နတ်ပန်းပဲလောကတစ်ခုလုံးကို ပြောင်းလဲသွားစေမည့် စိတ်ဝိညာဉ်စုဆောင်းခြင်းနည်းလမ်း
Vol. 7 Ch. 96
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း ၉၆ - နတ်ပန်းပဲလောကတစ်ခုလုံးကို ပြောင်းလဲသွားစေမည့် စိတ်ဝိညာဉ်စုဆောင်းခြင်းနည်းလမ်း
Translator – Than Toe Aung
ဝါရင့်နတ်ပန်းပဲဆရာများတွင် ဆဋ္ဌမမြောက်အာရုံတစ်ခု ရှိ၏။ ၎င်းက နှစ်ပေါင်းများစွာ လက်နက်သွန်းလုပ်ခြင်းမှ ရရှိလာသော လွန်စွာ အဖိုးတန်သည့် အာရုံတစ်ခု ဖြစ်၏။
အခုမှ လက်နက်သွန်းလုပ်ခြင်းကို စတင်လေ့ကျင့်သည်မှာ သုံးလပင် မပြည့်တတ်သေးသော ဆူဇီမိုအတွက်တော့ ထိုကဲ့သို့သော ဆဋ္ဌမမြောက်အာရုံကို ရရှိနိုင်စရာ အကြောင်းမရှိပေ။
သို့သော်လည်းပဲ သူ့မှာက အာရုံခံသတိစိတ်ရှိ၏။
အဲ့ဒါက ကျရောက်လာတောမည့် အန္တရာယ်ကို ကောင်းစွာ အာရုံခံနိုင်၏။ သူ၏ အာရုံခံသတိစိတ်ကို စိတ်ဝိညာဉ်စုဆောင်းခြင်းတွင် အသုံးချ၍ ရနိုင်မလား။
ဆူဇီမိုသည် အဆင့်၃ စိတ်ဝိညာဉ်မီးတောက်ကို ထုတ်ဖော်လိုက်ပြီး ပန်းပဲမီးဖိုကို အပူပေးလိုက်၏။
နောက်တစ်ခဏ၌ သူသည် သိုလှောင်အိတ်ထဲမှ သန့်စင်သောရွှေတစ်စကို ဖဲ့ယူလိုက်ပြီး အခြားသော ပစ္စည်းများနှင့် ရောနှော၍ ပန်းပဲမီးဖိုထဲသို့ ထည့်ကာ အရည်ဖျော်ဖို့ လုပ်လိုက်၏။
အဆင့်၃ စိတ်ဝိညာဉ်မီးတောက်၏ မြင့်မားသော အပူချိန်အောက်တွင် ပန်းပဲမီးဖိုအတွင်းရှိ ပစ္စည်းများက လျှင်မြန်စွာ အရည်ပျော်လာပြီး တစ်ပွက်ပွက်ဆူလာလေသည်။
ထည့်ထားသောပစ္စည်းများထဲမှ အညစ်အကြေးများက ထွက်ပေါ်လာပြီး သတ္တုရည်များက သိပ်သည်းလာ၏။
သိပ်မကြာခင်မှာပင် အရည်ဖျော်ခြင်း လုပ်ငန်းစဉ်က ပြီးဆုံးသွားပေပြီ။
မီးတောက်ကို ငြိမ်းသတ်လိုက်ပြီး ဆူဇီမိုသည် ပုံဖော်ဖို့အတွက် အပူချိန်ကျဆင်းလာမည့်အချိန်ကို စောင့်ရင်း ခဏနားလိုက်၏။
ခဏကြာပြီးနောက် သူသည် ထရပ်လိုက်ပြီး စိတ်ဝိညာဉ်ချီဖြင့် လက်တစ်စုံကို ဖန်တီးကာ ပန်းပဲမီးဖိုအတွင်းသို့ ထည့်လိုက်၏။
သိပ်မကြာခင်မှာပင် ပန်းပဲမီးဖိုအတွင်း၌ ဓါးပျံတစ်လက်၏ ပုံသဏ္ဌာန်က ပေါ်လာ၏။
စတုတ္ထမြောက်အဆင့်.. မီးဆေးခြင်း။
အဆင့်၃ စိတ်ဝိညာဉ်မီးတောက်က တစ်ဖန်ပြန်ပေါ်လာ၏။ ဓါးပျံကို နီရဲလာအောင် အပူပေးလိုက်ပြီး စိတ်ဝိညာဉ်တူဖြင့် ၎င်းကို ထုနှက်လိုက်၏။
