ခန္ဓာတစ်ခြမ်းဖြင့် ပြန်ရောက်လာသော
Vol. 18 Ch. 275
ကျန်းစန်း ငြိမ်ကျသွားသည်။ ခဏအကြာ သူသည် ခါးသက်သက်ပြုံး၍ ခေါင်းကို ခါယမ်းလိုက်သည်။
“ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ထဲမှာ ဖျက်ဆီးခံလိုက်ရတာလား ”
“ ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်က ဖျက်ဆီးလိုက်တာ ”
ရွှီချင်းသည် ဖုံးကွယ်မနေဘဲ အမှန်အတိုင်း ပြောပြလိုက်သည်။
ကျန်းစန်းသည် ရွှီချင်း၏ တည်ငြိမ်သောအမူအရာကိုကြည့်၍ မကြာသေးခင်က သူ၏ ယူဆချက် မှားယွင်းသွားခဲ့ကြောင်း သိလိုက်သည်။ သူ့ရှေ့မှောက်ရှိ လူငယ်မှာ ခေါင်းဆောင်တမျှ ရူးသွပ်သူ ဖြစ်ပေသည်။
သူသည် အခြေတည်အဆင့်သာ ရှိသေးပါလျက် ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်ကို ရန်စခဲ့ပြီး မှော်လှေ ဖျက်ဆီးခံလိုက်ရသည်။
ထိုကဲ့သို့ ကိစ္စမျိုးသည် အခြေတည်အဆင့်ကျင့်ကြံသူတိုင်း မကြုံတွေ့ဝံ့သည့်အရာ ဖြစ်သည်။ ထို့ပြင် သူသည် အသက်ရှင်လျက် ပြန်ရောက်လာခဲ့သည်။
“ ခေါင်းဆောင် ဘယ်မှာတုံး ”
ကျန်းစန်းသည် မနေနိုင်တော့ဘဲ မေးလိုက်သည်။ ရွှီချင်းပင် ယခုကဲ့သို့ ဖြစ်သွားပါက ခေါင်းဆောင်သည်လည်း များစွာ အခြေအနေ မကောင်းနိုင်ကြောင်း ခံစားလိုက်ရသည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ထဲ၌ သူတို့နှစ်ယောက် ထိုကဲ့သို့ ကိစ္စကြီးတစ်ရပ် လုပ်ခဲ့သည်ကို သူ တွေးမိလိုက်သောအခါ မှော်သင်္ဘောပျက်စီးသွားသည်မှာ လက်သင့်ခံနိုင်လောက်သည်။
“ ခေါင်းဆောင် … ”
ရွှီချင်းသည် အဝေးသို့ တည်နေရာရွှေ့ပြောင်းစဉ်အခါက ကောင်းကင်တွင် ပေါ်လာခဲ့သည့် ရွှေအမြုတေအဆင့် ကျင့်ကြံသူသုံးဦး၏ အငွေ့အသက်များကို ပြန်တွေးမိသောအခါ ငြိမ်ကျသွားသည်။
“ ထားလိုက်တော့။ မင်းအတွက် မှော်သင်္ဘောလုပ်တဲ့အခါကျရင် ခေါင်းဆောင်အတွက်ကိုလည်း ခေါင်းတလားတစ်လုံး လုပ်လိုက်မယ်။ တကယ်လို့ ဒီတစ်ခေါက် မသုံးဖြစ်ခဲ့ရင်လဲ နောက်တစ်ခေါက်ကျ သုံးလို့ရတာပေါ့ ”
ကျန်းစန်းက သက်ပြင်းချ၍ ဆိုလိုက်သည်။
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး နှုတ်ဆက်စကားပြောလိုက်သည်။
ရွှီချင်း ထွက်သွားသည်ကို ကြည့်၍ ကျန်းစန်းသည် ခေါင်းကိုယမ်း၍ အလုပ်ရုံသို့ လျှောက်သွားသည်။ သူသည် သွားနေရင်း ခေါင်းတလား လုပ်မယ်ဆိုပါက နှစ်လုံးလုပ်သင့်ကြောင်း တစ်ကိုယ်တည်း တွေးတောနေသည်။
