နောက်ကွယ်က မျက်လုံးတစ်စုံ
Vol. 7 Ch. 92
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း ၉၂ - နောက်ကွယ်က မျက်လုံးတစ်စုံ
Translator – Than Toe Aung
သူတို့အထက် တိမ်လွှာများကြားတွင် မမြင်ရသော မျက်လုံးတစ်စုံက မြေပြင်မှာ ဖြစ်ပျက်နေသော အရာများကို မမှိတ်မသုန် စူးစိုက်၍ ကြည့်နေလေသည်။
ဆူဇီမို၏ ပြန်လှန်ပြောလိုက်သော ကြေငြာချက်ကို ကြားလိုက်ရချိန်တွင် ထိုမျက်လုံးများက ရွှင်ပျသွားသည့်ပုံ ပေါ်လာ၏။
“ဒီကလေးက တစ်ကယ် ရဲရင့်တာပဲ.. စိတ်ဝင်စားဖို့ကောင်းတယ်”
. . .
စိတ်ဝိညာဉ်ပြိုင်ကွင်းတွင်
အားလုံး တုန်လှုပ်လန့်ဖျန့်သွားကြ၏။ အဆင့်၆ ချီစုဖွဲ့မှု စစ်သည်တော်က စည်းကမ်းထိန်းသိမ်းရေးခန်းမက တပည့်ကို ဘယ်လိုများ တိုက်ခိုက်နိုင်ပါ့မလဲ။ စိတ်ကူးကြည့်လို့ပင် မရချေ။
သူတို့အားလုံးစဉ်းစားနေကြသည်မှာ ဤကဲ့သို့ ထုတ်ပြန်ကြေငြာဖို့ ဆူဇီမိုသည် ဘယ်ကများ သတ္တိတွေ ရလာသလဲဆိုတာကိုပင်။
ဖြစ်နိုင်ချေက နှစ်မျိုးသာ.. မိုက်မဲတာ မဟုတ်ရင် ရူးသွပ်သွားတာပင်။
လူတိုင်းက ဆူဇီမိုကို သေလူတစ်ယောက်လို ကြည့်လိုက်ကြ၏။
အစတုန်းကတော့ ချန်ယုသည် ဆူဇီမို၏ ကျင့်ကြံမှုကို ဖျက်ဆီး၍ ဂိုဏ်းကနေ ထုတ်ပစ်ဖို့ တွေးထား၏။
အခုတော့ သူသည် ဆူဇီမိုကို အမှန်တစ်ကယ် သတ်ချင်နေပေပြီ။
“ကောင်းတယ်.. ကောင်းတယ်.. သိပ်ကောင်းတယ်”
ချန်ယုက ခေါင်းတစ်ဆတ်ဆတ်ညိတ်၍ ရယ်မောလိုက်ပြီးနောက် အေးစက်စွာ ပြောလိုက်၏။
“နတ်ပန်းပဲတောင်ထွတ်က တပည့်တွေက တော်တော်အခြေအနေ ဆိုးလာတာပဲ.. ဘယ်လိုအချိန်မှာ ဘယ်လို ပြုမူရမလဲဆိုတာလဲ နားမလည်ကြတော့ဘူး.. မင်းကိုယ်တိုင်က သေချင်နေမှတော့လဲ ငါက မင်းဆန္ဒကို ဖြည့်ပေးရမှာပေါ့လေ”
သူ့သိုလှောင်အိတ်ကို တစ်ချက်ထိလိုက်ပြီးနောက် ဓါးပျံတစ်ချောင်းက ချန်ယု၏ လက်ထဲသို့ ရောက်လာ၏။
၎င်းထဲသို့ ဝိညာဉ်ချီကို ထိုးသွင်းလိုက်သောအခါ ဓါးပျံသည် တောက်ပလင်းလက်လာပြီး တစ်ဖျတ်ဖျတ်လက်နေသော စိတ်ဝိညာဉ်အင်းကွက်နှစ်ခုက ဓါးပျံပေါ်တွင် ပေါ်လာ၏။
၎င်းသည် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်လက်နက် ဖြစ်၏။
ဆူဇီမိုက သူ့အကြည့်ကို ကျဉ်းမြောင်းလိုက်၏။ သူ စတင် လှုပ်ရှားတော့မည့်အချိန်မှာပင် ကောင်းကင်ထက်မှ သြဇာတိက္ကမ လွှမ်းမိုးမှုရှိသော အသံတစ်သံက ထွက်ပေါ်လာ၏။
“တော်ကြတော့!”
