ဟိုးလေးတကြော်ကြော် ဖြစ်သွားခြင်း ( ၂ )
Vol. 18 Ch. 273
ရွှီချင်းသည် တီးတိုးရေရွတ်လိုက်ရင်း ခေါင်းဆောင် မြန်မြန်ပြန်ရောက်လျှင် ကောင်းမည်ဟု တွေးလိုက်မိသည်။
ခေါင်းဆောင်၏ ရူးသွပ်မှုဖြင့်ဆိုပါက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၌ အလားတူ ကိစ္စမျိုး အကြိမ်ရေ အနည်းငယ်သာ ထပ်လုပ်လိုက်လျှင် သက်စောင့်မီးလုံးသုံးလုံး ပေါ်လာရန် ခက်မည်မဟုတ်ကြောင်း ရွှီချင်း ခံစားမိသည်။
“ ခေါင်းဆောင် ပြန်ရောက်လာရင် ကြီးကြီးကျယ်ကျယ်လုပ်လို့ရနိုင်မဲ့နေရာတွေ ရှိသေးလား မေးကြည့်ရမယ် ”
ရွှီချင်း ဆုံးဖြတ်ချက်ချလိုက်ပြီ ဖြစ်သည်။
နောက်ထပ် ရူးရူးမိုက်မိုက်မလုပ်ရန် အတွေးကို သူ ဘေးဖယ်ထားလိုက်ပြီ ဖြစ်သည်။
“ ဘာမှရွေးချယ်စရာ မရှိဘူး။ ငါ့ကျင့်ကြံခြင်းအမြန်နှုန်းကိုက နှေးနေတာ။ ဓမ္မတံခါးတွေ များများ ဖွင့်ချင်ရင် အသက်နဲ့ရင်းရမှာပဲ။ ဓမ္မတံခါးတွေ အကုန်လုံး ပွင့်သွားမှပဲ နောက်ထပ်အဲဒီလိုမျိုး အန္တရာယ်ရှိတာတွေ မလုပ်တော့ဘူး ”
ရွှီချင်းသည် သူ့အတွေးများကို လေးလေးနက်နက် ထောက်ခံသည့်အနေဖြင့် ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။
ထိုသို့ဖြင့် ရက်များစွာ ကုန်လွန်သွားသည်။ ငါးရက်ကြာပြီးနောက် ရေသူမကျွန်းနှင့် သုံးရက်ကြာအကွာအဝေးသို့ ရောက်သောအခါတွင် ရွှီချင်း၏ ဂိုဏ်းတံဆိပ်ပြား တုန်ခါသွားသည်။
သူ ဂိုဏ်းတံဆိပ်ပြားကို ထုတ်ကြည့်လိုက်ရာ ရင်းနှီးသော တာဝန်အမြောက်အမြား အလျင်အမြန် ပေါ်လာသည်ကို မြင်လိုက်ရသည်။
သူ ဖျတ်ခနဲ ကြည့်လိုက်သောအခါတွင် ယခင်နှင့် ခြားနားမှုမရှိသည်ကို တွေ့လိုက်ရသည်။ သို့သော် သူ ဂရုတစိုက် ကြည့်လိုက်သောအခါ တာဝန်များ၏ ထိပ်၌ သူရဲကောင်းစာရင်းတစ်ခု ရှိနေသည်ကို သတိထားမိလိုက်သည်။
ထိုစာရင်းသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ဝရမ်းစာရင်းဖြစ်သည်ကို ရွှီချင်း သိသည်။
ထိုစာရင်းထဲ၌ ချီရွှဲ့ထုံဂိုဏ်းသားများကို သတ်နိုင်ပါက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှ ပေးအပ်မည့် ဆုကြေးငွေကို ဖော်ပြထားသည်။ သို့သော်လည်း အခမဲ့ကြည့်ရှု၍ မရသောကြောင့် ရွှီချင်းက ထိုစာရင်းကို ကြည့်မနေတော့ပေ။
ထိုအချိန်၌ သူသည် ထိုစာရင်းကို ဖျတ်ခနဲ လှမ်းကြည့်ရင် ချီတုံချတုံ ဖြစ်သွားသည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၌ သူနှင့် ခေါင်းဆောင်တို့ လုပ်ခဲ့သော ကိစ္စကြီးက ကြီးသည်ဟုလည်း မဆိုနိုင်သလို သေးသည်ဟုလည်း မဆိုနိုင်ပေ။ သူတို့နှစ်ယောက်သည်လည်း ဝရမ်းစာရင်းထဲတွင် ပါနိုင်ချေများသည်ကို သူ ခံစားမိသည်။
