ရဲ့လင်းချန် ငကြွားကောင်
Vol. 21 Ch. 314
“ညီငယ်လေးရဲ့၊ မင်းကို ကြည့်ရတာ ငယ်ဦးမယ့်ပုံပဲ၊ မင်းက ကျောင်းတက်နေတုန်းပဲလား”
တပ်ကြပ်ကောင်းက မေးလိုက်သည်။
“ပီကင်းတက္ကသိုလ်၊ စာပေဌာနကပါ”
ရဲ့လင်းချန် ပြန်ပြောလိုက်သည်။ ၎င်းက လျှို့ဝှက်ချက်ကြီးတစ်ခု မဟုတ်ပေ။
*သူက တကယ် ကျောင်းသားတစ်ယောက်ပဲ*
တပ်ကြပ်ကောင်းနှင့် အဖွဲ့သားများ အံ့အားသင့်သွားကြသလို သူက ပီကင်းတက္ကသိုလ်မှ ကျောင်းသားတစ်ဦး ဖြစ်နေသည့် အတွက်လည်း အံ့ဩသွားရသည်။ ထိုကျောင်းကို ဝင်နိုင်သဖြင့် အတော်လေး အမှတ်မြင့်သည်ဟု သတ်မှတ်နိုင်ပေသည်။
“ပီကင်း တက္ကသိုလ် ဟုတ်လား၊ မင်း အဲ့ကို ဝင်နိုင်အောင် ငွေပေးခဲ့တာ မဟုတ်လား”
လီဟူက အထင်သေးစွာ ခနဲ့သည်။
ရဲ့လင်းချန်က သူဌေးသားတစ်ယောက် ဖြစ်မည်ဟု သူ ယူဆလိုက်ပြီးပြီ ဖြစ်သည်။ ရဲ့လင်းချန်က သူ့အမှတ်နှင့်သူ ဝင်နိုင်သည်ဟု လူတစ်ယောက်က ပြောခဲ့လျင် သူ ထိုသူ၏ စကားကို လုံးဝ ယုံမည်မဟုတ်ပါ။
“လီဟူ အခုချိန်ကစပြီး မင်းကို စကားပြောခွင့် မပြုဘူး”
တပ်ကြပ်ကောင်းက ကြိမ်းမောင်းသည်။ အစက သူသည် ရဲ့လင်းချန်နှင့် ပတ်သက်၍ ပိုသိချင်ခဲ့သည်။ သို့သော် ရဲ့လင်းချန်က အလွန် ငယ်နေသည်ကို သတိထားမိပြီးနောက် သူ စိတ်မဝင်စားသလောက် ဖြစ်သွားသည်။
“ညီလေးရဲ့၊ ဒီတစ်ခေါက် ငါတို့မစ်ရှင်က အတော်လေး ထူးခြားတယ်၊ မင်းအသက်အန္တရာယ် ဖြစ်နိုင်လောက်တဲ့အထိ စွန့်စားရမှာ၊ မင်း လိုက်ခဲ့ချင်တာ သေချာလား”
“အဆင်ပြေပါတယ်၊ ကျွန်တော်က ရှုနန်ရဲ့ ဆရာပါ၊ အန္တရာယ် ရှိတယ်ဆိုရင် ကျွန်တော် လိုက်ခဲ့ဖို့ ပိုအကြောင်းရှိ သွားတာပေါ့”
ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။
ထိုစကားက လူတိုင်းကို မျက်မှောင်ကြုတ်သွားစေသည်။ သူတို့ ဘယ်လို ကြည့်ကြည့် ထိုစကားက မိန်းကလေး တစ်ယောက်၏ နှလုံးသားကို သိမ်းပိုက်ရန် သုံးသော မြာပွေတတ်သည့် ကောင်လေးတစ်ယောက်၏ လှည့်ကွက်တစ်ခုပုံစံ ပေါက်နေသည်။
ရှုနန်၏ အပြုံကို မြင်သော် သူတို့နှလုံးသားများ အေးစက်သွားသည်။ သူတို့စိတ်ထဲ၌ ဒေါသထွက်သော ခံစားချက်နှင့် စိတ်ပျက်သော ခံစားချက်တို့ ရောပြွမ်းလာသည်။
*စကားလှလှတွေ ပြောတတ်တဲ့ မုန်းတီးစရာကောင်းတဲ့ သူဌေးသားပဲ*
