ကမ္ဘာမြေ၏ ဂိတ်တံခါးမှ လူတစ်ယောက်နှင့် ရင်ဆိုင်ရခြင်း
Vol. 21 Ch. 315
“ခဏနေရင် ငါ့နောက်ကနေ လိုက်ခဲ့၊ တကယ်လို့ တစ်ခုခု ဖြစ်ခဲ့ရင် ငါ မင်းကို ကာပေးမယ်”
ရဲ့လင်းချန် ပြောလိုက်သည်။
ရှုနန်က ခေါင်းညိတ်လိုက်သော်လည်း သူမစိတ်ထဲ၌ ဟိုဟိုဒီဒီ တွေးနေမိသေးသည်။
*ကမ္ဘာမြေရဲ့ ဂိတ်တံခါးက လူတွေကလည်း လူသားတွေပဲလေ၊ သူတို့ အဲ့လောက်တော့ မဆိုးလောက်ပါဘူး*
သူတို့ ပစ်မှတ် သတိမထားမိစေရန် အဖွဲ့သည် အကွာအဝေးတစ်ခုအထိ ခြေကျင်သွားရန် ဆုံးဖြတ်လိုက်သည်။ သူတို့ လမ်းလျှောက်နေစဉ်မှာပင် ကောင်းကင်ယံက မှောင်မည်းလာသည်။
သူတို့ လမ်းလျှောက်ရင်း တောထဲ ရောက်လာကြသည်။ မြေကြီးပေါ်၌ သစ်ရွက်ခြောက်များ ကြွေကျလျက် ရှိသည်။ အဖွဲ့သည် ရှေ့ဆင့်နောက်ဆင့်လျှောက်ကာ တောနက်ထဲသို့ ဝင်လာကြလေသည်။
ရရှိထားသော စစ်ကြောမှုအရဆိုလျင် ဤတော၏ အလယ်သည် ကမ္ဘာမြေရဲ့ ဂိတ်တံခါး စခန်းချရာ နေရာ ဖြစ်သည်။ သူတို့ တည်နေရာကို အတည်ပြုပြီးသည်နှင့် သတင်းပို့ကာ သူတို့ တည်နေရာကို ဖျက်ဆီးရန် တပ်ဖွဲ့တစ်ဖွ့ကို စေလွှတ်မည် ဖြစ်သည်။
“ရှပ် ရှပ် ရှပ်”
ထိုစဉ် ခပ်လှမ်းလှမ်းမှ ခြေသံများကို ကြားလိုက်ရသည်။ ခြေသံက တိတ်ဆိတ်နေသော ညအချိန်၌ သိသိသာသာ ပေါ်လွင်နေ၏။
တစ်ဖွဲ့လုံး မျက်လုံးပြူးသွားသည်။ လရောင်အောက်၌ ခပ်လှမ်းလှမ်းမှ ခပ်ရေးရေး လူရိပ်များကို သူတို့ မြင်နေရသည်။
“ပုန်းကြ”
တပ်ကြပ်ကောင်းက မြန်မြန်ဆန်ဆန်ပင် တီးတိုးပြောလိုက်သည်။
“ရှုနန်၊ မင်းဆရာ ဘေးကင်းအောင် မင်း ကာကွယ်ထား၊ ထူးခြားတဲ့ အခြေအနေမှ မဟုတ်ရင် မင်းဘာသာမင်း မလှုပ်ရှားနဲ့”
တပည့်အား ဆရာကို ကာကွယ်ရန် အမိန့်ပေးခြင်းသည် တပ်ကြပ်ကောင်းက ရဲ့လင်းချန်အပေါ် ဘယ်လောက် အထင်ကြီးလဲ ပြနေ၏။
မကြာခင်မှာပင် အဖွဲ့သည် ခြေမကြွတကြွလှမ်း၍ တောထဲ ဝင်ရောက် ပျောက်ကွယ်သွားကြသည်။
ထိုတစ်ခဏအတွင်းမှာပင် ခြေသံများက ပိုနိးလာသည်။ မြေကြီးပေါ်၌ အရိပ်သုံးရိပ် ပေါ်လာသည်။ အရိပ်များက ရှည်မျောမျောပုံရှိပြီး အဖွဲ့ထံ တစ်လှမ်းချင်း လှမ်းလာနေသည်။
*လူသုံးယောက်ပါလား*
လူတိုင်း အလိုလို အသက်အောင့်ထားမိပြီး နည်းနည်းလေးမှ အသံမထွက်ရဲပေ။
“ရှပ် ရှပ် ရှပ်”
တိတ်ဆိတ်သော ညအချိန်၌ ပတ်ဝန်းကျင်တွင် ခြေသံများသာ ပဲ့တင်ထပ်နေသည်။
ညအမှောင်ကြောင့် ထိုလူသုံးယောက်၏ အသွင်အပြင်ကို သူတို့ မမြင်ရပါ။ သို့သော် အလယ်က တစ်ယောက်က ကျန်နှစ်ယောက်ထက် ပိုထွားကြိုင်းသည်။ ထို့အပြင် သူသည် တုတ်ခိုင်သန်မာပြီး ကြောက်စရာ ကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေ၏။
