မမြင်ရသော ပဋိပက္ခ
Vol. 7 Ch. 95
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း ၉၅ - မမြင်ရသော ပဋိပက္ခ
Translator – Than Toe Aung
“အမွေခံတပည့်လား”
ဆူဇီမိုသည် မျက်မှောင်ကြုတ်လိုက်၏။ ဤကဲ့သို့သော အခေါ်အဝေါ်ကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်လေသည်။
ဖက်တီးလေးက ခေါင်းညိတ်လိုက်၏။
“တစ်ကယ်ဆို ဂိုဏ်းတိုင်းမှာ အမွေခံတပည့်ဆိုတာ ရှိကြတယ်.. သူတို့အားလုံးက ပါရမီရှင်တွေ ဖြစ်ကြပြီးတော့ ဂိုဏ်းကလဲ သူတို့ကို အရမ်းတန်ဖိုးထားကြတယ်.. တစ်ချို့ဂိုဏ်းတွေမှာတော့ သူတို့ကို ပင်မတပည့်လို့ ခေါ်ကြတယ်”
ဆူဇီမိုသည် နားလည်သလို ရှိသွားပြီး မေးလိုက်၏။
“မင်းပြောချင်တာက အခု ဖုန်ဟောက်ယွီက အမွေခံတပည့် ဖြစ်နေပြီလား”
“အခုတော့ မဟုတ်သေးဘူး”
ဖက်တီးလေးက ပြန်ပြောလိုက်၏။
“ဒါပေမယ့် သူက အတွင်းစည်းတပည့် ဖြစ်လာတာနဲ့ အမွေခံတပည့်အဖြစ် တန်းပြီး တိုးမြှင့်ပေးခံရဖို့ သေချာသလောက်ပဲ.. ဘာလို့လဲဆိုတော့ သူက လျှို့ဝှက်ပညာရပ်သုံးခုထဲက တစ်ခုဖြစ်တဲ့ ဆန်းကြယ်ဓါးသိုင်းကို အခုထဲက လေ့ကျင့်နေနိုင်ပြီ.. ကျုပ်ကြားတာတော့ ကျုပ်တို့ဆရာ စိတ်ဝိညာဉ်တောင်ထွတ်သခင်က ဂိုဏ်းချုပ်ကြီးဆီကို ကိုယ်တောင်သွားပြီး တောင်းဆိုပေးခဲ့တာတဲ့”
ထိုစကားကို ကြားသောအခါ ဆူဇီမို၏ အမူအယာက အနည်းငယ် တင်းမာသွား၏။
သူက အမွေခံတပည့်တောင် မဖြစ်သေးဘူး။ သူ့ကို လျှို့ဝှက်ပညာရပ်အား လေ့ကျင့်ခွင့်ပေးထားပြီဆိုတော့ ဂိုဏ်းက သူ့ကို ဘယ်လောက်တန်ဖိုးထားကြောင်း ပြောနေစရာပင် မလိုတော့ပေ။
ဆန်းကြယ်တောင်ထွတ်ကို ဂိုဏ်းကြီးငါးဂိုဏ်းစာရင်းဝင်အောင် ထောက်ပံ့ပေးနိုင်သော ပညာရပ်ဖြစ်သောကြောင့် ထိုအရာက သွားနောက်လို့တော့ မရချေ။
သို့သော် ဆူဇီမိုအတွက်တော့ တစ်ကယ်တမ်း အောင်နိုင်သူကို ဆုံးဖြတ်ပေးနိုင်မည့်အချက်မှာ ဖုန်ဟောက်ယွီ မဟုတ်၊ သူသာလျှင် ဖြစ်လေသည်။
စိတ်ဝိညာဉ်ပြိုင်ပွဲစင်အောက်တွင် စွန်းထောင်နှင့် တိုက်ခိုက်တုန်းက သူ့ကိုယ်ထဲတွင် ပုန်းကွယ်နေသော ပဋိပက္ခတစ်ခု ဖြစ်နေတာကို သူတွေ့ရှိလိုက်ရ၏။
သူသည် ထိုကွယ်လျှိုးနေသော ပဋိပက္ခကို မဖြေရှင်းနိုင်လျှင် နှစ်ကုန်၌ ဖုန်ဟောက်ယွီနှင့် တိုက်ခိုက်ခြင်းက သူ့အတွက် ဆိုးရွားမှုများ ဖြစ်ပေါ်လာစေနိုင်၏။
