အဓိက လျှို့ဝှက်ပညာရပ် သုံးမျိုး
Vol. 7 Ch. 94
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း ၉၄ - အဓိက လျှို့ဝှက်ပညာရပ် သုံးမျိုး
Translator – Than Toe Aung
ဆူဇီမိုသည် ဓါးပျံကို ထုတ်၍ စိတ်ဝိညာဉ်ကျားကို ဖေးမ၍ တင်ပေးလိုက်ပြီးနောက် သူလည်း ခုန်တက်လိုက်၏။ ထို့နောက် ရွှယ်ယိနှင့် အခြားသူများကို ခေါင်းညိတ်ပြလိုက်၏။
“စီနီယာအစ်ကိုတို့.. ကျုပ်တော့ အရင်ပြန်ပြီဗျို့”
“ငါတို့လဲ ပြန်ကြမယ်”
ဆူဇီမိုထွက်သွားပြီးနောက် နတ်ပန်းပဲတောင်ထွတ်မှ အခြားသော တပည့်များလည်း လိုက်ပါလာကြ၏။
ဖက်တီးလေးသည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ဆုံးဖြတ်ချက်ချကာ ဆူဇီမိုအနောက်သို့ လိုက်လိုက်လေ၏။
သိပ်မကြာခင်မှာပင် ဆူဇီမိုနှင့် အခြားသူများသည် အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားကြ၏။
အခြားသော တောင်ထွတ်သုံးခုမှ တပည့်များလည်း စိတ်ဝိညာဉ်တောင်ထွတ်မှ တစ်ဖြည်းဖြည်း ထွက်ခွာကုန်ကြလေ၏။
လက်ရှိမုန်တိုင်းကတော့ ယာယီငြိမ်သက်သွားပြီဟု ပြောလို့ရ၏။ သို့သော်လည်း နှစ်ကုန်ကျလျှင် ပိုအားကောင်းသည့် မုန်တိုင်းက ထပ်လာဦးမှာဖြစ်ကြောင်း အားလုံးသိထားကြ၏။
နောက်ဆုံးအနိုင်ရသူက မည်သူဆိုတာ နောက်ခြောက်လကြာလျှင် အဖြေထွက်လာပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် တိမ်လွှာများကြားမှ တောင်ပံတစ်စုံက ရိုက်ခတ်လိုက်ပြီး ဆန်းကြယ်နန်းတော်ဆီသို့ ဦးတည်ပျံသန်းသွားလေ၏။
ဂိုဏ်းသားများသာ ထိုမြင်ကွင်းကို မြင်ရလျှင် ထိုအတောင်ပံများ ပိုင်ရှင်က လျှို့ဝှက်ဆန်းကြယ်သော အစောင့်သားရဲ စီနီယာကြိုးကြာဖြစ်သည်ဆိုတာ ပြောနိုင်ပေလိမ့်မည်။
ကြိုးကြာကြီး၏ ကြီးမားသော ခန္ဓာကိုယ်ကြီးက ဆန်းကြယ်နန်းတော်ထဲသို့ ဆင်းသက်လိုက်၏။ အနည်းငယ် လှည့်ပတ်လျှောက်သွားပြီးနောက် ၎င်းသည် ရက်ရက်စက်စက် လှပ၍ ကျက်သရေတင့်တယ်သော အနီရောင်ဆံနွယ်များနှင့် သက်လတ်ပိုင်းရွယ် အမျိုးသမီးတစ်ယောက်ပုံစံသို့ ပြောင်းလဲသွားလေ၏။
“ဂါ့ ဂါ့”
လှပသော အမျိုးသမီး၏ အော်ရာကို အာရုံခံမိလိုက်ပြီးနောက် ကြိုးကြာလေးတစ်ကောင်က ဝမ်းနည်းပက်လက်ပုံစံနှင့် အခန်းတစ်ခုထဲမှ အလောတကြီး ပြေးထွက်လာလေ၏။
ထိုကြိုးကြာက ဆန်းကြယ်တောင်ထွတ်၏ အရှေ့ဘက်တွင် ဆူဇီမိုနှင့် အခြားသူများကို ဟန့်တားခဲ့သော ကြိုးကြာပင် ဖြစ်လေသည်။
အနီရောင်ဆံပင်နှင့် အမျိုးသမီးက ကြိုးကြာလေးကို ကြည့်၍ ခေါင်းခါကာ ပြုံးလိုက်၏။
“ဘာလဲ မင်းအခန်းထဲမှာ တိုက်ပိတ်ခံထားရလို့ ဝမ်းနည်းနေတာလား”
“ကော်း...”
