ဆေးဖော်စပ်မှုကို စတင်လေ့လာခြင်း
Vol. 7 Ch. 97
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း ၉၇ - ဆေးဖော်စပ်မှုကို စတင်လေ့လာခြင်း
Translator – Than Toe Aung
နောက်ထပ်ရက်အနည်းငယ် ကြာသည့်အထိ ဆူဇီမိုသည် အပြင်သို့ မထွက်ဘဲ သူ့တိုက်ခန်းထဲမှာသာနေ၍ သူ့ကိုယ်တိုင်တီထွင်ထားသော စိတ်ဝိညာဉ်စုဆောင်းခြင်းနည်းလမ်းကို အကျွမ်းဝင်အောင် လေ့ကျင့်နေတော့၏။
သူထင်ထားသည့်အတိုင်းပင် ပန်းပဲမီးဖိုကို ဖယ်ထုတ်ပြီးနောက် စိတ်ဝိညာဉ်စုဆောင်းခြင်း၏ အောင်မြင်နိုင်ချေက ၁၀၀%ပင် ဖြစ်လေသည်။
စိတ်မကောင်းစရာတစ်ခုကတော့ သူသည် တစ်ထိုင်တည်းနှင့် စိတ်ဝိညာဉ်အင်းကွက်တစ်ခုသာ ဖန်တီးနိုင်လေသည်။
အခုအချိန်သည် သူသည် ဒုတိယမြောက် အင်းကွက်ကို မဖန်တီးနိုင်သေးပေ။
အစကတော့ ဆူဇီမိုသည် ကုန်ကြမ်းပစ္စည်း၏ အရည်အသွေးကြောင့်ဟု ထင်မိလိုက်၏။ သို့သော်လည်း သူသည် သန့်စင်ရွှေသလင်းကျောက်ကို သုံးခဲ့တာတောင် ရလဒ်ကတော့ အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်နှင့်သာ အဆုံးသတ်ရလေသည်။
လောလောဆယ်အတွက်တော့ ပန်းပဲသွန်းလုပ်ခြင်းကို ရပ်နားထားဖို့ သူဆုံးဖြတ်လိုက်၏။
သူသည် အဆင့်နိမ့် စိတ်ဝိညာဉ်လက်နက်တစ်ခုကို ၁၀၀% အောင်မြင်အောင် သွန်းလုပ်နိုင်ပြီ ဖြစ်သောကြောင့် နှစ်ကုန်ပြိုင်ပွဲတွင် နံပါတ်တစ်ဖြစ်ဖို့က သေချာနေပေပြီ။
အချိန်က ခြောက်လသာ ကျန်တော့သာဖြစ်ပြီး သူ့မှာလေ့ကျင့်ရမှာတွေက အများကြီး ကျန်နေသေးလေသည်။ သူသည် ကျင့်ကြံမှုအဆင့်ကို မြှင့်ဖို့ လိုသလို တိုက်ခိုက်ရေးနည်းစနစ်များနှင့် ဆေးဖော်စပ်ခြင်းကိုလည်း လေ့လာရပေဦးမည်။
ဆေးဖော်စပ်ခြင်းနှင့် ပတ်သတ်၍ ဆူဇီမို၏ ဗဟုသုတမှာ သုညပင် ဖြစ်လေသည်။
လက်ရှိ သူ၏ လက်နက်သွန်းလုပ်ခြင်းနှင့် ပတ်သတ်သည့် အောင်မြင်မှုကိုလည်း အများသိအောင် မထုတ်ဖော်ချင်သေးပေ။
လက်နက်သွန်းလုပ်ခြင်းကို သုံးလလောက်လေ့လာသင်ယူပြီး အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်ကို ဖန်တီးနိုင်သည်ဟူသော သတင်းက တစ်လောကလုံးပင် တုန်လှုပ်သွားစေနိုင်သောသတင်း ဖြစ်၏။