ဖက်တီးလေးက ခဏကြာ တိတ်ဆိတ်နေပြီးနောက် ရယ်မော ပြောဆိုလိုက်၏။
“ဘာပဲဖြစ်ဖြစ် နောင်ကြီးက ရွေးချယ်ပြီးသွားပြီဆိုမှတော့ ထားလိုက်တော့ပေါ့.. ကျုပ်က ခင်ဗျားဘက်ကနေပဲ နေမှာပါ.. စိတ်ဝိညာဉ်တောင်ထွတ်ကို မသွားရဘူးဆိုတော့လဲ ဘာဖြစ်လဲ.. ဒီခြောက်လအတွင်း ကျုပ်က နောင်ကြီးနဲ့ လက်ရည်လာလာစမ်းပေးမယ်.. အဲ့ဒါဆို နောင်ကြီးလဲ တိုက်ခိုက်ရေးနည်းစနစ်တွေနဲ့ အကျွမ်းဝင်လာပြီးတော့ တိုက်ခိုက်ရည် တိုးလားတာပေါ့”
“ကောင်းပြီလေ” ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
“အချိန်ကတော့ နည်းနည်းလေး ကသီတာပေါ့ဗျာ.. ခင်ဗျားက ကျင့်ကြံခြင်းအဆင့်ကိုလဲ မြှင်ရမယ်.. ပန်းပဲနဲ့ ဆေးပညာကိုလဲ လေ့လာရမယ်ဦးမယ်.. ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ.. ကျုပ်တို့လုပ်နိုင်သမျှ အစွမ်းကုန်လုပ်ပြီးတော့ အကောင်းဆုံးကို မျှော်လင့်ကြတာပေါ့”
ဖက်တီးလေး ထွက်သွားပြီးနောက် ဆူဇီမိုသည် စိတ်ဝိညာဉ်ကျားကို ခေါ်ကာ သူ့တိုက်ခန်းထဲသို့ ပြန်ဝင်လိုက်၏။
ကျောက်ခုတင်ပေါ်တွင် ထိုင်လိုက်ပြီးနောက် ဆူဇီမို၏ မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုများက ပေါ်လာ၏။
အဲ့ဒါက သူသည် ခြင်ဆီသန့်စင်ခြင်းအပိုင်းကို မလေ့ကျင့်ရသေးသော အချိန်ကဖြစ်လျှင် သူသည် သူ၏ ကြံ့ခိုင်သောကိုယ်ကိုယ်ယ ကျွမ်းကျင်သောအနီးကပ်တိုက်ခိုက်ရည်တို့ဖြင့် ဖုန်ဟောက်ယွီကို အမှောက်သိပ်ပစ်ဖို့ ယုံကြည်ချက်ရှိ၏။
သို့သော် ယခုအခါမှာတော့ သူသည် ခြင်ဆီသန့်စင်ခြင်း အပိုင်းကို စတင်လေ့ကျင့်နိုင်ခဲ့ချိန်မှစ၍ သူခန္ဓာကိုယ်တွင်းတွင် မမျှော်လင့်ထားသော ပြောင်းလဲမှုများက ဖြစ်ပေါ်လာခဲ့၏။
ခြင်ဆီသန့်စင်ခြင်းအပိုင်း၏ အဓိက လုပ်ဆောင်ချက်က သွေးဖလှယ်ခြင်း ဖြစ်၏။
ခြင်ဆီမှ တစ်ဆင့် အသစ်ဖြစ်ပေါ်လာသောသွေးက အလွန်တရာ စွမ်းအားမြင့်သော်လည်း ၎င်းတွင် သားရဲသဘာဝက၏ စရိုက်လက္ခဏာက ထင်ရှားစွာ ပါဝင်နေ၏။
စိတ်ဝိညာဉ်တောင်ထွတ်မှာတုန်းက စိတ်ဝိညာဉ်ကျား ဒဏ်ရာရသွားသောအခါ ဆူဇီမို၏ သတ်ဖြတ်လိုစိတ်က ထောင်းခနဲထလာ၏။ ထိုအချိန်တွင် မသိလိုက်မသိဖာသာနှင့် ဆူဇီမို၏ ကိုယ်တွင်းရှိ သွေးများက ရုန်းကြွလာပြီး သားရဲသွင်ပြင်လက္ခဏာကို စတင်ပြသလာသည်ဟု သူခံစားလိုက်မိ၏။
