တစ်ယောက်ပြီး တစ်ယောက်
Vol. 21 Ch. 311
ငါ ရုတ်တရက် နောက်လှည့်ကြည့်လိုက်တော့ သူမကို အဲ့နေရာလေးမှာ တွေ့လိုက်တယ်၊ အလင်းရောင်တွေ မှေးမှိန်ပျောက်ကွယ်သွားတဲ့ နေရာလေးမှာပေါ့။
ဝေ့ပေါ်မှ လူများသည် ရုတ်တရက် ပေါ်လာသော ကဗျာကို မြင်သောအခါ အံ့အားသင့်သွားကြပြီး ကဗျာအား ငေးကြည့်၍ ထပ်ခါတလဲလဲ ဖတ်နေကြသည်။
ချက်ချင်းဆိုသလိုပင် အင်တာနက်တစ်ခုလုံး အုတ်အော်သောင်းတင်း ဖြစ်သွားလေသည်။
စာရေးသူများ အဖွဲ့အစည်းမှ လူများသည် ပထမ စာကြောင်းမှာပင်
ဟွမ်လီဟွာနှင့် ဒုဥက္ကဋ္ဌရှစ်တို့သည်လည်း နေရာမှာတင် ကြက်သေ သေနေကြသည်။
နှစ်သစ်ရဲ့ည၊ ကျောက်စိမ်းဧကရာဇ်ရဲ့ သံစဉ်တွေလိုပါပဲ၊ ညလေညင်းရဲ့ တိုက်ခတ်မှုမှာ ထောင်ချီတဲ့ ပန်းပွင့်တွေရဲ့ ရနံ့တွေ ပါဝင်နေလေရဲ့၊ ကြွေကြလာတဲ့ ကြယ်လေးတွေကလည်း တဖွဲဖွဲ ရွာသွန်းတဲ့ မိုးရေစက်တွေလိုပါပဲ။
ပထမ စာကြောင်းက လေညင်းအကြောင်း ဖော်ပြထားခြင်း ဖြစ်ပြီး ကျွမ်းကျင်စွာ ရေးသားထားသည်။ စာသားက လေညင်းနှင့်အတူ လှပလွန်းသော မြင်ကွင်းတစ်ခုကို ဖော်ပြထားသလိုပင်။
ထိုသို့သောအချိန်တွင် ဝေ့ပေါ်၌ အချိန်များ ရပ်တန့်နေပုံရသည်။ ထိုအချိန်အတော်အတွင်း မှတ်ချက်များပင် တက်မလာချေ။ ဘာမှမသိသည့်သူများသည် အားလုံး၏ အင်တာနက် ပျက်တောက် သွားသည်ဟုပင် ထင်မှတ်ရပေလိမ့်မည်။
သူတို့သည် ကဗျာထဲ ဆွဲခေါ်ခံလိုက်ရပြီး သက်ဝင်လှုပ်ရှားနေသော ဈေးတန်းထဲမှ လူအုပ်ကြားထဲတွင် မိန်းမလှလေးတစ်ယောက် လျှောက်လှမ်းနေသည်ကို ခံစားသိမြင်နေရသည်။ လူအုပ်ကြီးက သူမကို ရှာဖွေသော်လည်း သူမကို ဘယ်မှာမှ ရှာမတွေ့ချေ။ သူတို့ စိတ်ဓာတ်ကျသလို ခံစားလိုက်ရပြီး နောက်သို့ လှည့်လိုက်သောအခါ တောက်ပနေသော လမ်းမီးရောင်နား၌ သူမ ရပ်နေသည်ကို တွေ့လိုက်ရလေသည်။
*လှလိုက်တဲ့ မြင်ကွင်းလေးပဲ*
ကဗျာတစ်ပုဒ်သာ ဖြစ်သော်လည်း ၎င်းက ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်ဟု လူတိုင်း ခံစားလိုက်ရသည်။