ပုံရိပ်တစ်ခုက ကြောက်လန့်စရာ အမြန်နှုန်းဖြင့် ရောက်ချလာ၏။
ပြင်ပပစ္စည်း အထောက်အပံ့မပါဘဲ လေထဲကနေ ပျံသန်းလာသောကြောင့် ရောက်လာသူက ပကတိရွှေအူတိုင်အဆင့် ဖြစ်လေသည်။
ချန်ယုက လှည့်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်၏။ ပကတိရွှေအူတိုင်၏ ရှေ့မှောက်တွင် တိုက်ခိုက်ဖို့သတ္တိ သူ့မှာ မရှိပေ။
မှုန်ကုပ်သွားသော မျက်နှာထားနှင့် ချန်ယုသည် ဆူဇီမိုကို လှမ်းကြည့်လိုက်ပြီး သတ်ဖြတ်လိုစိတ်ကို အတင်းဖိနှိမ်လိုက်ရ၏။
ယခုရောက်လာသူက အသက်ငါးဆယ်ကျော်အရွယ်လောက် ရှိ၏။ သူ၏ အဖြူရောင်ဝတ်ရုံက တစ်ဖျတ်ဖျတ်လှုပ်ခါနေပြီး အင်မော်တယ်တစ်ယောက်၏ အော်ရာက အပြည့်အဝ ထွက်ပေါ်နေ၏။
ထိုလူ၏ အင်္ကျီလက်ပေါ်တွင် ဓါးပျံတစ်ချောင်း၏ ပုံကို သေသပ်စွာ ခပ်နှိပ်ထား၏။
သူက စိတ်ဝိညာဉ်တောင်ထွတ်သခင်၊ ဝမ်ရွှမ်ပင် ဖြစ်လေသည်။
ဆူဇီမိုသည် ဆန်းကြယ်တောင်ထွတ်ကို စတင်ဝင်ရောက်လာတုန်းက တောင်ထွတ်အရှေ့ဘက်ထိပ်တွင် သူ့ကို မြင်ဖူးခဲ့၏။
“မင်္ဂလာပါ ဆရာ”
စိတ်ဝိညာဉ်တောင်ထွတ်မှ တပည့်များက နှုတ်ဆက်လိုက်ကြ၏။
“မင်္ဂလာပါ တောင်ထွတ်သခင်”
ကျန်သော တောင်ထွတ်လေးခုမှ တပည့်များသည်လည်း နှုတ်ဆက်လိုက်ကြ၏။
စိတ်ဝိညာဉ်တောင်ထွတ်သခင် ရောက်လာပြီ ဖြစ်သောကြောင့် တိုက်ခိုက်မှုက ဖြစ်ပေါ်လာတော့မှာ မဟုတ်ပေ။ ဖက်တီးလေးနှင့် ရွှယ်ယိသည် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြ၏။ နတ်ပန်းပဲတောင်ထွတ်မှ ကျန်သောသူများလည်း နောက်ဆုံး ဟင်းချနိုင်သွား၏။
ဆူဇီမိုသည် အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် အေးမြစန္ဒာဆေဘာကို ပြန်သိမ်းလိုက်၏။
“တောင်ထွတ်သခင်.. ဆူဇီမိုက.....”
