အဖွဲ့ နာမည်.....
Vol. 12 Ch. 165
အသေးစိတ်သေချာ စီစဉ် ညှိနှိုင်းပြီးကြသည့်အခါ လီလော့သည် ကျောက်ခွော်တို့နှင့် လူစုခွဲခဲ့ပြီး လုချင်းအာ၊ ယုလန်တို့နှင့်အတူ အဆောင်ပြန်ဖို့ ပြင်လိုက်သည်။
လှေကားပေါ်အောက်သို့ ရောက်သောအခါ လီလော့၏ ခြေလှမ်းများရပ်တန့်သွားခဲ့သည်။
ချဉ်းကပ်လာသော လူတစ်စုထဲတွင် ရန်သူတော်ဟောင်းကြီး ရှီဟွမ်ပါနေသောကြောင့်ပင်.....
ရှီဟွမ်သည် ယခင်ရှုံးနိမ့်ခဲ့မှုများကြောင့် စိတ်အားထက်သန်မှုများ ဆုံးရှုံးနေသော်လည်း မျက်ဝန်းများကတော့ စူးရှတောက်ပနေဆဲပင်......
ရှီဟွမ်နှင့်အတူပါလာသော ကျောင်းသားသုံးဉီးထဲတွင် တစ်ဉီးသည် ခေါင်းဆောင်ဖြစ်ပုံရပြီး ထိုလူသည် ဆံပင်ရှည်ရှည်၊မျက်ခုံးကောင်းကောင်းနှင့် ခက်ထန်ပုံရသည်။
ရုပ်ကြမ်းသောထိုလူငယ်က လီလော့ကို မြင်သည်နှင့်ပြုံးပြလိုက်ပြီး.....
"လီလော့...ငါတို့မင်းကို လာရှာတာ...."
လီလော့လည်း တခဏလောက်စဉ်းစားပြီးနောက်.....
" ရှန်းယာ??"
ထိုကဲ့သို့ ယုံကြည်မှုရှိရှိပြောရဲသည့်အတွက် ထိုလူငယ်ကို အုပ်ချုပ်သူများအဖွဲ့၏ ခေါင်းဆောင်ဟု ယူဆလိုက်ခြင်းဖြစ်သည်။
" လီလော့က ငါ့ကိုသိနေတယ်ဆိုတော့ ဂုဏ်ယူရမှာပေါ့...ဒီလောက်ဆို ငါတို့စီစဉ်ထားတာတွေကိုလည်း သိပြီးနေပြီမလား...."
" လူငယ်တွေအတွက် ရည်မှန်းချက်ရှိတာ ကောင်းတာပဲလေ...."
" အခုလိုအားပေးစကားပြောပေးတဲ့အတွက် ကျေးဇူးပါ....မင်းတို့အဖွဲ့ကို ဖြုတ်ချဖို့ ငါတို့ကလည်း အစွမ်းကုန်ကြိုးစားမှာပါ...."
" ကံကောင်းပါစေ....ကျားကို အမဲလိုက်ခါမှ ကျားကိုက်ခံရတာနဲ့ပဲ အဆုံးသတ်နေဉီးမယ်....သတိတော့ထားကြပေါ့ကွာ..."
လီလော့သည် ထိုသို့ပြောပြီးသည်နှင့် ယုလန်တို့နှင့်အတူ ထွက်လာခဲ့လိုက်သည်။
လီလော့သည် အစကနေအဆုံးထိ ရှီယွမ်ကို စကားတစ်ခွန်းမျှမပြောခဲ့ပေ။
အရှုံးသမားများကို အာရုံစိုက်နေစရာမလိုတော့ပေ။
ဒါကိုသဘောပေါက်နေသော ရှီယွမ်ကလည်း လီလော့၏ကျောပြင်ကိုပေါက်ထွက်မတတ်စိုက်ကြည့်နေလေ၏။
" ထားလိုက်စမ်းပါ...သူက ထျန်ရှုမှာတုန်းကလို အသုံးမကျတဲ့သခင်လေးမဟုတ်တော့ဘူး....ဒူဇီပိုင်ရွှမ်းကိုတောင် အနိုင်ယူနိုင်တဲ့အထိ သန်မာနေပြီ....ဒါပေမယ့် ဒီလူသန်မာတဲ့သူကို ဖြုတ်ချနိုင်ရင်တော့ ငါတို့အတွက် ဂုဏ်ယူစရာဖြစ်လာပြီပေါ့....."
ရှန်းယာသည် ထိုသို့ပြောပြီးသည်နှင့် ရှီယွမ် တို့ကိုဉီးဆောင်ကာ စားသောက်ဆိုင်အပေါ်ထပ်ရှိ အခန်းတစ်ခုရှေ့သို့ရောက်လာခဲ့သည်။
ထိုအခန်းထဲတွင် ဝမ်ဟေးကျူနှင့်ဒူဇီပိုင်ရွှမ်းတို့ရှိနေကြသည်။
" မင်းတို့ရောက်လာပြီလား..."