ထို့ကြောင့် သူ စစ်ဆေးကြည့်ရန်ပြင်လိုက်ပါသော်လည်း ဝိညာဉ်ကျောက်တုံးတစ်ရာကုန်ကျမည်ဆိုသည့်အတွက်ကြောင့် မတန်သလို ခံစားလိုက်ရသည်။
ရွှီချင်းက ထိုစာရင်းကို မဝယ်တော့ရန် ဆုံးဖြတ်လိုက်စဉ်မှာပင် မိုဆာဆောကြီးသည် ရေသူမကျွန်းပိုင်နက်နှင့် နီးကပ်သည်ထက် နီးကပ်လာပြီး သူ့ဂိုဏ်းတံဆိပ်ပြားက ပို၍ တုန်ခါလာသည်။
ထိုသို့တုန်ခါလာရခြင်းမှာ သူ သိသော လူအားလုံးထံမှ လျှို့ဝှက်စာများ ဝင်လာသောကြောင့် ဖြစ်သည်။
“ အစ်ကိုရွှီချင်း၊ ပြန်ရောက်ပြီလား ”
“ ဂုဏ်ယူပါတယ် အစ်ကိုရွှီချင်းရေ ”
ရွှီချင်းမှာ စာအမြောက်အမြား ဝင်နေသည်ကို မြင်၍ တအံ့တသြ ဖြစ်သွားရသည်။
“ အစ်ကိုရွှီချင်း၊ အခုလောက်ဆို အစ်ကို့ဂိုဏ်းတံဆိပ်ပြားထဲ စာတွေအများကြီး ဝင်နေမှာဆိုတော့ ညီမရဲ့စာကို အစ်ကို မြင်ချင်မှ မြင်မှာပါ။ ဒါပေမဲ့ အစ်ကို့နာမည်နဲ့ အစ်ကိုလုပ်ခဲ့တာတွေကို မြင်တော့ ညီမ စိတ်လှုပ်ရှားတာရော စိုးရိမ်တာရောပေါင်းပြီး ရက်နည်းနည်းလောက် အိပ်မပျော်ခဲ့ဘူး။ ညီမ စကားတွေအများကြီး ပြောချင်ပေမဲ့ အရင်ဆုံး စကားတစ်ခွန်းပဲ ပြောလိုက်မယ်နော် ”
ယင်းစာသည် တင်းရွှယ်ထံမှ ဖြစ်သည်။
ရွှီချင်းသည် တင်းရွှယ်၏စကားတစ်ခွန်းကို ဖျတ်ခနဲ လှမ်းကြည့်လိုက်ပါသော်လည်း များစွာ အာရုံမထားပေ။
အဘယ်ကြောင့်ဆိုသော် သူ့စိတ်ထဲ ထို့ထက်ပို၍ အရေးကြီးသော ကိစ္စကြီးတစ်ခု ရှိနေသောကြောင့်ပင်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ကိစ္စကြီး ပေါ်သွားခဲ့ပြီကို သူ နားလည်လိုက်သည်။ သူ တခြားစာများကို ချက်ချင်း မွှေနှောက်ကြည့်လိုက်သည်။
တခြားစာများအားလုံးသည်လည်း ထိုကိစ္စအကြောင်းကို ပြောထားကြသည်။
ရွှီချင်းသည် ထိုစာများကို အလျင်အမြန် ကြည့်လိုက်ရင်း သူရဲကောင်းစာရင်းအား ကြည့်ရှုခွင့်ဖြစ်သော ဝိညာဉ်ကျောက်တုံးတစ်ရာအား သုံးစွဲရန်ကို သူ တွန့်တိုမနေတော့ပေ။
သူ ထိုစာရင်းကို ဖွင့်ကြည့်လိုက်ပြီး သူ့နာမည်က အဆင့်နှစ်တွင် ရှိနေသည်ကို မြင်သောအခါ မျက်လုံးများ မှေးသွားသည်။
ထို့နောက် ပထမနေရာကို သူ ကြည့်လိုက်သည်။
“ ချန်အားညိုဆိုပါလား ”
ရွှီချင်း ငြိမ်သက်သွားသည်။ ချန်အားညိုဆိုသူမှာ ခေါင်းဆောင်ကို ပြောခြင်းဖြစ်ကြောင်း သူ သိပါသော်လည်း ထိုနာမည်ကြောင့် အံ့အားသင့်သွားရမြဲပင်။
ရုတ်တရက် ခေါင်းဆောင်က သူ့နာမည်အား တစ်ခါမှ မပြောခဲ့ဖူးသည်ကို သူ အမှတ်ရလိုက်သည်။ ထိုနာမည်က အနည်းငယ် တောဆန်သကဲ့သို့ ထင်နေ၍ ခေါင်းဆောင်က မပြောခြင်း ဖြစ်တန်ရာသည်။
ရွှီချင်းသည် အဆင့်စာရင်းကို သေချာကြည့်ရှုလိုက်သည်။ ခဏအကြာ သူ မဆိုစလောက် မျက်မှောင်ကြုတ်သွားကာ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ထို့နောက် သိုလှောင်အိတ်ထဲမှ နှာခေါင်းအစိတ်အပိုင်းကို ကြည့်လိုက်သည်။
