မဟုတ်သည်ကို သူ ကောင်းကောင်း သိသည်။ မုန်တိုင်းပမာ တိုက်ကွက်များ၊ ထူးဆန်းသော အရိပ်ကလေးနှင့် ကျင်းဝူလျန့်ဝမ့်လင်အတတ်၏ အပြင်အားတို့ဖြင့် လက်ဦးမှုရယူ၍ သူ အလစ်ဝင်တိုက်ခဲ့ခြင်းကြောင့်သာ မြောင်ချန်မှာ အန္တရာယ်နှင့် ချက်ချင်း ကြုံတွေ့သွားရခြင်း ဖြစ်သည်။
မြောင်ချန်ကို မသတ်နိုင်ခဲ့သည်မှာ နှမျောစရာကောင်းပါသော်လည်း ဤနေရာတွင် ဆက်နေ၍ မဖြစ်သည်ကို ရွှီချင်း သိသည်။
သူသည် နောက်ဆုတ်ရင်း အရှိန်တင်ကာ အဝေးသို့ ပြေးထွက်သွားသည်။ အရိပ်လေးနှင့် သံတုတ်နက်လေးတို့သည် ထပ်ကြပ်မကွာ လိုက်သွားကြသည်။
ဘေးပတ်လည်မှ အလျင်အမြန် ပြေးလာနေကြသော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များအနက် တစ်ဝက်ကျော်က တာအိုကလေးငယ်နှင့် နေခဲ့လိုက်သည်။ ကျန်မျိုးနွယ်ဝင်များက ရွှီချင်းနောက်သို့ လိုက်ရန် ပြင်လိုက်ပြီး ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရွှီချင်း ပက်ခဲ့သည့် အဆိပ်များ မိကာ သွေးများ အန်ထုတ်လိုက်ကြသည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ၏ ကာကွယ်ပေးခံထားရသော တာအိုကလေးငယ် မြောင်ချန်သည်လည်း အဆိပ်မိသွားသည်။ သူက ဘေးပတ်လည်ရှိ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များကို ဒေါသတကြီး တွန်းထုတ်လိုက်သည်။ သူ့မျက်လုံးများထဲတွင် လူသတ်ငွေ့များဖြင့် ဆူဝေနေပြီး သူ့စိတ်ထဲ အကြီးအကျယ် နာကြည်းနေတော့သည်။
သူ အသက်ရှင်စဉ်အခါက ဝိညာဉ်ကျောက်စိမ်းမျိုးနွယ်၏ ကောင်းကင်လက်ရွေးစင်တစ်ယောက် ဖြစ်ခဲ့သည်။ ဓမ္မတံခါးတစ်ရာ့နှစ်ဆယ်ကို သူ အာရုံခံနိုင်ခဲ့ပြီး မတော်တဆဖြစ်ကာ သူ သေပြီးနောက် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် ဖြစ်လာခဲ့သည်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်သည်လည်း သူ့ကို တန်ဖိုးထားခဲ့ပြီး ဘုရင်အလောင်းအလျာများထဲတွင် စာရင်းသွင်းခဲ့ကြသည်။ သူသည် မျိုးနွယ်ထံမှ အထောက်အပံ့အပြည့်အဝ ရသည့်အတွက်ကြောင့် နောက်ဆုံးတွင် သက်စောင့်မီးလုံးလေးလုံးကို ထုတ်ဖော်နိုင်ခဲ့သည်။