ဒါ့အပြင် ဆူဇီမိုသည် နှစ်ကုန်ပြိုင်ပွဲ၌ ဖုန်ဟောက်ယွီကို အနိုင်ယူဖို့ ဆုံးဖြတ်ထား၏။ သူ့အောင်မြင်မှုသတင်းသာ ပေါက်ကြားသွားပါက ဖုန်ဟောက်ယွီသည် နတ်ပန်းပဲတောင်ထွတ်၏ ပြိုင်ပွဲတွင် ဝင်မပြိုင်တော့ဘဲ လက်ရှောင်သွားနိုင်လေသည်။
ဤနေ့တွင် ဆူဇီမိုသည် သူ့လိုဏ်ဂူတိုက်ခန်းထဲမှ ထွက်လာခဲ့ပြီး ဓါးပျံစီး၍ နတ်ဆေးတောင်ထွတ်ဘက်သို့ ထွက်လာခဲ့၏။
သည်တစ်ကြိမ် သူ၏ အချိန်ကို ဆေးလုံးဖော်စပ်ခြင်းတွင် အသုံးချဖို့ ရည်ရွယ်ထားလေသည်။
တောင်ထွတ်ငါးခုသည် တစ်ခုနှင့်တစ်ခု သိပ်မကွာဝေးသောကြောင့် သူသည် နတ်ဆေးတောင်ထွတ်ကို ရောက်ဖို့ အချိန်သိပ်မယူလိုက်ရပေ။
မွန်းလွဲချိန်တိုင်းတွင် နတ်ဆေးဆရာဖြစ်သော အတွင်းစည်းတပည့်တစ်ယောက်ယောက်က နတ်ဆေးတောင်ထွတ်သို့လာ၍ ဆေးလုံးဖော်စပ်ခြင်းနှင့် ပတ်သတ်သော အသိပညာဗဟုသုတများကို ရှင်းလင်းပြောကြားပြလေ့ ရှိလေသည်။ ထိုအချိန်တွင် တောင်ထွတ်ငါးခုလုံးမှ မည်သည့်တပည့်မဆို ဝါသနာပါလျှင် လာရောက်နားထောင်လို့ ရလေသည်။
နတ်ဆေးတောင်ထွတ်နှင့် နတ်ပန်းပဲတောင်ထွတ်က အင်အားအရာမှာ သိပ်ကွားခြားမှု မရှိကြပေ။ နှစ်ခုလုံးက တောင်ထွတ်ငါးခုတွင် အင်အားအနည်းဆုံး ဖြစ်ကြ၏။
သို့သော်လည်း နတ်ဆေးတောင်ထွတ်က နတ်ပန်းပဲတောင်ထွတ်ထက်စာရင် တပည့်အရေအတွက် ပိုများလေသည်။
အဖြေကတော့ရှင်း၏။ နတ်ဆေးဆရာတစ်ယောက်က ဆေးလုံးများ ဖော်စပ်၍ သူ့ကျင့်ကြံမှုအဆင့်ကို မြှင့်တင်နိုင်လေသည်။
နတ်ပန်းပဲဆရာများက လက်နက်များကို ဖန်တီးထုလုပ်၍ သူတို့၏ တိုက်ခိုက်ရည်ကို မြှင့်တင်နိုင်သော်လည်း ကျင့်ကြံမှုအဆင့်ကိုတော့ ထိုအရာဖြင့် မြှင့်တင်နိုင်ခြင်း မရှိပေ။
လက်နက်သွန်းလုပ်ခြင်းတွင် ပါရမီပါသော ကျင့်ကြံသူများစွာရှိ၏။ သို့သော် သူတို့ထဲက အများစုသည် အူတိုင်ဖွဲ့စည်းခြင်းတွင် ကျရှုံးသွားကြသည်များ၏။ ထို့ကြောင့်ပင် သူတို့သည် ရွှေအူတိုင်အဆင့်သို့ တက်လှမ်းနိုင်ခြင်း မရှိကြဘဲ လူ့သက်တမ်း နှစ်တစ်ရာကျော်အရောက်တွင် ကွယ်လွန်အနိစ္စရောက်သွားကြသည်ကများ၏။
နောက်ထပ်ပြောစရာတစ်ချက်မှာ ဆေးလုံးဖော်စပ်ခြင်းသည် ပန်းပဲသွန်းလုပ်ခြင်းနှင့်စာလျှင် ပို၍ လွယ်ကူရှင်းလင်း၏။ ၎င်းတွင် စိတ်ဝိညာဉ်စုဆောင်းခြင်းလိုမျိုး အလွန်တရာ ခက်ခဲ့သည့်အဆင့်များ မပါသောကြောင့် ဖြစ်လေသည်။