ရုတ်တရက် အလယ်မှလူက နှုတ်ခမ်းကိုတွန့်၍ ပြုံးလိုက်သည်။ သူက လမ်းလျှောက်နေရာမှ ရပ်တန့်၍ အေးစက်စက် အသံဖြင့် ပြောလေသည်။
“ပုန်းမနေဘဲ ထွက်လာလိုက်တော့”
အသံက ရေခဲရေတမျှ အေးစက်ပြီး စိတ်နှလုံးကိုပါ အေးစက်သွားစေနိုင်သည်။
သို့သော် နှစ်ကြာလာသည်နှင့်အမျှ တိုးတက်လာသော ဗျူဟာသဘောတရားနှင့်အတူ သူတို့က အသက် ပြင်းပြင်း ရှူ၍ ထိုအရိပ်များထံ လျှောက်သွားလိုက်ကြသည်။ သူတို့ကိုယ်သူ လူလုံးထွက်ပြသည်နှင့် ထိုလူသုံးယောက်အား အလယ်၌ ဝိုင်းထားလိုက်ကြလေသည်။
“မင်း ဘယ်သူလဲ၊ ဒီအချိန်ကြီး ဒီမှာ ဘာလုပ်နေတာလဲ”
တပ်ကြပ်ကောင်းက အေးစက်စက် မေး၍ သူတို့အား သိမ်းငှက်တစ်ကောင်လို စိုက်ကြည့်နေသည်။
“ဟဲဟဲ ခင်ဗျားက ကျုပ်လူတွေကို ဖမ်းထားတာလေ၊ သိသာနေတာကို ဘာလို့ မေးနေသေးတာလဲ”
အလယ်မှ ထွားကြိုင်းသောလူက ရယ်နေပြီး သူ့မျက်လုံးတွင် အန္တရာယ် ပြုလိုဟန်တို့ ပြည့်နေ၏။ သူသည် အဝိုင်းခံထားရသော်လည်း ကြောက်လန့်ဟန် မပြချေ။
သူ့ဘေးမှ ကျန်နှစ်ယောက်သည် မသိမသာ တုန်လှုပ်နေ၏။ သို့သော် သူတို့က ကိုယ်ကိုကိုင်း၍ သွေးဆာနေသော အပြုံးမျိုး ပြုံးလာကြသည်။
“လတ်စသက်တော့ မင်းတို့ကိုး”
လီဟူက အော်ငေါက်သည်။
“လက်မြှောက်၊ ဆောင့်ကြောင့်ထိုင်လိုက်ပြီးတော့ အညံ့ခံပါ၊ အဲ့လိုလုပ်ရင် မင်းတို့ ဒုက္ခနည်းမယ်”
“ဟဲဟဲဟဲ မင်းတို့လောက်လေးနဲ့လား၊ ဟာသပဲ”
ထွားကြိုင်းသောသူ၏ အသံက ဩပြီး အားအင်ပြည့်နေကာ အထင်သေးစွာ ပြောလာသည်။
“အရေးမပါတာတွေ ပြောမနေနဲ့၊ တက်”
တပ်ကြပ်ကောင်းက အော်လိုက်ပြီး အရပ်မျက်နှာ ငါးခုမှနေ၍ ငါးယောက်သား ရှေ့သို့ ပြေးတက်သွားကြသည်။
တပ်ကြပ်ကောင်း၏ အမိန့်ကြောင့် ရှုနန်က ရဲ့လင်းချန်နှင့် နေခဲ့ပြီး တိုက်ခိုက်ရာ၌ ဝင်မပါချေ။
“ဟမ့်”
ထွားကြိုင်းသောလူက မလှုပ်ရှားပေ။ ထိုအစား သူ့ဘေးမှ နှစ်ယောက်ကသာ အထင်သေးဟန် ပြု၍ ရှေ့သို့ တက်သည်။
“ကိုယ့်အကန့် ကိုယ် သိစမ်းပါ”
လီဟူက ဆက်တိုက် ရယ်နေသည်။ သူက လူကောင်ကြီးသော်လည်း သူ့လှုပ်ရှားမှုက ပေါ့ပါးဖျတ်လတ်ပြီး လျင်မြန်ကာ ရန်သူတစ်ယောက်ကို အားဖြင့် ထိုးနှက်လိုက်သည်။
ထိုလူကလည်း သူ့နည်းတူ လက်ကိုမြှောက်လာသည်။ တိုက်ခိုက်မှုကို မရှောင်နိုင်၍ လီဟူ၏ တိုက်ခိုက်မှုကို ပြန်တိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။