သူတို့ အသိပြန်ဝင်လာပြီးနောက် ဝေ့ပေါ်၌ လှုပ်ရှားဆူညံမှုတို့ ဖြစ်ပေါ်လာ၏။
[အံ့ဩဖို့ ကောင်းလိုက်တဲ့ ကဗျာပါလား]
[လခွမ်း၊ လခွမ်းပဲဟေ့]
[ကောင်းလိုက်တဲ့ ရေးစပ်မှု၊ ကောင်းလိုက်တဲ့ ကဗျာ]
[ငါ ကဗျာနဲ့ ပတ်သက်ပြီး များများစားစား မသိပေမယ့် ဒါက သောက်ရမ်း ကောင်းတယ်ဆိုတာကိုတော့ ငါ သိတယ်]
[နတ်ဘုရား လက်စွမ်းပဲ၊ ဒါက နတ်ဘုရား လက်စွမ်း]
[ချီးပဲ၊ ငါ အရမ်း စိတ်လှုပ်ရှားပြီး လက်ဆောင်ပေးဖု့ စိတ်ကူးနေတာ၊ ဒီမှာ လက်ဆောင် ပေးတဲ့ ခလုတ် မပါတာကို အခုမှ သတိရတယ်၊ သေရော]
…
ထိုအခိုက်တွင် ပီကင်းတက္ကသိုလ်၏ ပါမောက္ခ ဝမ်ယွင်တစ်ယောက် ထိတ်လန့်၍ နေလေသည်။
*ဒါက တကယ်ပဲ ငါတို့ ပီကင်း တက္ကသိုလ်က ကျောင်းသားလား၊ ငါ့ကျောင်းသားက ဒီလောက် အဆင့်ရှိတဲ့ ကဗျာတစ်ပုဒ်ကို စပ်နိုင်တာလား၊ ကောင်းကင်ဘုံက ငါတို့ တရုတ်စာပေကို ကောင်းချီးပေးလိုက်တာပဲ*
ဝေ့ပေါ်မှ မှတ်ချက်များသည်လည်း ပစ်ဖောက်လိုက်သော မီးရှူးမီးပန်းများလိုပင်။ နှစ်သက်သူ အရေ အတွက်က တစ်စက္ကန့်တိုင်း ထောင်ချီတိုးလာနေပြီး ဝေ့ပေါ်အား တစ်ခဏမျှ လုပ်ဆောင်မှု ရပ်တန့် သွားစေခဲ့သည်။
ကဗျာကို ဘယ်လောက် ကောင်းကောင်း ရေးထားသလဲဆိုသည်ကို သာမန်လူတစ်ယောက်က ပြောနိုင်စွမ်း ရှိမည် မဟုတ်ပါ။
သို့သော် စာရေးသူများ အဖွဲ့အစည်းမှ လူများသည် ဤကဗျာက တကယ် ကောင်းကြောင်း သိကြပါသည်။ ရှုခင်းနှင့် အသွင်အပြင်ကို ကျွမ်းကျင်စွာ အသက်ဝင်အောင် ရေးစပ်ထားသည်။ ၎င်းသည် ရဲ့လင်းချန် ယခင်က ရေးခဲ့သော ကဗျာများနှင့် ယှဉ်လိုက်လျင် အဆများစွာ ပို၍ ကောင်းပေသည်။
ကဗျာ တစ်ပုဒ် ရေးရာ၌ ရဲ့လင်းချန် စိတ်နှစ်၍ ရေးသည်က ပထမဆုံးအကြိမ်ပင်။ ချက်ချင်းဆိုသလိုပင် ၎င်းက လူတိုင်းကို လွှမ်းမိုးသွားလေသည်။ ၎င်းအား ပြည့်စုံသည်ဟု ဆိုနိုင်ပြီး လက်ရာကောင်းတစ်ခုအဖြစ် သတ်မှတ်ရန် ထိုက်တန်ပေသည်။