“ငါသိပါတယ် ထပ်မပြောနဲ့တော့”
ချန်ယုက ရှင်းပြမလို့ လုပ်လိုက်စဉ်မှာပင် ဝမ်ရွှမ်က ဖြတ်ပြော၍ လက်ကာပြလိုက်၏။
လေထဲမှာ ရပ်နေရင်း ဝမ်ရွှမ်သည် ဆူဇီမိုကို တိတ်တဆိတ် ကြည့်နေ၏။ သူ့ပုံစံက တည်ငြိမ်နေသော်လည်း မည်သူမျှ သူ့စိတ်ကို မဖတ်နိုင်ကြပေ။
အတန်ငယ်ကြာပြီးနောက် သူက ဖြည်းဖြည်းချင်း မေးလိုက်၏။
“ဆူဇီမို မင်းအမှားကို မင်းသိရဲ့လား”
ထိုအသံကို ကြားသောအခါ ဖက်တီးလေး၊ ရွှယ်ယိနှင့် အခြားသူများသည် နှစ်ခြိုက်ကျေနပ်သွားကြ၏။
ထိုလေသံအရ ဝမ်ရွှမ်သည် ဆူဇီမိုကို သိပ်ပြင်းပြင်းထန်ထန် အပြစ်ပေမည့်ပုံ မပေါ်ပေ။
သို့သော်လည်း သူတို့၏ ပျော်ရွှင်မှုက သိပ်ကြာကြာမခံလိုက်ပေ။
“ကျတော်က မမှားပါဘူး”
ဆူဇီမိုသည် ဝမ်ရွှမ်ကို ခေါင်းမော့၍ ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
ဆူဇီမိုသည် ချန်ယုကို ပြန်လှန်ငြင်းဆန်တာက နားလည်ပေးလို့ ရသေး၏။ တောင်ထွတ်သခင်ကို ပြန်လှန်ငြင်းဆန်တာကတော့ လုံးဝ မိုက်မဲရာ ကျပေသည်။
သို့သော် တစ်ကယ်တမ်းမှာလည်း ဆူဇီမိုသည် မကြာခဏဆိုသလို မိုက်မိုက်မဲမဲ ပြုလုပ်ရဲသောသူ တစ်ယောက်သာဖြစ်လေသည်။
သို့မဟုတ်ပါက သူသည် ပတတိကန်းလန်နှင့် ဆုံတွေ့ချိန်၌ ဒူးထောက်ရမည့်အစား ပြန်လှန်ခံပြောခဲ့မှာ မဟုတ်ပေ။
သို့မဟုတ်ပါက သူသည် အန္တရာယ်အလွန်များကြောင်း သိလျက်နှင့် ယန်တိုင်းပြည် မင်းနေပြည်တော်ကို တစ်ယောက်တည်း သွားခဲ့မှာ မဟုတ်ပေ။
သို့မဟုတ်ပါက သူသည် သေရဖို့ သေချာသလောက်ရှိနေတာကို သိလျက်နှင့် ပျော်ရွှင်ဖွယ်ကလန်မှ အခြေတည်အဆင့်ကျင့်ကြံသူများနှင့် တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့မှာ မဟုတ်ပေ။
သူမှန်တယ်ထင်လျှင် မှန်တယ်.. မှားတယ်ထင်လျှင် မှားတယ်သာ ဖြစ်၏။ ဆူဇီမိုသည် သူ့ထက်ခွန်အားကြီးတာကြောင့် ဦးညွတ်မည့်လူမျိုး မဟုတ်ပေ။
သိပ်မလှမ်းမကမ်းတွင် အခြားသော တောင်ထွတ်သခင် လေးယောက်သည်လည်း အဖြစ်အပျက်များကို စောင့်ကြည့်နေကြ၏။
တောင်ထွတ်နှစ်ခုက တပည့်များ စိန်ခေါ်ထိုးသတ်ကြသည့်အထိ ဖြစ်လာသော အုတ်သော်အောင်းနင်းကို သူတို့မသိစရာ အကြောင်းမရှိပေ။
ဆူဇီမို၏ ပြန်ပြောသော စကားကို ကြားရသောအခါ အစီအရင်တောင်ထွတ်သခင်က ညင်သာစွာ သက်ပြင်းချလိုက်၏။