ထိုခံစားချက်က သူသည် ကန်းလန်ရိုးမမှာ မျှော်လင့်ချက်မျောက်ဝံအသွင် ပြောင်းလဲခြင်းကို ဖော်ဆောင်လိုက်တုန်းက ဖြစ်ပေါ်လာသော ခံစားချက်နှင့် တူ၏။
လေများကို တစ်ဝကြီး ရှူလိုက်ပြီးနောက် ဆူဇီမိုသည် သူ့သွေးများကို လှည့်ပတ်စေလိုက်၏။ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသို့ သွေးကြောများမှတစ်ဆင့် များပြားလှစွာသော စွမ်းအင်အော်ရာများက စီးဆင်းပျံ့နှံ့သွားလေသည်။
သူ့ခန္ဓာကိုယ်က ပြန့်ကားလာပြီး သန်မာအားကောင်းလာတာကို သူခံစားမိနေ၏။
ဤအရာက သူ့ပုံစံကို လုံးလုံး အသွင်ပြောင်းလဲသွားစေ၏။
သူခန္ဓာကိုယ်ပေါ်ရှိ အဝတ်များက တင်းကျပ်လာပြီးနောက် တစ်စစီ ဆုတ်ပြဲသွား၏။
သူ့ရုပ်ရည်သွင်ပြင်ကို သူသေချာ မမြင်ရသေးသော်လည်း သူပုံစံက ယခင်စာပေသမားလေးတစ်ယောက်လိုမျိုး မဟုတ်တော့မှာကိုတော့ သူသိ၏။
ဘေးမှနေ၍ စိတ်ဝိညာဉ်ကျားက စိတ်မသက်မသာနှင့် စိန်းစိန်းဝါးဝါး စိုက်ကြည့်နေ၏။
အဲ့ဒါက ဆူဇီမို၏ ရုပ်ရည်သွင်ပြင်က ပြောင်းလဲသွားသောကြောင့် မဟုတ်ပေ။ ဆူဇီမိုထံမှ ထိတ်လန့်သွေးပျက် ကြောက်စရာကောင်းလှသည့် အော်ရာက ထွက်ပေါ်လာနေသောကြောင့် ဖြစ်၏။
ခေါင်းငုံ့ကြည့်လိုက်သောအခါ သူ့ဘယ်လက်မှ လက်သည်းများက ရှည်ထွက်လာတာကို တွေ့လိုက်ရ၏။ ၎င်းလက်သည်းများက ကျောက်စိမ်းကို ကြည်လင်နေပြီး ဓါးသွားများလို ထက်ရှနေ၏။ သူသည် ထိုလက်သည်းများကို ထိခတ်ကြည့်သောအခါ သတ္တုများ ရိုက်ခတ်သလို ချွင်ချွင် အသံများ ထွက်ပေါ်လာတာကို ကြားလိုက်ရ၏။
သူ့အတွေးတစ်ချက်ဖြင့် ထိုကြောက်စရာလက်သည်းများက ပြန်ဝင်သွား၏။
စိတ်ဝိညာဉ်ကျား လုံးဝ အံ့သြမှင်တက်သွား၏။
ဆူဇီမို၏ အသစ်ထွက်လာသော လက်သည်းများက အသွင်းအထုတ်ကို သူလိုသလို ထိန်းချုပ်နိုင်လေသည်။
ဆူဇီမို၏ လက်မောင်းပေါ်တွင် အစိမ်းရောင်သွေးကြောကြီးများက ဖောင်းကြွတင်းရင်းနေပြီး မြွေကြီးများက ကြောက်လန့်စရာပုံစံနှင့် ရစ်ပတ်ထားသလို ဖြစ်နေ၏။
ဒါက ဘယ်လိုလုပ် လူသားတစ်ယောက်၏လက် ဖြစ်နိုင်ပါ့မလဲ။
ဆူဇီမိုသည် စိတ်ဝိညာဉ်ချီကို သုံး၍ ကြေးမုံတစ်ချပ် ဖန်တီးလိုက်၏။
ကြေးမုံထဲတွင် သူမြင်လိုက်ရတာက လူသားတစ်ဝက် သားရဲတစ်ဝက် ရောနှောထားသည့် ပုံသဏ္ဍာန် ဖြစ်လေသည်။ နီရဲနေသောမျက်လုံးများဖြင့် သူပုံစံက လူသားနှင့် မျောက်ဝံပေါင်းစပ်ထားသည့်ပုံစံ ဖြစ်နေ၏။
သူ့လက်က တုန်ခါသွားပြီး ကြေးမုံက ပျောက်ကွယ်သွား၏။
