စိတ်ဝိညာဉ်ပြိုင်ပွဲစဉ်ပေါ်မှာ တွေ့ကြတာပေါ့
Vol. 7 Ch. 93
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း ၉၃ - စိတ်ဝိညာဉ်ပြိုင်ပွဲစဉ်ပေါ်မှာ တွေ့ကြတာပေါ့
Translator - Than Toe Aung
ဝမ်ရွှမ်က ရုတ်တရတ် မေးလိုက်၏။
“ဆူဇီမို.. မင်းမှာ ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ် ရှိတဲ့အတွက် မင်းရဲ့ ပါရမီ အရည်အချင်းက စိတ်ဝိညာဉ်တောင်ထွတ်ကို ဝင်ရောက်ဖို့ အဆင့်မီပြီးသား.. ဒါပေမယ့် မင်းကို ငါတို့က ဘာလို့ နတ်ပန်းပဲတောင်ထွတ်ကို ပို့လိုက်တာလဲသိလား”
“ကျတော် မသိပါဘူး” ဆူဇီမိုက ပြန်ဖြေလိုက်၏။
ဆူဇီမိုသာ မဟုတ် အခြားသော တပည့်များလည်း ထိုအရာနှင့် ပတ်သတ်၍ သံသယ ရှိကြ၏။
အထူးသဖြင့် ဆူဇီမိုနှင့် ဂိုဏ်းသို့ အတူဝင်ရောက်ခဲ့ကြသော ဖက်တီးလေးနှင့် အခြားသူများ ဖြစ်ကြလေသည်။ ဆူဇီမိုသည် တောင်ထွတ်ပေါ်ကို သူ့ခွန်အားနှင့်သူ ရောက်အောင်တက်ခဲ့သည့်အပြင် အဟန့်အတားရှစ်ခု ဝင်္ကပါအစီအရင်ကိုလည်း အလုံးစုံ ပြီးမြောက်သည့်အထိ ဖြတ်ကျော်နိုင်ခဲ့တာကို သူတို့မျက်စိနှင့် ကိုယ်တိုင်မြင်တွေ့ခဲ့ကြ၏။
ထိုကဲ့သို့သောသူမျိုးက စိတ်ဝိညာဉ်တောင်ထွတ်သို့ ရောက်မလာသည်မှာ သိပ်တော့ အဓိပ္ပါယ်မရှိပေ။
“အဲ့ဒါက မင်းရဲ့ သတ်ဖြတ်လိုစိတ်က အရမ်းအားကြီးပြီး စိတ်လိုက်မာန်ပါ လုပ်တတ်လို့ပဲ.. အဲ့ဒါကြောင့် မင်းကို နတ်ပန်းပဲတောင်ထွတ်ကိုပို့.. လက်နက်သွန်းလုပ်တာကို သင်ယူရင်း မင်းရဲ့စိတ်ကို တည်ငြိမ်လာစေဖို့ပဲ.. မင်းဘက်က အဆင်သင့် ဖြစ်လာပြီဆိုတာနဲ့ ငါတို့က မင်းကို စိတ်ဝိညာဉ်တောင်ထွတ်ကို ပြန်ပို့မှာ”
ထိုအခါ လူတိုင်းနားလည်သွားကြ၏။
ဝမ်ရွှမ်က စိတ်ပျက်သွားသည့်ပုံစံနှင့် ခေါင်းခါလိုက်၏။
“ဒါပေမယ့် သနားစရာပဲ.. သုံးလကြာသွားပေမယ့်လည်း မင်းက မပြောင်းမလဲ ရှိနေတုန်းပဲ”
ဝမ်ရွှမ်၏ လေသံမှ စိတ်ပျက်မှုကို လူတိုင်းသိရှိခံစားလိုက်ရ၏။
ခဏရပ်တန့်ပြီးနောက် ဝမ်ရွှမ်က ဆုံးဖြတ်ချက်တစ်ခုကိုချကာ အသက်ပြင်းပြင်း တစ်ချက်ရှိုက်၍ ကြေငြာချက် ထုတ်ချက်လိုက်၏။