သမိုင်းတစ်လျှောက် အခက်ခဲဆုံးအလုပ်များတွင် စိတ်ဝိညာဉ်စုဆောင်းခြင်းသည်လည်း ပါဝင်ပြီး မည်သည့်နတ်ပန်းပဲဆရာမျှ ၁၀၀% အောင်မြင်အောင် လုပ်ဆောင်နိုင်ပါသည်ဟု အာမ,မခံရဲကြပေ။ ဆူဇီမိုတစ်ယောက်သာလျှင် ခြွင်းချက်ဖြစ်လေသည်။
နတ်ဆေးတောင်ထွတ်သို့ ဆူဇီမိုရောက်ချိန်တွင် သူသည် လူအများ၏ အာရုံစိုက်စရာ ဖြစ်လာ၏။
ဟိုတစ်လောက စိတ်ဝိညာဉ်တောင်ထွတ်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များပြီးနောက် တောင်ထွတ်ငါးခုစလုံးတွင် ဆူဇီမိုကို မသိသောတပည့်က ခပ်ရှားရှားပင် ဖြစ်လေသည်။
ဆူဇီမိုနှင့် ဖုန်ဟောက်ယွီအကြားက ယှဉ်ပြိုင်မှုများ အကြောင်းကိုလည်း လူတိုင်းလိုလို သိထားကြ၏။
ထို့ကြောင့် နတ်ဆေးတောင်ထွတ်သို့ ဆူဇီမိုရောက်လာသောအခါ နတ်ဆေးတောင်ထွတ်မှ တပည့်များက သိပ်မအံ့သြကြပေ။
မွန်းလွဲချိန်သို့ ရောက်လာ၏။
နတ်ဆေးတောင်ထွတ်ရင်ပြင်၏ အရှေ့တွင် အတွင်းစည်းတပည့်နတ်ဆေးဆရာ တစ်ယောက်က မတ်တပ်ရပ်လိုက်ပြီး လူအုပ်ကြီးကို တိတ်တိတ်နေကြရန် အချက်ပြလိုက်၏။
“ရောင်းရင်မိတ်ဆွေဂိုဏ်းသားတို့.. သင်တို့အနေနဲ့ ဆေးလုံးဖော်စပ်ခြင်းကို မစတင်ခင် သိထားရမယ့် အချက်လေးတွေ ရှိပါတယ်”
အတွင်းစည်းတပည့်က ဖြည်းဖြည်းချင်း ဆက်ပြောလိုက်၏။
“ဆေးလုံးအတန်းအစားက ကိုးမျိုးရှိတယ်.. ယေဘုယျကျကျ ပြောရရင်တော့ အဆင့်၁ ဆေးလုံးက ချီစုဖွဲ့စစ်သည်တော်တွေအတွက် သင့်လျော်တယ်.. အဆင့်၂ က အခြေတည်အဆင့်တွေအတွက်.. အဆင့်၃ကတော့ ရွှေအူတိုင်အဆင့်တွေအတွက်ပေါ့။ ချီစုဖွဲ့စစ်သည်တော်က အဆင့်၃ ဆေးလုံးကို သောက်မယ်ဆိုရင် ဘာဖြစ်မလဲဆိုတော့.. အဲ့ဒါက သူ့အတွက် ကောင်းကျိုးမရမယ့်အပြင်.. နေရာမှာတင် ပွဲချင်းပြီး သေသွားနိုင်ပါတယ်။”
ဆူဇီမိုသည် သဘောတူစွာ ခေါင်းညိတ်လိုက်၏။
ဤသဘောကို သူနားလည်၏။ ကြက်သွေးရောင်မီးလျှံသစ်သီးကို သူစားခဲ့တုန်းကလည်း ထို့အတူပင်။ များပြားလှသော စွမ်းအင်များကို သူ့ခန္ဓာကိုယ်က တောင့်မခံနိုင်ဘဲ အသွေးအသားများ စုတ်ပြဲ၍ သေတော့မလိုပင်။