" ကျုပ်တို့တွေ ခုလေးတင် လီလော့နဲ့တွေ့လာတာ...ကောင်းကောင်း ခနဲ့ခဲ့တယ်..."
ရှန်းယာက ပြောပြောဆိုဆိုနဲ့ ဝမ်ဟေးကျူနှင့် မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်သည်။
" ငါတို့ မင်းကို မလိုဘူး...လီလော့ကို ငါတို့ဘာသာ ရှင်းနိုင်တယ်....."
ဒူဇီပိုင်ရွှမ်း ထိုသို့ပြောလိုက်သောအခါ ရှန်းယာကလည်း.....
"တစ်ခါခံရဖူးတာတောင် မမှတ်သေးဘူးလား....နောက်ထပ်ခါလည်း ဒီလိုပဲထပ်ဖြစ်မယ်ဆို မင်းတော့သွားပြီ...."
" ရှန်းယာ...ငါတို့ကို မင်းတို့ရွှေအဆင့်အဖွဲ့ကို မယှဉ်နိုင်ဘူး ထင်နေတာလား...."
နှစ်ယောက်သား ရန်ဖြစ်ကျတော့မည်ကို ကြိုမြင်နေသောကြောင့် ဝမ်ဟေးကျူ ဝင်ဟန့်လိုက်ရလေသည်။
"တော်ကြတော့....အချင်းမများဘဲ စကားကောင်းကောင်းပြောကြရအောင်...."
ရှန်းယာက ရေနွေးတစ်ငုံသောက်လိုက်ပြီး.....
" ဒါပေါ့...ကျုပ်တို့ဘက်က လီလော့ကို အခက်အခဲ ဖြစ်အောင် အတတ်နိုငိကြိုးစားပေးမယ်....ဒီကောင် စော်စော်ကားကားပြောသွားတာ အတော်များနေပြီ...အဲ့အတွက် ဆုလာဒ်လေး ဘာလေးမရှိဘူးလား....နောက်နှစ်ကျရင် နည်းပြရှန်ကျင်းရှောင်က တပည့်အသစ်ထပ်ရွေးဖို့ရှိတယ်မဟုတ်လား...."
" အခုချိန်ကစပြီး အကောင်းဆုံးကြိုးစားကြပေါ့..."
ဝမ်ဟေးကျူကို ရှန်းယာ အတောက်ပဆုံးပြုံးပြလိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။
..........................................................
လီလော့သည် အဆောင်ကိုပြန်ရောက်သည်နှင့် ရှင်းဖူနှင့် ပိုင်မျန်မျန်တို့ကိုခေါ်ပြီး ကျောက်ခွော်တို့နှင့် တိုင်ပင်ခဲ့သည်များကို ပြောပြလိုက်သည်။
သူသည် ခေါင်းဆောင်တစ်ဉီးဖြစ်သော်လည်းအဖွဲ့သားများအပေါ် လေးစားမှုရှိရမည်မဟုတ်လော.....
" အုပ်ချုပ်သူများအဖွဲ့က ရှီဟွမ်နဲ့ငါက ကျောင်းတော်ကရန်စတွေရှိဖူးတယ်...မင်းတို့တွေမဆိုင်ဘဲ ကြားညပ်ကုန်တာ....."
ပိုင်မျန်မျန်က နှစ်လိုဖွယ်ကောင်းစွာ ပြုံးနေပြီး....
" ခေါင်းဆောင် ...ကျွန်မတို့က တစ်ဖွဲ့တည်းသားတွေပါ....ခေါင်းဆောင်ကို ပြသာနာလာရှာတာက ကျွန်မတို့ကို ပြသာနာလာရှာတာနဲ့အတူတူပါပဲ..အဲ့တော့ ဘာမှစိတ်မကောင်းဖြစ်မနေနဲ့...."
"ရှင်းဖူ ရှင်လည်း ကျော်ခွော်တို့ကို ကူညီမယ်မဟုတ်လား...."
ရှင်းဖူ အီလည်လည်နဲ့သာ ခေါင်းညိတ်လိုက်ရလေသည်။
"ကဲ..ဒါဆို ရှင်းဖူက ကျောက်ခွော်တို့ကို ကူညီပေးလိမ့်မယ်...ငါနဲ့ပိုင်မျန်မျန်က အုပ်ချုပ်သူများအဖွဲ့ကို ဟန့်တားပေးထားမယ်...ပြီးတော့ ခရမ်းအဆင့်ငါးဖွဲ့ကို သီးခြားစီနေရာချပေးမှာဆိုတော့ ငါတို့ကိုလာနှောက်ယှက်နေမှာ ပူစရာမလိုတော့ဘူး..."
