ဟိုးလေးတကြော်ကြော် ဖြစ်သွားခြင်း ( ၁ )
Vol. 18 Ch. 272
ချီရွှဲ့ထုံဂိုဏ်းနှင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကြားမှ စစ်ပွဲကြီးသည် နှစ်ဝက်ကြာသည်အထိ ဆက်လက်ဖြစ်ပွားနေသည်။
ထိုစစ်ပွဲကြီးသည် ကြီးမားသည်ထက် ကြီးမားလာပြီး မဟာမိတ်များ တစ်ခုပြီး တစ်ခု စစ်ပွဲထဲ ပါဝင်လာကြသည်။
ရှေ့တန်းစစ်မြေပြင်က ဆက်လက်ပြင်းထန်လာပြီး တားမြစ်ပင်လယ်ထဲရှိ တခြားနယ်မြေများကိုပါ ထိခိုက်လာခဲ့သည်။
လူသားမဟုတ်သောမျိုးနွယ်အသီးသီး၏ နယ်နိမိတ်များထဲတွင် ဗျူဟာမြောက်အခြေစိုက်စခန်းများကို တည်ဆောက်လာကြပြီး တိုက်ပွဲအသေးစားများလည်း ဟိုတစ်စသည်တစ ဖြစ်ပွားလာသည်။
ထိုကဲ့သို့ စစ်ပွဲကြီးက မျိုးနွယ်စုများစွာ၏ စိတ်အာရုံကို ဆွဲဆောင်တတ်သည်မှာ သဘာဝပင်။
ထို့ကြောင့် ဝရမ်းစာရင်း အပြောင်းအလဲသည် ချီရွှဲ့ထုံဂိုဏ်းနှင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကြားရှိ မထင်မှတ်ထားသော ဖြစ်ရပ်တစ်ခု ဖြစ်ပါသော်ငြား တခြားမျိုးနွယ်များကို စိတ်ဝင်စားသွားစေခဲ့သည်။
တခဏလေးအတွင်း တားမြစ်ပင်လယ်ထဲရှိ မျိုးနွယ်အများစုက ဝရမ်းစာရင်း၏ အဆင့်သတ်မှတ်ချက်စာရင်းအပေါ် အာရုံရောက်သွားကြသည်။
‘ ချန်အားညိုနှင့် ရွှီချင်း ’ ဆိုသော နာမည်များသည် မရေမတွက်နိုင်သော လူသားမဟုတ်သည့်မျိုးနွယ်များ၊ လူသားမျိုးနွယ်စုများနှင့် အင်အားစုကြီးများစွာကြားတွင် မသိသူမရှိအောင် ဖြစ်သွားသည်။
သူတို့နှစ်ယောက်အကြောင်း ဆွေးနွေးသံများ ပွက်ပွက်ညံလာ၏။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှ ပေးမည့် ဆုကြေးငွေကို သရေယိုနေကြသူ များစွာရှိပြီး ချီရွှဲ့ထုံဂိုဏ်းမှ ထိပ်သီးကျင့်ကြံသူများသည်ပင် ထိုကဲ့သို့ များပြားလှသော ဆုကြေးငွေကြောင့် လောဘတက်နေကြ၏။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ထိုတာဝန်အား ထမ်းဆောင်နိုင်သည့် မည်သူ့ကိုမဆို ဆုကြေးငွေချီးမြှင့်မည်ဟု ဆိုထားသည် မဟုတ်ပါလား။ မည်သည့်မျိုးနွယ်ဝင်ဖြစ်စေ၊ ချီရွှဲ့ထုံဂိုဏ်းသားများပင် ဖြစ်စေ တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်ပါက ဆုချီးမြှင့်ခံရမည် ဖြစ်သည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်အတွက် တာဝန်ထမ်းဆောင်နိုင်ခဲ့သူတစ်ယောက်ကို သူတို့မျိုးနွယ်ဝင်ဖြစ်အောင် ပြောင်းလဲရန်မှာ ခက်ခဲသောကိစ္စ မဟုတ်ပေ။