“ အဲဒီနှစ်ကောင်လုံး အရူးတွေ။ တစ်ယောက်တစ်လုံးစီ ငါ လုပ်ပေးထားမှဖြစ်မယ်။ အဲဒါမှ တစ်ခုခုဖြစ်ရင် အဆင်သင့်ဖြစ်နေမှာ ”
အပြင်ဘက်တွင် အမှောင်ထု ကြီးစိုးလာသည်။ ရွှီချင်းသည် လမ်းများပေါ် လျှောက်နေရင်း ဆိပ်ကမ်းကို ကြည့်ကာ ရေလှိုင်းသံများကို နားထောင်နေသည်။ ရင်းနှီးသော ခံစားချက်ကြောင့် သူ့စိတ်ထဲ ပေါ့ပါးသွားသည်။
“ အခုလောလောဆယ် ဂိုဏ်းထဲမှာ သိုသိုသိပ်သိပ်နေမှ ဖြစ်မယ် ”
ရွှီချင်းသည် အတန်ငယ် ငြိမ်သက်သွားပြီးနောက် ခဏအကြာ ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) ရှိ လူဆိုးထိန်းဌာနထဲသို့ ဝင်ရောက်သွားသည်။
လူဆိုးထိန်းဌာန၏ လက်ထောက်ဌာနမှူးတစ်ယောက်ဖြစ်၍ ရွှီချင်း ရောက်လာခြင်းသည် လူဆိုးထိန်းဌာနတစ်ခုလုံးရှိ အဖွဲ့ဝင်များအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေပြီး အထူးသဖြင့် ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) တွင် တည်ဆောက်ထားသော လူဆိုးထိန်းဌာနထဲရှိ ရွှမ်နယ်မြေမှ အဖွဲ့ဝင်များကိုပင်။
ရွှီချင်းသည် လက်ထောက်ဌာနမှူးအနေဖြင့် ရွှမ်ဌာနခွဲကို တာဝန်ယူထားသည်။
ထို့ကြောင့် လူဆိုးထိန်းဌာနမှ ချီစုစည်းခြင်းအဆင့် ဂိုဏ်းသားများသည်ပင် အချိန်မရွေး ဆင့်ခေါ်နိုင်စေရန် ရွှီချင်း၏ စံအိမ်ပတ်လည်တွင် လာရောက်စောင့်ကြပ်ကြလေသည်။
ထိုဂိုဏ်းသားများထဲတွင် လူအလေးသည်လည်း အပါအဝင်ဖြစ်သည်။
စံအိမ်ထဲသို့ ရွှီချင်း ဝင်ရောက်သွားပြီးနောက် လူအလေးသည် ချက်ချင်း ရောက်ချလာပြီး စံအိမ်ခြံတံခါး အပြင်ဘက်တွင် ဆောင့်ကြောင့်ထိုင်၍ လူအားလုံးကို ခက်ထန်တင်းမာစွာ ကြည့်နေလေသည်။
သူ့အတွက် လူဆိုးထိန်းဌာနမှ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ချဉ်းကပ်လာသည့်လူတိုင်း သူ့ရန်သူသာ ဖြစ်သည်။
ရွှီချင်းသည် အပြင်ဘက်မှ ရုတ်ရုတ်သဲသဲဖြစ်ရပ်ကို သတိထားမိလိုက်ပြီး လူအလေးကိုလည်း အာရုံခံမိလိုက်သည်။
“ သူ တိုးတက်လာတာ အတော်မြန်သားပဲ ”
ရွှီချင်း၏ အမြင်အာရုံထဲတွင် စံအိမ်အပြင်ဘက်ရှိ လူအလေး၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ပင်လယ်က ပေခုနစ်ရာကျော်ရှိနေပြီဖြစ်သည်။ ယင်းအချက်အရ လူအလေးက ပင်လယ်အသွင်ပြောင်းပညာရပ်၏ အဆင့်ခုနစ်သို့ ရောက်နေပြီဖြစ်ကြောင်း ဖော်ပြနေသည်။