သုံးလလောက် အချိန်ပေးခဲ့ပြီးနောက် သူသည် လက်နက်သွန်းလုပ်ခြင်း၏ ပထမလေးဆင့်ကို အတော်လေး ကျွမ်းကျင်ပိုင်နိုင်နေပြီဖြစ်၏။ နည်းနည်းလေးမျှ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ လုံးဝ အဆင်ပြေချောမွေ့နေ၏။
ဆယ့်ငါးမိနစ်အတွင်း မီးဆေးခြင်းက ပြီးဆုံးသွားပေပြီ။
တစ်ကယ့် တစ်ကယ် အမှားမခံသော စိတ်ဝိညာဉ်စုဆောင်းခြင်းအဆင့်ကို ရောက်ရှိလာပေပြီ။
လေများကို ရှူသွင်းလိုက်ပြီး ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။
သူသည် ဤအဆင့်တွင် အကြိမ်များစွာ ကျရှုံးခဲ့ပြီး ပျက်ဆီးသွားသော ဓါးပျံများက အတော်များနေပေပြီ။
ဤပြဿနာကို မည်သို့ ဖြေရှင်းရပါမည်လဲ။
အန္တရာယ်.. အာရုံခံ.. စိတ်ဝိညာဉ်စုယူ.. ကျဆုံး.. ပျက်ဆီး...
အတွေးများက သူ့စိတ်ထဲတွင် တစ်ခုပြီးတစ်ခု ပေါ်နေ၏။
ရုတ်တရတ်ဆိုသလို...
သူ့မျက်လုံးများက အရောင်တောက်သွား၏။
သူ့မှာ စိတ်ကူးတစ်ခု ရလာပေပြီ။
ဆူဇီမို၏ ရင်က တစ်လျှပ်လျှပ်ခုန်လာပြီး သူ့စိတ်လှုပ်ရှားမှုကို မဖုံးဖိနိုင်ပေ။
ဤစိတ်ကူးသာ အလုပ်ဖြစ်ပါက သူသည် စိတ်ဝိညာဉ်စုဆောင်းခြင်းကို အောင်မြင်ဖို့ ၁၀၀% အာမခံလို့ ရပေပြီ။
သာလွန်အဆင့် စိတ်ဝိညာဉ်လက်နက်များကို ဖန်တီးနိုင်သော အဆင့်မြင့် နတ်ပန်းပဲဆရာများပင်လျှင် အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်တစ်ခုကို တစ်ကြိမ်တည်းဖြင့် ၁၀၀% အောင်မြင်အောင် ဖန်တီးနိုင်ပါမည်ဟု အာမ,မခံရဲပေ။
အောင်မြင်နိုင်ချေက မြင့်မားသည်ဟုသာ သူတို့ ပြောရဲကြပေမည်။
အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီးနောက် ဆူဇီမိုသည် ရုတ်တရတ် ပန်းပဲမီးဖိုကို ကောက်သိမ်းလိုက်၏။
သီအိုရီအရဆိုလျှင် စိတ်ဝိညာဉ်စုဆောင်းခြင်းကို ပန်းပဲမီးဖိုအတွင်း၌သာ လုပ်ဆောင်ရပေမည်။
ဘာ့ကြောင့်ဆိုသော် စိတ်ဝိညာဉ်စုဆောင်းခြင်းကို ကျိန်းသေအောင်မြင်အောင် လုပ်ဆောင်နိုင်ပါသည်ဟု မည်သူမျှ အာမ,မခံရဲသောကြောင့် ဖြစ်၏။ ထိုအဆင့်မှာ သူတို့ ကျရှုံးလျှင် ဓါးပျံက ပေါက်ကွဲသွားမည်ဖြစ်ပြီး ဘေးပတ်ဝန်းကျင်ကို ပျက်ဆီးထိခိုက်မှုကြီးစွာ ဖြစ်ပေါ်စေပေမည်။
စုဆောင်းယူသော စိတ်ဝိညာဉ်အင်းကွက်အရေအတွက်က ပိုများလေလေ ပေါက်ကွဲမှု၏ ပြင်းအားနှင့် ပျက်ဆီးထိခိုက်စေမှုကလည်း အားပိုကောင်းလေလေ ဖြစ်ပေမည်။ အခန့်မသင့်လျှင် နတ်ပန်းပဲဆရာ၏ အသက်ကိုပင် နှုတ်ယူသွားနိုင်ပေသည်။
