လုံးဝကို လူလိမ်တစ်ယောက်ပဲ
Vol. 21 Ch. 313
ရှုနန်၏ တုံ့ပြန်ပုံကိုကြည့်ပြီး အခြားသူများ ခေါင်းခါကာ အောင့်သက်သက်ဖြင့် ရယ်လိုက်ကြသည်။
“ကောင်းပြီ ငါတို့ ဒီမှာ ရပ်လိုက်ကြမယ်”
တပ်ကြပ်ကောင်းက ပြောပြီး ကားကို ဖြည်းဖြည်းချင်း ရပ်လိုက်သည်။
ခြောက်ယောက်လုံး ကားထဲမှ ဆင်းလာကြပြီး အနီးအနားမှ ကောက်ရိုးတဲထံသို့ ဦးတည်သွားလေသည်။
“ငါ စီးကရက် လိုတယ်”
ထိုသို့ပြောပြီး တပ်ကြပ်ကောင်းက တစ်ဦးတည်း ထွက်သွားသည်။ အနား၌ အမျိုးသမီးတစ်ဦး ရှိနေချိန်တွင် ဆေးလိပ်သောက်သည်က အနည်းငယ် ရှက်စရာ ကောင်းပေသည်။
“ဟဲဟဲ ကျုပ်လည်း လိုက်ခဲ့မယ်”
လီဟူက ပြုံး၍ နောက်မှ လိုက်သွားသည်။
သူတို့ ခပ်ဝေးဝေးသို့ ရောက်သောအခါ လီဟူက ပင့်သက်ရှိုက်၍ မျက်နှာရှစ်ခေါက်ချိုးဖြင့် မေးသည်။
“တပ်ကြပ်ကောင်း၊ ရှုနန် ဒီမစ်ရှင်မှာ အပြင်လူ ခေါ်လာမယ်ဆိုတာကို ခင်ဗျား ဘာလို့ ခွင့်ပြုပေးလိုက်တာလဲ”
တပ်ကြပ်ကောင်းက ဆေးလိပ်ငွေ့ကို မှုတ်ထုတ်လိုက်သဖြင့် သူ့အနားတွင် ဆေးလိပ်ငွေ့များ ဝဲနေ၏။
“ရှုနန်က ငါတို့ လောကအပြင်က သူ့ဆရာအကြောင်းကို ပြောလာတာ၊ မင်း မသိချင်ဘူးလား”
“ကျုပ် သိချင်တာပေါ့”
လီဟူက တစ်ဒင်္ဂမျှ ငြိမ်သွားပြီးမှ ဆက်ပြောသည်။
“တပ်ကြပ်ကောင်း၊ ခင်ဗျား ဒီအခွင့်အရေးကို အသုံးချပြီး သူ့ကို စစ်ဆေးဖို့ ကြံနေတာလား”
“ငါတို့မှာ အခြားဘာအခွင့်အရေး ရှိလို့လဲ”
တပ်ကြပ်ကောင်းက လီဟူကို တစ်ချက်ကြည့်၍ အသာပြုံးလိုက်သည်။
“ရှုနန်ကို ငါတို့ကို ပြဖို့ သူနဲ့ ဒိတ်လုပ်ဖို့လည်း ပြောလို့မရဘူးလေ ဟုတ်တယ်မလား၊ ဒါကို သူ့ဘာသာသူ အကြံပြုလာတာ၊ အဲ့တော့ ငါလည်း အလိုက်သင့် လိုက်လုပ်ရုံ သက်သက်ပဲ”
“ဟားဟား တပ်ကြပ်ကောင်း၊ ခင်ဗျားက ဉာဏ်များတဲ့ မြေခွေးအိုကြီးပဲ”
လီဟူက ရယ်လိုက်သော်လည်း စိုးရိမ်နေသော အသံဖြင့် မေးလေသည်။
“ဒါက ကျုပ်တို့မစ်ရှင်ကို သက်ရောက်မှာလား”
“ရှုနန်က ဒီလူကို တအား လေးစားတာဆိုတော့ သူက အရမ်း ပေါ့တိပေါ့ပျက် မနိုင်လောက်ပါဘူး၊ ပြီးတော့ ဒီတစ်ခေါက် ငါတို့ မစ်ရှင်က တိုက်ခိုက်ဖို့ မဟုတ်ဘူး၊ ငါတို့က ထောက်လှမ်းရေး လုပ်ရုံ သက်သက်ပဲ၊ အရမ်းကြီး သက်ရောက်မှာ မဟုတ်ပါဘူး”