ရွှီချင်းသည် ထိုအချက်ကို သတိပြုမိပါသော်လည်း လူအလေးကို စုံစမ်းစစ်ဆေးနေရန် အတွေးများ မရှိပေ။ လူတိုင်းတွင် လျှို့ဝှက်ချက်ကိုယ်စီရှိကြပြီး တခြားသူများ၏ ကိစ္စများကို သူ ဂရုမစိုက်ပေ။
ထိုသို့ဖြင့် လဝက်က တဖြည်းဖြည်း ကုန်လွန်သွားသည်။
ရွှီချင်းသည် သိုသိုသိပ်သိပ် ရောက်လာခဲ့ပါသော်လည်း တဖြည်းဖြည်း သတင်းပျံ့သွားသည်။ သို့သော်လည်း သူသည် လူဆိုးထိန်းဌာနထဲ၌ နာမည်ဆိုးဖြင့် ကျော်ကြားသူ ဖြစ်သည်။ တစ်ယောက်ပြီးတစ်ယောက် သူနှင့်တွေ့ရန် ချိန်းဆိုခြင်းများ ရှိပါသော်လည်း သူ့ကို နှောင့်ယှက်နိုင်သူ အနည်းအကျဉ်းသာ ရှိခဲ့သည်။
ဟွမ်ရန်အပြင် တင်းရွှယ်နှင့် တခြားလူအနည်းငယ်သာ ဖြစ်သည်။
ထိုလဝက်အတွင်း စစ်မြေပြင်၌ ကိစ္စများစွာ ဖြစ်ပျက်သွားခဲ့သည်။ ချီရွှဲ့ထုံဂိုဏ်းနှင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကြားမှ စစ်ပွဲက နောက်ထပ်အထွတ်အထိပ်သို့ ရောက်သွားပြီ ဖြစ်သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က နှစ်ဖက်စလုံး စစ်ပွဲကြီးတစ်ရပ် ဆင်နွှဲခဲ့ကြသည်။
ချီရွှဲ့ထုံဂိုဏ်းက အဖွဲ့ခုနစ်ဖွဲ့ခွဲ၍ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်အပြင်ဘက်ရှိ အရံကျွန်းခုနစ်ကျွန်းပေါ်သို့ ဖြန့်ကျက်တိုက်ခိုက်ကာ သိမ်းပိုက်နိုင်ရန် ကြိုးစားခဲ့သည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က အတတ်နိုင်ဆုံး ဟန့်တားရန် ကြိုးစားခဲ့ပါသော်လည်း ချီရွှဲ့ထုံဂိုဏ်းအင်အားစုများက အယောင်ပြအဖွဲ့နှင့် အစစ်အမှန်တိုက်ခိုက်သော အဖွဲ့ဟူ၍ ခွဲကာ တိုက်ခိုက်ခဲ့သည်။ အဖွဲ့လေးဖွဲ့က အယောင်ပြတိုက်ခိုက်ခြင်းသာ ဖြစ်သည်။ သူတို့၏ ရည်ရွယ်ချက်မှာ သိမ်းပိုက်ရန် မဟုတ်ဘဲ အခြေအနေကို ထိန်းသိမ်းထားရန် ဖြစ်သည်။
ကျန်သုံးဖွဲ့က အစစ်အမှန်အင်အားစုများဖြစ်သည်။ သူတို့ရည်ရွယ်ချက်မှာ အရံကျွန်းများကို သိမ်းပိုက်ကာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ပိုင်နက်ကို တိုက်ရိုက် ခြိမ်းခြောက်ရန် ဖြစ်သည်။
ထိုတိုက်ပွဲက အလွန် ပြင်းထန်ကြမ်းတမ်းခဲ့သည်။
