ခေါင်းဆောင် လုပ်တာ
Vol. 18 Ch. 274
ရွှီချင်းသည် သတိထားနေသည်ဖြစ်၍ တည်နေရာရွှေ့ပြောင်းနေရင်း ပဉ္စမမြောက်တောင်ထိပ်ဂိုဏ်းသား၏ မျက်နှာအမူအရာကို သတိထားမိလိုက်သည်။
ထိုဂိုဏ်းသား၏ မျက်နှာပေါ်၌ တအံ့တသြဖြစ်နေသည့် အမူအရာသာ ရှိနေပြီး တခြားအတွေးများကို မမြင်ရပါသော်ငြား ဆုကြေးငွေကို သူသည်ပင် ရယူပိုင်ဆိုင်ချင်မိရာ တခြားလူများသည်လည်း ထိုဆုကြေးငွေကို မမက်မောစရာ အကြောင်းမရှိဟူ၍ သူ ခံစားမိသည်။
“ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ငါ့ရန်သူတွေထဲမှာ အဲဒီတာအိုကလေးလည်း ပါတယ် ”
ရုပ်ထုနှာခေါင်းက အကောင်းပကတိ ပြန်မဖြစ်တော့သည်ဖြစ်၍ သူ၏ကျင်းဝူလျန့်ဝမ့်လင်အတတ်မှာ အလွန် စွမ်းအားကြီးမားပြီး ရွှေကျီးကန်း ဝါးမျိုလိုက်သည့်နေရာကို ပြန်အစားထိုး၍ မရကြောင်း ဖော်ပြနေပေသည်။
သို့ဖြစ်ပေရာ တာအိုကလေးငယ်၏ မျက်နှာတစ်ခြမ်းနှင့် နားရွက်သည်လည်း အကောင်းပကတိ ပြန်မဖြစ်နိုင်ပေ။
“ သူ ငါ့ကို အရိုးစွဲတဲ့အထိ မုန်းနေလောက်တယ်။ သူ့ကို လက်စတုံးပစ်ဖို့ ငါ နည်းလမ်းရှာမှဖြစ်မယ် ”
ထိုအတေါးနှင့်အတူ တည်နေရာရွှေ့ပြောင်းခြင်းအလင်းတန်းများ ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားပြီး သူ့ရှေ့ရှိ အရာအားလုံးမှုန်ဝါးသွားကာ တဖြည်းဖြည်း ပြန်လည်ကြည်လင်လာသောအခါတွင် ချီရွှဲ့ထုံဂိုဏ်းသို့ သူ ပြန်ရောက်သွားပြီ ဖြစ်သည်။
တည်နေရာရွှေ့ပြောင်းပြီးနောက် ရင်းနှီးသော ဆူဆူညံညံအသံများ သူ့အာရုံထဲ ဝင်ရောက်လာသည်။
မကြာခင် အလင်းများ ဖြာကျလာပြီး ရွှီချင်း၏ မြင်ကွင်းထဲ ချီရွှဲ့ထုံဂိုဏ်းပင်မမြို့ကြီး ပေါ်လာသည်။
ပထမဆုံး သူ့ ရှေ့တွင် ပေါ်လာသည်မှာ တည်နေရာရွှေ့ပြောင်းရန် စောင့်ဆိုင်းနေသော လူအုပ်ကြီးနှင့် မနီးမဝေးတွင် ဝင်ထွက်သွားလာနေသော လူများကို စာရင်းမှတ်နေသော ဂိုဏ်းသားနှစ်ယောက်ဖြစ်သည်။
ထိုဂိုဏ်းသားနှစ်ယောက်မှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး မီးခိုးရောင်တာအိုဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။
ရွှီချင်းသည် ထိုဂိုဏ်းသားနှစ်ယောက်ကို ဝေ့ကြည့်လိုက်ပြီး အနည်းငယ် ရင်းနှီးနေသလို ခံစားနေရပါသော်လည်း များစွာ အာရုံမစိုက်ပေ။