“ဒုန်း”
နှစ်ယောက်လုံး လက်သီးချင်း ထိုးမိပြီးသည်နှင့် လူချင်း ပြန်ခွာလိုက်သည်။ သူတို့က တစ်ယောက်နှင့် တစ်ယောက် လက်ရည်တူနေ၏။
သို့သော် လီဟူဘေးမှနေ၍ လူတစ်ယောက်က ပြေးတက်သွားပြီး လက်ကိုဆန့်၍ ထိုလူ၏ ပခုံးကို ဖမ်းချုပ်သည်။
ယင်းက နပမ်းလုံးခြင်းပညာပင်။
ထိုလူက ကိုယ်ကိုယိမ်း၍ လှိမ့်သွားသည်။ ထို့နောက် ပြန်ခုန်ထ၍ ခြေထောက်တစ်ဖက်ကို မြှောက်၍ လီဟူအား လှမ်းကန်သည်။
“မင်း သူ့ကိုယ်အောက်ပိုင်းကိုတိုက်၊ ငါ အပေါ်ပိုင်းကို တိုက်မယ်”
လီဟူက အော်လိုက်သည်။ နှစ်ယောက်လုံး တွဲဖက်ညီညီ လှုပ်ရှားနိုင်သဖြင့် ရန်သူကို လျင်မြန်စွာ ဖိနှိပ်သွားနိုင်သည်။
တစ်ဖက်တွင် တပ်ကြပ်ကောင်းက နောက်အဖွဲ့ဝင်နှစ်ဦး၏ အကူအညီဖြင့် ကျန်တစ်ယောက်ကို အားသိပ်မထုတ် လိုက်ရဘဲ အနိုင်ရသွားခဲ့သည်။
ထို့နောက် ငါးယောက်သား ထိုနှစ်ယောက်ကို အမှောက်သိပ်၍ ကြိုးတုပ်လိုက်သည်။
“ဟီးဟီး မင်းအလှည့်ပဲ”
လီဟူ၏ မျက်လုံးများက အရောင်တောက်နေ၏။ ငါးယောက်လုံးက ထွားကြိုင်းသောလူကို ဝံပုလွေအုပ်က သားကောင်ကို ဝိုင်းသကဲ့သို့ ဝိုင်းထားလိုက်သည်။
“ခုနက ဟိုနှစ်ယောက်နဲ့ အတူတူ မတိုက်ခိုက်မိတာကို နောင်တရနေလား”
လီဟူဘေးမှလူက မေးလိုက်ပြီး စိတ်အေးလက်အေး အမူအရာဖြင့် ရယ်နေသည်။
ကမ္ဘာမြေရဲ့ ဂိတ်တံခါးမှ လူများသည် တကယ်ပင် တစ်မူထူးခြားလှသည်။ ခုနက လူနှစ်ယောက်သည် အတိုက်အခိုက် စွမ်းရည်၌ သူတို့နှင့် ယှဉ်နိုင်သည်။ သူတို့ဘက်ကသာ လူပိုမများနေလျင် သူတို့ကို အနိုင်ယူရန် မလွယ်ပေ။
ထိုအချိန်က ထွားကြိုင်းသောလူသည် ဘေးမှနေ၍ ကြည့်သာ ကြည့်နေသည်။ သူ မတိုက်ခိုက်သလို ပြေးလည်း မပြေးချေ။ သူသည် ထိုးကျွေးတတ်သူတစ်ဦး ဖြစ်နေသည်က ငြင်းမရသော အချက်ဖြစ်ပြီး သူတို့က အခြေအနေ အသာစီးရအောင် လုပ်ပေးခဲ့သည်။
ဤသုံးယောက်ကို ဖမ်းခေါ်သွားပြီး တည်နေရာကို အတည်ပြုပြီးချင် ယနေ့ မစ်ရှင်က ပြီးသွားပေမည်။ မစ်ရှင်က မယုံနိုင်လောက်အောင် ချောမွေ့နေ၏။
ထွားကြိုင်းသောသူသည် အဝိုင်းခံထားရသော်လည်း တည်ငြိမ်နေသည်။ သူက အေးအေးလူလူဖြင့် ဇတ်ချိုးနေ လိုက်သေးသည်။
“မင်းတို့က နည်းနည်းလေး လိုနေသေးပင်မယ့်၊ ငါးယောက်လုံးက ငါ့ကို သွေးပူအောင် လုပ်ပေးနိုင် လောက်ပါတယ်’
သူ့အသံက နှိုင်းမရအောင် အေးစက်နေပြီး တပ်ကြပ်ကောင်းတို့ ငါးယောက်ကို လက်ညှိုးကိုကွေး၍ ရန်စနေသည်။
“မင်း သေချင်နေတာပဲ”