အပြန်ခရီး၌ ထိုအစိတ်အပိုင်းကို သူ စစ်ဆေးကြည့်ခဲ့ပြီးပြီ ဖြစ်သည်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ တုန့်ပြန်မှုက အလွန် ပြင်းထန်နေသည်ကို မြင်၍ ကျင်းဝူလျန့်ဝမ့်လင်အတတ်ကြောင့် မငြိမ်မသက်ဖြစ်ကာ ပေါက်ကွဲသွားခဲ့သည့်တိုင်အောင် ရုပ်ထုက အကောင်းပကတိ ပြန်မဖြစ်သွားခဲ့၍သာ ထိုသို့ဖြစ်နေခြင်းဖြစ်ကြောင်း သူ ခံစားမိသည်။
သို့သော်လည်း ထိုကိစ္စက မယုံနိုင်စရာကောင်းနေသကဲ့သို့ သူ ခံစားနေရဆဲပင်။
“ ငါ ထွက်သွားပြီးတော့ ခေါင်းဆောင်က နောက်ထပ် မိုက်မိုက်ကန်းကန်း လုပ်သေးတာလား ”
ရွှီချင်း ငြိမ်သက်သွားသည်။ မည်သို့ပင်ဖြစ်စေကာမူ ယခု နေရာတိုင်း သူ့နာမည် ပျံ့သွားသည့်အတွက်ကြောင့် သူ စိတ်မသက်မသာ ခံစားနေရသည်။
ထင်ထင်ပေါ်ပေါ် ဖြစ်နေသည်ကို သူ သဘောမကျပေ။ ယင်းသည် ငယ်စဉ်ဘဝအတွေ့အကြုံများမှ သူ ရခဲ့သည့် သင်ခန်းစာများနှင့် မကိုက်ညီနေသလို ချီရွှဲ့ထုံဂိုဏ်းရှိ သတ္တမမြောက်တောင်ထိပ်၏ ဓလေ့ထုံးစံနှင့်လည်း ကွဲပြားနေသည်။
“ ဒီလို အုတ်အုတ်ကျက်ကျက်ဖြစ်သွားတာ ခေါင်းဆောင်ကြောင့်ပဲ။ ဘာမှမဖြစ်သလို ထွက်သွားရင် ရနေတာပဲကို ”
ရွှီချင်းသည် ခေါင်းယမ်းလိုက်ပြီး အဆင့်စာရင်းကို အချိန်အတော်ကြာသည့်တိုင်အောင် ငေးကြည့်နေသည်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ် မည်မျှအထိ ဒေါသချောင်းချောင်း ထွက်နေသည်ကို သူ နားလည်လိုက်ပြီဖြစ်သလို မည်မျှ သတ်ချင်နေသည်ကို သူ သိလိုက်ရသည်။
တခြားလူများပင် မဆိုထားဘိ ရွှီချင်းသည်ပင် ခေါင်းဆောင် ချန်အားညိုအတွက် သတ်မှတ်ထားသော ဆုကြေးငွေကြောင့် ထိန်းချုပ်၍မရအောင် ရင်ခုန်နှုန်း မြန်ဆန်သွားရသည်။
သို့ဖြစ်ပေရာ တခြားလူများက မည်မျှစိတ်ဝင်စားနေမည်ကို သူ အလွယ်တကူ ခန့်မှန်းကြည့်နိုင်သည်။
“ အချိန်တစ်ခုလောက်အထိတော့ ငါ စိတ်အေးလက်အေး နေလို့ရမှာ မဟုတ်ဘူး။ အခုကစပြီး လူတိုင်းကို ငါ သတိထားနေရမှာ။ ဂိုဏ်းကလည်း မလုံခြုံတော့ဘူး။ ဒါပေမဲ့ ဒီလိုမျိုး ကိစ္စကြီးကို ငါ လုပ်ထားတော့ ပရမ်းပတာဖြစ်နေတဲ့ အပြင်လောကကြီးထက်စာရင် ဂိုဏ်းထဲမှာ ယုတ်မာကောက်ကျစ်တဲ့လူတွေက သူတို့စရိုက်တွေကို ပေါ်ပေါ်ထင်ထင် ထုတ်ပြရဲမှာ မဟုတ်လောက်ဘူး ”
ရွှီချင်းသည် အကျိုးနှင့်အပြစ်ကို လျင်မြန်စွာ ချိန်ဆကြည့်လိုက်သည်။ နောက်ရက်များတွင် သူသည် အလွန်သတိထားနေပြီး သူ့ဂိုဏ်းတံဆိပ်ပြား၏ အငွေ့အသက်များကို ဖုံးကွယ်ရန် အရိပ်လေးကိုပင် အသုံးပြုလိုက်သည်။