သို့သော်လည်း အပြင်ဘက်သို့ သူ ထွက်လာသည်နှင့် သူ ဝတ်ထားသည့် ခရမ်းရောင်တာအိုဝတ်ရုံကြောင့် ဘေးပတ်ဝန်းကျင်တစ်ခုလုံး ဆူဆူညံညံ ဖြစ်သွားသည်။ စာရင်းမှတ်ရန် တာဝန်ယူထားသည့် ဂိုဏ်းသားနှစ်ယောက်မှာ သိသိသာသာ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ခပ်သွက်သွက် ထရပ်လိုက်ကြသည်။
“ ဂိုဏ်းတူဦးလေးကို နှုတ်ဆက်ပါတယ် ”
ရွှီချင်းသည် ထိုဂိုဏ်းသားနှစ်ယောက်ကို ဖြတ်ကျော်သွားမည်ပြုစဉ် သူ့မျက်လုံးထောင့်စွန်းမှနေ၍ ဂိုဏ်းသူအပေါ်သို့ အကြည့်ရောက်သွားပြီး ခြေလှမ်းများ ရပ်ကာ စေ့စေ့စပ်စပ်ကြည့်လိုက်သည်။
ထိုအမျိုးသမီးသည် လှပသော ရုပ်ဆင်းသွင်ပြင်ရှိပြီး ဆံပင်ရှည်များကို ကျစ်ဆံမြီး ကျစ်ထားသည်။ ခန္ဓာကိုယ်က အနည်းငယ် ပိန်သွယ်သည်။ ရွှီချင်း၏အကြည့်ကြောင့် ထိုအမျိုးသမီးမှာ ထိတ်ခနဲ ဖြစ်သွားပြီး ခေါင်းကို ပို၍ ငုံ့လိုက်သည်။
“ မင်းကျင့်ကြံခြင်းအဆင့်က မဆိုးဘူးပဲ။ အဆင့်ခြောက်ကို ရောက်ဖို့ မလိုတော့ဘူး။ ဒါပေမဲ့ မင်းရဲ့ ပင်လယ်အသွင်ပြောင်းအတတ်မှာ တားမြစ်ပင်လယ်အရှိန်အဝါက သတ္တမမြောက်တောင်ထိပ်က အဆင့်တူ ဂိုဏ်းသားတွေအောက် လျော့နည်းနေသေးတယ်။ အဆင်ပြေပြေနဲ့ အဆင့်တက်ချင်ရင် တားမြစ်ပင်လယ်အရှိန်အဝါကို နက်ရှိုင်းအောင် ကျင့်ကြံလိုက် ”
ရွှီချင်းသည် အနည်းငယ် ညွှန်ကြားချက်ဆိုလိုက်ပြီး ထိုအမျိုးသမီးက တုန်ရီသောလေသံဖြင့် ကျေးဇူးတင်စကားပြောနေစဉ်မှာပင် ထွက်သွားသည်။
ထိုအမျိုးသမီးကို သူ ညွှန်ကြားချက် ပေးခဲ့သည့်အကြောင်းရင်းမှာ ထိုအမျိုးသမီးကို သူ မှတ်မိ၍ ဖြစ်သည်။
ချီရွှဲ့ထုံဂိုဏ်းသို့ သူ ပထမဆုံးအကြိမ် ရောက်ခဲ့စဉ်အခါက ထိုဂိုဏ်းသားနှစ်ယောက်ကို တွေ့ခဲ့ရသည်။
ထိုအချိန်က ထိုအမျိုးသမီးက သူ့ကို ဂိုဏ်းထဲရှိ အန္တရာယ်များအကြောင်းကို ကြင်နာစွာ သတိပေးစကားဆိုခဲ့သည်။
ယင်းသည် အသေးအမွှား ကိစ္စလေးသာ ဖြစ်သော်လည်း နောက်တစ်ဖန် သူတို့နှင့် ပြန်ဆုံတွေ့လာသောအခါ အနည်းငယ် ညွှန်ကြားချက်များ ပေးလိုက်ခြင်းဖြစ်သည်။
သူ ထွက်သွားပြီးနောက် ထိုဂိုဏ်းသားနှစ်ယောက်၏ တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်သွားသည်။