“ဆူဇီမို.. နတ်ပန်းပဲတောင်ထွတ်ရဲ့ တပည့်တစ်ယောက်အနေနဲ့ သင်က ဂိုဏ်းစည်းကမ်းကို ဖောက်ဖျက်ပြီး ကပ်ဘေးတစ်ခုကို ဖြစ်လုနီးပါး ဖြစ်စေခဲ့တယ်.. သင့်အမှားကိုလဲ သင်ဝန်မခံ ငြင်းဆန်ခဲ့တယ်.. စိတ်ဝိညာဉ်တောင်ထွတ်ရဲ့ တောင်ထွတ်သခင်တစ်ယောက်အနေနဲ့ ငါကြေငြာတယ်.. သင်သည် ယခုအချိန်မှစ၍ စိတ်ဝိညာဉ်တောင်ထွတ်ပိုင်နက်ကို ခြေတစ်လှမ်းမှ မချစေရ.. ပိတ်ပင်လိုက်သည်”
တောင်ထွတ်ငါးခုမှ တပည့်နှစ်ထောင်ကျော်သည် တိတ်ဆိတ်ငြိမ်သက်သွားကြ၏။
ဤအပြစ်ဒဏ်က ချန်ယုပြောတဲ့ ကျင့်ကြံမှုကို ဖျက်ဆီးပြီး ဂိုဏ်းကနေ ထုတ်ပယ်တာနှင့်စာလျှင် အပုံကြီး လျှော့ပေါ့လေသည်။
သို့သော်လည်း အစမ်းတပည့်များအတွက် စိတ်ဝိညာဉ်တောင်ထွတ်သို့ ဝင်ရောက်ခွင့် မရှိတော့ခြင်းက ထိုသူသည် တိုက်ခိုက်ရေးနည်းစနစ်များကို သင်ယူခွင့် မရှိတော့ဟု အဓိပ္ပါယ်ရလေသည်။ ထိုအရာသည်လည်း ကြီးစွာသော နစ်နာမှု ဖြစ်၏။
ဖက်တီးလေးနှင့် ရွှယ်ယိတို့ကတော့ စိတ်သက်သာကာ သက်ပြင်းချလိုက်ကြ၏။
ဘာပဲဖြစ်ဖြစ် စိတ်ဝိညာဉ်တောင်ထွတ်သို့ မသွားရတော့ခြင်းက ကျင့်ကြံမှုဖျက်ဆီးခံရပြီး ဂိုဏ်းကနေ ထုတ်ပယ်ခံရတာထက်စာလျှင် အများကြီး တော်သေး၏။
ဖုန်ဟောက်ယွီက အမူအယာကင်းမဲ့နေသော်လည်း သူ့စိတ်ထဲမှာတော့ မချင့်မရဲ ဖြစ်နေ၏။
ဒီနေ့ဒီလိုပြဿနာဖြစ်ပြီး ဆူဇီမိုတစ်ယောက် ဂိုဏ်းကနေ အထုတ်ခံရဖို့ သူ့မှာ အများကြီး အကွက်ချ စီမံခဲ့ရ၏။ သို့သော်လည်း အဆုံးသတ်မှာတော့ အချည်းနှီးသာ ဖြစ်ရလေသည်။
ထိုအပြစ်ဒဏ်က ပြင်းထန်သည်ဟု ထင်ရသော်လည်း ဆူဇီမိုကို နှစ်ကုန်ရင်ဆိုင်ယှဉ်ပြိုင်ပွဲသို့ မပါဝင်နိုင်အောင်တော့ တားဆီးနိုင်ခြင်း မရှိပေ။ ထိုအရာက ဖုန်ဟောက်ယွီလိုချင်သော ရလဒ်မဟုတ်ပေ။
(ငနဲကလည်း ကလေးဆန်လိုက်တာ.. တော်တဲ့သူအကုန်ထွက် ကျန်တဲ့သူငါနဲ့ပြိုင်မယ် လုပ်ချင်နေတာ)
ချန်ယု၏ မျက်နှာကလည်း ပျက်သွား၏။
သူ့အတွက်တော့ ဝမ်ရွှမ်သာ ပေါ်မလာခဲ့လျှင် ဆူဇီမိုသည် ယခုလောက်ဆို လူသေတစ်ယောက် ဖြစ်နေပေပြီ။
သူသည် ခြေတစ်လှမ်းနောက်ကျသွားခဲ့၏။
“ဒီလိုမှန်းသာ ကြိုသိခဲ့လျှင် ငါစောစောက လေရှည်မနေပဲ သူ့ကို တန်းသတ်ခဲ့ပါတယ်.. သောက်ငနဲလေးက တော်တော် ဇောင်းထနေတာ.. ငါ့ကိုတောင် ပမာမခန့် ပြန်ပြောရဲသေးတယ်”
အစတုန်းကတော့ ချန်ယုသည် ဖုန်ဟောက်ယွီကို မျက်နှာသာပေးဖို့အတွက် ရောက်လာခဲ့ခြင်း ဖြစ်၏။
