မိန်းကလေးနှစ်ယောက်၏စကားနိုင်လုပွဲ.....
Vol. 12 Ch. 160
နံနင်ခင်း လင်းရောင်ခြည်တွေသည် ပျားရည်များသဖွယ် ကန်ရေပြင်ထက်တွင် ထင်ဟပ်တောက်ပနေသည်။
မိန်းမလှလေးသုံးဉီး ကန်နံဘေးတွင် ရပ်နေသောမြင်ကွင်းသည် ပို၍ပင် မျက်စိပဒါသဖြစ်ဖွယ်ကောင်းလှသည်။
ယန်လင်းချီသည် ထျန်ရှုမှာကတည်းက လီလော့နှင့်တတွဲတွဲ ဖြစ်နေသော လုချင်းအာကို စိတ်ဝင်တစားအကဲခတ်နေလေသည်။
ဒါပေမယ့်လည်း လီလော့၏ ရုပ်ရည်၊ အဆင့်အတန်း၊ အရည်အချင်းတွေကြောင့် မိန်းကလေးတိုင်း စိတ်ဝင်စားကြသည်မှာ ထူးတော့ ထူးဆန်းမနေခဲ့ပေ။
သို့သော်လည်း လုချင်းအာသည် ကျန်းချင်းအာကို တွေ့လိုက်ကတည်းက ခေါင်းမော့ ရင်ကော့ပြီး ယုံကြည်ချက်ရှိရှိ ရင်ဆိုင်ရန် အသင့်ပြင်ထားပုံရသည်။
တကယ်ဆို ကျန်းချင်းအာနှင့် လီလော့တို့က စေ့စပ်ပြီးသားဖြစ်နေသည့်အတွက် သူမသာ လီလော့ကိုစိတ်ဝင်စားနေမည်ဆိုပါက ကျန်းချင်းအာရောက်လာသည်ကို အံ့သြနေသင့်သည်မဟုတ်လော.....
ပွဲကြီးပွဲကောင်းနှင့် ကြုံရတော့မည်ဖြစ်သောကြောင့် ယန်လင်းချီ စိတ်လှုပ်ရှားနေပြီဖြစ်သည်။
" ချင်းအာ....နင် လီလော့ဆီက ပြန်လာတာလား...."
ကျန်းချင်းအာက သဘယဝကျကျမေးခွန်းထုတ်လိုက်သည်။
လုချင်းအာ ခေါင်းညိတ်ပြလိုက်သည်။ ဤတွေ့ဆုံမှုသည် တိုက်ဆိုင်မှုမဖြစ်နိူင်တော့ပေ။ယုလန်နှင့်အတူ သူမ လီလော့ဆီသွားခဲ့မှန်း ကျန်းချင်းအာ သိနှင့်နေပြီ။
"လီလော့တို့အဖွဲ့နဲ့ သွားတွေ့တာပါ...."
" နင့်ကြည့်ရတာ မပျော်သလိုပဲ....ကြည့်ရတာ လီလော့ကတော့ သစ်သားတုံးလို မလှုပ်မယှက်လုပ်နေတုန်းပဲထင်တယ်....သူက ငယ်သေးတော့ နင်နဲ့ ဘယ်လောက်ပဲခင်မင်ရင်းနှီးနေပါစေ နင့်ဘက်ကသာ ထုတ်မပြောရင် နင် သူ့ကို ကြိုက်နေမှန်း သိမှာမဟုတ်ဘူး...."
ယန်လင်းချီ မျက်ခုံးပင့်လိုက်မိသည်။ ကျန်းချင်းအာသည် မြင်မြင်ချင်း ဆောက်နဲ့ထွင်းဆိုသလို တည့်ကြီးပြောချလိုက်လေပြီ။
အားနည်းတဲ့ရန်သူသာဆို ဒီစကားတစ်ခွန်းနဲ့တင် မူးမေ့လဲသွားလောက်ပြီ.....
လုချင်းအာ စိတ်ရှုပ်နေသော်လည်း အတတ်နိူင်ဆုံးစိတ်ထိန်းနေရရှာသည်။
" စီနီယာ ဘာကိုပြောချင်တာလဲ...."
" ငါ့အထင်တော့ တကယ်တမ်းပြောစရာရှိနေတာ နင်မဟုတ်လား....."
" တကယ်တော့ ကျွန်မမှာ ဘာမှပြောစရာမရှိပါဘူး...အကယ်၍ စိနီယာက လီလော့နဲ့ စေ့စပ်ထားတဲ့အကြောင်း နောက်ကြောင်းပြန်လှန်ချင်ရင်တော့ ကျွန်မ ကြိုပြီးတောင်းပန်ထားပါရစေ....."
ယန်လင်းချီ လက်သီးဆုပ်လိုက်မိသည်။လုချင်းအာသည် ထင်ထားသည်ထက်ပင် တန်ပြန်တိုက်စစ်ဆင်နိုင်နေသေးသည်။
" အိုးး ဘာ့ကြောင့်များလဲ..."