ထိုချီစုစည်းခြင်းအဆင့်ဂိုဏ်းသားနှစ်ယောက်၏ အမြင်၌ ရွှီချင်း၏ ကျင့်ကြံခြင်းစွမ်းအားဖိအားနှင့် စစ်မြေပြင်မှ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များကြောင့် သူ့ကို မိစ္ဆာတစ်ကောင်ကဲ့သို့ ထင်မှတ်နေမိသည်။
“ အဲဒီဂိုဏ်းတူဦးလေးရဲ့ ကျင့်ကြံခြင်းစွမ်းအားက ကြောက်စရာကောင်းလောက်အောင် ပြင်းထန်တာပဲ ”
ဂိုဏ်းသားက သက်ပြင်းချလိုက်သည်။ သူ့လက်ထဲရှိ ယပ်တောင်မှာ ကျိုးလုနီးပါး ဖြစ်နေလေပြီ။
ထိုသို့ပြောပြီးသည်နှင့် ဘေးရှိ အမျိုးသမီးကို ကြည့်ကာ နားလည်ရခက်သောအမူအရာဖြင့် မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။
“ အဲဒီဂိုဏ်းတူဦးလေးကို နင် သိနေတာလား ”
ထိုအမျိုးသမီးမှာ အတန်ငယ် ဆွံ့အနေပြီး တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ရှိ မှတ်တမ်းကို အလျင်အမြန် သွားရောက်စစ်ဆေးကြည့်လိုက်သည်။ ထိုနေရာရှိ စာသားကို ဖတ်ကြည့်ပြီးနောက် မျက်လုံးများ ချက်ချင်း ပြူးကျယ်သွား၏။
“ ရွှီချင်း ”
“ ရွှီချင်းလား ”
ထိုအမျိုးသား၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။
“ အဲဒီရွှီချင်းဆိုတာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ရဲ့ အထွတ်အမြတ် ရတနာကို ဖျက်ဆီးလိုက်လို့ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ် ဒေါသထွက်ပြီး ဆုကြေးငွေ ထုတ်ခံရတဲ့သူလား ”
အမျိုးသမီးက ငေးကြောင်နေသည့်အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ သူ နင့်ကို ဘယ်လိုလုပ် သိနေတာတုံး ”
ထိုအမျိုးသား၏မျက်လုံးများက တစ်ခါမှ မကြုံဖူးသည့် မနာလိုခြင်းများဖြင့် ပြည့်နေသည်။
“ ငါက နင့်ထက် ဉာဏ်ပိုကောင်းတယ်နော်။ မနှစ်က ရတနာမုဆိုးလူငယ်လေးတစ်ယောက်က အဖြူရောင် ဂိုဏ်းတံဆိပ်ပြားကို ကိုင်ပြီး လာတာလေ။ အဲဒီတုန်းက ဂိုဏ်းက အန္တရာယ်တွေနဲ့ ပြည့်နေတာလို့ သူ့ကို ငါ သတိပေးလိုက်တာ။ အဲဒီတုန်းက သူ့ဂိုဏ်းတံဆိပ်ပြားကို ငါ ကြည့်လိုက်တော့ သူ့နာမည်ကလည်း ရွှီချင်းတဲ့ ”
ထိုအမျိုးသမီးက မသေချာခြင်းများ စွက်နေသည့်အကြည့်ဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။
ဘေးရှိ အမျိုးသားမှာ အံ့အားသင့်သွားရပြီး သေသေချာချာ ပြန်လည်စဉ်းစားကြည့်လိုက်သည်။
“ နင်က သုံးလထက် ပိုပြီး အသက်မရှင်နိုင်ဘူးလို့ ပြောခဲ့တာလေ ”