“အဲ့လိုဆိုရင် လိုက်ခဲ့တော့”
တပ်ကြပ်ကောင်းက အေးစက်စွာ ပြောလိုက်ပြီး ရှေ့မှ ဦးဆောင်သွားသည်။
လီဟူနှင့် အခြားသူများကလည်း ချက်ချင်း နောက်မှ လိုက်သွားကြသည်။ ရဲ့လင်းချန်နှင့် ရှုနန်တို့က နောက်ဆုံးမှ လိုက်လာကြသည်။
“တပ်ကြပ်ကောင်း၊ ခင်ဗျား ဘာလို့ ကျုပ်ကို အဲ့ငတုံးကောင်ကို ဖော်ခွင့်မပြုတာလဲ”
လီဟူ မချင့်မရဲ ဖြစ်နေ၏။
“အဲ့ငပွေကောင် စကားချိုချိုပြောနေတာကို ကျုပ် ကြည့်ရုံနဲ့တင် ခေါင်းကိုက်တယ်”
“တကယ်လို့ ငါတို့ သူ့ကို တန်းပြီး အလိမ်ဖော်လိုက်ရင် ရှုနန်ကို ခံစားချက် ဆိုးသွားအောင် လုပ်သလို ဖြစ်မသွားဘူးလား”
တပ်ကြပ်ကောင်းက ခေါင်းခါသည်။
“ရှုနန်က အခု အတော်လေး စိတ်နစ်နေပုံရတယ်၊ ငါတို့ ဒီကိစ္စကို ဖြည်းဖြည်းချင်း ဖြေရှင်းတာ ပိုကောင်းတယ်၊ ပြီးတော့ ငါတို့မစ်ရှင်ကို ဦးစားပေးရမှာ၊ ရှုနန်ကို စိတ်ဒဏ်ရာ မပေးတာ ပိုကောင်းပါတယ်၊ ငါတို့ နောက်ဆို အခွင့်အရေး ပိုရလာမှာပါ”
“ဟူး … ဒါ ငါတို့ လုပ်နိုင်တာ အကုန်ပဲ”
လီဟူက အနောက်ကို တစ်ချက် ခိုးကြည့်သည်။ ရှုနန်နှင့် ရဲ့လင်းချန်တို့ ပျော်ရွှင်စွာ စကားပြောနေသည်ကို မြင်သော် သူ့စိတ်ထဲမှ ဒေါသက ပြန်ကြွလာသည်။
“မင်းတို့ အရင်သွားကြ၊ ငါ အနောက်မှနေပြီး သူတို့ရဲ့ တတိယလူအဖြစ် နေလိုက်ဦးမယ်”
“ဆရာ၊ ဒီမစ်ရှင်က ကမ္ဘာမြေရဲ့ ဂိတ်တံခါးနဲ့ ပတ်သက်နေတယ်၊ သူတို့ကို နိုင်ငံတကာက သိသလို အရမ်း အန္တရာယ် များတယ်၊ ရှင် စိတ်ကိုပါ ပြင်ဆင်ထားသင့်တယ်”
ရှုနန်က ရှင်းပြသည်။
“ကမ္ဘာမြေရဲ့ ဂိတ်တံခါးလား”
ရဲ့လင်းချန် မျက်ခုံးလှုပ်သွားသည်။
*ကမ္ဘာမြေရဲ့ ဂိတ်တံခါးက စစ်သည်တော်ဌာနရဲ့ စိစစ်မှုအောက်မှာ ရှိနေတာ မဟုတ်ဘူးလား*
“ဟုတ်တယ်၊ ကမ္ဘာမြေရဲ့ ဂိတ်တံခါးပဲ”
ရှုနန်က ကမ္ဘာမြေရဲ့ ဂိတ်တံခါးနှင့် ပတ်သက်၍ ရဲ့လင်းချန် ဘာမှမသိဟု ထင်သဖြင့် ရှင်းပြလေသည်။
“အဲ့ဒါက ဂျပန်နိုင်ငံက သိုင်းပညာရှင်တွေ စုဝေးနေတဲ့ အဖွဲ့အစည်းပဲ၊ ကျွန်မတို့ နိုင်ငံရဲ့ စစ်သည်တော်ဌာနနဲ့ နည်းနည်း ဆင်တယ်၊ ကမ္ဘာမြေရဲ့ ဂိတ်တံခါး အဖွဲ့အစည်းထဲကို ဝင်တဲ့သူတိုင်းက အတော်လေး သန်မာတယ်၊ သူတို့ရဲ့ စွမ်းရည်က စစ်သည်တော်ဌာနနဲ့ ယှဉ်လို့ရတယ်”