ဝိညာဉ်ကျောက်စိမ်းမျိုးနွယ်၌ဖြစ်စေ၊ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၌ဖြစ်စေ သူ သေသည့်အချိန်မှလွဲ၍ ထိုကဲ့သို့ အရှက်ခွဲခံရခြင်းမျိုး တစ်ခါမှ မခံစားခဲ့ဖူးပေ။ သူ့ညာဘက်မျက်နှာတစ်ခြမ်းမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး သူ့ညာဘက်နား အရည်ပျော်သွားခဲ့ပြီ ဖြစ်သည်။ ယင်းကြောင့် ရုပ်ဆင်းသွင်ပြင်ကို များစွာ ဂရုတစိုက်ထားသည့် သူသည် ဒေါသအမျက်ချောင်းချောင်းထွက်လွန်း၍ သွက်သွက်ခါအောင် ရူးတော့မည့်အလား ဖြစ်နေသည်။
“ ငါ မင်းကို သတ်မယ်ကွ ”
တာအိုကလေးငယ်က သူ့မျက်နှာညာဘက်ခြမ်းကို ပွတ်သပ်ကြည့်လိုက်သည်။ သူ့ကိုယ်ထဲတွင် မီးတောက်များ အရှိန်အဟုန်ပြင်းစွာ တောက်လောင်လာပြီး နောက်မှလိုက်ရန် ပြင်လိုက်သည်။
အဝေးသို့ ရောက်သွားပြီဖြစ်သော ရွှီချင်းသည် နောက်လှည့်ကြည့်လိုက်ပြီး မျက်လုံးများ မှေးသွားသည်။ သူ ပြန်လည်တိုက်ခိုက်မည်ပြုစဉ် ကွက်ခနဲ မျက်နှာပျက်သွားသည်။
မိုးကုတ်စက်ဝိုင်းအောက်တွင် စွမ်းအင်စီးကြောင်းသုံးခု ထိုးတက်သွားသည်။ ထိုအရှိန်အဝါများ၏ စွမ်းအားသည် အခြေတည်အဆင့်ထက် သာလွန်သည်။ သူတို့အားလုံး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ရွှေအမြုတေအဆင့်ကျင့်ကြံသူများ ဖြစ်ကြပြီး လေဟုန်ခွင်း၍ ပျံသန်းလာနေကြသည်။
သူတို့၏ စွမ်းအင်အငွေ့အသက်များကြောင့် ရာသီဥတုပြောင်းလဲသွားပြီး ကောင်းကင်ကြီး အမျက်ချောင်းချောင်းထွက်ကာ သတ္တဝါအားလုံးကို အပြစ်ပေးချင်နေသည့်အလားပင်။
ရွှီချင်းက အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ့အသားတစ်လက်မတိုင်း အန္တရာယ်ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ သူသည် မရပ်နားဘဲ ကျင့်ကြံခြင်းစွမ်းအားများကို အပြည့်အဝ ထုတ်ဖော်၍ အဝေးသို့ ပို၍ မြန်ဆန်စွာ ပြေးသွားသည်။
တချိန်တည်းမှာပင် သူ့နောက်မှ ပေါက်ကွဲသံတစ်သံလည်း မြည်ဟည်းသွားပြီး ထိုနေရာတစ်လျှောက် အော်ဟစ်ကြုံးဝါးသံ ပဲ့တင်ထပ်သွားသည်။
“ သူခိုးလေး … ဘာမဟုတ်တဲ့ အတတ်လေးနဲ့များ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်လက်ကနေ လွတ်မယ် ထင်နေလား ”
ထိုဒေါသတကြီး အော်ဟစ်သံကို ရွှီချင်း ရင်းနှီးနေပြီ ဖြစ်သည်။ ထိုအသံပိုင်ရှင်မှာ မကြာသေးခင်က ခေါင်းဆောင်နောက်သို့ လိုက်ခဲ့သော ရွှေအမြုတေအဆင့်လူငယ်လေးမှလွဲ၍ တခြား မဟုတ်ပေ။ သူ့စကားများအရ သူ့လက်မှ ခေါင်းဆောင် လွတ်သွားပြီဖြစ်သည်မှာ သိသာသည်။
