ပါးကိုက်နားကိုက်
Vol. 7 Ch. 91
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း ၉၁ - ပါးကိုက်နားကိုက်
Translator – Than Toe Aung
တပည့်တစ်ယောက်ယောက်က ဂိုဏ်းစည်းကမ်းကို ဖောက်ဖျက်တာမျိုး လုပ်ခဲ့လျှင် စည်းကမ်းထိန်းသိမ်းရေးခန်းမမှ တစ်ယောက်ယောက်က လာပြီး ဖြေရှင်းပေးရသည်မှာ ပုံမှန်ပင် ဖြစ်လေသည်။
သို့သော်လည်း ယခု ရောက်လာသူက ဖုန်ဟောက်ယွီနှင့် ဆက်ဆံရေး အထူးကောင်းမွန်သောသူ ဖြစ်နေတာကတော့ နည်းနည်း ထူးခြား၏။
ဤပုဂ္ဂိုလ်က ကောင်းသောရည်ရွယ်ချက်ဖြင့် ရောက်လာဟန်တော့ မတူပေ။
ချန်ယု၏ အမူအယာက တင်းမာခက်ထန်နေပြီး ဖရိုဖရဲဖြစ်နေသော လူအုပ်ကြီးကို ဝေ့ကြည့်လိုက်၏။ သူသည် ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်၍ ဖြည်းဖြည်းချင်း ဆင်းသက်လိုက်ပြီးနောက် ခပ်တင်းတင်း မေးလိုက်၏။
“ဆူဇီမိုဆိုတာ ဘယ်သူလဲ”
ဆူဇီမိုသည် စိတ်ဝိညာဉ်ကျား၏ ဒဏ်ရာကို အာရုံစိုက်ကုသပေးနေပြီး သူ့မျက်လုံးထဲက သားရဲဆန်သော အလင်းရောင်က ပျောက်ကွယ်သွားပေပြီ။ ထို့နောက် သူသည် အနည်းငယ် စိတ်မသက်မသာ ခံစားလာရ၏။
သူသည် စည်းကမ်းထိန်းသိမ်းရေးခန်းမမှ တပည့်ကို စိုးရိမ်နေတာ မဟုတ်ပေ။ အခြားတစ်ခုခုကို ဖြစ်၏။
ချန်ယု၏ မေးခွန်းကို ကြားသောအခါ ဆူဇီမိုသည် စိတ်ဝိညာဉ်ကျား၏ ကိုယ်ကို နှစ်သိမ့်သလို ပုတ်လိုက်ရင်း ထရပ်လိုက်၏။ ထို့နောက် သူသည် ချန်ယုကို လှည့်ကြည့်၍ တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
“ကျုပ်ပဲ”
“ငါးကြားတာတော့ မင်းက ဂိုဏ်းကို ရောက်တာ သုံးလတောင် မပြည့်သေးဘူးဆို”
“မှန်တယ်”
“မင်း အတင့်ရဲလှချည်လား”
ချန်ယုက ရုတ်တရတ် အေးစက်စွာ ဟိန်းဟောက်လိုက်၏။
ဆူဇီမိုက ဆိတ်ဆိတ်သာ နေ၏။
ဖုန်ဟောက်ယွီသည် လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး လှောင်ပြောင်လိုသည့်ဟန်ဖြင့် နှုတ်ခမ်းက အနည်းငယ် တွန့်ကွေးသွား၏။
ချန်ယုရောက်လာသည့်အချိန်မှစ၍ ဆူဇီမိုက အဆုံးသတ်သွားပြီဆိုတာ သူသိလိုက်၏။ ဆူဇီမိုသည် ဤအကျပ်အတည်းမှ ရုန်းထွက်နိုင်လိမ့်ဦးမည်ဟု သူ မထင်တော့ပေ။
အလျှော့ပေါ့ဆုံး အပြစ်ဒဏ်ဆိုလျှင်တောင် သူသည် နှစ်ကုန်ရင်ဆိုင်ယှဉ်ပြိုင်ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်တော့ပေ။