ကြိုးကြာလေးက တစ်စုံတစ်ရာကို ရှင်းပြချင်နေပုံရ၏။
ကြိုးစားလေး စဉ်းစားနေပုံကို ကြည့်၍ အနီရောင်ဆံပင်နှင့် အမျိုးသမီးက ပြောလိုက်၏။
“ကလေး.. ငါက မင်းရဲ့ အနာဂတ်ကိုတွေးပြီး အမြဲတမ်း စိုးရိမ်နေခဲ့ရတာ.. တစ်ယောက်ယောက်က မင်းကို သူ့ရဲ့ စိတ်ဝိညာဉ်တောကောင်အဖြစ်ယူပြီး မင်းလွတ်လပ်ခွင့်တွေ အပိုင်သိမ်းသွားမှာကို ငါမကြည့်ရက်ဘူး.. ဒါပေမယ့်လဲ မင်းဘဝတစ်လျှောက်လုံးလဲ ငါက ကာကွယ်ပေးနေနိုင်မှာ မဟုတ်ဘူးလေ”
ကြိုးကြာလေးက သူ့အမေပြောနေတာကို သိပ်နားမလည်ဘဲ စိတ်ရှုပ်လာ၏။ ထို့နောက် သူသည် စိုးရိမ်စိတ်ဝင်လာပြီး အနီရောင်ဆံပင်နှင့် အမျိုးသမီးဘေးသို့ ပြေးဝင်၍ တိုးကပ်ပွတ်သပ်လိုက်၏။
အနီရောင်ဆံပင်နှင့်အမျိုးသမီးက ပြုံးလိုက်ပြီး ဆက်ပြောလိုက်၏။
“ဒါပေမယ့် အခုတော့ သိပ်မကြာခင်ကပဲ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ လူတစ်ယောက်ကို ငါတွေ့ခဲ့ရတယ်.. သူက မင်းရဲ့သခင်လုပ်ဖို့ ထိုက်တန်တယ်.. ငါပြောနိုင်တာ တစ်ခုက သူ့နောက်ကို လိုက်မယ်ဆိုရင် မင်းအတွက် နစ်နာရမှာ မဟုတ်ဘူး”
“ကော်း ကော်း”
ကြိုးကြာလေး နောက်တစ်ကြိမ် ထပ်အော်လိုက်၏။
ကြိုးကြာလေး၏ ခေါင်းကို ပွတ်သပ်လိုက်ပြီး အနီရောင်ဆံပင်နှင့် အမျိုးသမီးက ထပ်ရှင်းပြလိုက်၏။
“မင်းက ငါနဲ့ပဲ တစ်ချိန်လုံး နေ,နေလို့ မရဘူးလေ.. ငါက အိုနေပြီ.. မင်းကတော့ ရှေ့ဆက်ရမယ့်လမ်းတွေ အများကြီး ရှိသေးတယ်”
ချက်ခြင်းဆိုသလို ကြိုးကြာလေးက စိတ်ရှုပ်ထွေးလာ၏။
ခဏနေပြီးနောက် ၎င်း၏ သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ကြိုးကြာလေးက မေးမြန်းစပ်စုလိုက်၏။
အနီရောင်ဆံပင်နှင့် အမျိုးသမီးက ဟက်ကနဲ တစ်ချက်ရယ်လိုက်၏။
“တစ်ကယ်တော့ မင်းလဲ အဲ့လူကို သိပါတယ်.. မင်းနဲ့သူနဲ့က ချောက်ကမ်းပါးထိပ်မှာတောင် တိုက်ခိုက်ခဲ့ကြသေးတယ်လေ”
“ကော်း! ကော်း! ကော်း! ကော်း!