ထိုတိုက်ပွဲကို ရွှီချင်းမှာ မျက်လုံးဖြင့် တပ်အပ်မမြင်ခဲ့ရပါသော်လည်း လူဆိုးထိန်းဌာနထဲရှိ စာဖိုင်ထဲတွင် ထိုတိုက်ပွဲအကြောင်းကို အသေးစိတ် ဖော်ပြထားသည်။ နောက်ဆုံး၌ ချီရွှဲ့ထုံဂိုဏ်းက အရံကျွန်းနှစ်ကျွန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။
ယင်းကြောင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှာ အလွန် ဆိုးဝါးသောအခြေအနေသို့ ချက်ချင်း ရောက်သွားသည်။
ထိပ်သီးကျင့်ကြံသူများသည်လည်း ကြိမ်ဖန်များစွာ ဝင်ရောက်တိုက်ခိုက်လာကြသည်ဖြစ်၍ အလွန် ပြင်းထန်သော စစ်ပွဲကြီးတစ်ရပ်အသွင် ပြောင်းလဲသွားခဲ့သည်။
ချီရွှဲ့ထုံဂိုဏ်းမှ ပေးသော ဆုကြေးငွေများသည်လည်း တစ်ဖန် မြင့်တက်သွားခဲ့သည်ဖြစ်ရာ ဂိုဏ်းသားအမြောက်အမြားက လောဘရောင်လက်နေသော မျက်လုံးများဖြင့် စစ်ပွဲထဲ ဝင်ပါလာကြသည်။
ထိုစစ်ပွဲကြောင့် ရွှီချင်းနှင့် ခေါင်းဆောင်တို့ကို ထုတ်ပြန်ထားသည့် ဆုကြေးငွေကိစ္စမှာ အနည်းငယ် လူစိတ်ဝင်စားခြင်း လျော့ကျသွားခဲ့သည်။ သို့သော်လည်း အသစ်ထပ်တိုးလာသော ဆုကြေးငွေ ပေါ်လာပြီး တခဏလေးအတွင်း ရွှီချင်းက ခေါင်းဆောင်ထက် ပို၍ နာမည်ကြီးလာခဲ့သည်။
ထိုထပ်တိုးဆုကြေးငွေသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ တာအိုကလေးငယ် မြောင်ချန်ထံမှ လာခြင်း ဖြစ်သည်။
“ ရွှီချင်းအတွက် ထပ်တိုးဆုကြေးငွေ၊ ရွှီချင်းကို သတ်နိုင်တဲ့သူကို ငါ့လုပ်ပိုင်ခွင့်အောက်က တောင်းဆိုလာသမျှ ကိစ္စဆယ်ခု လုပ်ပေးမယ်လို့ ငါ ကတိပေးတယ်။ မှန်ကန်တဲ့ သဲလွန်စပေးနိုင်ရင်လည်း ကိစ္စတစ်ခု လုပ်ပေးမယ် ”
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ တာအိုကလေးငယ်တစ်ယောက်ဖြစ်၍ မြောင်ချန်၏ တိုက်ရည်ခိုက်ရည်က ကြောက်မက်ဖွယ်ကောင်းပြီး အလွန် နာမည်ကြီးသည်။ လူသားမဟုတ်သော မျိုးနွယ်အများအပြား သူ့အကြောင်းကို ကြားဖူးကြသည်။ ထို့ကြောင့် သူ၏ ထပ်တိုးဆုကြေးငွေက လူပြောအများဆုံး သတင်းစကားတစ်ခု ဖြစ်လာခဲ့သည်။
ထိုကဲ့သို့ လူအများအပြား စိတ်ဝင်စားလာခြင်းနှင့်အတူ ရွှီချင်းနှင့် မြောင်ချန်တို့ကြားရှိ တိုက်ပွဲအကြောင်းသည်လည်း အလိုလို ပျံ့နှံ့သွားသည်။ ထိုသို့ဖြစ်လာသည်ကို မြောင်ချန် မလိုချင်ပါသော်လည်း မတတ်နိုင်ပေ။ ရွှီချင်းကို သတ်နိုင်သမျှ အရာအားလုံး သူ့အတွက် သာမညသာ ဖြစ်သည်။