စာရေးသူများ အဖွဲ့အစည်းမှလူများ တိတ်ဆိတ်သွားသည်။ အချို့ဆိုလျင် လိုင်းပေါ်မှ ဆင်းရန်ပင် စိတ်အား ထက်သန်နေ၏။ သူတို့ ဆက်နေရန် အလွန် ရှက်နေပြီး ပုန်းစရာ နေရာတစ်ခု ရှာရန် ကြိုးစားနေကြသည်။
*စာရေးဆရာဝိုင် … သူက တကယ်ပဲ ဘယ်လို လူစားမျိုးလဲ*
*ဒီလို ကဗျာမျိုးကို သူက လက်တန်းစပ်နိုင်တာပဲ၊ သူက လူရော ဟုတ်သေးရဲ့လား*
သို့သော် တစ်စုံတစ်ယောက်က ရဲ့လင်းချန်၏ “ပထမ” ဟူသော စကားလုံး သုံးနှုန်းပုံကို သတိပြု မိသွားသည်။
[လခွမ်း ပထမကဗျာလား၊ ဧကန္တ ဝိုင်က ထပ်ပြီး ကဗျာစပ်ဖို့ စိတ်ကူးထားတာလား]
[မိုက်တယ်ကွာ၊ ဒုတိယတစ်ခုက မကြာခင် လာတော့မှာလား၊ ငါတော့ မျှော်နေမိပြီ]
ထိုတစ်ခဏအတွင်းမှာပင် ဒုတိယကဗျာ ထွက်လာ၏။
[ဒုတိယကဗျာ၊ လစန္ဒာ]
[အတွေးများစွာနဲ့ လစန္ဒာကို လှမ်းမျှော်ကြည့်မိတယ်
လင်းလက်နေတဲ့ လရောင်က ပင်လယ်ပေါ်ကို ဖြာကျနေသလို ခပ်ဝေးဝေးက ကုန်းမြေပေါ်ကိုလည်း ထပ်တူ ဖြာကျနေလေရဲ့
စုံတွဲတွေက ရှည်လျားတဲ့ ညတာတွေကို မုန်းတီးကြတယ်၊ ဘာလို့လဲဆိုတော့ အချစ်နာကျမှုက ရှည်ကြာ လွန်းလို့လေ
မီးရောင်ကို မှိတ်ပြီး လပြည့်ည အလင်းရောင်ကို အပြည့်အဝ ခံစားပြီး စိုစွတ်နေတဲ့ နှင်းစက်လေးတွေကို ခံစားမိတယ်
ဒါကို ငါ့ချစ်သူဆီ လက်ဆောင်မပေးနိုင်တာကို နောင်တရမိတယ်၊ ငါ ပြန်အိပ်ပျော်သွားတော့ ကြည်နူးစရာ ကောင်းအောင် ပြန်ဆုံစည်းကြတယ်လို့ အိပ်မက် မက်မိပါတယ်]
*ကောင်းလိုက်တာ*
*နောက်ထပ် ကဗျာကောင်းတစ်ပုဒ်ပဲ*
ပထမစာကြောင်းက စာဖတ်သူတိုင်း၏ နှလုံးသားကို ဖမ်းဆုပ်သွားသည်။
လင်းလက်နေတဲ့ လရောင်က ပင်လယ်ပေါ်ကို ဖြာကျနေသလို ခပ်ဝေးဝေးက ကုန်းမြေပေါ်ကိုလည်း ထပ်တူ ဖြာကျနေလေရဲ့။
ဤကဗျာက ခွဲခွာခြင်းကို ဖော်ကျူးပြီး လစန္ဒာကို ကြည့်၍ တွေးတောနေခြင်းကို ဖော်ပြထားခြင်း ဖြစ်သည်။ တစ်နေရာစီ ဝေးကွာနေသော ချစ်ရသူများက လစန္ဒာကို တစ်ချိန်တည်း ကြည့်နေကြသည်။ အနေဝေးသော ခွဲခွာမှုအား ဤကဗျာဖြင့် ချက်ကျလက်ကျ ဖော်ပြထားလေသည်။