ခဏကြာ ကြောင်အနေပြီးနောက် ကြိုးကြားလေးက စိတ်ဆိုးမာန်ဆိုးဖြင့် စူးရှစွာ အော်လိုက်၏။ သူ့ပုံစံက ဒေါသထွက် အထင်သေးနေဟန် ဖြစ်၏။
“ဟင်းဟင်း”
အနီရောင်ဆံပင်နှင့် အမျိုးသမီးက ရယ်လိုက်၏။
“ဟုတ်တယ်.. သူက အခုနေမှာတော့ အားနည်းနေသေးတယ်.. ဒါပေမယ့်လို့ နောက်ကျရင် မင်းတောင် သူ့ကို လိုက်မီမှာ မဟုတ်ဘူး.. နောက်ပြီး အဲ့ကောင်လေးရဲ့ ခန္ဓာကိုယ်ထဲမှာ လျှို့ဝှက်ချက်တွေ အများကြီးနဲ့.. သူ့အနာဂတ်က ဘယ်လိုဖြစ်လာမလဲဆိုတာ ပြောဖို့တော့ခက်တယ်”
“နောက်ပြီး ထူးခြားတဲ့တစ်ချက်က မင်း သူ့နောက်ကို လိုက်မယ်ဆိုရင် သွေးသစ္စာကျိန်ဆိုစရာ မလိုဘူး.. မင်းက မင်းရဲ့ လွတ်လပ်ခွင့်ကို အပြည့်ရနေဦးမှာပဲ”
ကြိုးကြာလေးက လက်မခံနိုင်သည့်အနေဖြင့် နောက်ထပ် ထပ်အော်လိုက်ပြန်၏။
အနီရောင်ဆံပင်နှင့် အမျိုးသမီးက ခေါင်းညိတ်လိုက်၏။
“ဟုတ်ပါတယ်.. မင်းဘာသာ ဆုံးဖြတ်နိုင်ပါတယ်.. ငါက မင်းကို အတင်းတွန်းအားပေးမှာ မဟုတ်ဘူး.. ငါပြောချင်တာက မင်းသူ့နောက်ကို လိုက်လို့ နစ်နာစရာ မရှိဘူးဆိုတာပဲ.. မင်း သူ့ကို သဘောကျတယ်ဆိုရင် သူ့အနားမှာ နေလို့ရတယ်.. အဆင်မပြေဘူးထင်ရင်လဲ မင်းထွက်သွားလိုက်ရုံပဲ”
ကြိုးကြာလေးက ညင်သာစွာ တစ်ချက် ထပ်အော်လိုက်၏။
“အင်း ဟုတ်ပြီလေ.. ငါမင်းကို ချူပ်မထားတော့ပါဘူး.. မင်းအခုကစပြီး ထွက်ကစားလို့ရပြီ.. သူများတွေကိုတော့ ထိခိုက်အောင် မလုပ်မိစေနဲ့နော်”
ကြိုးကြာလေးက ရေရွတ်လိုက်၏။
“ဟမ့်.. အဲ့လူကို ငါအမုန်းဆုံးပဲ.. သူ့ကြောင့် အမေက ငါ့ကို အကြာပြီး တိုက်ပိတ်ထားတာ.. အခု အမေက သူ့နောက်ကို လိုက်စေချင်နေပြန်ပြီ.. ဆုသာတောင်းနေလိုက်တော့.. ငါ အခု အပြင်ထွက်ရပြီဆိုတော့ သေချာပေါက် လက်စားချေဖို့ နည်းလမ်း ရှာရမယ်”
အနီရောင်ဆံပင်နှင့် အမျိုးသမီးက ကြိုးကြာလေ၏ အမူအယာကို ကြည့်၍ သူ့စိတ်ကို ဖတ်နိုင်၏။
သို့သော်လည်း သူမက စိတ်ထဲကနေ ကြိတ်ရယ်၍ မသိသယောင်သာ ဆောင်နေလိုက်၏။
. . .
စိတ်ဝိညာဉ်တောင်ထွတ်နှင့် မလှမ်းမကမ်း လေထဲတွင် တောင်ထွတ်သခင်လေးယောက် ရှိနေပြီး ယခု ဝမ်ရွှမ်ကပါ ထိုအုပ်စုထဲသို့ ပြန်ရောက်လာ၏။
“ဝမ်ရွှမ်.. ကျေးဇူးတင်ပါတယ်.. ငါတော့ မင်းကို အကြွေးတင်သွားပြီ” ဖိုသီဖတ်သီအဖိုးအိုက လက်သီးဆုပ်လေးစားဟန်ပြ၍ ပြောလိုက်၏။
တစ်ကယ်ဆို ဤသို့သော ပြဿနာမျိုးတွင် တောင်ထွတ်သခင်များက ကိုယ်တိုင် ဝင်ပါစရာ မလိုပေ။ စည်းကမ်းထိန်းသိမ်းရေးခန်းမကသာ ဝင်ရောက်ဖြေရှင်းသွားပေလိမ့်မည်။