ရှုနန်၏ အသံက အတော်လေး လေးနက်နေသည်။ ရဲအရာရှိတစ်ဦး ဖြစ်သောကြောင့် သူမသည်လည်း အတော်လေး ထူးချွန်ပါသည်။ သို့သော် သိုင်းပညာရှင် တစ်ဦးနှင့် ယှဉ်လိုက်လျင် သူမက လိုအပ်ချက် ရှိနေဆဲပင်။ သူရဲကောင်းများက သိုင်းပညာကို သုံး၍ စည်းမျဉ်းများကို ချိုးဖောက်သည်ဟူသော စကားလိုပင်။ သိုင်းပညာရှင်များသည် လှောင်အိမ်ထဲမှ လွတ်ထွက်လာသော သားရဲများနှင့် ဆင်တူပြီး သူတို့၏ ခြိမ်းခြောက်နိုင်သည့် အဆင့်က တိုင်းတာရ ခက်ပေသည်။
“သိပ်မကြာသေးခင်က ကျွန်မတို့ လူတစ်ချို့ကို ဖမ်းမိခဲ့ပြီးတော့ သူတို့ရဲ့ တည်နေရာကို သိခဲ့တယ်”
ရှုနန်က တစ်ခဏမျှ ရပ်လိုက်ပြီးမှ ရဲ့လင်းချန်ကို ပြုံးပြပြီး ဆက်ပြောသည်။
“ကျွန်မ အဲ့လူတွေကို ဘယ်လို ဖမ်းမိတာလဲဆိုတာ ရှင် မှန်းနိုင်မှာ မဟုတ်ဘူး”
“ဟမ်”
ရဲ့လင်းချန်က ရှုနန်ကို ရယ်ချင်သလို ကြည့်နေသည်။ သို့သော် သူ့စိတ်ထဲ၌ တစ်စုံတစ်ရာကို တွေးမိပြီးသားပင်။
“အဲ့ဒါ စူပါမန်းဝိုင်ကြောင့်လေ”
ရှုနန်က အနည်းငယ် စိတ်လှုပ်ရှားနေလေသည်။
“စူပါမန်းဝိုင်က ကျည်ဆံကို ရှောင်နိုင်တဲ့ မြင်ကွင်းကို သူတို့ဆီကနေ ကြားခဲ့ရတယ်၊ အဲ့ဒါကလေ တအား အံ့ဩနေတာပဲ၊ စူပါမန်းဝိုင် လုပ်ခဲ့တဲ့ လုပ်ရပ်ကောင်းတွေကို ကျွန်မ အများကြီး ကြားဖူးတယ်၊ ဒါပေမဲ့ အဲ့ဒါတွေက တကယ် ဖြစ်လိမ့်မယ်လို့ ထင်မထားမိဘူး၊ ကျွန်မမျက်လုံးနဲ့ ကိုယ်တိုင် မမြင်လိုက်ရတာ နာတာပဲ”
“ကောင်လေး မင်း ကြားတယ်မလား၊ ရန်သူတွေက သေနတ် ပါတယ်၊ အခု ထွက်သွားရင် နောက်မကျသေးဘူး”
ထိုစဉ် ခပ်မာမာ အသံတစ်သံ ထွက်ပေါ်လာပြီး လီဟူက သူတို့အနား ကပ်လာကာ ရဲ့လင်းချန်အား မထီမဲ့မြင် ကြည့်လေသည်။
“ဒီတစ်ခေါက်တော့ ခင်ဗျားတို့ရဲ့ မစ်ရှင်က တကယ် ဟုတ်၊မဟုတ် စစ်ဆေးဖို့ မဟုတ်လား”
ရဲ့လင်းချန်က အသာပြုံး၍ ပြောလိုက်သည်။
“ကမ္ဘာမြေရဲ့ ဂိတ်တံခါးနဲ့ ရင်ဆိုင်ရမယ်ဆိုရင် ခင်ဗျားတို့ လူနည်းနည်းလောက်နဲ့ မလုံလောက်ဘူး၊ ပြီးတော့ ခင်ဗျားတို့က သာမန် အဝတ်အစားတွေ ဝတ်ထားတာ၊ ဒါက လွယ်လွယ် ပုန်းကွယ်နိုင်အောင် လုပ်ထားတယ်ဆိုတာ သိသာတယ်”
“လေ့လာမှု တော်တော်လေး ကောင်းသားပဲ”
လီဟူက ရဲ့လင်းချန်ကို အံ့ဩသလို ကြည့်သည်။ သို့သော် ရဲ့လင်းချန်က ခေါင်းခါ၍ ဆက်ပြောသည်။