ထိုထပ်တိုးဆုကြေးငွေကြောင့် ရွှီချင်းသည်လည်း သူ သွားသည့်နေရာတိုင်း ရက်စက်ကြမ်းကြုတ်သော အကြည့်များ ပို၍ များပြားလာသည်ကို အာရုံခံမိခဲ့သည်။ ထိုအချိန်မှာပင် မြောင်ချန်က နောက်ထပ်စကားတစ်ခွန်း ထုတ်ပြန်လိုက်သည်။
“ ရွှီချင်း၊ စစ်မြေပြင်ကို လာပြီး ငါနဲ့ တိုက်ရဲလား။ မင်းနဲ့ငါကြားက ကိစ္စပဲ ဖြစ်စေရမယ်။ တခြား ဘယ်သူမှ ဝင်မရှုပ်စေရဘူး ”
ရွှီချင်းသည် ထိုသတင်းစကားကို ကြားရပါသော်လည်း လျစ်လျူရှုထားပြီး အနှီတာအိုကလေးငယ် မြောင်ချန်မှာ နုံအလှသည်ဟု ခံစားနေရသည်။
ဆင်းရဲသားရပ်ကွက်များထဲမှ အတွေ့အကြုံများအရဖြစ်စေ၊ ချီရွှဲ့ထုံဂိုဏ်းတောင်ခြေမှ အတွေ့အကြုံများအရဖြစ်စေ ထိုကဲ့သို့ လူသိရှင်ကြား နှစ်ယောက်တိုက်ပွဲများကို သူ စိတ်မဝင်စားပေ။
သူသည် ရန်သူကို ချောင်းမြောင်းကာ လည်မျိုအား လှီးဖြတ်ရသည်ကို ပို၍ သဘောကျသည်။ ယင်းနည်းလမ်းသည် တိကျသေသပ်ပြီး အကျိုးရှိသည်။
ထိုလဝက်အတွင်း ဂိုဏ်းထဲ၌ ကိစ္စများစွာ ဖြစ်ပျက်လာခဲ့သည်။ အထင်ရှားဆုံးဖြစ်ရပ်မှာ ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) တွင် ဧရာမပြတိုက်ကြီးတစ်ခု တည်ဆောက်ခြင်း ဖြစ်သည်။
မူလက ထိုကိစ္စကို ဖုံးကွယ်ထားခဲ့ပါသော်လည်း သိသာထင်ရှားလွန်းလှသည်ဖြစ်၍ မဖုံးကွယ်နိုင်တော့ပေ။
ထို့ပြင် ကျန်းစန်းက မည်သည့်အရာကိုမျှ ကွယ်ဝှက်မနေတော့ဘဲ မီးလောင်ရာလေပင့်လုပ်လိုက်လေသည်။ မကြာခင် ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) ရှိ ထိုပြတိုက်ထဲ၌ ပစ္စည်းတစ်မျိုးသာ ရှိသည်ကို ဂိုဏ်းထဲရှိ ဂိုဏ်းသားအားလုံး သိသွားကြသည်။
ထိုပစ္စည်းသည်ကား အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှ ဘိုးဘေးရုပ်ထုကြီး၏ နှာခေါင်းအစိတ်အပိုင်း ဖြစ်ပေသည်။
ပြတိုက်ဖွင့်သည့်အခါ ထိုပစ္စည်းကို ပြသမည် ဖြစ်ပြီး မည်သူမဆို သွားရောက်ကြည်ရှုနိုင်သည်။
ထိုသတင်း ပျံ့သွားသည်နှင့် ချီရွှဲ့ထုံဂိုဏ်းတစ်ဂိုဏ်းလုံး အုတ်အော်သောင်းနင်း ဖြစ်သွားသည်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်သည်လည်း ထိုသတင်း ကြားသွားပြီး ဒေါသထွက်လွန်း၍ ရူးသွပ်လုမတတ် ဖြစ်သွားကြသည်။ ထို့ထက် သူတို့ကို အရှက်ရစေသောကိစ္စ မရှိတော့ပေ။