ယင်းကြောင့် ခေါင်းဆောင်၏အကြောင်းနှင့် ကျင့်ကြံခြင်းအခြေခံကို ရွှီချင်း ပို၍ ခန့်မှန်းမိလိုက်သည်။ တချိန်တည်းမှာပင် သူ ပို၍ စိုးရိမ်လာရသည်။ ခေါင်းဆောင်ကို အဓိကလက်သည်အဖြစ် ယူဆလိုက်ကြပြီး မရေမတွက်နိုင်သောလူများ၏ အာရုံစိုက်ခြင်းကို ခေါင်းဆောင် ခံလိုက်ရသည်ဖြစ်၍ ယခု ခေါင်းဆောင်ကို မဖမ်းဆီးနိုင်သောအခါ သူက ထိုလူအားလုံး၏ ပစ်မှတ်ဖြစ်လာတော့မည်ဖြစ်သည်။
ရွှီချင်းသည် မည်းနက်တောက်ပြောင်သော သံတုတ်လေးကို ကြည့်လိုက်သည်။
သံတုတ်နက်လေးထဲရှိ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် တွေဝေတွန့်ဆုတ်မနေဘဲ နောက်ထပ် လျှပ်စီးကမ္ပည်းစာ ခုနစ်ခု၊ ရှစ်ခုကို ချက်ချင်း ဖျက်ဆီးလိုက်ရာ ပို၍ပင် မြန်ဆန်သွားသည်။ ထို့နောက် သူသည် ရွှီချင်းကို ဆွဲခေါ်၍ အဝေးသို့ အစွမ်းကုန် ပြေးသွားသည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ အကူအညီကြောင့် ရွှီချင်းမှာ အဆပေါင်းများစွာ မြန်ဆန်သွားသည်။ တခဏလေးအတွင်း သူသည် ပေတစ်ထောင် ဖြတ်ကျော်သွားပြီး တားမြစ်နယ်မြေအပြင်ဘက်အစွန်းသို့ ရောက်သွားသည်။
သူ့နောက်မှ ရွှေအမြုတေအဆင့်ကျင့်ကြံသူသည် ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။ ရွှေအမြုတေအဆင့် ထိပ်သီးကျင့်ကြံသူများ၏ နတ်ဘုရားအာရုံများက ကြောက်မက်ဖွယ်အငွေ့အသက်များနှင့်အတူ အဖက်ဖက်မှ လွင့်ပျံလာနေသောအခါ ရွှီချင်းသည် တွေဝေတွန့်ဆုတ်မနေဘဲ ကျပန်းတည်နေရာရွှေ့ပြောင်းအဆောင်ကို အသက်သွင်းလိုက်သည်။
မျက်တောင်တစ်ချက်ခတ်အတွင်း ရွှီချင်းမှာ ဝိုးတဝါး ဖြစ်သွားသည်။ ထိုစဉ် မိုးကုတ်စက်ဝိုင်းဆီမှ အေးစက်စက်နှာမှုတ်သံ လွင့်ပျံလာသည်။
ယင်းသည် ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ဖြစ်သည်။ သူ၏ ရွှေအမြုတေအဆင့် စွမ်းအားများသည် ရွှေအမြုတေအဆင့်လူငယ်လေးထက် သာလွန်နေသည်။
သူက အလွန်ဝေးကွာနေသည့်တိုင်အောင် ရွှီချင်းကို လက်ညှိုးဖြင့် ညွှန်လိုက်သည်။
“ ချုပ်နှောင်စေ ”
သူ ပြောလိုက်သည်နှင့် ရွှီချင်း၏ ပတ်လည်ရှိ နေရာတစ်ခုလုံး ချုပ်နှောင်ခံလိုက်ရသည်။ သို့သော်လည်း ကျပန်းတည်နေရာရွှေ့ပြောင်းအဆောင်များသည် အလွန် အစွမ်းထက်သော ပစ္စည်းဖြစ်သည်။ ယင်းသည် ရွှေအမြုတေအဆင့် ချုပ်နှောင်ခြင်းကိုပင် လျစ်လျူရှုကာ ဆက်လက် လည်ပတ်နေကာ တည်နေရာရွှေ့ပြောင်းခြင်း အငွေ့အသက်များ ပေါ်လာပြီး ရွှီချင်းကို အဝေးသို့ တည်နေရာရွှေ့ပြောင်းတော့မည် ဖြစ်သည်။