ယင်းအပြင် ထိုသူက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ဖြစ်သွားသည်နှင့် ဘုရင်အလောင်းအလျာအဖြစ် တက်လှမ်းနိုင်မည် ဖြစ်သည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်တစ်ခုလုံး၏ ရင်းမြစ်များသည် မျက်စိကျစရာဖြစ်နေပြီး လူများစွာကို မနာလိုဖြစ်သွားစေရန် လုံလောက်သည်။ စိတ်ပူစရာတစ်ခု ရှိသည်မှာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်အဖြစ် ပြောင်းလဲရာ၌ ကျရှုံးနိုင်သည့်နှုန်း ဖြစ်သည်။
ထိုသို့အသွင်ပြောင်းလဲခြင်းသည် သေချာသော ကိစ္စတစ်ခုမဟုတ်ဘဲ အန္တရာယ်ရှိသည်။
သို့သော် ဆုကြေးငွေနှင့် ယှဉ်ကြည့်ပါက ထိုသို့စွန့်စားရသည်မှာ ထိုက်တန်ပေသည်။
အဘယ်ကြောင့်ဆိုသော် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ဖြစ်သွားပါက အိမ်ရှေ့မင်းသားတစ်ယောက်၏ အဆင့်နှင့် ညီမျှသော ဘုရင်အလောင်းအလျာတစ်ယောက် ဖြစ်ခွင့်ရမည်ဖြစ်သည့်အပြင် အပြင်လောက၌လည်း တာအိုကလေးငယ်အဖြစ် နာမည်ကြီးနေမည် ဖြစ်သည်။
ရွှီချင်းကြောင့် မျက်နှာတစ်ခြမ်း ပျက်စီးသွားခဲ့သော မြောင်ချန်က ဘုရင်အလောင်းအလျာတစ်ယောက်ဖြစ်သည်။ အစက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၌ ဘုရင်အလောင်းအလျာဆို၍ သူတစ်ယောက်တည်းသာ ရှိသည်။
ထို့ကြောင့် ထိုဆုကြေးငွေကိစ္စသည် တစ်ခါမှ မကြုံဖူးသော ဖြစ်ရပ်ဟူ၍ ပြောနိုင်သည်။
ထိုအချက်ကိုကြည့်၍ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှာ မည်မျှဒေါသထွက်နေပြီး သူခိုးလေးနှစ်ယောက်ကို သတ်နိုင်ရန် မည်မျှစိတ်ပိုင်းဖြတ်ထားသည်ကို သိနိုင်သည်။
ထိုကဲ့သို့ ဆုကြေးငွေ ထုတ်လိုက်သည့် သူတို့ရည်ရွယ်ချက်သည် နောင်တချိန်၌ ခေါင်းဆောင်ဖြစ်စေ၊ ရွှီချင်းဖြစ်စေ တားမြစ်ပင်လယ်ထဲသို့ ခြေတစ်လှမ်းချလိုက်ပါက အသတ်ခံရစေရန် ဖြစ်သည်။ နေရာတိုင်းတွင် ရန်သူများ ရှိနေတော့မည် ဖြစ်သည်။
ရန်သူများက များလှသည့်အတွက်ကြောင့် ထိုရန်သူများ၏ လှုပ်ရှားမှုများကို သူတို့ မသိကြတော့ဘဲ ရန်သူ၊ မိတ်ဆွေ ခွဲခြားရန် ခက်သွားမည်ဖြစ်သည်။
ထို့ကြောင့် နောင်တွင် ရွှီချင်းနှင့်ခေါင်းဆောင်တို့က တခြားသူများကို ယုံကြည်ကြတော့မည်မဟုတ်ဘဲ အချိန်တိုင်း သတိထားနေကြရတော့မည် ဖြစ်ပေသည်။
သို့ပေမည့် ယင်းသည် မူလကတည်းက ရွှီချင်း၏ အကျင့်စရိုက်ဖြစ်နေသည် မဟုတ်ပါလား။ ယခုအချိန်၌ ရွှီချင်းသည် မိုဆာဆော၏ ခန္ဓာကိုယ်ထဲတွင် နေ၍ ရေသူမကျွန်းသို့ တဟုန်ထိုး သွားနေသည်။ အပြင်လောကတွင် မည်သို့ ဖြစ်ပျက်နေသည်ကို သူ မသိပေ။