သူသည်လည်း အတူတူပင်။ ရုပ်ပြောင်းရုပ်လွဲပစ္စည်းကို အသုံးချ၍ ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲလိုက်ပြီး ရေသူမကျွန်းသို့ တဖြည်းဖြည်း ချဉ်းကပ်သွားသည်။
ရေသူမကျွန်းသို့ သူ သွားမှရမည်ဖြစ်သည်။ တစ်ယောက်တည်းသာ ခရီးဆက်နေပါက ချီရွှဲ့ထုံဂိုဏ်းသို့ ပြန်ရောက်ရန် အလွန် ကြာမြင့်သွားမည်ဖြစ်သည့်အပြင် လမ်းခရီး၌ မတော်တဆ အန္တရာယ်များနှင့်လည်း ကြုံတွေ့ရနိုင်သည်။
အဆင့်စာရင်းကိစ္စကြောင့် ရွှီချင်းသည် ပြန်ရောက်သည်နှင့် အနီးဆုံးရှိ ယိမေကျွန်းပေါ်သို့ ချက်ချင်း တက်သွားသည်။
ထို့နောက် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။
ကံကောင်းထောက်မ၍ ယခု ကျင့်ကြံသူအများစုက စစ်ပွဲထဲသွားနေရသည်ဖြစ်၍ ဤနေရာတွင် ကျင့်ကြံသူများစွာ ရှိမနေပေ။ ထို့ကြောင့် ရွှီချင်း ပြန်ရောက်လာခြင်းကို လူများစွာ အာရုံမစိုက်ကြပေ။
သူသည် အချိန်ဖြုန်းမနေဘဲ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲသို့ အလျင်အမြန် ဝင်ရောက်သွားသည်။
သူသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အစီအရင်အား စောင့်ကြပ်ရန် တာဝန်ယူထားသည့် ပဉ္စမမြောက်တောင်ထိပ်ဂိုဏ်းသားများကို ဝေ့ကြည့်လိုက်သည်။ ထို့နောက် ဂိုဏ်းတံဆိပ်ပြားကို ဆတ်ခနဲ ထုတ်၍ ဘေးရှိ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ဖိလိုက်သည်။
အစီအရင်မှ အငွေ့အသက်များ တဟုန်းဟုန်း ထွက်ပေါ်လာသည်။ သူ့ကို အတည်ပြုခံလိုက်ရပြီး တည်နေရာရွှေ့ပြောင်းခြင်း စတင်တော့မည် ဖြစ်သည်။
ထိုအချိန်၌ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို တာဝန်ယူထားသည့် ပဉ္စမမြောက်တောင်ထိပ် ဂိုဏ်းသားက ဘေးရှိ တည်နေရာရွှေ့ပြောင်းခြင်းကျောက်တုံးကို လှမ်းကြည့်လိုက်ရာ အစီအရင်ကို အသုံးပြုနေသည့်လူနာမည်ကို သတိထားမိလိုက်သည်။
ထိုနာမည်ကို သူ မြင်လိုက်သည်နှင့် အတန်ငယ် မှင်သက်သွားသည်။ ထို့နောက် သူ့မျက်လုံးမျာ ပြူးကျယ်သွားပြီး တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ပေါ်ရှိ ရွှီချင်းကို လှည့်ကြည့်လိုက်သည်။
“ ရွှီချင်း ”
တခဏလေးအတွင်း တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် အလင်းတန်းများ အောက်တွင် ရွှီချင်း ပျောက်သွားသည်။
တချိန်တည်းမှာပင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ပိုင်နက်ထဲရှိ ခြောက်ကပ်ကပ်အနီရောင်ဧရာမသစ်ပင်ကြီးများစွာ ပေါက်ရောက်နေသည့် တောအုပ်ထဲ၌ ပုပ်ပွနေသော ခန္ဓာတစ်ခြမ်းနှင့် သံချပ်ကာဝတ်ဧရာမလူ့ဘီလူးကြီးတစ်ယောက်သည် တင်ပျဉ်ခွေကာ တရားထိုင်နေသည်။
ဘေးပတ်လည်ရှိ ခြောက်ကပ်ကပ်သစ်ပင်ရှည်ကြီးများကဲ့သို့ ၎င်း၏ခန္ဓာကိုယ်တစ်ခြမ်းသည်လည်း ပေငါးထောင်ကျော် မြင့်မားသည်။