တပ်ကြပ်ကောင်းက ခေါင်းခါလိုက်သည်။ သူ့ဆုံးဖြတ်ချက်က သေချာ စဉ်းစားပြီးမှ ချမှတ်ခဲ့ပုံ ပေါ်သည်။
“ရှုနန် လှည့်စားခံလိုက်ရတယ်လို့ ကျုပ် ခံစားနေရတုန်းပဲ၊ သူ့အရွယ် မိန်းကလေးတွေက မျက်ကန်းလို ယုံကြည် ကိုးကွယ်တတ်ဖို့ အလွယ်ဆုံးပဲ”
လီဟူက ပြောသည်။
“ဒီလူက ဘယ်သူလဲ ကျုပ် သိကိုသိရမှ ဖြစ်မယ်၊ တကယ်လို့ သူက လူလိမ်ဆိုရင် ကျုပ် သူ့ကို ကောင်းကောင်းကြီး ပညာပြပစ်မယ်၊ သူကများ ကျုပ်တို့ကို လာလိမ်ရဲရတယ်လို့”
တပ်ကြပ်ကောင်းက ထိုစကားကို ကြားပြီး ငြိမ်မြဲ ငြိမ်နေလိုက်သည်။ သူသည်လည်း စိတ်ထဲ၌ သက်ပြင်းချနေမိသည်။
လီဟူ၏ စိုးရိမ်မှုသည် ရဲစခန်းတစ်ခုလုံး ခံစားရသည့် စိုးရိမ်မှုပင်။ ရှုနန်က စခန်း၏ အလှလေး ဖြစ်သည်။ ထို့အပြင် သူမ၏ ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းဆောင်ရည်တို့ကလည်း ထူးချွန်သည်။ လူတိုင်းက သူမကို ရတနာတစ်ပါးသဖွယ် သတ်မှတ်ထားကြသည်။ မကြာသေးခင်က သူမ ရုတ်တရက်ကြီး ဆရာတစ်ယောက် ရှာတွေ့သွားလိမ့်မည်ဟု ဘယ်သူမှ ထင်မထားမိပေ။ သူမက သူ့အကြောင်း ပြောချိန်တိုင်း မျက်လုံး အရောင်လက်လာလေ့ ရှိသည်။ ယင်းက စခန်းတစ်ခုလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သည်။ သူတို့ ဘာမှမပြောသော်လည်း သူမ၏ ဆရာဆိုသူကို စိတ်ထဲ၌ မှတ်ထားကြသည်။
“သူ့ဆရာက အတိုက်အခိုက် တော်တယ်လို့ ရှုနန် ပြောဖူးတယ်၊ လက်ဝှေ့ချန်ပီယံတောင်မှ သူ့ကို မယှဉ်နိုင်ဘူးတဲ့”
တပ်ကြပ်ကောင်း သက်ပြင်းချလိုက်သည်။
“အဓိပ္ပာယ် မရှိတာ၊ လုံးဝကို အဓိပ္ပာယ် မရှိဘူး”
လီဟူ၏အသံက ရုတ််တရက် ကျယ်လာပြီး သူ၏ အလွန်အမင်း မကျေမနပ် ဖြစ်မှုကို ဖော်ဆောင်နေသည်။
“အဲ့လိုပြောတာက ကျုပ်ကို ဒေါသထွက်စေတယ်၊ ရှုနန်ရဲ့ စကားအရဆို သူ့ဆရာက တီဗွီထဲက သိုင်းသမားတွေလိုပဲ၊ အတွင်းအား ရှိပြီးတော့ နွားတစ်ကောင်ကို တောင်ကိုဖောက်ပြီး ရိုက်ထုတ်နိုင်တဲ့လူလိုမျိုးလေ၊ ဒါက သောက်အဓိပ္ပာယ်ကို မရှိဘူး”
“ကျုပ်တို့ဌာနမှာ ထူးချွန်တဲ့သူတွေ အများကြီးပဲ၊ သူတို့ထဲက ဘယ်သူက အတိုက်အခိုက် မတော်လို့လဲ၊ စစ်သည်တော်ဌာန အတွင်းမှာတောင်မှ အဲ့လို ထူးချွန်သူကို တွေ့ဖို့ ခက်တာ၊ ဘယ်လိုလုပ် သာမန်လူတစ်ယောက်က အဲ့လို ဖြစ်မှာလဲ၊ ရွက်ပုန်းသီး ပညာရှင်တဲ့လား၊ လူလိမ်ဆိုတာကမှ ပိုဟုတ်ဦးမယ်”