အပြင်လောကမှ သတင်းများကို လက်ခံနိုင်သော သူ့ဂိုဏ်းတံဆိပ်ပြားသည်လည်း ရေသူမကျွန်းနှင့် အဝေးသို့ ရောက်နေသည်ဖြစ်၍ အစွမ်းမဲ့နေသည်မှာ ကြာပြီဖြစ်သည်။
ယင်းကြောင့် ရွှီချင်းသည် ပြန်လည်သက်သာနိုင်ရေးအပေါ်တွင်သာ အာရုံစိုက်ထားသည်။
နောက်ထပ်ရက်နှစ်ဆယ်ကြာပြီးနောက် ရွှီချင်း၏ ဒဏ်ရာများ ပျောက်ကင်းသွားပြီ ဖြစ်သည်။
သူ အကောင်းပကတိ ပြန်ဖြစ်သွားသည်နှင့် အတန်ငယ် စဉ်းစားတွေးတောလိုက်ပြီး မိုဆာဆောထဲမှ ထွက်မသွားရန် တွေးတောလိုက်သည်။
မှော်သင်္ဘောကြီးသည်လည်း ပျက်စီးသွားခဲ့ပြီဖြစ်ရာ မိုဆာဆောကို စီး၍ သွားလာခြင်းသည် အသင့်တော်ဆုံး နည်းလမ်း ဖြစ်သည်။ ယင်းနည်းလမ်းကြောင့် သူ အန္တရာယ်နည်းကာ အားစိုက်ထုတ်စရာလည်း လိုတော့မည် မဟုတ်ပေ။
“ အခုချိန် အပြင်ဘက်မှာ ဘယ်လိုဖြစ်နေပြီလဲ မသိဘူး။ ခေါင်းဆောင်ကော လွတ်သွားပြီလား။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ဒီကိစ္စကို ဘယ်လိုလုပ်လိုက်တုံး ”
သူသည် ရေသူမကျွန်းနှင့် ခုနစ်ရက်၊ ရှစ်ရက်ကြာ အကွာအဝေးသို့ ရောက်နေသေးပြီး ရေသူမကျွန်းဆီသို့ သူ ကြည့်ကာ တွေးလိုက်သည်။
“ နောက်ကျရင် ငါ ဒီလို မိုက်ရူးရဲဆန်လို့ မဖြစ်ဘူး။ ဒီလိုတွေသာ ဆက်လုပ်နေရင် ခေါင်းဆောင်ထက်တောင် စောစောသေလောက်တယ် ”
ရွှီချင်းသည် သူ့ခန္ဓာကိုယ်ကို ကြည့်၍ သူ၏ခရီးစဉ်ကို ပြန်တွေးကာ သက်ပြင်းချလိုက်သည်။
ဤရက်စက်ကြမ်းကြုတ်သော လောကကြီးထဲတွင် အသက်ရှည်ရှည်နှင့် ပိုကောင်းသောဘဝကို လိုချင်ပါက ပို၍ အစွမ်းထက်လာစေရန် အားသွန်ခွန်စိုက် ကြိုးစားကြရမည်မှာ ဓမ္မတာပင်။
ထိုအတွေးနှစ်ခုသည် ဆန့်ကျင်ဘက်ဖြစ်နေပြီး လူများကို ကူကယ်ရာမဲ့သွားစေသည်။
“ ငါ နိမ့်ကျနေတုံးပဲ ”
ရွှီချင်းသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ကောင်းကင်လက်ရွေးစင်ဖြစ်သော သက်စောင့်မီးလုံးလေးလုံးပိုင်ရှင် မြောင်ချန်ကို တွေးတောမိလိုက်သည်။
ယင်းသည် သက်စောင့်မီးလုံးလေးလုံးနှင့် ကျင့်ကြံသူကို သူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။
ခေါင်းဆောင်သည်လည်း ရွှေအမြုတေအဆင့်လူငယ်၏ နောက်မှလိုက်လံသတ်ဖြတ်ခြင်း ခံရစဉ်အခါက ထိုကဲ့သို့ အစွမ်းမျိုး ထုတ်ဖော်ခဲ့ပါသော်ငြား ခေါင်းဆောင်၏ အစွမ်းက မကောင်းဆိုးဝါးဆန်ကာ မရိုးရှင်းကြောင်း ရွှီချင်း ခံစားမိသည်။