၎င်း၏ခေါင်းအထက်တွင် ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ယောက် ထိုင်နေသည်။
ထိုလူငယ်လေးသည်ကား မြောင်ချန်ပင်။
မြောင်ချန်၏ မျက်နှာတစ်ခြမ်း စုတ်ပြတ်နေပြီး အရိုးနှင့်အသားများ ပေါ်နေသည်။ ထိုစုတ်ပြတ်နေသော မျက်နှာတစ်ခြမ်းရှိ နားရွတ်သည်ပင် မရှိတော့သည်ဖြစ်ရာ မူလက ချောမောခံ့ညားသော သူ့ရုပ်ရည်က ကြောက်စရာကောင်းနေတော့သည်။ သူ၏ နန်းဆန်သော စရိုက်လက္ခဏာသည်လည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။
သူ့ရှေ့၌ ခရမ်းစိမ်းရောင်ဝတ်စုံဝတ် မျက်နှာဖုံးကွယ်ထားသော အမျိုးသမီးတစ်ဦးသည် ဒူးထောက်ကာ ချိုလွင်စွာ ပြောနေသည်။
“ မင်းသား … မျိုးနွယ်က အနာကျက်ပစ္စည်းတွေအကုန်လုံး မင်းသားရဲ့ဒဏ်ရာထဲက တိုက်စားစွမ်းအားကို ပျောက်ကင်းအောင် မလုပ်နိုင်ပါဘူးရှင့်။ ဘုရင်ကြီးနှင့် မြို့စားတို့မှာပဲ အဲဒါကို ပျောက်ကင်းအောင် လုပ်နိုင်မယ့်နည်းလမ်း ရှိမှာပါ။ ဒါပေမဲ့ ဘုရင်ကြီးက မင်းသားကို ကိုယ့်ကိစ္စကိုယ်ရှင်းဆိုပြီး ပြောထားပါတယ်။ ပြီးတော့ အဲဒီရွှီချင်းကို မင်းသား သတ်လိုက်ရင် မင်းသားကို ကုပေးမှာပါတဲ့ ”
“ မင်း ဘာပြောချင်တာတုံး။ အရင်တုန်းက ငါ့ကို လိုချင်လို့ အားနည်းတဲ့ ဝိညာဉ်ကျောက်စိမ်းမျိုးနွယ်အပေါ် အခွင့်အရေးယူတုန်းက ဒီလိုမျိုး ဆုကြေးတွေ ဘာလို့ မထုတ်တာလဲ။ မင်းတို့ကောင်တွေက ချန်အားညိုနဲ့ ရွှီချင်းကို သဘောကျလို့ သူတို့ိကို သတ်ပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ဖြစ်အောင် ကြံစည်နေတာလား။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ် … သောက်ကျင့်ယုတ်တဲ့မျိုးနွယ်ပါလား။ ထွက်သွားစမ်းကွာ ”
လူငယ်က ခေါင်းမော့လိုက်ရာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသွားသည်။ အမျိုးသမီးမှာ တစ်ကိုယ်လုံး တုန်ရီနေပြီး ခပ်သုတ်သုတ် ထွက်သွားသည်။
ထိုအမျိုးသမီး ထွက်သွားပြီးနောက် လူငယ်၏ သွေးဆာနေသော မျက်လုံးများထဲတွင် လူသတ်ငွေ့များဖြင့် ဆူဝေလာသည်။ သူ့နှလုံးသားထဲတွင် ဖော်ပြ၍ မရနိုင်သော ခံပြင်းနာကြည်းခြင်းများဖြင့် ပြည့်နေ၏။
ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်နေသော သက်စောင့်မီးလုံးလေးလုံးနှင့် ကောင်းကင်လက်ရွေးစင်ဖြစ်သည့် သူကဲ့သို့ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ တာအိုကလေးငယ်တစ်ယောက်က အမည်မသိလူတစ်ယောက်ကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပေသည်။
“ ရွှီချင်း၊ မင်းနဲ့ငါ ကိစ္စမပြတ်သေးဘူးနော်။ မင်းကို ငါ ကမ္ဘာမကြေဘူးကွ ”