လီဟူ ဒေါသထွက်နေသည်။ ဤအဖြစ်အပျက်ကြောင့် သူ ရှုနန်ကို အကြိမ်ပေါင်းများစွာ သတိပေးခဲ့သော်လည်း သူမက နားမထောင်ချေ။
“လီဟူ၊ စစ်သည်တော်ဌာနက တစ်ယောက်ယောက်က အတွင်းအားသုံး သိုင်းပညာရှင်တွေနဲ့ ပတ်သက်ပြီး ပြောဖူးတာကို မင်း မှတ်မိလား”
တပ်ကြပ်ကောင်းက ရုတ်တရက် မေးလာသည်။
“အတွင်းအားသုံး သိုင်းပညာရှင်လား”
လီဟူ ခေါင်းညိတ်လိုက်ပြီးနောက် ခေါင်းခါလေသည်။
“တပ်ကြပ်ကောင်း၊ ကျွန်တော် အတွင်းအားသုံး သိုင်းပညာရှင်တွေ ရှိတာကို ယုံတယ်၊ ဒါပေမဲ့ ရှုနန်ရဲ့ ဆရာက အဲ့ထဲက တစ်ယောက်လို့ ကျုပ် မထင်ဘူး၊ အတွင်းအားသုံး သိုင်းပညာရှင်တစ်ယောက် ဖြစ်ဖို့က အရမ်း ခက်တယ်၊ စစ်သည်တော်ဌာန တစ်ခုလုံးမှာတောင် အဲ့လိုလူက နည်းနည်းပဲ ရှိတာ၊ သူတို့က ပန်ဒါတွေထက်တောင် ရှားသေးတယ်၊ သူတို့ထဲက တစ်ယောက်ကမှ လူမြင်ကွင်းထဲ ထွက်မလာသလောက်နီးပါးပဲ”
တပ်ကြပ်ကောင်းက ခေါင်းညိတ်သည်။
“ရှုနန်ရဲ့ဆရာ လာတာကို စောင့်ကြတာပေါ့၊ ပြီးမှ ငါတို့ သေချာ ကြည့်ရမယ်၊ သူက လူလိမ်ဆိုရင် ငါတို့ နည်းလမ်းရှာပြီး ဖော်ထုတ်မယ်၊ သူ ရှုနန်ကို ထိခိုက်အောင် လုပ်မှာကို ငါတို့ ခွင့်ပြုလို့ မဖြစ်ဘူး”
နှစ်ယောက်လုံး ကောက်ရိုးတဲသို့ ပြန်လာသောအခါ ရှုနန် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူမက မကြာခဏ ဖုန်းကို ထုတ်ကြည့်ပြီး ဘေးဘီကို လိုက်ကြည့်နေသည်။ သူမ စိတ်လှုပ်ရှားနေမှန်း သိသာလှသည်။
သူတို့ ပို၍ မျက်မှောင်ကြုတ်မိသွားသည်။
“ကျွန်မဆရာ ရောက်လာပြီ”
ရှုနန်က ထရပ်၍ အရပ်မျက်နှာတစ်ခုသို့ စိတ်လှုပ်ရှားစွာ အားကုန် ပြေးသွားလေသည်။
တစ်ဖွဲ့လုံး လှမ်းကြည့်လိုက်ပြီးနောက် ရုတ်တရက် အကြည့်များ အေးစက်ကုန်သည်။
မီတာတစ်ရာအကွာတွင် လူရိပ်တစ်ခုက သူတို့ထံ အေးအေးလူလူ ချဉ်းကပ်လာနေ၏။ သူ့အသွင်အပြင်ကို သေချာမြင်ရရန် ခက်သော်လည်း ငယ်ရွယ်မှန်း သိသာလှသည်။
သူ အနားနီးလာသည်နှင့်အမျှ သူတို့ရင်ထဲ ပို၍ လေးလံလာကြသည်။
“တပ်ကြပ်ကောင်း၊ ဒီကောင်လေး တိုက်ခိုက်နိုင်မယ်လို့ ခင်ဗျား ထင်လား”
လီဟူက မေးလိုက်သည်။