အဆိုးဆုံးအနေနှင့်တော့ ဆူဇီမိုသည် တိုက်ပိတ်ခံရတာဖြစ်ဖြစ်.. ကျင့်ကြံမှုကို ဖျက်ဆီးခံရတာဖြစ်ဖြစ်.. ဂိုဏ်းမှ ထုတ်ပယ်ခံရတာတောင် ဖြစ်နိုင်၏။
ဆူဇီမိုက တိတ်ဆိတ်နေတာကို ကြည့်ပြီး ချန်ယုသည် ကြိတ်ပြီးရယ်လိုက်ကာ ကြေငြာချက်ထုတ်လိုက်၏။
“ဆူဇီမို.. မင်းက ဂိုဏ်းစည်းကမ်းကို ဖောက်ဖျက်ပြီးတော့ ဂိုဏ်းသားအချင်းချင်းကို အနာတရဖြစ်အောင် လုပ်ခဲ့တယ်.. စည်းကမ်းထိန်းသိမ်းရေးခန်းမရဲ့ ကိုယ်စားအနေနဲ့ ငါ.. မင်းကို ကျင့်ကြံမှုဖျက်ဆီးပြီး ဂိုဏ်းကနေ ထုတ်ပယ်ရလိမ့်မယ်”
သူ ထိုစကားကို ပြောပြီးသည့်အခိုက်အတန့် လူတိုင်း၏ အမူအယာက ပြောင်းလဲသွားကြ၏။
ထိုအပြစ်ဒဏ်က လွန်စွာ ပြင်းထန်ရက်စက်လွန်း၏။
စိတ်ဝိညာဉ်တောင်ထွတ်က တပည့်များတောင်မှ ခံစားသွားရပြီး ဆူဇီမိုကို သနား၍ ကြည့်လိုက်ကြ၏။
ဆန်းကြယ်တောင်ထွတ်သို့ ဝင်ရောက်လာနိုင်သူတိုင်းသည် ပါရမီအလားအလာ ကောင်းသည့်သူများသာ ဖြစ်ကြ၏။ ယခုအခါ သူသည် ကျင့်ကြံမှုအဆင့်ကို ဖျက်ဆီးခံရမည်သာမက ဂိုဏ်းကပါ ထုတ်ပယ်ခံရပေဦးမည်။ ထိုအရာက မည်သူမျှ လက်မခံနိုင်သော ရိုက်နှက်ချက်ဖြစ်၏။
လမ့်ရိုက မျက်မှောင်ကြုတ်လိုက်ပြီး မသိလိုက်မသိဖာသာနှင့်ပင် ဆူဇီမိုကို ကြည့်လိုက်မိ၏။
သူမသည် အံ့အားသင့်သွားရ၏။ ထိုအစိမ်းရောင်ဝတ်စုံနှင့်လူ၏ အမူအယာက နည်းနည်းကလေးမျှ ပြောင်းလဲသွားခြင်း မရှိပေ။ ချန်ယုပြောခဲ့သော စကားများကို မကြားလိုက်သည့်အလား သူ့မျက်လုံးအကြည့်က မပြောင်းမလဲ ရှိနေ၏။
“သူက စိတ်ဓါတ် လုံးလုံးကျသွားတာလား.. အကြောက်လွန်သွားတာလား”
ဆူဇီမို၏ လက်ရှိတည်ငြိမ်မှုမှာ သူ့တွင် သူ့စိတ်ကူးနှင့်သူရှိပြီး နည်းနည်းလေးမျှ ကြောက်လန့်မနေသောကြောင့် ဖြစ်သည်ဆိုတာကို လမ့်ရိုတစ်ယောက် စဉ်းစားတွေးတောနိုင်ခြင်း မရှိပေ။
သူ၏ ကျင့်ကြံမှုအဆင့်ကို မည်သူကမျှ ဖျက်ဆီးလို့ မရပေ။
ချန်ယုကသာ သူ့အပေါ် လက်တင်လာခဲ့လျှင် သူကလည်း ပြန်တိုက်ဖို့ ဝန်လေးမှာ မဟုတ်ပေ။ သတ်ဖို့တောင် ဝန်လေးမှာ မဟုတ်ပေ။
အဆိုးဆုံးအနေနဲ့ သူ၏ ကျင့်ကြံမှုအဆင့်က ဖျက်ဆီးခံလိုက်ရလျှင်တောင် သူသည် သားရဲကျင့်ကြံခြင်းကို ဆက်လက်ကျင့်ကြံနိုင်သေး၏။ သူက လွယ်လွယ်နှင့် အလျှော့ပေးတတ်သည့် လူစားမျိုး မဟုတ်ပေ။