“ အမ် ”
မိုးကုတ်စက်ဝိုင်းအောက်ရှိ ရွှေအမြုတေအဆင့်ကျင့်ကြံသူ၏ မျက်လုံးများ မှေးသွားသည်။ သူသည် ဓာတ်လုံးတစ်လုံးကို အလျင်အမြန် ထုတ်ကာ ဖိချေလိုက်သည်။
“ ပျက်စီးစေ ”
သူ့စကားဆုံးသည်နှင့် ရွှီချင်း၏ လက်ထဲရှိ တည်နေရာရွှေ့ပြောင်းအဆောင်မှာ နောက်ထပ် တောင့်မခံနိုင်တော့ပေ။ ဓာတ်လုံးမှာ အဆောင်နှင့် ချိတ်ဆက်ထားဟန်တူပြီး ဓာတ်လုံးပျက်စီးသွားသည်နှင့် အဆောင်လည်း ပျက်စီးသွားသည်။ ရွှီချင်းကို ရွှေအမြုတေအဆင့်ကျင့်ကြံသူ၏ နတ်အစွမ်းများ လွှမ်းခြုံသွားသည်။
ယင်းစွမ်းအားသည် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်ဖြစ်ပေရာ ရွှီချင်း၏ အသားများ ခြောက်ကပ်ကာ တစ်စစီစုတ်ပြဲတော့မည့်အလား ဖြစ်လာသည်။
ရွှီချင်း၏ မျက်လုံးများ နီမြန်းသွားပြီး နောက်ထပ်ကျပန်းတည်နေရာရွှေ့ပြောင်းအဆောင်တစ်ခုကို ထုတ်ကာ အသက်သွင်းလိုက်သည်။
သူ့၌ စုစုပေါင်း ကျပန်းတည်နေရာရွှေ့ပြောင်းအဆောင်သုံးခုရှိသည်။ ပထမတစ်ခုကို ကြေးနဂါးလှည်းကြီးပေါ်တွင် ထုတ်သုံးခဲ့ပြီး တစ်ခုကို မကြာသေးခင်က သူ ဖျက်ဆီးခဲ့သည်။ ယခု ဤအဆောင်မှာ နောက်ဆုံးအဆောင်ဖြစ်သည်။
တချိန်တည်းမှာပင် သူ့မှော်သင်္ဘောလည်း ရုပ်လုံးပေါ်လာပြီး ထိုစွမ်းအားကို ခုခံလိုက်သည်။ တခဏလေးအတွင်း သူ၏မှော်သင်္ဘော ပျက်စီးကာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။ သို့သော်လည်း မှော်သင်္ဘောထဲရှိ ကျူးယင်အသားကြောင့် ရွှီချင်းသည် အသတ်ခံရမည့်အရေးမှ ပြင်းထန်သော ဒဏ်ရာကိုသာ ရသွားသည်။
ရွှီချင်း၏ အရိုးများ ကျိုးကြေသွားပြီး သူ သွေးတစ်ပွက်အန်လိုက်သည်။ သူ့ကိုယ်ထဲရှိ သက်စောင့်မီးတောက်များ ချက်ချင်း ငြိမ်းသွားပြီး သူ့တစ်ကိုယ်လုံး ပုပ်ပွနေသည့်အလား ခြောက်ကပ်လာသည်။ ထိုကြီးမားသော အားကြောင့် သူ လွင့်စဉ်သွားပြီး သူ့ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းအများစု ပျက်စီးသွားသည်။ သူ့ဝိညာဉ်သည်လည်း မငြိမ်မသက် ဖြစ်သွားသည်။