သို့သော် ဆူဇီမို တစ်ခုခု ဖြစ်မှာကို စိုးရိမ်သည့်အတွက် ဖိုသီဖတ်သီအဖိုးအိုက ဝမ်ရွှမ်ကို ကိုယ်တိုင်ဝင်၍ ဖြေရှင်းပေးဖို့အတွက် တောင်းဆိုခဲ့ခြင်း ဖြစ်၏။
ဝမ်ရွှမ်က လက်ကာပြလိုက်၏။
“ကျုပ်တို့ကြားမှာ အဲ့လိုတွေ ပြောနေဖို့ မလိုပါဘူးဗျာ”
ခဏရပ်လိုက်ပြီးနောက် သူက ဆက်ပြောလိုက်၏။
“တစ်ကယ်တော့ ကျုပ်လဲ ဆူဇီမိုကို စိတ်ဝိညာဉ်တောင်ထွတ်ကို ဝင်ခွင့်ပိတ်ဖို့ ရည်ရွယ်ချက် မရှိခဲ့ပါဘူးဗျာ.. ဒါပေမယ့် အဲ့ကောင်လေးက တော်တော်ပြောရခက်တယ်ဗျာ.. ကျုပ်လဲ ဒေါသနည်းနည်းလေးထွက်သွားတာနဲ့ သူလဲ ဆင်ခြင်တုံတရားလေး ဝင်လာအောင် လုပ်လိုက်ရတာပါ”
“အဲ့ဒါက ကိစ္စမရှိပါဘူး.. ခင်ဗျား ဝင်ဖြေရှင်းပေးတာနဲ့တင် ကျုပ်က ကျေးဇူးတင်နေပါပြီ”
ဖိုသီဖတ်သီအဖိုးအိုက ပြောလိုက်၏။
“ချီစုဖွဲ့စစ်သည်တော်အဆင့်နဲ့ သူ တိုက်ခိုက်ရေး နည်းစနစ်တွေကို မသင်ရသေးလဲ ကိစ္စမရှိပါဘူး.. သူလဲ အခြေတည်အဆင့် ရောက်တာနဲ့ အတွင်းစည်းတပည့်အဖြစ် အဆင့်တိုးပေးခံရမှာပဲလေ.. အဲ့ကျမှ တိုက်ခိုက်ရေး နည်းစနစ်တွေကို သင်ယူလဲ သူ့အတွက် သိပ်တော့ နောက်မကျသေးပါဘူးလေ”
“ဒါပေမယ့် သူနဲ့ ဖုန်ဟောက်ယွီက နှစ်ကုန်ကျရင်...” ဝမ်ရွှမ်းက သူ့စကားက ရပ်လိုက်၏။
ဖိုသီဖတ်သီအဖိုးအိုက ခေါင်းခါလိုက်၏။
“သူ ရှုံးသွားတယ်ဆိုတော့လဲ ရှုံးတယ်ပေါ့.. အဲ့ဒါမှ သူလဲ ဆင်ခြင်တုံတရားလေးဘာလေး ရသွားတာပေါ့.. ဘာပဲဖြစ်ဖြစ် ဂိုဏ်းသားအချင်းချင်း ရှုံးနိမ့်ရတယ်ဆိုတာ အပြင်လောကမှာ အသက်ရှုံးရတာထက်စာရင် တော်သေးတာပေါ့”
အစီအရင်တောင်ထွတ်သခင်ရွှမ်ယီက ရုတ်တရတ် ဝင်ပြောလိုက်၏။
“တစ်ကယ်တော့ ဒီနေ့အဖြစ်အပျက်မှာ ဆူဇီမိုကိုချည်းပဲ အပြစ်တင်လို့လဲ မရဘူး.. “
“အဲ့ဒီ ဖုန်ဟောက်ယွီကလဲ အကြံသမားပဲကိုး” မီးခိုးရောင်ဆံပင်နှင့် ငယ်ရွယ်ပုံရသော နတ်ဆေးတောင်ထွတ်သခင်က အလိုမကျဟန်ဖြင့် ထပ်ပြီး မှတ်ချက်ပေးလိုက်၏။
ဝမ်ရွှမ်းက မျက်နှာပျက်သွားပြီး မကျေနပ်ဟန်ဖြင့် ခေါင်းခါလိုက်၏။
“ဖုန်ဟောက်ယွီက ပြိုင်ဆိုင်လိုစိတ် ပြင်းထန်ရုံပါ.. စိတ်ရင်းက မဆိုးလှပါဘူး”
မီးခိုးရောင်ဆံပင်နှင့်လူငယ်က ပုခုံးတွန့်လိုက်၏။
“ဘာမှ မဟုတ်ပါဘူး.. ကျူပ် ဘာမှ မပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ”
ရွှမ်ယိက အလောတကြီးဖြင့် စကားလမ်းကြောင်း ဝင်ပြောင်းပေးလိုက်ပြီးနောက် သူတို့ငါးယောက်သည် စကားစမြည် အနည်းငယ် ပြောဆိုကာ လမ်းခွဲလိုက်ကြ၏။
. . .