သို့သော် ဓါးပျံက ပန်းပဲမီးဖိုအတွင်း၌သာ ရှိနေမည်ဆိုလျှင် ပေါက်ကွဲသွားသော ဓါးပျံ၏ အစအနများက ပန်းပဲမီးဖို၏ အတွင်းနံရံကိုသာ ရိုက်ခတ်မိမည်ဖြစ်ပြီး နတ်ပန်းပဲဆရာနှင့် ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေတော့မည် မဟုတ်တော့ပေ။
ယခုအခါ ဆူဇီမိုသည် ဓါးပျံကို ထုတ်၍ ပန်းပဲမီးဖိုကို သိမ်းလိုက်သောကြောင့် သူသည် အန္တရာယ်များသော အခြေအနေတွင် ရှိနေလေပြီ။
ဤအရာသည် အလွန်တရာ အန္တရာယ်များသော လှုပ်ရှားမှု ဖြစ်၏။
ဂိုဏ်းမှ စီနီယာများသာ ဤမြင်ကွင်းကို တွေ့ရလျှင် သူတို့သည် သေချာပေါက် ဆူဇီမိုကို တားဆီးကြပေမည်။
သို့သော် ထိုအချိန်တွင် ဆူဇီမို၏ မျက်လုံးထဲမှ တောက်ပနေသော အရောင်က ပိုမိုအားကောင်းလာ၏။
သူသည် သူ့ကိုယ်သူ တတ်နိုင်သမျှ အန္တရာယ်များသော အခြေအနေသို့ တွန်းပို့ရပေမည်။ ထိုမှသာလျှင် သူ၏ အာရုံခံသတိစိတ်က အပြည့်အဝ အလုပ်လုပ်နိုင်ပေလိမ့်မည်။
ဆူဇီမိုသည် ဘေးပတ်လည်ရှိ သိပ်သည်းသော စိတ်ဝိညာဉ်ချီများကို ထိန်းချုပ်လိုက်ပြီး ဓါးပျံထဲသို့ စီးဆင်းစေလိုက်၏။
ရုတ်တရတ်ဆိုသလို...
သူ့စိတ်ထဲတွင် အန္တရာယ်အချက်ပေးသံက မြည်လာ၏။
ချက်ခြင်းဆိုသလို သူသည် စိတ်ဝိညာဉ်အင်းကွက် ဖန်တီးခြင်းကို ရပ်တန့်လိုက်၏။ ဓါးက မပြောင်းမလဲ မပျက်မဆီးနှင့်ပင် ရှိနေသေး၏။
ဆူဇီမိုသည် စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
သူသာ စောစောက ရှေ့ဆက်တိုးခဲ့လျှင် ဓါးပျံက ပေါက်ကွဲသွားပေလိမ့်မည်။
အန္တရာယ်က ကျရောက်လာတော့မည့်ဆဲဆဲမှာပင် သူ့အာရုံခံသတိစိတ်က သူ့ကို သတင်းပို့ခဲ့၏။ လေကစတင်ဝင်မလာခင်မှာပင် ပုစဉ်းရင်ကွဲက ဆောင်းဦးရောက်တော့မှာကို ကြိုသိ၏။
သူ့ကိုယ်သူ နေသားကျအောင် ပြင်ဆင်လိုက်ပြီးနောက် ဆူဇီမိုသည် စိတ်ဝိညာဉ်ချီကို စုယူလိုက်ပြီး တစ်ဖန် ပြန်လည် စီးဆင်းစေလိုက်၏။
နောက်ထပ် သတိပေးချက်!
သူသည် လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး အလောတကြီး မရှိဘဲ ပြန်လည် ထိန်းညှိလိုက်၏။
အချိန်အတန်ကြာသည့်အထိ ဆူဇီမိုသည် စိတ်ဝိညာဉ်စုဆောင်းလိုက်၊ အန္တရာယ်ကို အာရုံခံမိသည့်အခါ ရပ်တန့်လိုက်၊ ပြီးလျှင် တစ်ဖန်ပြန်စလိုက်နှင့် ဆက်တိုက်စမ်းသပ်လေ့လာအကဲခတ်နေမိ၏။
အချိန်တွေက စီးဆင်းသွားပြီး တစ်နာရီက ကုန်ဆုံးသွားပေပြီ။
နောက်ဆုံးမှာတော့ ..