သို့သော် ထိုအတားအဆီးကြောင့် သူ၏ နောက်ဆုံးကျပန်းတည်နေရာရွှေ့ပြောင်းအဆောင်မှာ တည်နေရာရွှေ့ပြောင်းရန် အခွင့်အရေးသွားသည်။ ရွှေအမြုတေအဆင့်ကျင့်ကြံသူက အလျင်အမြန် ချဉ်းကပ်လာကာ နောက်တစ်ဖန် တိုက်ခိုက်လိုက်ပါသော်လည်း ကျပန်းတည်နေရာရွှေ့ပြောင်းအဆောင်ကို သတ္တမမြောက်တောင်ထိပ်၏ လက်ထောက်တောင်သခင်မှ ပေးထားခြင်း ဖြစ်သည်။ ယင်းပစ္စည်းသည် ယွမ်ယင်အဆင့်ကျင့်ကြံသူတစ်ယောက် လုပ်ထားသော ပစ္စည်းဖြစ်၍ ထူးခြားသော ဝိသေသလက္ခဏာများ ရှိသည်။
အဆောင်ကို သူ နှစ်ကြိမ် အသုံးပြုလိုက်ပြီး သူ့တစ်ကိုယ်လုံး သွေး အလိမ်းလိမ်း ဖြစ်နေသောအခါတွင် တည်နေရာရွှေ့ပြောင်းခြင်းအစွမ်းများ တဟုန်းဟုန်း ထွက်ပေါ်လာပြီး သူ ချက်ချင်း ပျောက်သွားသည်။
သူ ပျောက်သွားသည့်တခဏလေးအတွင်း သူ ရပ်နေခဲ့သည့်နေရာသို့ ရွှေအမြုတေအဆင့်ကျင့်ကြံသူ ဆင်းသက်သွားရာ ထိုနေရာတစ်ခုလုံး တုန်ခါသွားကာ မြေပြင်၌ ကျဉ်းနက်ကြီးတစ်ကျဉ်း ပေါ်လာသည်။
“ ယွမ်ယင်အဆင့်ကျင့်ကြံသူတစ်ယောက် လုပ်ထားတဲ့ တည်နေရာရွှေ့ပြောင်းအဆောင်နှစ်ခု၊ ဒီလူက သာမန်လူတစ်ယောက် မဟုတ်ဘူး။ ဒါပေမဲ့ င့ါငရဲဝိညာဉ်ကျိန်စာဒဏ်ကို ခံလိုက်ရတော့ အလွန်ဆုံး သုံးရက်အတွင်း သေမှာပဲ ”
ရွှေအမြုတေအဆင့်ကျင့်ကြံသူမှာ ဆိုးဆိုးဝါးဝါး မျက်နှာပျက်ကာ တားမြစ်နယ်မြေဘက်သို့ လှည့်ကြည့်လိုက်သည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်များ တစ်နေရာလုံး ပိုက်ဆိပ်တိုက် ရှာဖွေနေကြစဉ် အဝေးရှိ ဟင်းလင်းပြင်ထဲတွင် လှိုင်းတွန့်လေးတစ်ခု ပေါ်လာသည်။
ထိုတွန့်ခေါက်နေသောနေရာသည် ဘာမှမရှိဟန်ထင်ရသော်လည်း အမှန်စင်စစ် အထဲတွင် ပုန်းအောင်းနေသူမှာ ခေါင်းဆောင်မှလွဲ၍ တခြားမဟုတ်ပေ။
သူ့တစ်ကိုယ်လုံး ဒဏ်ရာများ အထပ်ထပ်ဖြစ်နေပြီး သူ့လက်မောင်းတစ်ဖက် ကျိုးနေသည်။ သူ့ခါးမှာလည်း ခန္ဓာကိုယ်နှစ်ခြမ်းကွဲသွားစေနိုင်လောက်သော ဒဏ်ရာကြီးတစ်ခုရှိပြီး ထိုဒဏ်ရာကြောင့် သူ့အရှိန်အဝါ အလွန်အမင်း အားပျော့နေသည်။
သူ၏ လက်ကျန်လက်တစ်ဖက်မှာ သက်တန့်ရောင်အခွံတစ်ခုကို ကိုင်ထားသည်။ ထိုအခွံမှ ထွက်နေသော သက်တန့်အလင်းရောင်များသည် အံ့သြစရာကောင်းသော ဖုံးကွယ်နိုင်စွမ်းရှိပြီး သူ့အရှိန်အဝါနှင့် တည်ရှိမှုကို အစအနရှာမရအောင် ပျောက်သွားစေသည်။
ယင်းသည် ရွှေအမြုတေအဆင့်ကျင့်ကြံသူများ၏ နောက်ယောင်ခံလိုက်ခံရခြင်းမှ ခေါင်းဆောင်၏ ထွက်ပြေးနည်း ဖြစ်သည်။ သို့သော် ထိုအချိန်၌ သူ အနည်းငယ် အံ့အားသင့်နေသည်။