ဖက်တီးလေးက စိုးရိမ်ပူပန်နေ၏။ သူ့စိတ်ထဲမှာ အကြိမ်များစွာ လွန်ဆွဲပြီးနောက် သူသည် ဆက်လက်တောင့်မထားနိုင်တော့ဘဲ ကျယ်လောင်စွာ ပြောလိုက်လေ၏။
“စီနီယာအစ်ကိုချန်.. ဒီအပြစ်ဒဏ်က အတော်လေး ပြင်းထန်လွန်းနေတယ်မလား.. ကျေးဇူးပြုပြီး သနားညှာတာပေးပါဦးဗျာ”
“ဟုတ်တယ် စီနီယာအစ်ကိုချန်.. ဆူဇီမိုက အခုမှ ဂိုဏ်းကို ရောက်တာ သုံးလတောင် မပြည့်သေးဘူးဆိုတော့ အမှားလုပ်မိတာပါ”
“ကျုပ်လဲ ထောက်ခံတယ်.. ဒီလိုမျိုး အဖြစ်အပျက်တွေက အရင်ကလဲ ဖြစ်ခဲ့ဖူးတာပဲ.. ဒါပေမယ့် ဘယ်တစ်ယောက်များ ကျင့်ကြံမှုအဆင့် ဖျက်ဆီးခံရပြီးတော့ ဂိုဏ်းကနေ ထုတ်ခံရဖူးလို့လဲ”
နတ်ပန်းပဲတောင်ထွတ်မှ များစွာသော တပည့်များက ဆူဇီမိုအတွက် ဝိုင်းဝန်းကာကွယ် ပြောဆိုကုန်ကြ၏။
“ဟမ့်”
ချန်ယုက ကျယ်လောင်စွာ တစ်ချက်ဟောက်လိုက်ပြီး အော်ပြောလိုက်၏။
“မင်းတို့အားလုံး တိတ်တိတ်နေကြစမ်း.. မင်းတို့က ငါ့စကားကို လက်သင့်မခံဘူးဆိုမှတော့ ဘာလို့ဆိုတာ ငါရှင်းပြမယ်”
“ဂိုဏ်းစည်းကမ်းကို လျစ်လျူရှုပြီး ဂိုဏ်းသားအချင်းချင်း တိုက်ခိုက်တယ်ဆိုတာက ဒီပြဿနာရဲ့ တစ်စိတ်တစ်ပိုင်းပဲ.. အခု ဒီဆူပူမှုကြောင့် စိတ်ဝိညာဉ်တောင်ထွတ်နဲ့ နတ်ပန်းပဲတောင်ထွတ်က တပည့်တွေအများကြီးက တစ်ယောက်နဲ့တစ်ယောက် အုပ်စုလိုက် သတ်ဖြတ်ကြတော့မလို့ ဖြစ်သွားရတယ်မလား.. ငါသာ အလာနောက်ကျလို့ နှစ်ဖက်စလုံး အထိနာသေကြေကုန်ကြရင် အဲ့ဒါကို ဘယ်သူက တာဝန်ယူပေးမှာလဲ ပြော”
ချန်ယုက အမှုကို မကြီး ကြီးအောင် အစဆွဲထုတ်လိုက်၏။
လူတိုင်း ငြိမ်ကျသွား၏။
ထိုအချိန်မှာပင် ဆူဇီမို၏ အသံက ထွက်ပေါ်လာ၏။
“ခင်ဗျားပြောခဲ့တဲ့စကားအရ ပြန်ပြောရရင် ဒီရန်ပွဲကို စခဲ့တာက ကျုပ်မဟုတ်ဘူး.. လူတိုင်းလဲ မြင်တယ်.. စွန်းထောင်က အရင် စတိုက်ခဲ့တာပဲ.. ဂိုဏ်းစည်းကမ်း ဖောက်ဖျက်တဲ့ အကြောင်း ပြောရရင် သူ့ကို အရင်ပြောရမှာ မဟုတ်ဘူးလား”
ထိုစကားကို ကြားသောအခါ ဖုန်ဟောက်ယွီက ခနဲ့တဲ့တဲ့ ပုံစံနှင့် ခေါင်းခါလိုက်၏။
“အို့”
ချန်ယုက မပြောင်းလဲသော အမူအယာဖြင့်ပင် ပြန်မေးလိုက်၏။
“စွန်းထောင်က မင်းကို တိုက်ခိုက်ခဲ့လို့လား”