သူ့ခန္ဓာကိုယ်တစ်ခုလုံးနီးပါးက အကြီးအကျယ် ပြောင်းလဲသွားသော်လည်း သူ့ညာဘက်လက်ကတော့ အကောင်းပကတိမူလအတိုင်း ကျန်ရှိနေ၏။ နုနုနယ်နယ် ဖြူဖွေး၍ အခြားလူသားများလက်လိုပင်။
သူ့ညာဘက်လက်က မကြာခဏဆိုသလို တစ်နည်းနည်းနဲ့ ထူးခြားနေ၏။
ဆူဇီမိုသည် အဆင့်၃ စိတ်ဝိညာဉ်မီးတောက် ထုတ်ဖော်နိုင်ခဲ့သည့်အချိန်ကို ပြန်လည်အမှတ်ရလာ၏။
သို့သော်လည်း ဘာလိုဘာ့ကြောင့် ဖြစ်လာတာလဲဆိုတာတော့ သူမစဉ်းစားတတ်ခဲ့ပေ။
ဆူဇီမိုသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်၍ စိတ်ကိုလျှော့ချလိုက်သောအခါ သူ၏ သားရဲသွင်ပြင်က တစ်ဖြည်းဖြည်းနှင့် ဖျော့တော့ ပျောက်ကွယ်သွားလေသည်။
ဤအရာသည် သားရဲကျင့်ကြံခြင်းကို လေ့ကျင့်သည့်အတွက် ရလာသော နောက်ဆက်တွဲ အကျိုးရလဒ်ပင် ဖြစ်ပေလိမ့်မည်။
ခန္ဓာကြံ့ခိုင်စေခြင်း၊ အရိုးကြံ့ခိုင်စေခြင်းနှင့် အရွတ်အသွင် ပြောင်းလဲခြင်းတို့တွင် နောက်ဆက်တွဲအာနိသင်က သိပ်မထင်ရှားလှပေ။
သို့သော်လည်း ယခု ခြင်ဆီသန့်စင်ခြင်းအပိုင်း၏ သွေးဖလှယ်ခြင်းမှာတော့ ဆူဇီမိုသည် သားရဲတစ်ကောင်လို အသွင်ပြောင်းလာလေပြီ။
ဤအရာက သူလိုချင်သော ပုံစံတော့ မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် သူသည် လူသားမျိုးနွယ်ဖြစ်၏။ သားရဲအစစ်တစ်ကောင်လိုတော့ မဖြစ်ချင်ပေ။
သူသည် ယခုအချိန်ထိ ခြင်ဆီသန့်စင်ခြင်းတွင် စဦးအောင်မြင်မှုကိုပင် မရသေးချေ။ သို့သော် သူသည် စဦးအောင်မြင်မှုကို ရလာခဲ့လျှင် သို့မဟုတ် သာလွန်အောင်မြင်မှုအထိ ရောက်လာခဲ့လျှင် သူ၏ လူသားပုံစံကိုတောင် ပြန်မပြောင်းနိုင်တော့မှာ စိုးရိမ်မိ၏။
စောစောက သူသာ စိတ်ဝိညာဉ်တောင်ထွတ်တွင် စိတ်လွတ်သွားပြီး သားရဲပုံစံကို ဖော်ပြမိပါက နောက်ဆက်တွဲဖြစ်လာမည့် ပုံရိပ်များကို စိတ်ကူးကြည့်လိုက်၏။
ပထမဆုံး ဖြစ်နိုင်တာက သူသည် နေရာမှာပင် အသတ်ခံရမှာပင်။
နောက်တစ်မျိုးဖြစ်နိုင်တာကတော့ သူ့ကို အတင်းအကြပ် သွေးသစ္စာကျိန်ဆိုခိုင်းပြီး တစ်စုံတစ်ယောက်၏ စိတ်ဝိညာဉ်တောကောင် ဖြစ်သွားမှာပင်။
ဆူဇီမိုသာ သူ၏ သားရဲပုံစံကို ဖော်ပြလိုက်မိလျှင် မည်သူကမျှ သူ့ကို လူသားတစ်ယောက်အဖြစ် မှတ်ယူမှာ မဟုတ်တော့ပေ။
ကျင့်ကြံရေးလောကတွင် စိတ်ဝိညာဉ်သားရဲများ ရှင်သန်နေထိုင်နိုင်သော တစ်ခုတည်းသော နည်းလမ်းမှာ လူသားများ၏ စိတ်ဝိညာဉ်တောကောင်အနေဖြင့်သာ ဖြစ်လေသည်။