“အဆင့်၁ ဆေးလုံးကို ဖော်စပ်နိုင်တဲ့သူကို အခြေခံနတ်ဆေးဆရာလို့ခေါ်တယ်.. အဆင့်၂ ဆေးလုံးကို ဖော်စပ်နိုင်တဲ့သူကိုတော့ ဥပစာနတ်ဆေးဆရာလို့ခေါ်ပြီး.. အဆင့်၃ ဆေးလုံးကို ဖော်စပ်နိုင်ရင်တော့ အဆင့်မြင့်နတ်ဆေးဆရာတဲ့။ ကျုပ်နာမည်ကတော့ ပိုရွှယ်ကျန်း.. ဥပစာနတ်ဆေးဆရာပေါ့”
များစွာသောတပည့်များက သူ့ကို အထင်ကြီးလေးစားဟန်ဖြင့် ကြည့်လိုက်ကြ၏။
“ဆေးတိုင်းမှာ အဆိပ်ပါတဲ့ဆိုတဲ့စကားကို မင်းတို့ကြားဖူးကြလား”
ပိုရွှယ်ကျန်းက ဆက်ပြောလိုက်၏။
“ကျင့်ကြံရေးလောက ဆေးတွေမှာလဲ ထို့အတူပဲ.. အဲ့မှာပြောတဲ့ အဆိပ်ဆိုတာကတော့ ဆေးလုံးထဲမှာပါတဲ့ မသန့်စင်မှု၊ အညစ်အကြေးတွေကို ပြောတာပါ.. အညစ်အကြေးပါဝင်မှုက နည်းလေလေ ဆေးလုံးရဲ့ အရည်အသွေးကလဲ ကောင်းလေလေပေါ့.. ဆေးလုံးတစ်လုံးမှာ အညစ်အကြေးက ၈၉%လောက် ပါနေပြီဆိုရင်တော့ ကျင့်ကြံသူတွေအတွက် အဲ့ဒါက အမှန်အကန်အဆိပ်ပေါ့.. ဒီနေရာမှာ အညစ်အကြေးဆိုတာ မစင်ကို ပြောတာတော့ မဟုတ်ဘူးပေါ့”
လူအုပ်ကြီးက ရယ်လိုက်ကြ၏။
“စီနီယာအစ်ကိုပို.. ကျုပ်တို့က ဆေးလုံးရဲ့ အရည်အသွေးကိုကျ ဘယ်လိုခွဲသလဲဗျ” အစီအရင်တောင်ထွတ်မှ ဆေးပညာကို လေ့လာကာစ တပည့်တစ်ယောက်က မေးလိုက်၏။
ပိုရွှယ်ကျန်း၏ အကြည့်က ဆူဇီမိုအပေါ် ရောက်သွားပြီးနောက် ရယ်မောပြောဆိုလိုက်၏။
“နတ်ပန်းပဲတောင်ထွတ်က တပည့်တွေလဲ ရောက်နေတာပဲ။ တစ်ကယ်တော့ ဆေးလုံးရဲ့ အရည်အသွေးကို ခွဲတာက စိတ်ဝိညာဉ်လက်နက်တွေကို ခွဲခြားပုံနဲ့ အတူတူပါပဲ.. နှစ်မျိုးစလုံးမှာ ထင်ရှားတဲ့ အမှတ်အသားတွေ ရှိကြတယ်လေ။ ကွာသွားတာကတော့ လက်နက်သွန်းလုပ်ခြင်းမှာ အဲ့ဒါကို စိတ်ဝိညာဉ်အင်းကွက်လို့ခေါ်ပြီးတော့ ဆေးပညာမှာတော့ အဲ့ဒါကို ဆေးကြိုးလို့ခေါ်တယ်”
“ဆေးလုံးအတန်းအစားတစ်ခုချင်းစီအတွက် ဆေးလုံးရဲ့ အရည်အသွေးကို ငါးမျိုး ခွဲထားတယ်။ ဆေးကြိုးတစ်ခုတည်းပါရှိတဲ့ဆေးလုံးကတော့ အရည်အသွေးအနိမ့်ဆုံးပေါ့.. တစ်ကယ်တော့ နတ်ဆေးဆရာတစ်ယောက်က နတ်ပန်းပဲဆရာတစ်ယောက်လိုမျိုး ဆေးကြိုးတွေကို ကိုယ်တိုင်တမင်ဖန်တီးစရာ မလိုဘူး.. အဲ့ဒါက ဆေးလုံးထဲမှာ ပါဝင်တဲ့ အညစ်အကြေးရဲ့ ပမာဏကို ကိုယ်စားပြုပေးတဲ့သဘောလောက်ပဲ.. အဆင့်နိမ့်ဆေးလုံးတစ်လုံးမှာဆို ဆေးကြိုးတစ်ကြိုးပဲ ပါပြီး အညစ်အကြေး ပါဝင်မှုက ၄၀%ရှိတယ်။”