သို့သော် အခုအခါမှာတော့ သူနှင့် ဆူဇီမိုသည် ကိုယ်ရေးကိုယ်တာ ရန်စ ရှိသွားလေပြီ။
တပည့်များအားလုံးက ဆူဇီမိုကို ကြည့်နေပြီး သူ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြ၏။
ခဏကြာပြီးနောက် ဆူဇီမိုသည် ဟက်ကနဲ့ တစ်ချက်ရယ်လိုက်ပြီး သာမန်ကာလျှံကာပုံစံနှင့်ပင်
“အပြစ်ဒဏ်ကို ကျတော်လက်ခံပါတယ်.. .. ဒါပေမယ့်.. ...” ဟုဆို၍ ရပ်တန့်လိုက်၏။
ဖက်တီးလေးသည် ကျန်သူများသည် ဝမ်းသာမလို့ရှိသေးသည် နောက်ဆက်တွဲ ဒါပေမယ့် ၌ တစ်ဆို့သွားကြ၏။
ဆူဇီမိုသည် စကားလမ်းကြောင်း ပြောင်းလိုက်ပြီး သူ့အကြည့်က ဖုန်ဟောက်ယွီအပေါ်သို့ ကျရောက်သွားကာ ဖြည်းဖြည်းချင်း အလေးအနက် ပြောလိုက်၏။
“ဒီနေ့ကိစ္စက ဒီမှာတင် မပြီးသေးဘူး.. ဖုန်ဟောက်ယွီ.. တောင်ထွတ်နှစ်ခုကြားက စိန်ခေါ်ထိုးသတ်ပွဲက ဘယ်သူ့ကြောင့် ဖြစ်လာတာလဲ မင်းရောငါရော သိနေတာပဲ.. မင်းက တိုက်ခိုက်ချင်တယ်ဆိုမှတော့လဲ ငါက မင်းဆန္ဒကို ဖြည့်ပေးရမှာပေါ့”
ဖုန်ဟောက်ယွီက အထင်အမြင်သေးစွာဖြင့် လှောင်ရယ်လိုက်၏။
“အစကတော့ ငါက နှစ်ကုန်ပြိုင်ပွဲကျရင် နတ်ပန်းပဲတောင်ထွတ်မှာပဲ ဝင်ပြိုင်မလို့ပဲ.. ဒါပေမယ့် အခုတော့ ငါစိတ်ပြောင်းသွားပြီ”
ဆူဇီမိုက ဆက်ပြောလိုက်၏။
“သေချာနားထောင်သွား.. မင်းက နတ်ပန်းပဲတောင်ထွတ်တင်မဟုတ်ဘူး နတ်ဆေးတောင်ထွတ်မှာပါ နံပါတ်တစ် မဖြစ်စေရဘူး”
ဖုန်ဟောက်ယွီက သူသည် နတ်ပန်းပဲ၊ နတ်ဆေးနှင့် စိတ်ဝိညာဉ် တောင်ထွတ်တို့တွင် သူသည် နံပါတ်တစ် ဖြစ်ရမည်ဟု ယခင်က ထုတ်ပြောခဲ့၏။
ယခု ဆူဇီမို၏ ဆိုလိုရင်းက ရှင်း၏။ သူသည် ဖုန်ဟောက်ယွီကို ရပ်တန့်ပစ်မည်ဟူ၍ပင်။
ဆူဇီမို၏ ထုတ်ပြန်ပြောကြားချက်အပြီး၌ လူအုပ်ကြီးသည် ဆူညံဆူညံ ဖြစ်ကုန်ကြ၏။
နတ်ပန်းပဲသွန်းလုပ်ခြင်းနှင့် နတ်ဆေးဖော်စပ်ခြင်းသည် မီးကို အားကိုးရသော်လည်း နှစ်ခုစလုံးက များစွာ ခြားနားမှုရှိ၏။ ကျင့်ကြံရေးလောကတွင် နတ်ပန်းပဲနှင့်နတ်ဆေးဆရာဟူသော ဘွဲ့ကို ခံယူနိုင်သောသူက လွန်စွာ ရှားပါး၏။
ဒါ့အပြင် လူတစ်ယောက်၏ စွမ်းအင်က အကန့်အသတ်ရှိ၏။ တစ်ချိန်တည်းမှာ ပညာရပ်နှစ်ခုစလုံးအပေါ်တွင် ကျွမ်းကျင်အောင်လုပ်ဖို့က ခက်ခဲ၏။