ချီရွှဲ့ထုံဂိုဏ်း၏ ဘိုးဘေးကြီးသည်လည်း ထိုအကြောင်းကို သိသွားပြီး အတော်လေး သဘောကျနှစ်ခြိုက်သွားသည်။ သူသည် စကားအနည်းငယ်ပင် ရေးသားကာ လူတစ်ယောက်ကို ဂိုဏ်းဆီပြန်စေ၍ ပြတိုက်သို့ သွားစေလိုက်သည်။
ထိုစာထဲတွင် စကားလုံးအနည်းအကျဉ်းသာ ပါသည်။
“ အလင်းဆောင် နှာခေါင်း ”
ရွှီချင်းသည် ကျန်းစန်းထံမှ အသံလွှင့်အကြောင်းကြားစာကို လက်ခံရရှိသွားခဲ့ပြီး ပြီးစီးခါနီး ဖြစ်နေသော ပြတိုက်သို့ ရောက်သွားသည်။ ဧရာမနှာခေါင်းကြီးနှင့် ၎င်းအထက်တွင် ချိတ်ဆွဲထားသော စကားလုံးများကို မြင်သောအခါ သူ ဆွံ့အသွားသည်။
ကျန်းစန်းတွင် တည်ကြည်လေးနက်သော အမူအရာ ရှိနေသည်။
“ ဘိုးဘေးက ဘာပြောချင်တာတုံး ”
ရွှီချင်းက ကျန်းစန်းကို ကြည့်လိုက်သည်။
“ အဲ … နှာခေါင်းကို မီးနဲ့ရှို့ရမယ်လို့ ပြောချင်တာဖြစ်မယ်ကွ။ တဟုန်းဟုန်း လောင်နေသလိုမျိုး ဖြစ်အောင်လေ ”
ကျန်းစန်းက မရေမရာလေသံဖြင့် ပြောလိုက်သည်။
ရွှီချင်းသည် ပြန်ပြောရန် ပြင်လိုက်သော်လည်း တစ်ခုခုကို ရုတ်တရက် အာရုံခံမိလိုက်ပြီး ပြတိုက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ပြတိုက်အပြင်ဘက်၌ ဘာမှမရှိပေ။
“ ဘာဖြစ်လို့လဲ ”
ကျန်းစန်းက အံ့အားသင့်စွာ မေးမြန်းလိုက်သည်။
ရွှီချင်းသည် အပြင်ဘက်သို့ စူးစိုက်ကြည့်ရင်း မျက်လုံးများ မှေးသွားသည်။ ထို့နောက် ညာလက်ကို ဆတ်ခနဲ မြှောက်လိုက်ရာ ဓားတစ်လက် ပေါ်လာသည်။ သူက ဘေးသို့ အညှာအတာမဲ့စွာ ထိုးလိုက်ရာ ဖျစ်ခနဲ ပိုင်းပြတ်သံနှင့်အတူ တအံ့တသြ ရေရွတ်သံ ထွက်ပေါ်လာသည်။
“ အမ် ”
ထိုအသံ ပေါ်လာသည်နှင့် တရွှီရွှီမြည်သံများ ရွှီချင်း၏ နောက်မှ ပေါ်လာသည်။ ရွှီချင်းသည် မျက်နှာသေဖြင့် သက်စောင့်မီးလုံးနှစ်လုံးအစွမ်းများကို ချက်ချင်း ထုတ်လွှတ်လိုက်ရာ ဘေးပတ်လည်သို့ လွင့်ပျံသွားသည်။ တချိန်တည်းမှာပင် သူသည် ဆတ်ခနဲ လှည့်၍ လက်သီးဖြင့် ထိုးလိုက်သည်။
ဝုန်းခနဲ မြည်ဟည်းသံနှင့်အတူ ရွှီချင်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။ သူသည် မနီးမဝေးရှိ ဟင်းလင်းပြင်ကို မမှိတ်မသုန် ကြည့်လိုက်သည်။ ထိုနေရာ၌ လူတစ်ယောက်ပုံစံ တွန့်လိမ်ပုံပျက်နေပြီး ထိုလူရိပ်သည်လည်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။