နောက်ထပ်နည်းလမ်းတစ်ခုလည်း ရှိသေး၏။ အဲ့ဒါကတော့ သူ့ဆွေမျိုးမိတ်ဆွေများနှင့် လုံးဝ အဆက်အသွယ် ဖြတ်တောက်ကာ ဂိုဏ်းမှထွက်၍ တောတောင်ရိုးမထဲသို့ ဝင်ရောက်ပြီး အစစ်အမှန်တောကောင်များနှင့် သွားရောက်ရောနှော နေထိုင်ဖို့ပင် ဖြစ်လေသည်။
ဆူဇီမိုသည် ထိုသို့လည်း မလုပ်နိုင်ပေ။
သို့သော် တစ်ချိန်တည်းမှာပင် သူသည် သားရဲကျင့်ကြံခြင်း နည်းစနစ်ကိုလည်း လက်မလွှတ်ချင်ပေ။
“ငါ ဘာလုပ်ရမလဲ”
သူသည် ကြံရာမရ ဖြစ်နေ၏။
တစ်ကယ်တော့ လောလောဆယ် ဆူဇီမိုအတွက် ပြဿနာရှိသည်မှာ နှစ်ကုန်မှာ တိုက်ရမည့် ဖုန်ဟောက်ယွီနှင့် စိန်ခေါ်ပွဲဖြစ်၏။
ယခုအခါ သူသည် သူ့ကိုယ်ထဲက သွေးကို ဘယ်လိုထိန်းချုပ်ရမလဲ ကောင်းကောင်းမသိသေးပေ။ သူသည် အနီးကပ်တိုက်ခိုက်ရင်း သွေးဆူလာကာ သူ့ကိုယ်ထဲကသွေးများ စီးဆင်းမှုကို မထိန်းချုပ်နိုင်ပါက သူသည် သေချာပေါက် သူ၏ သားရဲသဘာဝကို ထုတ်ပြမိပေလိမ့်မည်။
ထိုအခါ သူသည် ဖုန်ဟောက်ယွီကို အနိုင်ယူဖို့ မဆိုထားနှင့်.. စီနီယာများက သူ့ကို ကိုင်တွယ်ပေလိမ့်မည်။
သူသည် ဖုန်ဟောက်ယွီကို အနိုင်ယူလိုလျှင် ချီစုဖွဲ့စစ်သည်တော်များ အသုံးပြုတိုက်ခိုက်လေ့ရှိသော အင်မော်တယ်တိုက်ခိုက်ရေးနည်းလမ်းများကို သုံး၍ တိုက်ခိုက်မှသာ ရပေလိမ့်မည်။
သို့သော်လည်း ထိုနည်းစနစ်များနှင့် ပတ်သတ်၍ သူ၏ အသိသညာက ဗလာနီးပါးပင်။
နှစ်ကုန်ပြိုင်ပွဲကို ရောက်ဖို့က ခြောက်လသာ လိုတော့လေသည်။
သူသည် ကျင့်ကြံခြင်းကိုလည်း အဆင့်မြှင့်ရမည်၊ ပန်းပဲနှင့် ဆေးပညာမှာလဲ တိုးတက်အောင် လုပ်ရမည်၊ ယခု အင်မော်တယ် တိုက်ခိုက်ရေးနည်းစနစ်များကိုလဲ လေ့လာရပေတော့မည်။
ဆူဇီမိုသည် လောလောဆယ် ခြင်ဆီသန့်စင်ခြင်းအပိုင်း လေ့ကျင့်တာကို ရပ်နားထားဖို့ ဆုံးဖြတ်လိုက်၏။
အနည်းဆုံးတော့ သူ့ကိုယ်တွင်းက ကွယ်လျှိုးနေသာ ပဋိပက္ခကို ဖြေရှင်းပြီးမှသာ ထိုအရာကို ပြန်လေ့ကျင့်ရပေမည်။
သိုလှောင်အိတ်ထဲမှ ပန်းပဲမီးဖိုကို ထုတ်ယူလိုက်ပြီး ဆူဇီမိုသည် စိတ်ဝိညာဉ်စုဆောင်းခြင်းကို လေ့ကျင့်ဖို့ စတင်လိုက်၏။
သူသည် မကြာခင်မှာ စိတ်ဝိညာဉ်စုဆောင်းခြင်းနည်းလမ်းတစ်ခုကို ထုတ်ဖော်နိုင်တော့မည်ဟု မသိစိတ်က အာရုံရနေ၏။ ထိုအရာသည် နတ်ပန်းပဲသွန်းလုပ်ခြင်းတွင် အရေးကြီးဆုံးဖြစ်သော အဆင့်ပင် ဖြစ်လေသည်။