နောက်ပြီး နှစ်ကုန်ပြိုင်ပွဲကို ရောက်ဖို့က နှစ်ဝက်ခန့်သာ လိုတော့၏။
အချိန်က လုံလောက်အောင် မကျန်တော့ပေ။
သို့သော်လည်း ဆူဇီမိုတွင် ရှိသော အဆင့်၃ စိတ်ဝိညာဉ်မီးတောက်ကတော့ အားသာချက်တစ်ရပ်ဖြစ်၏။ သူသည်သာ ကျန်သည့် ခြောက်လမှာ ပန်းပဲနှင့် ဆေးပညာတွင် အားသွန်ခွန်စိုက် လေ့လာပါက ဖုန်ဟောက်ယွီအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပေမည်။
“ဒါနဲ့ မပြီးသေးဘူး”
အားလုံး အတွေးနဲ့ နစ်မြောနေကြစဉ်မှာပင် ဆူဇီမို ထပ်ပြောလိုက်သောစကားက အကုန်လုံးကို အုတ်သော်အောင်းနင်း ဖြစ်သွားစေ၏။
“တောင်ထွတ်သခင်က ငါ့ကို စိတ်ဝိညာဉ်တောင်ထွတ်ကို မလာရတော့ဘူးလို့ တားမြစ်လိုက်တဲ့အတွက် စိတ်ဝိညာဉ်တောင်ထွတ်ရဲ့ နှစ်ကုန်ပြိုင်ပွဲမှာတော့ ငါပါလို့ မရတော့ဘူးပေါ့.. ဒါပေမယ့် အဲ့ပြိုင်ပွဲပြီးတာနဲ့ မင်းဟာမင်း နံပါတ်တစ်ပဲရရ မရရ ငါစိတ်မဝင်စားဘူး.. ငါမင်းကို စိန်ခေါ်တယ်.. မင်းမှာသာဇရှိရင် မင်းနဲ့ငါ စိတ်ဝိညာဉ်ပြိုင်ပွဲစင်ပေါ်မှာ တွေ့ကြမယ်”
နှစ်ထောင်ကျော်သော တပည့်တို့ ကြက်သေ သေသွားကြ၏။
ဆူဇီမို၏ နောက်ဆုံး ပြောစကားက သူတို့အားလုံး၏ စိတ်ကူးကို ကျော်လွန်သွား၏။
ဆူဇီမိုတွင် အဆင့်၃ စိတ်ဝိညာဉ်မီးတောက်ရှိသောကြောင့် လက်နက်သွန်းလုပ်ခြင်းနှင့် ဆေးလုံးဖော်စပ်ခြင်းတွင် ဖုန်ဟောက်ယွီနှင့် ယှဉ်ပြိုင်လိုခြင်းက နားလည်ပေးနိုင်၏။
ယခုတော့ အဆင့် ၆ ချီစုဖွဲ့မှုဖြင့် ဖုန်ဟောက်ယွီကို စစ်ကြေငြာလိုက်၏။ ဒါကတော့ မိုက်ရူးရဲရာ ကျသွားပေပြီ။
သူသည် နောက်ခြောက်လကို ပန်းပဲနှင့် ဆေးပညာတွင် ကုန်ဆုံးရမည်ဖြစ်သောကြောင့် သူ့ကျင့်ကြံမှုကို အဆင့်မြှင့်ဖို့ ဘယ်လို အချိန်ရပါဦးမည်လဲ။
အကယ်၍ ဆူဇီမိုက ပကတိချီစုဖွဲ့သို့ ရောက်ခဲ့လျှင်တောင် သူသည် တိုက်ခိုက်ရေးနည်းစနစ်များ၌ ကျွမ်းကျင်မှုရှိမှာ မဟုတ်ပေ။ စိတ်ဝိညာဉ်တောင်ထွတ်သို့ ခြေချခွင့်မရှိတော့သောကြောင့် သူသည် တိုက်ခိုက်ဖို့ ဘယ်လိုသွားပြီး သင်ယူနိုင်ပါမလဲ။ သူက ဘယ်လိုများ ဖုန်ဟောက်ယွီကို ယှဉ်နိုင်ပါ့မလဲ။
ထိုအရာက သူ့ကိုယ်သူ အရှက်ကွဲစေခြင်းသာ ဖြစ်ပေလိမ့်မည်။
“ခွိ ခွိ”