သို့သော်လည်း မြောင်ချန်မှာ မတူညီပေ။ သက်စောင့်မီးလုံးလေးလုံးကို အမှန်တကယ် ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။
ထိုကဲ့သို့ လူမျိုးက ရှားပါးနိုင်ကြောင်း ရွှီချင်း ခံစားမိသည်။ သို့သော် ဝမ်ကူးဒေသကြီးက မည်မျှကျယ်ပြန့်ပြီး မျိုးနွယ်များ မရေမတွက်နိုင်လောက်အောင် ရှိနေသည်ကို တွေးမိသောအခါ သူ အထူးတလည် တအံ့တသြ ဖြစ်မနေတော့ပေ။
မြောင်ချန်နှင့် တိုက်ခိုက်ရာ၌ အသာစီး ရခဲ့သည်မှာ လက်ဦးမှုရယူ၍ အလစ်တိုက်ခဲ့သောကြောင့်သာ ဖြစ်သည်ကို ရွှီချင်း ကောင်းစွာ နားလည်သည်။
ယင်းအပြင် အရိပ်လေး၊ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနှင့် ကျင်းဝူလျန့်ဝမ့်လင်အတတ်ကြောင့် တိုးပွားလာသည့် အပြင်အားတို့ကြောင့်သာ နောက်ဆုံးတွင် မြောင်ချန်ကို သူ ဖိနှိပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
နောက်တစ်ကြိမ် သူတို့ တွေ့ခဲ့ပါက မြောင်ချန်သည် သတိထားနေတော့မည်ဖြစ်ရာ မြောင်ချန်ကို အသာစီးရရန် သူ များစွာ ခက်ခဲတော့မည် ဖြစ်သည်။
သို့သော် မြောင်ချန်သည်လည်း သူ့ကို အသာစီးရရန် ခက်ခဲနေမည်ကိုလည်း ရွှီချင်း တွက်ဆမိသည်။
“ သက်စောင့်မီးလုံးလေးလုံး ”
ရွှီချင်း၏ မျက်လုံးများထဲတွင် ဆန္ဒများဖြင့် တောက်လောင်သွားသည်။ ယခု သူသည် အလယ်ပိုင်း အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ ကျင်းဝူလျန့်ဝမ့်လင်အတတ်နှင့် သက်စောင့်မီးအိမ်တို့ဖြင့်ဆိုပါက သက်စောင့်မီးလုံးလေးလုံးနှင့် ကျင့်ကြံသူကို ယှဉ်တိုက်နိုင်ပြီ ဖြစ်သည်။
ယင်းတိုက်ရည်ခိုက်ရည်သည် အခြေတည်အဆင့် အထွတ်အထိပ်သို့ ရောက်နေပြီဟူ၍ ဆိုနိုင်သည်။ သူသည် ရွှေအမြုတေအဆင့်ကျင့်ကြံသူလက်မှပင် ဒဏ်ရာအနည်းငယ်သာရကာ ထွက်ပြေးနိုင်ခဲ့သည်။ တခြားလူများအမြင်၌ သူသည် အလွန် အစွမ်းထက်နေပြီ ဖြစ်သည်။
သို့သော် ရွှီချင်းမှာ မကျေနပ်သေးပေ။
“ တတိယမြောက်သက်စောင့်မီးလုံးကို ထွန်းညှိနိုင်ဖို့ ဓမ္မတံခါးနှစ်ဆယ့်ငါးခု ဖွင့်ရဦးမယ်။ တတိယမြောက်သက်စောင့်မီးလုံးကိုသာ ဖွင့်နိုင်ရင် သက်စောင့်မီးအိမ်ရှိတဲ့သူကလွဲလို့ အခြေတည်အဆင့်ကျင့်ကြံသူတိုင်းကို ငါ အနိုင်ယူနိုင်ပြီ။ အဲဒါဆို ငါ နည်းနည်း ပိုကောင်းတဲ့ဘဝကို ရမှာပဲ ”
“ ဓမ္မတံခါးတွေကို ပုံမှန်နည်းလမ်းနဲ့ ဖွင့်ရင်တော့ သိပ်နှေးတယ် ”