“အမှန်ပဲ” ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
“မဟုတ်တာ”
ချန်ယုက အော်လိုက်၏။
“စွန်းထောင် တိုက်ခိုက်ခဲ့တာက မင်းရဲ့ စိတ်ဝိညာဉ်တောကောင်ပဲ.. ကျင့်ကြံသူတွေက တစ်ယောက်နဲ့တစ်ယောက် မတိုက်ခိုက်ရဘူးလို့ပဲ ဂိုဏ်းစည်းကမ်းက သတ်မှတ်ထားတာ.. စိတ်ဝိညာဉ်တောကောင်တွေကို မတိုက်ခိုက်ရဘူးလို့ ဖော်ပြထားတာ မရှိဘူး.. ဒါကြောင့် စွန်းထောင်ရဲ့ အပြုအမူက ဂိုဏ်းစည်းကမ်းကို ဖောက်ဖျက်တာမျိုး မရှိခဲ့ဘူး”
ထိုအချိန်တွင် စွန်းထောင်က ဆူဇီမိုကို မတိုက်ခိုက်ဘဲ ဘာကြောင့် သူ့ရဲ့ စိတ်ဝိညာဉ်တောကောင်ကို တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့လဲဆိုတာ လူအချို့ နားလည်သွားကြ၏။ သူသည် အစကတည်းက ကြိုတင်တွက်ဆ၍ အကောက်ကြံခဲ့ခြင်း ဖြစ်လေသည်။ သူ မတွက်ခဲ့မိသည့်အချက်မှာ ဆူဇီမိုက သူ့ကို လက်ပြန်တစ်ချက်ကျွေး၍ အမှောက်သိပ်လိုက်မည်ဆိုတာကိုပင်။
ဆူဇီမိုက တည်ငြိမ်စွာပင် ပြန်ပြောလိုက်၏။
“ငါ့ရဲ့ စိတ်ဝိညာဉ်တောကောင်ကို တိုက်ခိုက်တာက ငါ့ကို တိုက်ခိုက်တာနဲ့ အတူတူပဲ”
“ဟဟ”
ချန်ယုက အေးစက်စွာဖြင့် ဟောက်လိုက်၏။
“မင်းက ဘယ်လိုတောင် ငြင်းခုန်ရဲတာလဲ.. စိတ်ဝိညာဉ်တောကောင်ဆိုတာ တိရစ္ဆာန်တစ်ကောင်ထက် ဘာမှ မပိုဘူး.. မင်းက တိရစ္ဆာန်တစ်ကောင်အတွက်နဲ့ ကိုယ့်ဂိုဏ်းသားအချင်းချင်းကို ဒဏ်ရာရအောင် လုပ်ရဲတယ်ဆိုတော့ အဲ့ဒါက ပိုတောင် အပြစ်ကြီးသွားပြီ”
“ငါ့အတွက်တော့ စိတ်ဝိညာဉ်တောကောင်က လူတွေနဲ့ ဘာမှ မခြားနားဘူး.. တစ်ကယ်ဆို တစ်ချို့လူတွေက တောကောင်တွေလောက်တောင့် အဆင့်မရှိဘူး.. အနည်းဆုံးတော့ တောကောင်တွေက မင်းကို နောက်ကွယ်ကနေ အကွက်ချပြီး အောက်တန်းကျကျ ကြံစည်ယုတ်မာမှာ မဟုတ်ဘူး”
ဆူဇီမိုက ထူးမခြားနားပုံစံနှင့်ပင် ဆက်ပြောလိုက်၏။
“စိတ်ဝိညာဉ်တောကောင်တွေက မင်းအတွက်တော့ တိရစ္ဆာန်တစ်ကောင်ထက် မပိုဘူးဆိုရင် .. ငါ့အတွက်လဲ အချို့လူတွေက တိရစ္ဆာန်လောက်တောင် အဆင့်မရှိဘူး”
ထိုစကားကို ကြားသောအခါ ဖုန်ဟောက်ယွီ၏ မျက်နှာက ပျက်ဆီးသွား၏။
ထိုစကားလုံးများက သူ့နုလုံးသားကို အပ်များဖြင့် ထိုးဆွလိုက်သလိုပင်။
ဆူဇီမို၏ စကားလုံးများက မည်သူ့ကို ရည်ရွယ်သလဲဆိုတာ လူတိုင်းလိုလို ပြောနိုင်ကြ၏။