ဆူဇီမို သူ့တိုက်ခန်းသို့ ပြန်ရောက်တော့မည့် အချိန်မှာပင် ဖက်တီးလေးက သူ့ကို မီလာ၏။
“နောင်ကြီး.. နေပါဦးဗျ” ဖက်တီးလေးက လှမ်းခေါ်လိုက်၏။
ဖက်တီးလေး ဆင်းသက်လာတာကို မြင်လိုက်ပြီးနောက် ဆူဇီမိုက ရယ်မောပြောဆိုလိုက်၏။
“ဒီနေ့ ငါအတွက် စကားတွေ အများကြီး ပြောပေးခဲ့တာ ကျေးဇူးတင်ပါတယ်”
“အဲ့ဒါက ဘာမှ မဟုတ်ပါဘူး” ဖက်တီးလေးက လက်ကာပြလိုက်၏။
တစ်စုံတစ်ရာကို တွေးတောလိုက်ပြီး ဆူဇီမိုက တောင်းပန်လိုက်၏။
“ငါ့အတွက်နဲ့ မင်းလဲ ရန်ငြိုးတွေ ဖွဲ့မိကုန်ပြီ.. အားနာပါတယ်ကွာ.. စိတ်ဝိညာဉ်တောင်ထွတ်က မင်းအတွက် နေရတာ ခက်ခဲလာတော့မှာပဲ”
“ဟေး.. အဲ့ဒါက သိပ်ပူစရာပါဘူး နောင်ကြီးရယ်.. ကျုပ်က အခုပဲ ချီစုဖွဲ့မှု အဆင့်၇ ရောက်နေပြီ.. နှစ်ကုန်ဖို့က ခြောက်လတောင် ကျန်သေးတယ်.. အဲ့ကျရင် ကျုပ်က ပကတိချီစုဖွဲ့မှုကို ရောက်လိမ့်မယ် မျှော်လင့်ရတာပဲ.. အဲ့ကျရင် အစမ်းတပည့်ထဲမှာ ကျုပ်ထက်သာတဲ့သူက သိပ်ရှိတော့မှာ မဟုတ်ဘူး.. သူတို့ ကျုပ်ကို မကျေနပ်လဲ ရတယ်လေ.. စိတ်ဝိညာဉ်ပြိုင်ပွဲစင်ပေါ်မှာ လာတွေ့လှည့်ပေါ့” ဖက်တီးလေးက စိတ်အေးလက်အေး အမူအယာနှင့်ပင် ပြောလိုက်၏။
သူသည် ထိုစကားကို ပြောပြီးသောအခါ သက်ပြင်းချလိုက်၏။
“နောင်ကြီး.. ခင်ဗျားကို ဖုန်ဟောက်ယွီကို ဘာလို့ စိန်ခေါ်လိုက်တာလဲဗျ.. .. အဲ့ဒါက နည်းနည်းတော့ မဆင်မခြင်လုပ်ရာ ကျတာပေါ့”
“အို့” ဖက်တီးလေးက တစ်စုံတစ်ရာကို သွယ်ဝိုက်ပြောချင်နေတာ ဆူဇီမို သတိထားမိ၏။
ဖက်တီးလေးက ဆက်ပြောလိုက်၏။
“နောင်ကြီး .. ဆန်းကြယ်တောင်ထွတ်မှာ အဓိက လျှို့ဝှက်ပညာရပ်သုံးခု ရှိတာ ခင်ဗျားသိလား”
“မသိဘူး” ဆူဇီမိုက ခေါင်းခါလိုက်၏။
ဖက်တီးလေးက ရှင်းပြလိုက်၏။
“ဆန်းကြယ်တောင်ထွတ်က မဟာကျိုးအင်ပါယာထဲမှာ ဂိုဏ်းကြီးငါးဂိုဏ်းထဲက တစ်ဂိုဏ်းအဖြစ် ရပ်တည်နေနိုင်တာဟာ သူတို့ဟာ အဓိက လျှို့ဝှက်ပညာရပ်သုံးရပ်ကို အမွေခံ ရရှိထားလို့ပဲ.. ခင်ဗျားက အတွင်းစည်းတပည့်အဖြစ် အဆင့်တိုးပေးခံရရင်တောင် အဲ့ဒီ ပညာရပ်သုံးမျိုးကို သင်ယူခွင့် ရဦးမှာ မဟုတ်သေးဘူး.. အတွင်းစည်းတပည့်တွေထဲကမှ အမွေခံတပည့်တွေပဲ အဲ့ဒါကို သင်ယူခွင့်ရှိတာ”