“ဒီကောင်လေးက အလွန်ဆုံးမှ နှစ်ဆယ်ဝန်းကျင်လောက်ပဲ ရှိဦးမယ်၊ သူ့ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံအရဆို သိုင်းပညာကို လေ့ကျင့်ဖူးတယ်လို့တောင် ကျုပ် မထင်ဘူး၊ သူ့လိုလူ ဆယ်ယောက်ကို ကျုပ် လက်တစ်ဖက်တည်းနဲ့တောင် အနိုင်ယူနိုင်တယ်”
“မဖြစ်နိုင်လိုက်တာ၊ ရှုနန်ရဲ့ ဆရာကို ကျုပ်တို့နဲ့ သက်တူရွယ်တူလောက်လို့ ထင်နေတာ၊ သူက အဲ့လောက် ငယ်တာလား”
နောက်လူတစ်ယောက်ကပါ ထပ်ပြောသည်။
တခြားလူကလည်း ခေါင်းခါလေသည်။
“ဒီလူက လက်ဝှေ့ချန်ပီယံကို အနိုင်ယူခဲ့တယ်တဲ့လား၊ ငါ့ကို နောက်နေတာလား၊ သူ ရှုနန်ကို ဘယ်လို လိမ်ခဲ့တာပါလိမ့်”
“သူက သူဌေးသားပဲ ဖြစ်ရမယ်”
တပ်ကြပ်ကောင်း၏ မျက်လုံးများက စူးရှနေသည်။
“သူ ဝတ်ထားတဲ့ ဝတ်စုံက Vatti ရဲ့ အသစ်စက်စက် အကန့်အသတ်နဲ့ ထုတ်ထားတဲ့ ဝတ်စုံပဲ၊ လက်ဝှေ့ချန်ပီယံကို သူ နိုင်ခဲ့တယ်ဆိုတာက လာဘ်ထိုးပြီး နိုင်ခဲ့တာမျိုး ဖြစ်နိုင်တယ်”
ထိုမျှ အသက်ငယ်ငယ်လေးဖြင့် အတွင်းအားသုံး သိုင်းပညာရှင်ဖြစ်ရန် မဖြစ်နိုင်ချေ။
ငွေကို ရေလိုသုံးပြီး လက်ဝှေ့ချန်ပီယံကို သူ့လူအဖြစ် ငှားခဲ့သည်။ သို့မှသာ မိန်းကလေးကို လွယ်ကူစွာ လှည့်စားနိုင်ပေမည်။
“ယီးပဲ၊ ကျုပ်တို့ ဒါကို ဘယ်လို သည်းခံမှာလဲ၊ ဒါ ရှုနန်ရဲ့ ခံစားချက်ကို လိမ်နေတာ”
သူတို့ထဲက တစ်ယောက်က ဆွေ့ဆွေ့ခုန်နေသည်။
“မြေယိုး၊ ဒီသူဌေးသားတွေက အမှိုက်ဘုရင်တွေပဲ၊ သူကများ ငါတို့စခန်းရဲ့ အလှလေးကို မျက်စိကျရဲတယ်ပေါ့လေ”
လီဟူက ရဲ့လင်းချန်ကို ဆိုးရွားသော မျက်နှာအမူအရာဖြင့် စိုက်ကြည့်နေပြီး ဖြစ်ကာ သူ့ထံသို့ လျှောက်သွားသည်။
ရှုနန်သည် ရဲ့လင်းချန်နှင့် စကားအချို့ ပြောနေဆဲဖြစ်ပြီး ရှုနန် လေ့ကျင့်ရာ၌ တွေ့ရသော အခက်အခဲများကို ပြန်ထောက်ပြ၍ ရှင်းပြပေးနေသည်။ ရှုနန်၏ အဖွဲ့ လာနေသည်ကို မြင်သော် သူ ပြောလက်စကို ရပ်လိုက်ရသည်။
သူတို့သည် အထူးမစ်ရှင်ကို ထမ်းဆောင်နေသောကြောင့် အားလုံးက သာမန် အဝတ်အစားများကိုသာ ဝတ်ထားကြသည်။ သို့သော် သူတို့၏ ခန္ဓာကိုယ်များက ကျစ်လျစ်ပြီး ခြေလှမ်းတိုင်းက ခိုင်မာသည်။ ကျောပြင်များက အလိုလို မတ်နေပြီး တစ်မူထူးခြားသော အရှိန်အဝါတစ်ခုကို ပေးစွမ်းနေသည်။ သူတို့သည် ပြက်ချော်ချော် သွားလုပ်၍ ရသူများ မဟုတ်ပေ။