အမျိုးသမီးက သူ့အဖော်ကို လှမ်းကြည့်လိုက်သည်။
ထိုအမျိုးသား၏ မျက်နှာ ချက်ချင်း ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး အသက်ရှူသံများ မြန်ဆန်လာသည်။ တချိန်တည်းမှာပင် ယခင်က တုံးအသည်ဟု သူ ထင်မှတ်ထားခဲ့သော အနှီဂိုဏ်းတူညီမ၏ အပြုအမူက ယခုကဲ့သို့ အခွင့်အရေးတစ်ရပ်ကို ဖြစ်စေခဲ့ကြောင်း ချက်ချင်း နားလည်လိုက်သည်။
ရွှီချင်းမှာမူ သူ၏ သာမန်အပြုအမူလေးက ထိုဂိုဏ်းသားနှစ်ယောက်ကြားတွင် စကားဝိုင်းလေးတစ်ခု ဖြစ်သွားစေလိမ့်မည်မှန်း မသိခဲ့ပေ။
ထိုအချိန်၌ သူသည် မီးခိုးရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ကာ သယ်ယူပို့ဆောင်ရေးဌာန၏ ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) သို့ တန်းတန်းမတ်မတ် သွားနေ၏။
မှော်လှေ ပျက်စီးသွားသည်ဖြစ်၍ အနားယူရန် ဘုံပျောက်နေသည်။ သတ္တမမြောက်တောင်ထိပ်မှ ဂူသို့ ပြန်မသွားပါက ရက်အနည်းငယ်နေရန် နေရာတစ်နေရာကို သူ ရှာရမည် ဖြစ်သည်။
လူဆိုးထိန်းဌာနမှာ သူ၏ ပထမဦးစားပေး ဖြစ်ပါသော်လည်း လူဆိုးထိန်းဌာနသို့ မသွားခင် မှော်လှေကို ပြုပြင်ရန်အတွက် ကျန်းစန်းကို သွားရှာရန် သူ တေါးထားသည်။
သူ ပြန်မရောက်သည်မှာ နှစ်ဝက်ကြာပြီဖြစ်သည်။ သူသည် ချီရွှဲ့ထုံဂိုဏ်း ပင်မမြို့ကြီးတစ်လျှောက် သွားလာနေရင်း ဘေးပတ်လည်ရှိ ဆူဆူညံညံ သွားလာနေကြသော လူများနှင့် ရင်းနှီးသော ဈေးဆိုင်များနှင့် ဆိုင်ခန်းလေးများကို ကြည့်ကာ ထူးထူးခြားခြားတည်ငြိမ်လာသည်။
စစ်မြေပြင်က အဝေးတွင် ရှိနေသည်ဖြစ်ပြီး ချီရွှဲ့ထုံဂိုဏ်း၏ ပတ်ဝန်းကျင်၌ စစ်အငွေ့အသက်များ ထူထပ်သိပ်သည်းစွာ ရှိမနေပေရာ ပင်မမြို့ကြီးက ပုံမှန်နှင့် ထူးမခြားနား ရှိနေပေသည်။
ဆိပ်ကမ်းအများစုသည်သာ ဂိုဏ်းမှ စစ်လက်နက်ပစ္စည်းများအတွက် သယ်ယူပို့ဆောင်ရေးအဖြစ် ချောဆွဲခံထားရသည်။
ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ရာတွင် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသုံးပြုပါက ကုန်ကျစရိတ် အလွန်ကြီးမားသည်။
ကုန်တင်သင်္ဘောကြီးများက နှေးကွေးပါသော်လည်း ကာလရှည်စစ်ပွဲကြီးအတွက် လက်ခံနိုင်လောက်သော အချိန် ဖြစ်သည်။
“ အစ်ကိုကြီး ကျန်းစန်းက မှန်တဲ့ဘက်ကနေ ရင်းလိုက်တာပဲ ”