ထိုအချိန်မှာပင် ဖုန်ဟောက်ယွီက ခေါင်းတစ်ဆတ်ဆတ်ညိတ်၍ ရယ်ချလိုက်၏။
“ဂျူနီယာညီလေးဆူက တစ်ကယ်ကို အံ့သြဖို့ကောင်းတာပဲ.. ဘယ်လောက်ထူးခြားတဲ့ စိတ်ဓါတ်နဲ့ သတ္တိလဲ.. ဒီလိုဆိုမှတော့လဲ စိန်ခေါ်မှုကို ငါက သေချာပေါက် လက်ခံပေးရမှာပေါ့လေ.. အဲ့အချိန်ကျရင် မင်းငါ့ကို အံ့အားသင့်အောင် လုပ်နိုင်ပါစေလို့ မျှော်လင့်ရမှာပဲ”
“စိတ်မပူပါနဲ့”
ဆူဇီမိုကလည်း လှောင်ရယ်လိုက်၏။
“သေချာပေါက် အံ့အားသင့်ရမှာပေါ့.. အဲ့အချိန်ကျရင် မင်းအခုလို ရယ်နိုင်ဦးမလား ကြည့်ရသေးတာပေါ့”
“အာ”
နတ်ပန်းပဲတောင်ထွတ်မှ တပည့်များက အိုးတိုးအမ်းတမ်း ဖြစ်သွားကြ၏။
ဖက်တီးလေးကတော့ နက်နက်နဲနဲတွေး၍ ဒေါပွနေ၏။
အဆောင်လက်ဖွဲ့၊ အစီအရင်နှင့် နတ်ဆေး တောင်ထွတ်မှ တပည့်များကတော့ နှစ်ကုန်ကျရင် ပွဲကြည့်ရတော့မည်ဆိုပြီး စိတ်လှုပ်ရှားနေကြ၏။
စိတ်ဝိညာဉ်တောင်ထွတ်မှ တပည့်များကတော့ ဆူဇီမိုတစ်ယောက် ဘယ်လိုအရှက်ကွဲမလဲဆိုတာ စောင့်ကြည့်ချင်နေကြပေပြီ။
သိပ်မကြာခင်မှာပင် ဤနေ့ ဖြစ်ရပ်က ဆန်းကြယ်တောင်ထွတ်တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။ အတွင်းစည်းတပည့်များတောင်မှ သိရှိသွားကြပြီး ပွဲကြည့်ဖို့ကို စိတ်အားထက်သန်နေကြတော့၏။
မည်သို့ပင်ဆိုစေ.. ယနေ့ အဖြစ်အပျက်များကြောင့် သည်တစ်ခေါက် လာမည့် နှစ်ကုန်ပြိုင်ပွဲက သည့်အရင်နှစ်များနှင့်မတူ တစ်မူထူးခြားနေပေတော့မည်။ အားလုံးကလည်း စိတ်ဝင်တစားဖြင့် စောင့်ဆိုင်းနေကြတော့၏။
လမ့်ရို၏ အကြည့်က ဆူဇီမိုအပေါ်တွင် အချိန်အတန်ကြာ ကျရောက်နေ၏။
ဤလူက လှုပ်ရှားမှုတိုင်း၊ ပြုမူမှုတိုင်း၊ စကားလုံးတိုင်းက သူမ၏ သိချင်စိတ်ကို ပြင်းပြလာစေ၏။
သူမသည် ပင်ကိုသဘာဝအားဖြင့် အေးတိအေးစက်နိုင်ပြီး သူမ၏ ကျင့်ကြံခြင်းမှလွဲ၍ အခြားအရာ အခြားသူများကို တော်ရုံနှင့် စိတ်ဝင်စားလေ့ မရှိပေ။
သို့သော်လည်း ယခုအခါမှတော့ ဤလူက သူမအတွက် ခြွင်းချက်ဖြစ်လာပေပြီ။
နှစ်ကုန်ပြိုင်ပွဲကျလျှင် ဤအစိမ်းရောင်ဝတ်စုံနှင့် စာပေသမားက ဘာတွေလုပ်ပြနိုင်မလဲ သူမ သိချင်မိ၏။ သူက အစွမ်းကုန် တောက်ပလာမှာလား.. သို့မဟုတ် လူအများ ဟားတိုက်စရာများ ဖြစ်လာမလား။