လီဟူက အော်ဟစ်လိုက်ပြီး အကြည့်များက အေးစက်လာကာ ထွားကြိုင်းသောလူထံ ပြေးဝင်သွားသည်။
သူက ကိုယ်ကိုကိုင်း၍ လေထဲ တစ်ချက်ခုန်လိုက်ပြီး ကိုယ်ကိုလှည့်ကာ ထွားကြိုင်းသောလူ၏ ဦးခေါင်းကို ဦးတည်၍ တစ်ပတ်လည် ကန်ချက်ဖြင့် ကန်လိုက်သည်။
ယင်းသည် သူ၏ ပုံသေ လှုပ်ရှားမှုဖြစ်သလို သူ၏ အသန်မာဆုံး တိုက်ကွက်လည်း ဖြစ်သည်။ သူ့တိုက်ခိုက်မှုကို လူတော်တော်များများ မတားဆီးနိုင်ဟု သူ ယုံကြည်ထားသည်။
ထွားကြိုင်းသောလူက နေရာ၌ ရပ်မြဲရပ်နေသည်ကို မြင်သော် လီဟူ၏ မျက်လုံးတွင် စိတ်လှုပ်ရှားသော အရိပ်အယောင် ပေါ်လာသည်။
သို့သော် ထိုသို့သောအချိန်မှာပင် ထွားကြိုင်းသောလူက လှုပ်ရှားလာ၏။ သူက ဘယ်ဘက်လက်ကို လျင်မြန်စွာ မြှောက်၍ ကာစီးလေသည်။
“ဘန်း”
လီဟူ ဂုဏ်ယူနေခဲ့သော ကန်ချက်က သူ့လက်ထဲ၌ ခြေချုပ်မိသွားလေသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
လီဟူ၏ အသံတွင် မယုံနိုင်ဟန်တို့နှင့် ပြည့်နှက်နေ၏။ ချက်ချင်းဆိုသလိုပင် သူ့တစ်ကိုယ်လုံး အေးစက်သွားသည်။
ထိုတိုက်ခိုက်မှုတွင် သူ၏ ခွန်အား အကုန်နီးပါး ပါဝင်နေသော်လည်း ထိုလူက အသာလေး တားဆီးလိုက် နိုင်သည်တဲ့လား။
တပ်ကြပ်ကောင်းနှင့် အခြားသူများသည်လည်း သူ့နည်းတူ အံ့ဩသွားကြသည်။ လီဟူ၏ ထိုတိုက်ခိုက်မှုကို သူတို့ ရင်းနှီးနေပြီးသား ဖြစ်သည်။
ထွားကြိုင်းသောလူက လက်ကို လွှဲယမ်းလိုက်သောအခါ လီဟူသည် ပင်လယ်ထဲမှ လှေငယ်လေးကဲ့သို့ လွင့်ခါသွားသည်။
“ဦးလေးလီ”
ရှုနန် ချက်ချင်း ပြေးတက်လာပြီး လီဟူအား စိုးရိမ်တကြီး ကြည့်သည်။
“ဦးလေးလီ ရှင် အဆင်ပြေရဲ့လား”
လီဟူသည် မြေကြီးပေါ်၌ အကြိမ်အနည်းငယ်မျှ လှိမ့်နေပြီး ရှက်နေပုံရသည်။
“ငါ အဆင်ပြေပါတယ်၊ ခြေထောက် ကျိုးသွားရုံလေးပါ’
သူ ထရပ်ချင်ပါသော်လည်း သူ့ခြေထောက်မှ ဝေဒနာက သူ့အား ပင့်သက်ရှိုက်သွားစေခဲ့သည်။
ထွားကြိုင်းသောလူက ထိုမျှ သန်မာနေလိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း။ အသာလေး ဖမ်းချုပ်ထားရုံဖြင့် သူ့ခြေထောက်မှ အရိုးများ ကျိုးကုန်သည်။
“အဲ့လူက ကြောက်ဖို့ကောင်းတယ်”
လီဟူသည် ထွားကြိုင်းသောလူအား စိုက်ကြည့်နေပြီး မျက်လုံးတွင် ကြောက်ရွံ့ဟန် ပေါ်နေသည်။ သူ့စိတ်ထဲ၌ မုန်တိုင်း ထန်နေလေသည်။
တပ်ကြပ်ကောင်းနှင့် ကျန်လူများသည်လည်း ထွားကြိုင်းသောလူကို ရင်ဆိုင်နေကြပြီး သူတို့စိတ်ထဲတွင်လည်း အလွန် စိတ်မသက်မသာ ဖြစ်နေကာ မကောင်းသော ခံစားချက်တစ်ခု ရနေ၏။