ရွှီချင်းသည် နောင်တွင် ရလာမည့် အကျိုးအမြတ်များကို တွေးမိသောအခါ အလွန် ပျော်ရွှင်သွားသည်။
သို့သော်လည်း သူ သတိထားနေဆဲပင်။ ခေါင်းဆောင် လုပ်ခဲ့သော ကိစ္စကြီးက အလိုလောဘများ ဖြစ်ပေါ်လာအောင် သွေးထိုးလှုံ့ဆော်ခဲ့သည် မဟုတ်ပါလား။
“ ကံကောင်းလို့ ခေါင်းဆောင်ကို ဆုကြေးထုတ်တာက ငါ့ထက် ပိုများတယ်။ ဒီတော့ ခေါင်းဆောင်ကို အရင်ဆုံး တိုက်ကြမှာပဲ။ ပြီးတော့ သူက ဂုဏ်သတင်းကျော်ကြားမှုကို ဂရုစိုက်တယ်။ ဒီလိုမျိုး ဖြစ်တာကို သူ သိရင် ပျော်နေမှာပဲ။ ဒီတော့ ငါ သူ့ကို အမှန်အတိုင်း ပြောပြလို့ မဖြစ်ဘူး ”
ရွှီချင်းသည် ထိုအကြောင်းကို အလေးအနက် တွေးတောကာ ခေါင်းညိတ်လိုက်သည်။ ခေါင်းဆောင် ပြန်ရောက်လာမည်ကို စောင့်မျှော်ရင်း သူ့စိတ်ထဲ အနည်းငယ် စိတ်အေးလက်အေး ဖြစ်သွားသည်။
မကြာခင် ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) သို့ ရွှီချင်း ရောက်သွားသည်။
ထိုဆိပ်ကမ်းရှိ နေရာအများစုကို ဂိုဏ်းက ချောဆွဲထားသည်ဖြစ်ရာ ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) ရှိ ပင်လယ်ပြင်ပေါ်၌ စစ်နှင့် သက်ဆိုင်သော ပစ္စည်းများဖြင့် ပြည့်နှက်နေသည့် ကုန်တင်သင်္ဘောများစွာက ထွက်ခွာရန် စောင့်ဆိုင်းနေကြသည်။ ရွှီချင်းသည် လှမ်းကြည့်လိုက်ပြီး စိတ်ကျေနပ်စွာဖြင့် သက်ပြင်းချလိုက်သည်။
ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) က ပြီးခဲ့သည့်နှစ်ဝက်နှင့်ယှဉ်လျှင် များစွာ တိုးတက်သွားခဲ့သည်။ လမ်းများ သပ်သပ်ရပ်ရပ်ဖြင့် စနစ်တကျ ဖြစ်နေပြီး စီးပွားရေးလုပ်ရန် ဆိုင်များစွာလည်း ဖွင့်ထားသည်။
ယခင်နှင့် ယှဉ်ပါက လူများ အဆဒါဇင်ပေါင်းများစွာ ပို၍ ထူထပ်သိပ်သည်းလာသည်။
ယင်းအပြင် ဆိပ်ကမ်းသုံးခု စုစည်းလိုက်သည်ဖြစ်၍ နေရာအကျယ်ကြီး ဖြစ်သွားပေရာ ဈေးဆိုင်မျိုးစုံ ရှိနေတော့သည်။
ရွှီချင်းသည် မြန်ဆန်စွာ လျှောက်သွားနေသည်။ ကြက်ပျံမက စည်ကားနေသော မြင်ကွင်းကို ကြည့်ရင်း ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) ၏ သယ်ယူပို့ဆောင်ရေးဌာနသို့ ရောက်လာသည်။
သူသည် ချက်ချင်း မဝင်သေးဘဲ ကျောက်စိမ်းပေလွှာကို ထုတ်၍ ကျန်းစန်းကို အသံလွှင့်အကြောင်းကြားလိုက်သည်။