လုချင်းအာသည် ကျန်းချင်းအာ၏ ရွှေရောင်မျက်ဝန်းများကို အကြောက်အလန့်ကင်းစွာ စိုက်ကြည့်လိုက်ပြီး.....
" ဘာ့ကြောင့်လဲဆိုတော့ စီနီယာတို့ရဲ့စေ့စပ်ထားတာ တစ်ယောက်ကိုတစ်ယောက် ချစ်ကြလို့မှမဟုတ်တာ....လီလော့ရဲ့ မိဘတွေအပေါ် ကျေးဇူးဆပ်ချင်လို့မဟုတ်လား .....ဒီလိုပြောရတာက စီနီယာဘက်က လီလော့အပေါ် ခံစားချက်မရှိဘူးလို့ပြောချင်တာမဟုတ်ပါဘူး....တကယ်တမ်းကျတော့ စီနီယာကလီလော့ကို ချစ်တာထက် တခြားအရာတွေကို ပိုအရေးထားနေခဲ့တာကို ပြောချင်တာ....စီနီယာတို့က သွေးသားတော်စပ်ကြတာမဟုတ်ပေမယ့် ကိုယ့်ကိုကိုယ် မိသားစုဝင်တစ်ယောက်လိုခံယူထားတယ်မဟုတ်လား...လီလော့အတွက်ဆို စီနီယာ ဘာမဆိုလုပ်ပေးချင်တယ်မဟုတ်လား....ဒါပေမယ့် လက်ထပ်လိုက်စရာမှမလိုတာ....စီနီယာဘက်က လီလော့ကို အခုလောလောဆယ် မကြိုက်သေးဘူးမဟုတ်လား...."
ဆရာကျချက်ပဲ.....
ယန်လင်းချီ တုန်လှုပ်နေမိသည်။ အနီးကပ်ပေါင်းလာတဲ့သူငယ်ချင်းတွေဖြသ်တာကြောင့် ကျန်းချင်းအာ အကြောင်းသူမကောင်းကောင်းကြီးသိပေသည်။ကျန်းချင်းအာသည် လီလော့ကို သူ့ကိုယ်ပိုင်ဘဝထက်ပင် တန်ဖိုးထားသူဖြစ်သည်။ သို့သော်လည်း ချစ်သူတစ်ယောက်အနေနှင့် မသတ်မှတ်ထားသေးပေ။
ဒါကလည်း ကျန်းချင်းအာ၏အပြစ်မဟုတ်ခဲ့ပေ။သူမအတွက် အချစ်ရေးကို အလေးအနက်စဉ်းစားနေဖို့လည်း အချိန်မရှိခဲ့ရှာပေ။
နောက်ဆုံးမှာတော့ သူမနှင့်လီလော့ကြားမှာ လေးနက်တဲ့ သံယောဇဉ်တွေသာရှိနေခဲ့သည်။
လီလော့နှင့် ကျန်းချင်းအာတို့နှစ်ယောက်ကြားတွင် ဖြေရှင်းရန် ခက်လှသော ရှုပ်ထွေးသည့် ခံစားချက်များရှိနေဆဲပင်။
လုချင်းအာ၏ ထိမိလှသော စကားလုံးများကြောင့် ကျန်းချင်းအာ မျက်လုံးပြူးသွားလေသည်။
"အဲ့တော့...."
" အဲ့တော့...လီလော့ကိုသာ တကယ်ဂရုစိုက်တယ်ဆို စီနီယာဘက်က စပြီးစေ့စပ်ပွဲ ဖျက်သိမ်းပေးသင့်တယ်...."
" နင်ကတော့ စံပဲ....နင် လီလော့ကို ပွင့်ပွင့်လင်းလင်း သဘောကျလို့ရအောင် ငါ့ဘက် စေ့စပ်ပွဲဖျက်ပေးရမယ်ပေါ့....."
" ဒါ..လီလော့အတွက် အကောင်းဆုံးဖြစ်မှာပါ...."
" အင်း...တစ်ဖက်ကလှည့်တွေးရင် နင်ပြောတာ ယုတ္တိရှိသားပဲ...."
ကျန်းချင်းအာဘက်က လွယ်လွယ်ကူကူလက်ခံလိုက်တဲ့အတွက် လုချင်းအာ အံ့သြရသလို ပျော်လည်းပျော်နေမိတယ်...သို့ပေမယ့်......
"စေ့စပ်ပွဲဖျက်ဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး....."
ကျန်းချင်းအာ၏ စကားလုံးများသည် လုချင်းအာအတွက်တော့ ရေအေးတစ်ပုံးနှင့်လောင်းချလိုက်သည့်နှယ်......
"စေ့စပ်ပွဲက ဆရာသခင်တို့နှစ်ယောက်ကိုယ်တိုင် အတည်ပြုပေးထားတာ...ဒါ့ကြောင့်မို့ ငါနဲ့လီလော့ကြားမှာ ဘယ်လိုပဲ ခံစားချက်တွေရှုပ်ထွေးနေပါစေ ဖျက်သိမ်းလိုက်လို့မရဘူး....."