[ငါ ငိုနေပြီ၊ ဒီလို သိပ်ကောင်းတဲ့ ကဗျာတစ်ပုဒ်ကို ရေးသားပေးလို့ ဝိုင်ကို ကျေးဇူးတင်ပါတယ်၊ ကျေးဇူးပါ၊ ငါ အိမ်နဲ့အဝေးမှာ အလုပ်လုပ်နေခဲ့တာ အတော်ကြာပြီ၊ ငါ အိမ်ပြန်ခဲ့တာတောင် တော်တော် ကြာနေခဲ့ပြီ]
[အပေါ်ကလူရေ ငါလည်း အတူတူပဲ၊ ငါ့မွေးရပ်မြေကို ငါ လွမ်းတယ်]
[အီးဟီးဟီး … ငါ့ဇနီးနဲ့ ဒီည လရောင်ကို အတူတူ ကြည့်ကြမယ်လို့ အစီအစဉ် ချထားပြီးသား၊ ဒီကဗျာကို မြင်တော့ ဇနီးသည်နဲ့အတူတူ ကြည့်နေရတယ်လို့ ခံစားမိတယ်]
သို့သော် သူတို့ မှင်တက်နေစဉ်မှာပင် တတိယ ကဗျာ ပေါ်လာသည်။
[တတိယကဗျာ၊ ပန်းပွင့်]
[စာမေးပွဲ ကျရှုံးပြီးတော့ ဆောင်းဦးရာသီ ရောက်ဖို့ ရှစ်လ၊ ကိုးလ စောင့်ဆိုင်းရတယ်၊
ငါ့ပန်းလေးတွေ ဖူးပွင့်လာတာနဲ့ ရာချီတဲ့ပန်းတွေ သေဆုံးသွားကြတယ်
မွှေးပျံတဲ့ ပန်းရနံ့က ကောင်းကင်ယံထိ တိုးဝှေ့နေပြီး ချန်အန်းအနှံ့ ပျံ့လွင့်နေလေရဲ့
တစ်မြို့လုံး ရွှေရောင် သံချပ်ကာနဲ့ ဖုံးလွှမ်းထားသလိုပဲ]
ကဗျာကို တင်ပြီးသည်နှင့် လူတိုင်း ပို၍ တုန်လှုပ်သွားကြသည်။
ကဗျာရေးဟန်က အစောပိုင်းက ကဗျာနှစ်ခုနှင့် မတူချေ။
ယခင်ကဗျာများက ကန့်သတ်မှုနှင့် ကွဲကွာမှုတို့အကြောင်း ရည်ညွှန်းထားသည်။ သို့သော် ဤကဗျာက ပြိုင်ဘက်ကင်းအောင် စိုးမိုးနိုင်သည့် ခံစားချက်ကို ပေးစွမ်းနေ၏။
ဤသို့သော ပြောင်းလဲမှုက သူတို့အတွက် လိုက်လျောညီထွေဖြစ်ရန် အခက်တွေ့စေသည်။
ဤကဗျာသည် အစမှအဆုံးတိုင် အထက်စီးဆန်နေသည်။ စကားလုံးတိုင်း၊ စာကြောင်းတိုင်းက သူတို့ စိတ်နှလုံးကို အံ့အားသင့်စေသည်ဟု ပြောရပေမည်။
*ဒီလိုကဗျာမျိုး ရေးနိုင်တယ်ဆိုတော့ ဘယ်လောက်တောင် မာနကြီးပြီး ယုံကြည်မှု ရှိနေပါလိမ့်*