“ငါက လီဟူ၊ ရှုနန်ရဲ့ လုပ်ဖော်ကိုင်ဖက်ပဲ၊ မင်းက ရှုနန်ရဲ့ ဆရာလား”
လီဟူက ရဲ့လင်းချန်ကို အထင်သေး စက်ဆုပ်ဟန်တို့ ဖြတ်ပြေးနေသော မျက်လုံးများဖြင့် ကြည့်နေသည်။
အနားသို့ ပိုနီးလာလေ ရဲ့လင်းချန် ဘယ်လောက် ငယ်လဲ သူ ပိုသတိပြုမိလာလေပင်။ သူက အထက်တန်းကျောင်းသား တစ်ယောက်နှင့် ပိုတူနေ၏။
ရဲ့လင်းချန်၏ ခန္ဓာကိုယ် အစိတ်အပိုင်းများက လေ့ကျင့်သည်နှင့်အမျှ တိုးတက်လာခဲ့သည်။ ခန္ဓာကိုယ် အစိတ်အပိုင်းများ၏ လုပ်ဆောင်ချက် တိုးတက်လာသည်နှင့်အတူ ကျန်းမာရေးလည်း ပိုကောင်းလာသည်။ သူသည် သက်တူရွယ်တူများနှင့် ယှဉ်လျင် ပိုငယ်နေပုံပေါက်ပြီး ဖျတ်လတ်တက်ကြွနေ၏။
“ဟဲလို ကျွန်တော်က ရဲ့လင်းချန်ပါ”
ရဲ့လင်းချန်က သူတို့ကို ခေါင်းညိတ်ပြသည်။
“မင်းက အတိုက်အခိုက်ကောင်းတဲ့သူလို့ ရှုနန် ပြောတာကို ငါ ကြားဖူးတယ်၊ ငါတို့ နည်းနည်းလောက် ပြိုင်ကြည့်မလား”
လီဟူက ထိုသို့ပြောပြီးသည်နှင့် ကိုယ်ကို ကိုင်းလိုက်ပြီး ရဲ့လင်းချန်အား အသင့်အနေထားဖြင့် တိုက်ခိုက်ရန် ပြင်လေသည်။
“ဦးလေးလီ၊ ရှင် …”
ရှုုနန်၏ အမူအရာက အနည်းငယ် သုန်မှုန်သွားပြီး လီဟူက မကျေနပ်စွာ ကြည့်လာသည်။ သို့သော် လီဟူ၏ အာရုံက ရဲ့လင်းချန်၏ မျက်လုံးသို့သာ ရောက်နေ၏။
“ရှုနန်ရဲ့ ဆရာက ဒီလောက် ငယ်လိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ ငါတို့လို လူအိုကြီးတွေမှာ ရှုနန်ကို လက်ဆင့်ကမ်းပေးစရာ ဘာမှမရှိဘူး၊ မင်း သူ့ကို ဘာတွေများ သင်ပေးနိုင်မလဲဆိုတာကို ငါတို့ တကယ် သိချင်တယ်၊ ငါတို့ကို နည်းနည်းလောက် ပြပါလား”
ရဲ့လင်းချန်က လီဟူကို ကြည့်၍ စဉ်းစားနေသည်။ သူ ပြန်မပြောခင်မှာပင် တပ်ကြပ်ကောင်းက သူတို့အနား ရောက်လာပြီး ဆုံးမသည်။
“လီဟူ မင်းအပြုအမူကို ဆင်ခြင်စမ်း”
“ဒါပေမဲ့ တပ်ကြပ်ကောင်း …”
“အခုက အရေးကြီးတဲ့အချိန်ပဲ၊ ငါတို့ အေးအေးလူလူနဲ့ ထင်တိုင်းကြဲလို့ မရဘူး၊ ငါတို့အားလုံးက တစ်ဖွဲ့တည်း ဖြစ်နေမှတော့ အဖွဲ့လိုက် လှုပ်ရှားမှုကို အာရုံစိုက်သင့်တယ်”
လီဟူက အံကြိတ်လိုက်ပြီးနောက် မကျေမနပ်ဖြင့် ငြိမ်သွားလေသည်။