ဤတစ်ကြိမ်တွင် ဆူဇီမိုသည် အန္တရာယ်ကို အာရုံမခံမိသောကြောင့် ဆက်လက်လုပ်ဆောင်လိုက်ရာ ဓါးပျံပေါ်တွင် စိတ်ဝိညာဉ်အင်းကွက်တစ်ခုက ထင်ရှားပြတ်သားစွာ ပေါ်လာလေပြီ။
“ဇီ..”
ဓါးပျံသည် အနည်းငယ် တုန်ခါသွားပြီနောက် ကြည်လင်ရှင်းလင်းသော အသံတစ်သံက တုန်ဟီး၍ ထွက်ပေါ်လာ၏။
အောင်မြင်သွားချေပြီ။
ရှင်းလင်းသော စိတ်ဝိညာဉ်အင်းကွက်တစ်ခုက ဓါးပျံပေါ်တွင် တစ်လက်လက် တောက်ပနေ၏။
ထိုအရာက အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်တစ်ခုသာ ဖြစ်သော်လည်း သူသည် ထိုအရာကို သူ့လက်ဖြင့် ကိုယ်တိုင် ပြုလုပ်နိုင်ခဲ့ပေပြီ။
ဓါးပျံကို လေထဲတွင် ပျံဝဲနေစေ၍ ကြည့်လိုက်ပြီး ဆူဇီမို၏ ရင်ထဲတွင် တစ်ခါမျှ မဖြစ်ပေါ်ဖူးသော ဂုဏ်ယူဝင့်ကြွားမှုက ပေါ်လာကာ အလိုအလျောက် ပြုံးမိသွားလေသည်။
နတ်ပန်းပဲဆရာတစ်ယောက်အတွက် ဓါးပျံကို ပန်းပဲမီးဖိုအပြင်ထုတ်၍ စိတ်ဝိညာဉ်စုဆောင်းခြင်းက ကျရှုံးသွားလျှင် အသက်အန္တရာယ်ရှိ၏။ သို့သော်လည်း အာရုံခံသတိစိတ်ရှိသော ဆူဇီမိုအတွက်တော့ ၎င်းက ပြဿနာတစ်ရပ် မဟုတ်ပေ။
သူသည် စိတ်ဝိညာဉ်စုဆောင်းနေတုန်း ကျရှုံးတော့မည်ဟု အာရုံခံမိလျှင် လုပ်နေလက်စကို လက်လျှော့၍ ပြန်လည် ထိန်းညှိကာ အစကနေ ပြန်လုပ်ဆောင်ပေမည်။ ဤနည်းဖြင့် မအောင်မြင်မချင်း သူသည် ထပ်တလဲလဲ ပြန်လည်ကြိုးစားနေလို့ ရပေသည်။
ဤစိတ်ဝိညာဉ်စုဆောင်းခြင်းနည်းလမ်းက ဆူဇီမို၏ ကိုယ်ပိုင် တစ်မူထူးခြားသော နည်းလမ်း ဖြစ်လေသည်။
ထိုအချိန်၌ ဆူဇီမို မသိသေးသည်မှာ သူ၏ စိတ်ဝိညာဉ်စုဆောင်းခြင်းနည်းလမ်းက အနာဂတ်တွင် နတ်ပန်းပဲလောကတစ်ခုလုံးအပေါ် ကြီးမားစွာ ရိုက်ခတ်မှု ဖြစ်လာလိမ့်မည်ဆိုတာကိုပင်။
ဓါးပျံပေါ်တွင် စိတ်ဝိညာဉ်အင်းကွက်တစ်ခုက ဖြစ်ပေါ်လာပြီဖြစ်ပြီး ဘေးပတ်လည်ရှိ စိတ်ဝိညာဉ်ချီများက နောက်ထပ် အင်းကွက်တစ်ခုဖန်တီးဖို့ လုံလောက်နေသေး၏။
ဆူဇီမိုသည် နည်းနည်း စိတ်ကြီးဝင်သွား၏။
သူသည် စိတ်ဝိညာဉ်အင်းကွက် စုဆောင်းခြင်းကို ၁၀၀% အောင်မြင်အောင် လုပ်ဆောင်နိုင်ပြီ ဖြစ်သောကြောင့် နောက်ထပ် စိတ်ဝိညာဉ်အင်းကွက်တစ်ခုကို ထပ်ဖန်တီးနိုင်ပြီဆိုပါက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ဓါးပျံကို ဖန်တီးနိုင်တော့ပေမည်။
ဆူဇီမိုသည် သူ့ကိုယ်သူ နေရာတကျဖြစ်အောင် ဟန်ပြင်လိုက်ပြီးနောက် ဓါးပျံကို နီရဲလာသည့်အထိ အပူထပ်ပေးလိုက်၏။
ရွှစ်..