ဖက်တီးလေးနှင့် ရွှယ်ယိသည် စိတ်ထဲကနေ ကျိတ်ပြီး ကျေနပ်အားရသွားကြ၏။
“မင်းက တော်တော် လျှာစောင်းထက်တာပဲ”
ချန်ယု၏ အသံက ရေခဲတမျှ အေးစက်နေပြီး သတ်ဖြတ်လိုစိတ်က ထောင်းကနဲ ထလာ၏။
ဘေးပတ်ပတ်လည်တွင် တောင်ထွတ်ငါးခုမှ တပည့်များစွာ ရှိနေ၏။ ဆူဇီမို၏ ထပ်တလဲလဲ ခွန်းတုံ့ပြန်ခြင်းများသည် သူ့ကို များစွာ အရှက်ရစေ၏။
အခုအချိန်မှာသာ သူ့ရဲ့ သြဇာအာဏာကို မတည်ဆောက်နိုင်လျှင် စည်းကမ်းထိန်းသိမ်းရေးခန်းမမှ တပည့်တစ်ယောက် အနေနှင့် သူ့ရဲ့ ဂုဏ်သတင်းက ကျဆင်းရပေတော့မည်။
“ဆူဇီမို.. မင်းကို ငါ့လက်နဲ့ သတ်ရအောင် မလုပ်နဲ့နော်” ချန်ယုက သူ့ရဲ့ မျက်လုံးကို မှေးကျဉ်းလိုက်ပြီး သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်မထားတော့ပေ။
ဖက်တီးလေး၏ကိုယ်က ဆတ်ကနဲ တုန်ခါသွားပြီး ဆူဇီမို၏ အင်္ကျီစကို လှမ်းဆွဲလိုက်၏။ အခြေအနေက ပိုဆိုးမလာဖို့ ဆက်မပြောတော့ရန် ဆူဇီမိုကို အချက်ပြနေခြင်း ဖြစ်၏။
ဆူဇီမိုသာ ဆက်ပြောလျှင် ချန်ယုက သတ်ဖြတ်ဖို့ လှုပ်ရှားတော့မည်ဆိုတာ လူတိုင်း ပြောနိုင်၏။
ရွှယ်ယိကလည်း ကြောက်လန့်တုန်လှုပ်စွာဖြင့် ဆူဇီမိုကို ခေါင်းခါပြနေ၏။
စိတ်ဝိညာဉ်ပြိုင်ကွင်းတွင် တင်းမာမှုက မြင့်တက်လာပြီး လေထုက အေးစက်လာ၏။
ဖြစ်ပေါ်လာသော အခြေအနေက ဖုန်ဟောက်ယွီအပါအဝင် လူတိုင်း၏ စိတ်ကူးထက် ကျော်လွန်နေပြီဖြစ်၏။
ဆူဇီမိုသည် ဤမျှလောက် ခေါင်းမာ၍ အလျှော့မပေးတတ်သူ ဖြစ်လိမ့်မည်ဟု မည်သူမျှ ထင်မထားကြပေ။
သူ့ခေါင်းကို ငုံ့၍ ဆူဇီမိုသည် သိုလှောင်အိတ်ပေါ် လက်တင်လိုက်ပြီးနောက် သူ့လက်ထဲကို တောက်ပသော ဆေဘာတစ်ချောင်းက ရောက်လာ၏။
ဟာ!
လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။
ဆူဇီမိုက သူ့ကိုယ်သူ သတ်သေဖို့များ တွေးနေပြီလား။
လူတိုင်း၏ အတွေးမဆုံးသေးခင်မှာပင် ဆူဇီမို၏ ထူးမခြားနားလေသံက ထွက်ပေါ်လာ၏။
“မင်းလုပ်ရဲရင် လုပ်ကြည့်လိုက်လေ.. ငါကလဲ မင်းကို သတ်ပစ်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး”
ပါးကိုက်နားကိုက်ပင်!
တောင်ထွတ်ငါးခုမှ နှစ်ထောင်ကျော်သော တပည့်များ အုန်းအုန်းကျက်ကျက် ဖြစ်ကုန်ကြ၏။