ရွှီချင်းက ကျပန်းတည်နေရာရွှေ့ပြောင်းအဆောင်ကို ချိုးဖျက်၍ ထွက်သွားသည်ကို သူ ကူကယ်ရာမဲ့စွာ ကြည့်နေရသည်။ အစက သူ ပြေးထွက်ကာ နှုတ်ဆက်ချင်ခဲ့ပါသော်လည်း သူ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် သူ့စိတ်ထဲ တုန်ရီသွားရသည်။
“ သွားပြီ။ သွားပြီ။ တည်နေရာရွှေ့ပြောင်းသွားပြီ။ ငါ … ”
ခေါင်းဆောင်မှာ စိတ်ထဲမှ အော်ဟစ်မြည်တမ်းလိုက်သည်။ ထိုကိစ္စက အနည်းငယ် ထူးဆန်းနေသကဲ့သို့ သူ ခံစားလိုက်ရသည်။ သူ တစ်ကိုက်သာ ကိုက်ရသေးသော်လည်း မည်သည့်အတွက်ကြောင့် ရုပ်ထု၏နှာခေါင်း ပေါက်ကွဲသွားရပါသနည်း။
အမှန်စင်စစ် ယခုအချိန်တိုင်အောင် ထိုကိစ္စနှင့် ပတ်သက်၍ သူ မယုံနိုင်အောင် ဖြစ်နေရဆဲပင်။ ရွှီချင်းကို သူ သံသယမဝင်သည် မဟုတ်ပါသော်လည်း သူ တစ်ကိုက်ကိုက်လိုက်သည်နှင့် နှာခေါင်း ပေါက်ကွဲသွားသည့်ဖြစ်ရပ်မှာ သူနှင့် ဆက်နွှယ်နေသည်ဟု သူ ခံစားနေရဆဲပင်။
“ အဲဒီလိုမျိုး ဖြစ်မယ်လို့ အဘိုးကြီး မပြောခဲ့ပါဘူး။ အရင်တုန်းက သူ ဒီလိုမျိုး ကြီးကျယ်တာ မလုပ်ခဲ့ဘူး ”
ခေါင်းဆောင် သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူ မျက်မှောင်ကြုတ်ကာ သတိထား၍ ပျံသန်းလိုက်ရင်း သူ့ရင်ထဲ ဂုဏ်ယူဝင့်ကြွားစိတ်များ ပေါ်လာသည်။
“ ဒါပေမဲ့ ဒီကိစ္စက အဘိုးကြီးထက် ငါက သာတယ်လို့ ပြနေတာပဲ။ အိုက်ယား … စိတ်လှုပ်ရှားဖို့ကောင်းလိုက်တာ ”
ခေါင်းဆောင်သည် အသက်ဝဝရှူသွင်းလိုက်ပြီး သူ့ကိုယ်သူ ဘဝင်ခိုက်နေတော့သည်။ တဝုန်းဝုန်း မြည်ဟည်းသံများ ကောင်းကင်တစ်ခွင် လွင့်ပျံသွားပြီး ရွှေအမြုတေအဆင့်အရှိန်အဝါများ ထွက်ပေါ်လာသည်။ ယွမ်ယင်အဆင့်ကျင့်ကြံသူများ၏ အစွမ်းများပင် ပေါ်လာ၏။
ထို့ကြောင့် ခေါင်းဆောင် ချက်ချင်း ခေါင်းငုံ့သွားသည်။ သူသည် မြေပြင်ပေါ် လှဲကာ တရွေ့ရွေ့ သွားလိုက်သည်။ တစ်ဖက်၌ သူ ပုန်းရဦးမည်ဖြစ်ပြီး တစ်ဖက်တွင် သူ၏လှုပ်ရှားမှုများ သိသာသွားကာ ခန္ဓာနှစ်ခြမ်းကွဲသွားမည်ကိုလည်း လန့်နေသည်။
“ အဆိုးဆုံးအနေနဲ့ ငါ့ခန္ဓာကိုယ်တစ်ခြမ်းပဲ ချန်ခဲ့ရလောက်မှာပါ ”
သုံးရက် ကုန်ဆုံးသွားသည်။