“အလယ်အလတ်အဆင့်ဆေးလုံးမှာဆိုရင်တော့ ဆေးကြိုးနှစ်ကြိုးပါရှိပြီး အညစ်အကြေးပါဝင်မှုက ၃၀% ရှိတယ်.. ရှေ့ကနည်းတူ ပြောရမယ်ဆိုရင် သာလွန်ဆေးလုံးမှာ ဆေးကြိုးသုံးကြိုးပါပြီး.. ထိပ်တန်းအဆင့်ဆေးလုံးမှာဆိုရင်တော့ ဆေးကြိုးလေးကြိုးပါတာပေါ့။ အဲ့ဒီမှာ အညစ်အကြေးလုံးဝမပါဘဲ ၁၀၀%သန့်စင်မှုရှိတဲ့ ပြီးပြည့်စုံတဲ့ ပကတိအဆင့်ဆေးလုံးဆိုတာလဲ ရှိသေးတယ်။”
ဤနောက်ဆုံးဖော်ပြချက်ကို ကြားရချိန်တွင် ဆူဇီမို၏ ရင်သည် တစ်ချက်ခုန်သွား၏။
ပိုရွှယ်ကျန်း ပြောပုံအရ ဆေးလုံးများနှင့် စိတ်ဝိညာဉ်လက်နက်များကို ချိန်ထိုး၍ နှိုင်းယှဉ်ကြည့်လျှင်... စိတ်ဝိညာဉ်အင်းကွက်လေးခု ပါရှိသော စိတ်ဝိညာဉ်လက်နက်ကို ထိပ်တန်းအဆင့် စိတ်ဝိညာဉ်လက်နက်ဟု ခေါ်ကြ၏။ ထိုသို့ဆိုလျှင် စိတ်ဝိညာဉ်အင်းကွက်ငါးခု ပါရှိသော ပကတိအဆင့်စိတ်ဝိညာဉ်လက်နက်ဆိုတာလဲ ရှိနိုင်တာပေါ့။
တစ်ကယ်တော့ ဆူဇီမိုတွေးမိသည်မှာ မှန်လေသည်။ ပကတိအဆင့်စိတ်ဝိညာဉ်လက်နက်က အမှန်တစ်ကယ် ရှိလေသည်။
ဂိုဏ်းမှ နတ်ပန်းပဲဆရာများက ထိုအကြောင်းကို ဖော်မပြခဲ့သည်မှာ စိတ်ဝိညာဉ်စုဆောင်းခြင်းကို အလွန်တရာ ခက်ခဲသောကြောင့် ဖြစ်၏။ စိတ်ဝိညာဉ်အင်းကွက်ငါးခုကို မဆိုထားနှင့်... ထိပ်တန်းအဆင့် စိတ်ဝိညာဉ်လက်နက်ကို သွန်းလုပ်နိုင်သော နတ်ပန်းပဲဆရာများကိုပင်လျှင် မဟာကျိုးအင်ပါယာတစ်ခုလုံး၌ လက်ချိုးရေ၍ ရပေသည်။
နတ်ပန်းပဲဆရာများသည် နှစ်ပေါင်းများစွာ အတွေ့အကြုံများမှ ဆဋ္ဌမမြောက်အာရုံတစ်ခုကို ရလာခဲ့ကြသည်ဟု ဆိုသော်လည်း စိတ်ဝိညာဉ်အင်းကွက်ငါးခုပါသော ပကတိလက်နက်တစ်ခုကို သွန်းလုပ်နိုင်ဖို့ ဆိုသည်မှာ မြေပေါ်မှာစိုက်ထားသောအပ်နှင့် မိုးပေါ်က ကျလာမည့်အပ်တို့ သွား၍ ဆုံရလောက်အောင် မဟားတရားကံကောင်းဖို့ လိုလေသည်။
ကံ၊ ဉာဏ်၊ ဇွဲလုံ့လ၊ အခြေအနေ၊ အချိန်အခါ၊ အခါအခွင့်၊ နက္ခက်၊ ပတ်ဝန်းကျင်၊ ဟန်ချက်.. စသည့်အချက်များစွာ တစ်ချိန်တည်းမှာ စုပေါင်း၍ ကိုက်ညီသွားမှသာလျှင် ပကတိစိတ်ဝိညာဉ်လက်နက်တစ်ခုကို ဖန်တီးနိုင်ပေလိမ့်မည်။