“သူကောင်လေးရဲ့ စရိုက်က ခေါင်းမာပြီး အများနဲ့မတူ ကွဲထွက်နေတဲ့ပုံစံဆိုပေမယ့်.. ငါတော့ သဘောကျတယ်.. အဲ့လိုလူမျိုးက ရှားရှားပါးပါးပဲ”
“ဒီလို သတ္တိမျိုးနဲ့ အာခံဖီဆန်မှုက ကျင့်ကြံသူတွေမှာ ရှိသင့်တဲ့အရာပဲ.. ကျင့်ကြံခြင်းဆိုတာ အစကတည်းက ကောင်းကင်ရဲ့အလိုကို ဖီဆန်ရတာပဲ မဟုတ်လား”
“အဲ့ဒါက မှန်တယ်ဆိုပေမယ့်လဲ ဒီကောင်လေးရဲ့ ကျင့်ကြံရေး ခရီးလမ်းက ခက်ခဲကြမ်းတမ်းနေတော့မှာပဲ”
တောင်ထွတ်သခင် သုံးယောက်က ဆွေးနွေးပြောကြားနေကြသော်လည်း ဖိုသီဖတ်သီအဖိုးအိုကတော့ မည်သည့်စကားမျှ မဆိုဘဲ ခေါင်းခါလိုက်၏။
စိတ်ဝိညာဉ်တောင်ထွတ်မှာ ဖြစ်ပေါ်လာသော ပြဿနာကို သူကိုယ်တိုင် ဝင်ရောက်၍ သွားဖြေရှင်းဖို့က မသင့်တော်ပေ။
. . .
စိတ်ဝိညာဉ်ယှဉ်ပြိုင်ကွင်း၌
ဆူဇီမို၏ တုံ့ပြန်စကားကို ကြားပြီးနောက် ဝမ်ရွှမ်က ခဏတာ အသံတိတ်သွား၏။
“ဆူဇီမိုကို ငါ မင်းကို မေးခွန်းတစ်ခုလောက် မေးမယ်”
ဝမ်ရွှမ်က ဖြည်းဖြည်းချင်း ဆက်ပြောလိုက်၏။
“ဒီနေ့ စွန်းထောင်က မင်းရဲ့ စိတ်ဝိညာဉ်တောကောင်ကို ဒဏ်ရာရစေခဲ့တယ်.. တစ်ကယ်လို့ သူကသာ မင်းရဲ့စိတ်ဝိညာဉ်တောကောင်ကို သတ်မိခဲ့မယ်ဆိုရင် မင်းဘာလုပ်မှာလဲ”
တစ်စုံတစ်ရာကို နားလည်သွားသလို စိတ်ဝိညာဉ်ကျားက ညင်သာစွာ တစ်ချက်ညည် ဟိန်းလိုက်၏။
၎င်းက လူသားဆယ်ကျော်သက်တစ်ယောက်လို အသိဉာဏ်ဝင်နေပြီ ဖြစ်၏။ ဆူဇီမိုသာ အခုနေ အလျှော့ပေး၍ နောက်ဆုတ်လိုက်လျှင် သူခံရမည့် အပြစ်ဒဏ်က လျှော့ပေါ့သွားမှာဖြစ်ကြောင်း စိတ်ဝိညာဉ်ကျားက နားလည်၏။
သူ၏ ဟိန်းသံက ဆူဇီမိုကို နောက်ဆုတ်ဖို့ ပြောနေခြင်း ဖြစ်၏။
စိတ်ဝိညာဉ်ကျားကို ကြည့်၍ ဆူဇီမိုက ရုတ်တရတ် ပြုံးပြလိုက်၏။
ထိုမေးခွန်းအတွက် သူ့မှာ အဖြေရှိပြီးသား ဖြစ်၏။
ဆူဇီမိုသည် သူ့မြင်းလေး ဇူဖန်ကို သတ်ခဲ့ခြင်းအတွက် ပကတိကန်းလန်ကိုတောင် လက်စားချေ ပြန်သတ်မည်ဟု ဆုံးဖြတ်ချက်ချထားပြီး ဖြစ်၏။
“အဲ့လိုဆိုရင် ကျတော် သူ့ကို သတ်မှာ”
“မင်းက စိတ်ဝိညာဉ်တောကောင် တစ်ကောင်အတွက်နဲ့ မင်းရဲ့ ဂိုဏ်းသားကို သတ်မှာလား”
“ဟုတ်ပါတယ်”
“ဘာ့ကြောင့်လဲ.. ပြောပါဦး”
“စိတ်ဝိညာဉ်တောကောင်က ကျတော့်နောက်ကို လိုက်ဖို့ ရွေးချယ်ခဲ့မှတော့ ကျတော်ကလဲ သူ့ကို ပြန်ကာကွယ်ပေးရမှာပေါ့”
ဝေါင်း.. ဝေါင်း..