[ဝိုင်က ဒီကဗျာကို သူကိုယ်တိုင်အတွက် ရေးထားတယ်လို့ ငါ ရုတ်တရက်ကြီး ခံစားမိတယ်၊ မင်းတို့ရော အဲ့လို ခံစားမိလား]
[ငါ ပထမဆုံး တွေးမိတဲ့သူက ဝိုင်ပဲ၊ မင်းတို့ သတိထားမိလား ဝိုင် စပြီး ကဗျာစပ်တာနဲ့ စာရေးသူများ အဖွဲ့အစည်းက အဲ့ဒီအရူးတွေ တစ်လုံးတောင် မဟတော့ဘူး]
[လခွမ်း ဟုတ်တယ်ဟ၊ သူ့မာနနဲ့ လွှမ်းမိုးတတ်တဲ့ အပြုအမူက သူ့အရိုးထဲကကို ထွက်လာတာ]
[စတုတ္ထကဗျာ နှင်း]
ရဲ့လင်းချန် တစ်ခဏမျှ ရပ်လိုက်ပြီးနောက် ညစ်ကျယ်ကျယ်ဖြင့် ရယ်လိုက်မိသည်။
သူ ခွဲ၍ စာတင်လိုက်ပြီး ပထမဆုံး စာကြောင်းကို စတင်လိုက်သည်။
[တစ်၊ နှစ်၊ သုံး၊ လေး]
*ဟမ်*
လူတိုင်း တွေဝေသွားသည်။ ဤသို့သော နိဒါန်းက အလွန် သမာရိုးကျ ဆန်သည်။
[ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်]
[ဒါက ဘာလဲ၊ ရေတွက်ခြင်း ကစားနည်းလား]
ဆူဆူပူပူ ဖြစ်နေသည်ကို လျစ်လျူရှု၍ တတိယ စာကြောင်းကို သူ တင်လိုက်သည်။
[တစ်ထောင်၊ တစ်သောင်း၊ အဆုံးအစမဲ့]
ထိုအခါ လူတိုင်း မနေနိုင်တော့ချေ။
[ဝိုင်၊ မင်း ဘာလို့ ရုတ်တရက်ကြီး စာရေးသူများ အဖွဲ့အစည်းအတိုင်း လိုက်လုပ်နေတာလဲ၊ မလုပ်စမ်း ပါနဲ့ကွာ]
[ချီးပဲ၊ အဆုံးသတ်ပြီ၊ ဝိုင်ရဲ့ ကဗျာက ငါ့မျက်လုံးတွေကို စပြီး လောင်ကျွမ်းစေပြီ]
[ငါတို့ တရုတ်စာပေက အခု ကျဆင်းသွားတော့မှာလား၊ မဖြစ်ရဘူး …]
သို့သော် စတုတ္ထမြောက် စာကြောင်း ရောက်လာသည်။
[မက်မွန်ပန်းတွေနဲ့အတူ ပျောက်ကွယ်သွားလေရဲ့]
လူတိုင်း အတွေးထဲ ဗလာဖြစ်သွားကြသည်။ နောက်ဆုံးစာကြောင်းက ကဗျာတစ်ခုလုံးကို ပြန်ကယ် သွားလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။
[ဒီကဗျာက အံ့ဩစရာ မကောင်းဘဲ ရိုးရှင်းလွန်းတယ်၊ ရိုးရှင်းပင်မယ့် ကာရံမဲ့မသွားဘူး၊ နောက်ထပ် လက်ရာကောင်း တစ်ခုလို သတ်မှတ်လို့ ရတာပဲ]
[မိုက်တယ်ကွာ၊ ဝိုင်က စိတ်ပျက်အောင် မလုပ်ဘူးဆိုတာ ငါ သိနေတယ်]
[အဓိက ရိုက်ချက်ပဲ၊ ဒါက တကယ့် အဓိက ရိုက်ချက်]