နောက်ပြီး ထိုအရာကို အထွတ်အထိပ်အဆင့်သို့ ရောက်နှင့်နေပြီးဖြစ်သော နတ်ပန်းပဲဆရာများသာလျှင် လုပ်ဆောင်နိုင်စွမ်း ရှိပေလိမ့်မည်။
ပိုရွှယ်ကျန်း၏ အသံက နောက်တစ်ဖန် ထွက်ပေါ်လာ၏။
“ဆေးလုံးဖော်စပ်ခြင်းမှာလဲပဲ အဆင့်က ခြောက်ဆင့်ရှိတယ်.. ပထမဆင့်.. ပစ္စည်းရွေးချယ်ရမယ်.. အဲ့မှာရွေးချယ်ရမှာကတော့ ဆေးဖက်ဝင်အပင်တွေနဲ့ ဆေးညွှန်းစာရွက်တို့ပေါ့။ ဆေးတစ်မျိုးစီအတွက် မတူညီတဲ့ ဆေးညွှန်းဖော်စပ်နည်းတွေ ရှိတယ်။ ဂိုဏ်းထဲမှာဆိုရင် မင်းတို့ အဲ့ဒါကို တာဝန်ကျေပွန်အမှတ်တွေနဲ့ လဲလှယ်ယူလို့ရတယ်။ အပြင်မှာဆိုရင်တော့ စိတ်ဝိညာဉ်ကျောက်တုံးနဲ့ ဝယ်ပေါ့.. ရှားပါးတဲ့ ဆေးဖော်စပ်နည်းဆိုရင် ကျသင့်တန်ဖိုးကလဲ ပိုများမှာပေါ့။
အဆင့်၁ ဆေးလုံးတစ်လုံးမှာတောင် မတူညီသော အမျိုးအစားနှင့် အသုံးဝင်မှုများ ရှိ၏။
ပင်မအားဖြည့်ဆေးလုံးဆိုလျှင် လူတစ်ယောက်၏ အခြေခံကို တည်ငြိမ်စေပြီး သွေးသားအဆီအနှစ်များကို အားဖြည့်ပေးနိုင်၏။ လူတစ်ယောက်၏ ကုန်ဆုံးသွားသော စိတ်ဝိညာဉ်ချီများကို ပြန်လည်ဖြည့်တင်းပေးသော စိတ်ဝိညာဉ်အားဖြည့်ဆေးလုံးဆိုတာလည်း ရှိ၏။
စိတ်ဝိညာဉ်စုဆောင်းခြင်းဆေးလုံးက ကျင့်ကြံရေးလောကတွင် အသုံးများ၍ အပေါများဆုံးဖြစ်ပြီး ထိုကဲ့သို့သော ဆေးလုံးမျိုးကို ဖော်စပ်ရသည်ကလည်း လွယ်ကူလေ၏။
အဆင့်၁ ဆေးလုံးများထဲတွင် အခြေတည်ဆောက်ခြင်းဆေးလုံးက ဖော်စပ်ရ အခက်ခဲဆုံးဖြစ်ပြီး ပါဝင်ပစ္စည်းများကလည်း များပြားရှုပ်ထွေးလေသည်။
အခြေတည်ဆောက်ခြင်းဆေးလုံးက ပကတိချီစုဖွဲ့စစ်သည်တော်များကို အခြေတည်အဆင့်သို့ ချိုးဖျက်တက်လှမ်းရာတွင် များစွာ အကူအညီပေးနိုင်လေသည်။
ဆူဇီမိုသည် ပြောသမျှကို သေချာဂရုစိုက်၍ နားထောင်နေ၏။ ပိုရွှယ်ကျန်းပြန်သွားခဲ့တာတောင် သူသည် ထိုနေရာတွင် ရပ်တန့်၍ အချိန်အတော်ကြာသည့်အထိ သူမှတ်မိသမျှကို နားလည်ဆင်ခြင်သုံးသပ်နေလေ၏။
ထို့နောက် သူသည် နတ်ဆေးတိုက်သို့ သွားလိုက်၏။ ထိုနေရာတွင် သူသည် ဆေးမီးဖိုတစ်လုံးနှင့် ဆေးဖော်စပ်နည်းအညွှန်းစာတစ်ခုကို တာဝန်ကျေပွန်အမှတ်အချို့နှင့် လဲလှယ်ယူကာ သူနေထိုင်ရာနေရာသို့ ပြန်သွားခဲ့လေတော့သည်။