ထိုကိစ္စကြီး ပျံ့နှံ့သွားသည်ဖြစ်၍ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်တစ်ခုလုံး ဒေါသအမျက်ချောင်းချောင်း ထွက်သွားကြပြီး နေရာအနှံ့ ပိုက်စိပ်တိုက်ရှာကြလေသည်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်အတွက် ထိုကိစ္စသည် အလွန်အမင်း အရှက်ရစေသော ကိစ္စကြီးတစ်ခု ဖြစ်သည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်အတွက် တစ်ပူပေါ်တစ်ပူပေါ်ဆင့်သွားစေသည်မှာ ရွှေအမြုတေအဆင့်လူငယ် စိုးရိမ်နေသကဲ့သို့ ဖြစ်လာခြင်း ဖြစ်သည်။
သုံးရက်ကြာပြီးသည့်တိုင်အောင် သတ္တမမြောက်ဘိုးဘေးရုပ်ထု၏ နှာခေါင်းမှာ အကောင်းပကတိ ပြန်ဖြစ်မလာသေးပေ။
ထိုအချိန်၌ ရွှေအမြုတေအဆင့်လူငယ်သည် သတ္တမမြောက်ဘိုးဘေးရုပ်ထုရှေ့၌ ခေါင်းငိုက်စိုက်ကျကာ ရပ်နေသည်။ သူ့နောက်၌ သက်လတ်ပိုင်းလူတစ်ယောက် ရပ်နေ၏။
ထိုသက်လတ်ပိုင်းလူသည် လူသားတစ်ယောက်မဟုတ်ဘဲ ကျောနှစ်ဖက်တွင် အတောင်ပံနစ်ခု ရှိသည်။ သူက အရှိန်အဝါများကို သိမ်းဆည်းထားသည့်တိုင်အောင် ဘေးရှိ ရွှေအမြုတေအဆင့်လူငယ်မှာ ထိန်းမနိုင်သိမ်းမရ တုန်ရီနေသည်။
“ မြို့စားအန်ကျိုး၊ ကျုပ် …. ”
“ ယင်လင်း၊ ဘုရင်ကြီး ဒေါသထွက်နေတယ် ”
သက်လတ်ပိုင်းကျင့်ကြံသူသည် နှာခေါင်းမရှိတော့၍ ထူးဆန်းသောအသွင်အပြင် ဖြစ်နေသည့် ရုပ်ထုကြီးကို စူးစိုက်ကြည့်လိုက်သည်။ သူက နှာခေါင်းနေရာကို စူးစမ်းစစ်ဆေးကာ ပြင်ဆင်ရန် ကြိုးစားနေကြသည့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်အနည်းငယ်ကိုလည်း ကြည့်လိုက်သည်။
ရွှေအမြုတေအဆင့်လူငယ်မှာ ပို၍ပင် တုန်ခါနေတော့သည်။
မကြာခင် နှာခေါင်းကို ပြုပြင်နေကြသည့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များသည် လက်မှိုင်ချနေသည့်အမူအရာများဖြင့် မြို့စားအန်ကျိုးရှေ့သို့ ရောက်လာကြပြီး လေးစားစွာ ပြောလိုက်ကြသည်။
“ မြို့စား၊ ပျက်စီးသွားတာက ထူးဆန်းတယ်။ ကျုပ်တို့ ဘယ်လိုမှ မပြင်နိုင်ဘူး။ ပျောက်သွားတဲ့အစိတ်အပိုင်းနှစ်ခုကို ပြန်ရရင်တော့ ပြင်နိုင်လောက်မှာ ”
မြို့စားအန်ကျိုး ငြိမ်သက်နေသည်။ အချိန်အတော်ကြာပြီးနောက် သူက ခပ်လေးလေးဖြင့် ပြောလိုက်၏။
“ ဒီတော့ မင်းပြောသလိုဆိုရင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ရဲ့ အထွတ်အမြတ်ရတနာတစ်ပါးဖြစ်တဲ့ သတ္တမမြောက်ဘိုးဘေးရုပ်ထုကြီးက အခုကစပြီး ငါတို့မျိုးနွယ်ဝင်တွေအားလုံးရှေ့မှာ နှာခေါင်းမရှိဘဲ ဖြစ်နေတော့မှာပေါ့ ”