“ဒါပေမဲ့ ခင်ဗျားတို့တွေ တုံးလွန်းတယ်”
ရဲ့လင်းချန်သည် ကမ္ဘာမြေရဲ့ ဂိတ်တံခါးမှ လူများအကြောင်းကို နားလည်သည်။ သူတို့၏ နည်းလမ်းများက ရက်စက်ပြီး သူတို့က သာမန်လူများ ထင်ထားသည်ထက် ပိုသန်မာသည်။
“မင်း ဘာပြောတာလဲ”
လီဟူ၏ မျက်နှာအမူအရာက တည်သွားသည်။ သူသည် အစကတည်းက ရဲ့လင်းချန်ကို ကြည့်မရ ဖြစ်နေခဲ့ပြီးသားပင်။ သူ၏ ခနဲ့သော စကားကို ကြားသောအခါ သူ့ဒေါသက ပေါက်ကွဲလုမတတ် ဖြစ်သွားလေသည်။
၎င်းက ကြမ်းချင်ယောင်ဆောင်နေသော ကြောင်တစ်ကောင်ကို ကြည့်နေသော ကျားတစ်ကောင်နှင့် တူလှသည်။
“ကမ္ဘာမြေရဲ့ ဂိတ်တံခါးက ခင်ဗျားတို့ ထင်သလောက် မရိုးရှင်းဘူး၊ ခင်ဗျားတို့ စစ်သည်တော်ဌာနကို သတင်းပို့သင့်တယ်”
ရဲ့လင်းချန်က လီဟူ၏ အပြုအမူကို လျစ်လျူရှု၍ ဆက်ရှင်းပြသည်။
“ဟန်လုပ်နေလိုက်၊ ဆက်ပြီး ဟန်လုပ်နေလိုက်”
လီဟူက လှောင်ရယ်၍ အရာအားလုံးကို သိနေသည့် အမူအရာမျိုး လုပ်နေသည်။
“ဟေ့ကောင် မင်း ရှုနန်ကို လှည့်စားနိုင်တာ မဆန်းတော့ဘူးပဲ၊ မင်းရဲ့ ကြွားဝါတဲ့ စွမ်းရည်က အတော်လေး အံ့ဩဖို့ ကောင်းတယ်၊ ဒီလို အရေးကြီးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မင်း ပြောတာ လုပ်ရအောင် မင်းကိုယ်မင်း ဘာထင်နေလဲ”
“ဒါပေမဲ့ ရှုနန်က ကျုပ်ကို ခေါ်ထားပြီးတော့ ဆိုတော့ အခြေအနေကို စိတ်ချလို့ ရပါသေးတယ်”
ရဲ့လင်းချန်က လီဟူကို အရေးစိုက်မနေဘဲ ဆက်ပြောသည်။
“ယီးပဲ”
လီဟူ ပေါက်ကွဲသွားပြီး ချီးစားမိသွားသလို ခံစားလိုက်ရသည်။ သူ ဒါကို ဆက်၍ သည်းမခံနိုင်တော့ချေ။
“ဟေ့ကောင် မင်း အဲ့လိုဆက်ပြီး လေကျယ်နေရင် ငါ မင်းကို ဒီအတိုင်း မထားဘူး”
“ဦးလေးလီ ရှင် ဘာလုပ်တာလဲ”
ရှုနန် မေးလိုက်သည်။
တပ်ကြပ်ကောင်းနှင့် အခြားသူများလည်း အနားသို့ ရောက်လာသည်။ လီဟူနှင့် ရဲ့လင်းချန်တို့သည် မျက်နှာချင်းဆိုင်မိသည့် တစ်ခဏလေးအတွင်းမှာပင် ရန်ဖြစ်လုနီးပါး ဖြစ်သွားလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။
“လီဟူ စိတ်ကို ငြိမ်ငြိမ်ထားစမ်း၊ မင်း ဘာလုပ်နေတာလဲ”
“တပ်ကြပ်ကောင်း၊ ဒီကောင်က ငကြွားပဲ၊ သူက ကြွားဝါးတဲ့နေရာမှာ အရမ်း တော်လွန်းနေတယ်၊ ကျုပ် သူ့ကို ထပ်သည်းမခံ နိုင်တော့ဘူး”