[ပါရမီရှင်ကတော့ ပါရမီရှင်ပါပဲ၊ သူက သူ စိတ်ရှိသလို လုပ်နေတာပဲ]
[ဟားဟားဟား ဝိုင်ရဲ့ ကဗျာတွေက ခုနက ဟွမ်လီဟွာ ချီးကျူးနေတဲ့ အဲ့ကဗျာတွေအတိုင်း ခေါင်းစဉ်တပ် ရေးထားတာကို မင်းတို့ သတိထားမိကြလား]
[ဟုတ်တယ်ဟ၊ လေညင်း၊ ပန်းပွင့်၊ နှင်းနဲ့ လ၊ ဟားဟားဟား …]
[ငါ ဆရာဟွမ်လီဟွာကို မေးချင်တယ်၊ လေညင်းက ညင်သာသေးရဲ့လား၊ ပန်းပွင့်တွေက လှသေးရဲ့လား၊ နှင်းက ဖြူသေးရဲ့လား၊ လကရော တောက်ပသေးရဲ့လား]
ကဗျာလေးပုဒ်ကို တန်းစီ ရေးသားပြီး တစ်ပုဒ်ချင်းစီတိုင်းက လက်ရာမြောက်လာသည်။ အားလုံးက ကြိုပြင်ဆင်ထားခြင်း မရှိဘဲ လက်တန်း လက်ရာများ ဖြစ်သည်။ ဤသို့သော ကဗျာစပ်နိုင်သည့် အဆင့်က သူ့အား ရှေးခေတ်မှာဆိုလျင် ဆရာတစ်ဆူ ဖြစ်စေလောက်သည်။
အခြားသူများသည် ကဗျာကောင်း တစ်ပုဒ်လောက် စပ်မိလျင်ပင် တစ်ဘဝလုံး ဂုဏ်ယူနေလောက်သည်။ သို့သော် သူက တစ်ပုဒ်ပြီး တစ်ပုဒ်ကို ဘာမှမဟုတ်သလို ရေးခဲ့သည်။ ဤသည်က အံ့ဩစရာထက်ပင် ပိုနေလေပြီ။
*ကြောက်ဖို့ကောင်းတယ်၊ လုံးဝ ကြောက်ဖို့ကောင်းတယ်*
စာရေးဆရာများ အဖွဲ့အစည်းမှ လူများအားလုံး ဆွံ့အကုန်သည်။ ထို့နောက် သူတို့ဝေ့ပေါ်မှ စကားများကို တစ်ခုပြီးတစ်ခု လိုက်ဖျက်ကြတော့သည်။
သူတို့ကဗျာများ ပြမိသည်ကို သူတို့ ရှက်မိသွားသည်။ ရဲ့လင်းချန်နှင့် ယှဉ်နိုင်ရန် လုံးဝ မဖြစ်နိုင်ပါ။ သူတို့ကိုယ်သူတို့ ထပ်၍ အရှက်မခွဲနိုင်တော့ချေ။
ဟွမ်လီဟွာသည် သူ၏ အခြားပို့စ်များနှင့်အတူ ရဲ့လင်းချန်ကို ပြစ်တင်ဝေဖန်ထားသော ပို့စ်ကိုပါ ဖျက်ခဲ့သည်။ ရဲ့လင်းချန်၏ အဆင့်အတန်းက လူအများစုထက် သာလွန်နေ၏။ သူ့စာပေ အဆင့် အတန်းအား နိမ့်ကျသည်ဟု သတ်မှတ်လျင် တရုတ်တစ်နိုင်ငံလုံး အဆင့်အတန်းမရှိ ဖြစ်သွားပေလိမ့်မည်။
*ဒီမိစ္ဆာလေးက ဘယ်ကနေ ပေါ်လာတာလဲ၊ သူက အရမ်း ကြောက်ဖို့ကောင်းလွန်းတယ်၊ သွားရန်စလို့ ဖြစ်တဲ့ လူမျိုး မဟုတ်ဘူး …*