" ခေါင်းဆောင်...ကျွန်မတို့နှစ်ယောက်တည်းအဆင်ပြေပါ့မလား...အုပ်ချုပ်သူများအဖွဲ့က သန်မာတယ်လို့ကြားထားတယ်....သတိထားတာအကောင်းဆုံးပဲ...."
" ဒါပေါ့....ဘယ်ပေါ့လျော့လို့ဖြစ်ပါ့မလဲ...ငါ့မှာစီစဉ်ထားတာတွေရှိတယ်..."
" အော်.ဒါနဲ့ နည်းပြချီချန်းကပြောတယ်..လပတ်စစ်ဆေးမှုအတွက် စာရင်းသွင်းရတော့မှာမို့ အဖွဲ့နာမည် စဉ်းစားထားပါတဲ့...မမတို့အဖွဲ့က လေစီးနင်းသူအဖွဲ့... ချင်ဇူလုတို့က ရှင်းသန့်သောလမင်း...ရိလီရှတို့က ဆောင်ဉီးသစ်ရွက်....ဝမ်ဟေးကျူတို့က ရွှေတံခါးအဖွဲ့တဲ့....."
// အိုး...ရှင်းသန့်သောလမင်းတဲ့လား ဒါမိန်းကလေးနှစ်ယောက်စဉ်းစားထားတာမှန်းသိပ်သိသာတာပဲ...ချင်ဇူလုတော့ ဘယ်လိုနေမလဲမသိဘူး....//
" ငါ ဟိုအရင်တုန်းကတည်းက စဉ်းစားထားတဲ့နာမည်တစ်ခုရှိတယ်....."
ရှင်းဖူတို့သည် လီလော့ကို အားကိုးတကြီးကြည့်နေကြလေသည်။
"သူရဲကောင်းဆန်ပြီး တရားမျှတမှုကိုကိုယ်စားပြုတဲ့အနေနဲ့ တရားမျှတမှုအဖွဲ့လို့
နာမည်ပေးလိုက်ကြမယ်လေ...ငါတို့သုံးယောက်လုံးက အင်မတန်ရုပ်ချောတယ်မဟုတ်လား...ရုပ်ချောတာကလည်း တရားမျှတတာပဲပေါ့....."
ဘယ်လို ဟာသမျိုးလဲ.....
ရှင်းဖူ အံ့သြလွန်းလို့ ဘာပြောရမှန်းတောင်မတော့ပေ။
" သဘောမကျတဲ့သူရှိလား...မင်းတို့ ကိုယ်ရုပ်ရည်ကို ယုံကြည်မှုမရှိကြဘူးလား...."
ရှင်းဖူသည် ရုပ်ရည်ကို သိပ်ဂရုစိုက်သူမဟုတ်သော်လည်း ရုပ်ဆိုးသည်ဟုတော့အထင်မခံနိုင်ပေ။
" ခေါင်းဆောင်စဉ်းစားထားတဲ့နာမည်က အဓိပ္ပါယ်ရှိသားပဲ...."
" မျန်မျန် နင်တောင် အတော်တိုးတက်လာပြီပဲ....."
" ကောင်းပြီ...ငြင်းမယ့်သူမရှိဘူးဆို နည်းပြကို မနက်ဖြန် စာရင်းသွင်းခိုင်းလိုက်တော့မယ်...."
လီလော့က လက်တစ်ဖက်ကိုဆန့်ထုတ်လိုက်ပြီး.....
" လာကြ...အဖွဲ့သစ်တစ်ခုမွေးဖွားတဲ့အထိမ်းအမှတ်နဲ့ လက်ချင်းထပ်လိုက်ရအောင်....."
ပိုင်မျန်မျန်က နာခံစွာနဲ့ လက်ထပ်လိုက်သော်လည်း ရှင်းဖူကတော့ ကလေးဆန်သည်ဟု ယူဆသောကြောင့် ပေကပ်နေလေ၏။
"မျန်မျန်ရေ....ရှင်းဖူကိုကြည့်ရတာ လေ့ကျင့်ရတာပင်ပန်းနေပြီနဲ့တူတယ်....ကန်တင်းသွားစရာမလိုအောင် အစားအသောက်တွေ ချက်ပေးလိုက်ပါဉီး....."
ထိုအခါမှသာ ရှင်းဖူ ချက်ချင်းလက်ထပ်လိုက်ပြီး....
" မျန်မျန့်ကို အားနာဖို့ကောင်းတယ်...."
လီလော့ကတော့ ငါသိတယ်နော် ဆိုသည့်အပြုံးမျိုးသာ ပြုံးနေလေ၏။