စိတ်ဝိညာဉ်ကျားသည် သူ့ဒဏ်ရာကို လျစ်လျူရှုလိုက်ပြီး ရုန်းကန်ထရပ်၍ ဆူဇီမိုအနားသို့ လျှောက်လာ၏။ ထို့နောက် ဆူဇီမို၏ လက်မောင်းကို သူ့ခေါင်းဖြင့် ပွတ်လိုက်၏။
စိတ်ဝိညာဉ်ကျားသည် ဆူဇီမို၏ နောက်ကို လိုက်ဖို့ အမှန်တစ်ကယ် မဆုံးဖြတ်ရသေးပေ။
ဒါ့အပြင် သူ့တွင် သွေးသစ္စာကျိန်ဆို၏ ချုပ်နှောင်မှုလည်း မရှိပေ။
ယခုအခါမှာတော့ သူသည် ဆုံးဖြတ်ချက်ချလိုက်၏။ သူ့ဘဝတစ်လျှောက်လုံး ဤလူအနားမှာပဲ နေတော့မည်ဟူ၍ပင်။
သွေးသစ္စာကျိန်ဆိုမထားလျှင်တောင်မှ ကိစ္စမရှိတော့ပေ။
. . .
စကားစမြည် ပြောကြားနေကြသော တောင်ထွတ်သခင်လေးယောက်သည် မျက်မှောင်ကြုတ်လိုက်ကြ၏။
ဆူဇီမို သည့်အရင်က ပြောခဲ့သောစကားများသည် ဘယ်လိုပဲဖြစ်ဖြစ် ခွင့်လွှတ်ပေးလို့ ရသေး၏။ သို့သော် စိတ်ဝိညာဉ်တောကောင်တစ်ကောင်အတွက် ကိုယ့်ဂိုဏ်းသားအချင်းချင်း သတ်မည်ဆိုသော စကားကတော့ တော်တော်လေး ပြဿနာရှိသွား၏။
ထိုအချိန်တွင် တိမ်လွှာများအကြားမှ စောင့်ကြည့်နေသော မျက်လုံးတစ်စုံကို ပကတိရွှေအူတိုင်အဆင့်များတောင်မှ သတိမထားမိကြပေ။
ဆူဇီမို၏ တုံ့ပြန်ဖြေကြားချက်ကို ကြားရသောအခါ ထိုမျက်လုံးတစ်စုံက အနည်းငယ် အံ့သြမှု ပြသွားပြီးနောက် တစ်စိမ့်စိမ့်တွေး၍ ကျေနပ်သွားလေ၏။
“ဆရာ.. ဒီလူက အကြင်နာတရားကင်းမဲ့ရုံသာမကဘူး.. ဂိုဏ်းသားအချင်းချင်းအပေါ်မှာလဲ ညှာတာသနားမှု မရှိဘူး.. သူ့သာ ဂိုဏ်းမှာဆက်ရှိနေရင် ကျတော်တို့အတွက် ကပ်ဘေးတွေ ယူဆောင်လာတော့မှာပဲ”
နောက်ဆုံးမှာတော့ ဖုန်ဟောက်ယွီက ဝင်ပြောလိုက်၏။
သူ့စကား၏ အဓိပ္ပါယ်က ရှင်း၏။ ဆူဇီမိုကို ဂိုဏ်းကနေ ထုတ်ပစ်ဖို့ပင်။
ဝမ်ရွှမ်က တိတ်ဆိတ်နေ၏။
မျက်လုံးပေါင်းများစွာက သူ့ကို စောင့်ကြည့်နေပြီး နောက်ဆုံး ဆုံးဖြတ်ချက် စောင့်ဆိုင်းနေကြ၏။