“ ချန်အားညို ”
ရွှီချင်းသည် ပုံပျက်နေသောနေရာကို ကြည့်၍ တစ်ခွန်းချင်း ပြောလိုက်သည်။
“ ဌာနမှူးလို့ ခေါ်ကွ ”
ထိုနေရာမှ စိတ်တိုတိုဖြင့် အော်ဟစ်သံ ပေါ်လာပါသော်လည်း ခေါင်းဆောင်၏ ပုံရိပ် ပေါ်မလာသေးပေ။ ကျန်းစန်းသည်လည်း ခေါင်းဆောင်၏အသံကို မှတ်မိလိုက်ပြီး ပုံပျက်နေသောနေရာကို တအံ့တသြဖြင့် ကြည့်လိုက်သည်။
“ ခေါင်းဆောင်၊ ပြန်လာပြီလား ”
“ ပြန်လာပြီ။ ဒီတစ်ခေါက် ဘာမှထွေထွေထူးထူး ဒုက္ခမတွေ့လိုက်ရပါဘူးကွာ။ ရွှေအမြုတေအဆင့် ကျင့်ကြံသူ ဒါဇင်လောက်ပဲ ငါ့နောက်ကို လိုက်တာ။ အေးအေးဆေးဆေးပဲ ငါ ထွက်ပြေးနိုင်လိုက်တယ်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ရဲ့ စစ်မြေပြင်ကိုတောင် ငါ ရောက်ခဲ့သေးတယ်။ အခု အဲဒီကနေ ပြန်လာတာ ”
ဟင်းလင်းပြင်ထဲမှ ခေါင်းဆောင်၏အသံ ပေါ်လာသည်။ ထို့နောက် လေထဲတွင် ပန်းသီးတစ်လုံး ပေါ်လာပြီး အကိုက်ခံလိုက်ရသည်။
“ ခေါင်းဆောင်ကို ဘာလို့ မမြင်ရသေးတာတုံး ”
ကျန်းစန်းက သိချင်စိတ်ပြင်းပြစွာ ပြောလိုက်သည်။
ရွှီချင်းနှင့် ကျန်းစန်းတို့ မမြင်နိုင်သော ဟင်းလင်းပြင်ထဲ၌ လူရိပ်တစ်ရိပ် ပေါ်လာသည်။ ထိုလူရိပ်၌ ခြေထောက်တစ်ဖက်နှင့် လက်တစ်ဖက်သာ ရှိသည်။ သူ့ခါးတစ်ခုလုံး ကျိုးကြေနေပြီး ခန္ဓာကိုယ်တွင် ဒဏ်ရာများ မရေမတွက်နိုင်အောင် ရှိနေသည်။ တချို့ဒဏ်ရာများမှာ ခန္ဓာကိုယ်ကိုပင် တိုးလျှိုပေါက် ပိုင်းဖြတ်ထားသည်။
သူ့မျက်နှာတစ်ခုလုံး ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး လူရုပ်ပင်မပေါ်လောက်အောင် အတွင်းသို့ ချိုင့်ဝင်နေသည်။ ဆံပင်များသည်လည်း ရှုပ်ပွနေ၏။ သူက ခေါင်းဆောင်အစစ်ပင် ဖြစ်သည်။
သူသည် နာကျင်မှုကို အံကြိတ်ခံကာ ချိုင့်ဝင်နေသော မျက်လုံးများကို အတတ်နိုင်ဆုံး ဖွင့်၍ ဝင့်ကြွားစွာ ပြောလိုက်သည်။
“ ဒါ ပုံမှန်ပါပဲ။ မမြင်ရတာလည်း ဆိုးတော့ မဆိုးပါဘူးဟ။ တော်တော်များများ လုပ်ဖို့ လွယ်သွားတယ်လေ။ ပြီးတော့ မင်းရဲ့ အထက်လူကြီးအနေနဲ့ ဒီလိုအခြေအနေက ငါ့ပုံရိပ်ကို ထင်ပေါ်သွားတာပေါ့ ”