" စီနီယာ တကယ် တကိုယ်ကောင်းဆန်တာပဲ....လီလော့မှာသာ ချစ်ရမယ့်သူရှိလာရင် ဘယ်လိုလုပ်မလဲ....သူ့ကို ဝမ်းနည်းစေချင်တာလား....."
မဆီမဆိုင် ယန်လင်းချီကပါ ခေါင်းညိတ်ထောက်ခံလိုက်မိသည်။
မေးခွန်းကောင်းပဲ....နင်ဘယ်လိုဖြေမလဲ ကျန်းချင်းအာ......
ကျန်းချင်းအာက ရုတ်တရက်ကြီးပြုံးလိုက်ပြီး.....
" အခုပြောနေတာ နင့်အတွက်လား...အဲ့လောက်တောင် ယုံကြည်မှုရှိတယ်ပေါ့...."
" ဘာလို့လဲ...မဖြစ်နိုင်ဘူးလား....."
" လော့လန်အိမ်တော်က အကျယ်ကြီးပါ...မိန်းမတစ်ယောက်လောက် ပိုလာလို့လဲ ဘာမှမဖြစ်သွားပါဘူး...."
ထိုစကားကြောင့် လုချင်းအာရော ယန်လင်းချီပါ ဆွံ့အကုန်ကြလေပြီ။
ကျန်းချင်းအာ....နင်ရူးနေပြီလား.....
လုချင်းအာကလည်း ထိုအခါမှသာ ခြင်အော်သံလိုတိုးလျသောအသံဖြင့်......
"စီ...စီနီယာ...ဘာတွေပြောနေတာလဲ...."
" ငါပါးစပ်က လုံးစေ့ပတ်စေ့ ထုတ်ပြောရမှာလား...နင့်မှာသာ လုပ်နိုင်စွမ်းရှိတယ်ဆို ငါကတော့ စိတ်မရှိဘူး...ကြိုက်တာသာလုပ်...."
ရှင်ဘာမှဖြစ်ပေမယ့် ကျွန်မကတော့ဖြစ်တယ်....
လုချင်းအာ စိတ်ထဲကနေသာအော်ဟစ်ငိုကြွေးနေမိတော့သည်။ ကျန်းချင်းအာသည် သူမ ကြိုးစားပြင်ဆင်ခဲ့ရသမျှကိုတစ်ချက်တည်း ရိုက်ချသွားလေပြီ။
လုချင်းအာတစ်ယောက် လေအလျင်လို အမြန်နှုန်းဖြင့် တချိုးတည်း လှည့်ပြေးလေတော့သည်။
" နင် နည်းနည်းတော့လွန်တယ်လို့မထင်မိဘူးလား...."
ယန်လင်းချီသည် ထွက်ပြေးသွားသော လုချင်းအာကို ကြည့်ရင်း ကျန်းချင်းအာကို မေးလိုက်သည်။
" နင် တကယ်ပြောလိုက်တာလား ချင်းအာ...."
" ဘယ်လိုထင်လဲ...."
" ငါမသိဘူး...အကယ်၍ ဒီစကားကအတည်ဆိုရင်...."
"နင့်အတွက်လည်း အကျုံးဝင်တယ်မလားလို့မေးမလို့လား....."
ကျန်းချင်းအာ အတည်ပေါက်နဲ့ စနောက်နေလိုက်သေးသည်။
" နင် သေချင်နေပြီလား....ခုနက နင်စကားပြောနေပုံက ရည်းစားလုဖက်နဲ့ စကားနိုင်လုနေတာနဲ့မတူဘဲ မောင်ဖြစ်သူအတွက် သတို့သမီးရှာပေးနေတဲ့ အစ်မကြီးနဲ့ပိုတူတယ်.....လီလော့လဲ ဒါကိုသဘောကျမှမဟုတ်ဘူး...နင့်ရဲ့ရှုပ်ထွေးနေတဲ့ခံစားချက်တွေကို နင်ကိုယ်တိုင်ပဲ ဖြေရှင်းသင့်တယ်....ဒီအတိုင်းသာဆက်သွားရင် နောင်တရစရာတွေဖြစ်လာလိမ့်မယ်....."
ကျန်းချင်းအာ အတော်ကြာသည်အထိ တိတ်ဆိတ်နေလေ၏။
" ကဲပါ....နင် လီလော့ဆီ နံနက်စာသွားမပို့တော့ဘူးလား...."
ကျန်းချင်းအာ မမှုမဲ့အမှတ်မဲ့ ချေမွမိလိုက်သော ကျောက်ရုပ်တုကိုကြည့်လိုက်ပြီး.....
" မသွားတော့ဘူး... သူ့ကိုမြင်တာနဲ့ ဒီရုပ်ထုလို အမှုန့်ချေမိလိမ့်မယ်....."