လီဟူ၏ မျက်နှာက နီနေပြီး တစ်ကိုယ်လုံး တုန်နေသည်။
“ကြွားဝါတာက ပြစ်မှုပဲလေ ဟုတ်တယ်မလား၊ ကျုပ် ဒီကောင်ကို ဖမ်းချင်တယ်”
“တော်လောက်ပြီ၊ ကြွားဝါတာက ပြစ်မှုမဟုတ်ဘူး”
တပ်ကြပ်ကောင်းက လီဟူကို စူးစိုက်ကြည့်၍ ကြိမ်းမောင်းသည်။
“ဒါ မင်း အာဏာကို အလွဲသုံးစား လုပ်တာ၊ မင်း ငြိမ်နေလိုက်တော့”
လီဟူ ကူကယ်ရာမဲ့သလို ခံစားရသည်။ သူ့မျက်လုံးများက ရဲ့လင်းချန်ကို စိုက်ကြည့်နေဆဲ ဖြစ်ပြီး ရဲ့လင်းချန် ပခုံးတွန့်၍ ပေါ့ပေါ့တန်တန် ပြောလိုက်သည်ကို တွေ့မြင်လိုက်ရသည်။
“ရုပ်ချောတာက ပြစ်မှုမဟုတ်လို့ တော်သေးတယ်၊ မဟုတ်ရင် ကျုပ်တော့ ဒုက္ခအကြီးအကျယ် ရောက်ပြီ”
“ယီးတဲ့မှပဲ”
လီဟူက သူ့ကို ခုန်အုပ်လုနီးပါး ဖြစ်နေပြီး တစ်ကိုယ်လုံး ထိန်းချုပ်ရခက်နေသည်။
“မင်းတို့တွေ ငါ့ကို မတားတာ ကောင်းလိမ့်မယ်၊ ငါ ဒီငကြွားကောင်နဲ့ အတူတူ လိုက်သေပစ်မယ်”
နောက်ဆုံးတွင် လီဟူအား ရဲ့လင်းချန်၏ ဝေးရာသို့ အဖွဲ့သားများက ဆွဲခေါ်သွားရသည်။
“ဆရာ ကမ္ဘာမြေရဲ့ ဂိတ်တံခါးက ရှင်ပြောသလို တကယ်ပဲ သန်မာတာလား”
ရှုနန် မနေနိုင်ဘဲ မေးလိုက်သည်။
ရဲ့လင်းချန် ခေါင်းညိတ်သည်။
“သိုင်းပညာရှင် တစ်ယောက်ကို မင်းတို့လို သာမန်လူတွေက ယှဉ်လို့မရဘူး၊ ဒီတစ်ခေါက် မင်း ငါ့ကို ခေါ်လိုက်တာက မှန်ကန်တဲ့ ရွေးချယ်မှုပဲ”
ရှုနန် ခေါင်းညိတ်လိုက်သော်လည်း မရေမရာ ဖြစ်နေသေးသည်။
‘ဒါပေမဲ့ ကျွန်မတို့က သိထားတဲ့ တည်နေရာက ဟုတ်၊ မဟုတ် စစ်ဆေးရုံပဲ စစ်ဆေးရမယ့် မစ်ရှင်ပဲလေ၊ ပြဿနာ ကြီးကြီးမားမား မဖြစ်လောက်ပါဘူး”
“မင်း သတင်းကို ဘယ်လိုရတာလဲ”
ရဲ့လင်းချန် မေးလိုက်သည်။
“စစ်ကြောရေးက၊ ဒါ အဖမ်းခံရတဲ့သူတွေ ဝန်ခံလိုက်တဲ့ နေရာလေ၊ သူတို့ သေသေချာချာ ဝန်ခံထားတာ”
ရဲ့လင်းချန် ခေါင်းခါလိုက်သည်။
“ပုံမှန်ဆိုရင် ဒီလိုနေရာတွေက ထိပ်တန်း လျှို့ဝှက်ချက်ပဲ၊ မင်း သူတို့ဆီကနေ အဲ့လောက် လွယ်လွယ်နဲ့ ပြောထွက်လာအောင် ဘယ်လို စစ်ဆေးခဲ့သလဲ”
ရဲ့လင်းချန်၏ စကားကြောင့် ရှုနန်သည် တစ်စုံတစ်ရာကို သိမြင်လိုက်သကဲ့သို့ ချက်ချင်း မျက်လုံး ပြူးကျယ် သွားသည်။
“ဟုတ်တယ် ဒါ အရမ်း ထူးဆန်းလွန်းတယ်၊ စစ်ဆေးတဲ့ လုပ်ငန်းစဉ်က အတော်လေး အဆင်ပြေနေခဲ့တာ”