တခဏလေးအတွင်း သယ်ယူပို့ဆောင်ရေးဌာနမှ လူရိပ်တစ်ရိပ် တမုဟုတ်ချင်း ထွက်လာသည်။ ထိုလူရိပ်သည်ကား ကျန်းစန်းပင်။
“ ရွှီ …”
ကျန်းစန်း၏ စိတ်လှုပ်ရှားနေသောအသံ ထွက်လာသည်။
သို့သော် သူသည် အတိုင်းအဆကို နားလည်သဘောပေါက်သူဖြစ်၍ စကားတစ်လုံး လွှတ်ခနဲ ထွက်သွားပြီးနောက် ချက်ချင်းပင် နောက်ထပ်စကားတစ်လုံးကို မျိုချလိုက်သည်။
မျက်တောင်တစ်ချက်ခတ်အတွင်း ရွှီချင်းရှေ့သို့ သူ ရောက်သွားသည်။ သူသည် စိတ်လှုပ်ရှားနေသည့်အကြည့်ဖြင့် ရွှီချင်းကို သယ်ယူပို့ဆောင်ရေးဌာနထဲရှိ ကုန်လှောင်ရုံထဲသို့ ဆွဲခေါ်သွားသည်။
ကုန်လှောင်ရုံထဲ ရောက်သောအခါ ကျန်းစန်းက စိတ်လှုပ်တရှား ပြောလိုက်သည်။
“ ဒီတစ်ခေါက် မင်းနဲ့ခေါင်းဆောင်တို့ နာမည်ကြီးပြီကွ ”
“ ခေါင်းဆောင် လုပ်တာ ”
ရွှီချင်းက ချက်ချင်းပင် အမှန်ပြင်ပေးလိုက်သည်။
“ မင်းတို့ကောင်တွေ အတော်ရူးတာပဲဟ။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ထိတောင်သွားပြီး သူတို့ အထွတ်အမြတ်ထားတဲ့ ရုပ်ထုရဲ့ နာခေါင်းကို ဖျက်ဆီးပစ်ရတယ်လို့။ အဲဒီသတ္တမမြောက် ဘိုးဘေး ရုပ်အလောင်းရုပ်ထုရဲ့ နှာခေါင်းက အကောင်းပကတိ ပြန်မဖြစ်တော့ဘူးဆို ”
ကျန်းစန်းက စိတ်လှုပ်ရှားစွာ ဆိုသည်။
“ အဲဒါ ခေါင်းဆောင် လုပ်တာဗျ ”
ရွှီချင်းက ခပ်သွက်သွက် ပြောလိုက်သည်။
“ ဒီကိစ္စက အတော်ကြီးတယ်။ ရှေ့တန်းစစ်မြေပြင်က အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တွေ ဒေါသတကြီး ဖြစ်နေကြတယ်ဆိုပဲ။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ထိပ်သီးပုဂ္ဂိုလ်တွေကတောင် ဘိုးဘေးနဲ့ တခြားလူတွေကို နှာခေါင်းအစိတ်အပိုင်းတွေ ပြန်ပေးဖို့ ပြောပေမဲ့ ဘိုးဘေးတို့က ငြင်းပယ်လိုက်တယ်ကြားတယ် ”
“ ခေါင်းဆောင် ရူးတာဗျ။ ကျနော်လည်း အဲ့ကိစ္စထဲ ဝင်ပါခဲ့ရတယ်။ အဲဒါတွေအားလုံး ခေါင်းဆောင်ပဲ လုပ်တတ်တာကို အစ်ကိုကြီးကျန်းလည်း သိနေတာပဲ ”
ရွှီချင်းက သက်ပြင်းချ၍ ဆိုသည်။
ထိုအချိန်၌ ကျန်းစန်းသည် ပြန်လည် တည်ငြိမ်သွားပြီဖြစ်ပြီး ရွှီချင်းကို ဝင်းလက်နေသော မျက်လုံးများဖြင့်ကြည့်၍ ခပ်တိုးတိုး မေးမြန်းလိုက်သည်။
“ ရွှီချင်း၊ မင်းဆီမှာ အဲဒီနှာခေါင်းအစိတ်အပိုင်း ရှိလား။ ငါ ခဏလောက် ကြည့်ချင်လို့ ”