သူသည် ပြောနေရင်းဆိုရင်း ပန်းသီးကို တမင်ဆုပ်ကိုင်လိုက်ပြီး ချိုင့်ဝင်နေသော ပါးစပ်ကို အားကုန်ဟ၍ ကိုက်လိုက်သည်။ ထို့နောက် တည်ငြိမ်စွာ ပန်းသီးကို စားလိုက်ရင်း ဘာမျှ အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“ အဲဒီရွှေအမြုတေအဆင့်ကျင့်ကြံသူ ဒါဇင်လောက်ကို ငါ အရူးလုပ်နေခဲ့တာကွ။ ပထမဘိုးဘေးရုပ်တုဆီတောင် သွားပြီး ကြည့်လိုက်သေးတယ်။ အဲဒီရုပ်ထုက ကြီးနေတာ ဆိုးတာပဲ။ နို့မဟုတ်ရင် ဒီကို ပြန်သယ်လာပြီး မင်းတို့ကောင်တွေကို ငါ ပြပါတယ် ”
“ ပြီးတော့ ငါ ဒီလိုဖြစ်တာကလဲ လက်ထောက်ဌာနမှူးရွှီကြောင့်ပဲ။ ငါတစ်ယောက်တည်းဆိုရင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို မျက်စိမှိတ်ပြီး ဝင်နိုင်၊ ထွက်နိုင်တယ်။ လက်ထောက်ဌာနမှူးရွှီက ငါ့လို မလုပ်နိုင်ဘူးလေ။ သူ အဆင်ပြေအောင် ငါ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က နန်းတော်ကိုတောင် သွားကြည့်ခဲ့သေးတယ် ”
“ မင်းတို့ကောင်တွေနဲ့ မြန်မြန်ပြန်တွေ့ချင်စိတ်သာပေါ်မလာခဲ့ရင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဘိုးဘေး ရှိတဲ့ဆီသွားပြီး သူ့ဆီကနေ ရတနာတွေ ယူလို့ရမလား သွားကြည့်ဖို့ စီစဉ်ထားတာ ”
ခေါင်းဆောင်သည် ဂုဏ်ယူဝင့်ကြွားစွာ ပြောနေရင်း နာကျင်မှုကြောင့် သူ့မျက်နှာ ရှုံ့မဲ့သွားသည်။ သူ့ဒဏ်ရာများသည် ကျူးယင်အသားကို လုယူခဲ့စဉ်အချိန်ကနှင့် ဆင်တူပါသော်လည်း အမှန်စင်စစ် သူ့တစ်ကိုယ်လုံး အစိတ်စိတ်အမြွှာမြွှာ ဖြစ်တော့မည် ဖြစ်သည်။
ယခုတစ်ခေါက် သူ အသက်ရှင်လျက် ထွက်ပြေးခဲ့ရသည်မှာ မလွယ်ကူမှန်း သိသာသည်။ သို့သော်လည်း အထက်လူကြီးဆိုသည့် သိက္ခာကြောင့် ထိုအချက်ကို သူ ဝန်မခံချင်ပေ။ သူသည် စကားဆုံးသည်နှင့် ရွှီချင်းကို လှမ်းကြည့်ကာ ထပ်ပြောလိုက်သည်။
“ လက်ထောက်ခေါင်းဆောင်ရွှီ၊ မင်းကို ဒီတစ်ခေါက် ငါ အများကြီး ကူညီထားတာနော်။ ငါ့ဆီက ယူထားတဲ့ ဝိညာဉ်ကျောက်တုံး ငါးသိန်းကိုလဲ ပြန်ပေးဦး ”
ရွှီချင်းသည် ခေါင်းဆောင်၏ စကားများကို တိတ်ဆိတ်စွာ နားထောင်နေရင်း မြေပြင်သို့ ငုံ့ကြည့်လိုက်သည်။ မြေပြင်၌ အပြင်လူများ မမြင်နိုင်ဘဲ သူ တစ်ယောက်တည်းသာ အာရုံခံနိုင်သော အရိပ် ရှိနေပေသည်။
ထိုအချိန်၌ အရိပ်သည် ခြေထောက်တစ်ဖက်နှင့် လက်တစ်ဖက်ရှိသော လူတစ်ယောက်ပုံစံ ရှိပြီး ပန်းသီးကို တုန်တုန်ရီရီဖြင့် စားနေသည်။