စိတ်ဝိညာဉ်ချီများကို စုယူလိုက်ပြီး ဓါးပျံဆီသို့ ပို့လွှတ်လိုက်၏။
“မရသေးဘူး”
သူ့စိတ်ထဲတွင် သတိပေးချက်က မြည်လာသောကြောင့် လုပ်လက်စကို ရပ်တန့်လိုက်၏။
နောက်ထပ် လုပ်ဆောင်လိုက် ရပ်တန့်လိုက် သံသရာက လည်သွားပြန်၏။
တစ်ခဏအတွင်းမှာပင် အချိန်လေးနာရီက ကုန်ဆုံးသွားပြီး သူသည် ယခုထိ မအောင်မြင်သေးပေ။ သူ၏ ကြိုးပမ်းချက်တိုင်းက အန္တရာယ်သတိပေးချက်နှင့်သာ အဆုံးသတ်သွားရ၏။
သူသည် ဆက်လက် တောင့်မခံနိုင်တော့ပေ။
“ငါက လက်နက်သွန်းလုပ်ခြင်းကို လျှော့တွက်မိထားတာပဲ” ဆူဇီမိုသည် ခေါင်းခါလိုက်၏။
သူသည် အဆင့်နိမ့် စိတ်ဝိညာဉ်လက်နက်ကို ဖန်တီးပြီးနောက် ဤပုံအတိုင်းဆိုလျှင် သူသည် သိပ်မကြာခင်မှာပင် သာလွန်အဆင့်လက်နက်များကိုပင် သွန်းလုပ်နိုင်တော့မည်ဟု အထင်ရောက်ခဲ့မိ၏။
ယခုမူ သူ့အတွေးက ဘယ်လောက် ကလေးကလားဆန်ခဲ့ကြောင်း သိလိုက်ရ၏။
သို့စေကာမူ မည်သို့ပင်ဆိုစေ အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်တစ်ခုကို ဖန်းတီးဖို့က ဆူဇီမိုအတွက် ပြဿနာတစ်ရပ် မဟုတ်တော့ပေ။
ဒါ့အပြင် သူသည် ကိုယ်ပိုင်ဟန်ပန်ရှိသော စိတ်ဝိညာဉ်စုဆောင်းခြင်းနည်းလမ်းတစ်ခုကို တီထွင်နိုင်ခဲ့၏။ ထိုအရာကိုသာ ကောင်းကောင်း အသုံးချနိုင်ပါက တစ်နေ့တွင် သူသည် သာလွန်အဆင့် စိတ်ဝိညာဉ်လက်နက်များကို သေချာပေါက် ဖန်တီးနိုင်လာပေလိမ့်မည်။
နောက်ဆုံးလက်လျှော့သည့်အနေဖြင့် သက်ပြင်းချလိုက်ပြီး ဆူဇီမိုသည် ဓါးပျံကို ရေအေးထဲသို့ ပစ်ထည့်လိုက်၏။ နောက်ဆုံးအဆင့်.. အအေးခံခြင်း ဖြစ်လေသည်။
ရှဲ..
ဓါးပျံက ရေနှင့်ထိတွေ့ချိန်တွင် မီးခိုးငွေ့ရေငွေ့များက ရှဲကနဲမြည့်၍ ထောင်းကနဲ ထလာလေသည်။
သူ့လက်ထဲမှ တစ်လက်လက်တောက်ပနေသော တစ်မူထူးခြားသည့် ဓါးပျံကို ကြည့်၍ ဆူဇီမိုသည် သွားဖြဲလိုက်၏။