“ ရှိတယ်။ အဲဒါက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ထွက်လာတော့ သာမန်ကျောက်တုံးတစ်တုံး ဖြစ်သွားတာ။ ထူးဆန်းတာ ဘာမှ မရှိတော့ဘူး ”
ရွှီချင်း အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်နေရသည်။ နှာခေါင်းအစိတ်အပိုင်းကို သူ ထုတ်လိုက်ပြီး ဘေးတွင် ထားလိုက်သည်။
ထိုနှာခေါင်းအစိတ်အပိုင်းသည် ပေတစ်ရာကျော်ရှိပြီး မီးခိုးရောင်အဆင်းရှိသည်။ သို့သော်လည်း ယင်းက မည်သည့်အရှိန်အဝါကိုမျှ ထုတ်လွှတ်မနေဘဲ ခြောက်ကပ်ကပ် ဖြစ်နေသည်။
အထူးသဖြင့် ထိုနှာခေါင်းအစိတ်အပိုင်းပေါ်ရှိ ပျားအုံသဖွယ် မရေမတွက်နိုင်သော အပေါက်လေးများကြောင့် ထိုနှာခေါင်းအစိတ်အပိုင်းမှာ နှစ်ပဋိစ္ဆေဒများစွာ ကျော်ဖြတ်လာခဲ့ရဟန်တူသည်။
“ အသာထိန်းချလိုက် ”
ကျန်းစန်းက အလျင်အမြန် ပြောလိုက်ပြီး နှာခေါင်းအစိတ်အပိုင်းဘေးသို့ အလျင်အမြန် သွားလိုက်သည်။ သူက နာခေါင်းအစိတ်အပိုင်းကို ထိလိုက်ရင်း သူ့မျက်လုံးများ တဖိတ်ဖိတ်လက်လာသည်။ နောက်ဆုံး၌ ရွှီချင်းကို ကြည့်လိုက်သည်။
“ ရွှီချင်း၊ ဒီနှာခေါင်းအစိတ်အပိုင်းက ဘာအကျိုးကျေးဇူးမှ မရှိဘူးလို့ ဘယ်သူ ပြောတုံး။ ဒါက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ဘိုးဘေးရုပ်အလောင်းရုပ်ထုရဲ့ အစိတ်အပိုင်းတစ်ခုနော်။ ဂုဏ်အရှိန်အဝါကြီးမားလွန်းလို့ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်တစ်ခုလုံး အရူးအမူး ပြန်လိုချင်နေတဲ့ ပစ္စည်းကွ ”
ကျန်းစန်း၏ မျက်နှာတွင် ပျော်ရွှင်ခြင်းများ ဝေဆာနေသည်။
“ ငါ စဉ်းစားထားတာရှိတယ်။ ငါတို့ဆိပ်ကမ်းမှာ ဧရာမပြတိုက်ကြီးတစ်ခု ဆောက်လိုက်မှာ။ ပြီးရင် မင်းနဲ့ ခေါင်းဆောင်တို့ ယူလာတဲ့ နှာခေါင်းကို မြှုပ်ပြီး ပြတိုက်ထဲ ထည့်လိုက်မယ် ”
“ အဲဒီပြတိုက်နဲ့ဆိုရင် ရွှီချင်းရေ ငါတို့ဆိပ်ကမ်းက လုံးဝ ယှဉ်မရအောင် ဖြစ်သွားပြီကွ ”
“ အဲဒီပြတိုက်ကို စောင့်ဖို့ လူတွေတောင် ငါတို့ ခန့်စရာမလိုဘူး။ ဂိုဏ်းက ငါတို့ကို ကူညီပေးမှာ။ ပြီးတော့ ငါတို့ ဆိပ်ကမ်းကိုလည်း နာမည်ကြီးအောင် လုပ်ပေးမှာကွ။ ငါတို့ ဆိပ်ကမ်းက သေချာပေါက်ကို နာမည်ကြီးလာမှာ။ လူတွေမရေမတွက်နိုင်လောက်အောင် ဆိပ်ကမ်းကို လာကြမှာ။ အဲဒီအချိန်ရောက်ရင် ငါတို့ဆိပ်ကမ်းက ချီရွှဲ့ထုံဂိုဏ်းရဲ့ နံပါတ်တစ်ဆိပ်ကမ်း ဖြစ်ပြီပဲ ”
“ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ် အထွတ်အမြတ်ထားတဲ့ အဲဒီနှာခေါင်းကြီးအနီးက ဆိုင်တွေနဲ့ လမ်းတွေကလည်း ပိုပြီးတော့တောင် အဖိုးတန်လာမှာပဲ။ ငါတို့ အချီကြီးပွပြီကွ ”
ရွှီချင်းသည် နားထောင်ရင်း မျက်လုံးများထဲ ထူးဆန်းသော အလင်းများ ဝင်းလက်သွားသည်။ သူသည် စိတ်လှုပ်ရှားနေသော ကျန်းစန်းကို ကြည့်ကာ ကျန်းစန်း၏ စီးပွားရေးအမြင်ကို လေးစားမိသွားသည်။
ထို့ကြောင့် အတန်ငယ်တွေးတောပြီးနောက် ကျန်းစန်း၏စကားကို သူ သဘောတူလက်ခံလိုက်သည်။
ထိုကိစ္စကို သူ ဆွေးနွေးလိုက်ပြီးနောက် အတန်ငယ် ချီတုံချတုံ ဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။
“ အစ်ကိုကြီးကျန်း၊ ကျနော့်မှော်သင်္ဘောကလေ … ”
ကျန်းစန်းသည် နှာခေါင်းအစိတ်အပိုင်းကို အားရကျေနပ်စွာဖြင့် ညင်သာစွာ ပွတ်သပ်ကြည့်လိုက်သည်။
ရွှီချင်း၏ စကားများကို ကြားပြီးနောက် သူသည် မည်သို့ ဖြစ်ပျက်လာမည်ကို သိနေသည့်အလား ခေါင်းမော့၍ အပြုံးဖြင့် ကြည့်လိုက်သည်။
“ ထုတ်လိုက်။ ဒီတစ်ခေါက် မင်းပြန်ရောက်လာရင် မင်းရဲ့ မှော်သင်္ဘောလည်း သေချာပေါက် ပျက်စီးမယ်ဆိုတာ ငါ တွက်ထားပြီးသား။ အခု ငါတို့ဆိပ်ကမ်းက ငွေကြေးပိုင်း တောင့်တင်းနေပြီဆိုတော့ ကုန်ကျသမျှ ငါ စိုက်လိုက်မယ် ”
“ ကျေးဇူးတင်ပါတယ် အစ်ကိုကြီးကျန်းစန်း။ မြန်မြန်လေး ပြင်ပေးရင်တော့ အကောင်းဆုံးပဲ ”
ရွှီချင်းသည် ကျန်းစန်းကို လက်နှစ်ဖက်ဆုပ်၍ ပြောလိုက်ပြီးနောက် ထွက်သွားရန် ပြင်လိုက်သည်။
“ အမ် … ဘယ်မှာတုံး မှော်သင်္ဘော။ ငါ့ကို ပေးလေ။ မှော်သင်္ဘော မပေးဘဲ ငါက ဘယ်လိုလုပ် ပြင်ပေးရမှာတုံး ”
ကျန်းစန်းသည် အတော်ကြာသည်အထိ မှင်တက်နေပြီး ရွှီချင်းကို တအံ့တသြ ကြည့်လိုက်သည်။
“ ပျက်စီးသွားပြီ ” ရွှီချင်းက ကျန်းစန်းကို ကြည့်လိုက်သည်။
ကုန်လှောင်ရုံတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ကျန်းစန်းသည် ရွှီချင်းကို ကြည့်ကာ မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်လာသည်။
“ ဘာရယ် ”
ရွှီချင်းက အလေးအနက် ခေါင်းညိတ်လိုက်သည်။
“ ပျက်စီးသွားပြီ ”