- မိုက်ရူးရဲငှက်၏ တိုက်ခိုက်မှု
Vol. 7 Ch. 99
အခန်း ၉၉ - မိုက်ရူးရဲငှက်၏ တိုက်ခိုက်မှု
“ဝုန်း!”
သူ့လိုဏ်ဂူတိုက်ခန်း၏ ဝင်ပေါက်ဝဘက်မှ ဝုန်းကနဲမြည်သံကြီးက ထွက်ပေါ်လာ၏။ ချက်ခြင်းဆိုသလို တံခါးရွက်နှစ်ခုက မြေပေါ်သို့ သည်းထန်စွာ ပြိုကျသွားပြီး ဖုန်မှုန့်များက လုံးကနဲ ထလာလေသည်။
ဆေးလုံးဖွဲ့တည်ခြင်းအဆင့်၌ တစ်စုံတစ်ယောက်သည် စိတ်အာရုံ အနည်းငယ် ပျက်ယွင်းသွားလို့ မဖြစ်ချေ။ ဆူဇီမိုသည် အငိုက်မိသွား၍ တုန်လှုပ်သွားပြီးနောက် ဖြစ်တည်တော့မည့်ဆဲဆဲ ဆေးလုံးက ချက်ခြင်းပင် ပေါက်ကွဲသွားလေတော့သည်။
သူ၏ တပင်တပန်း အားစိုက်ထုတ်ခဲ့မှုအားလုံးက သွားပေပြီ။
ထိုမျှသာမက ဆူဇီမိုသည် ပါးစပ်အဟောင်းသားဖြင့် ကြောင်အသွားတော့ကြောင့် ထောင်းကနဲ ထလာသော ဖုန်မှုန့်များက သူ့ပါးစပ်ထဲသို့ လုံးကနဲ ဝင်ချလာလေသည်။
သူသည် တစ်နေ့ခင်းလုံးလုံး အားစိုက်ထုတ်ခဲ့ရပြီး အသီးအပွင့်ကို မြင်ရတော့မည့် အချိန်မှာပင် ဤကဲ့သို့ အဆုံးသတ်လိုက်ရပေပြီ။
ထိုအချိန်တွင် ဆူဇီမို၏ သတ်ဖြတ်လိုစိတ်က ထောင်းကနဲ ထလာ၏။ သူသည် ဒေါသကြောင့် သူ့သွေးများကို မထိန်းချုပ်နိုင်ဖြစ်သွားပြီး သူ၏ သားရဲပုံသဏ္ဌာန်သို့ ကူးပြောင်းလာ၏။
“ကော်း.. ကော်း”
ထိုအချိန်၌ ရင်းနှီးခဲ့ဖူးသော လှောင်ပြောင်ရန်စရယ်မောသံက သူ့လိုဏ်ဂူတိုက်ခန်းရှေ့မှ ထွက်ပေါ်လာလေသည်။
လှည့်ကြည့်လိုက်သောအခါ သူ့လိုဏ်ဂူတိုက်ခန်းရှေ့၌ တောင်ပံများကို စိတ်လှုပ်ရှားစွာခတ်၍ အားရရွှင်မြူးနေသော ကြိုးကြာတစ်ကောင်ကို တွေ့လိုက်ရ၏။
“ဖွီး”
ဆူဇီမိုသည် ကျိန်ဆဲမလို့ လုပ်လိုက်စဉ်မှာပင် သူ့ပါးစပ်ထဲ၌ ဖုန်မှုန့်များ ပြည့်နေတာကို သတိထားမိလိုက်ပြီး ချောင်းတစ်ဟွတ်ဟွတ် ဆိုးလိုက်ရ၏။
“ကော်း ကော်း”
ထိုအရာကို မြင်သောအခါ ကြိုးကြာက ပိုလို့တောင် သဘောခွေ့သွား၏။ ထိုသို့ ရယ်စရာကောင်းမည်ဆိုတာသိလျှင် သူအစောကြီးကတည်းက ထိုအရာလုပ်ခဲ့မည်ဟု တွေးနေပုံပင်။
ဤကြိုးကြာက သူ ဂိုဏ်းကို စတင်ဝင်ရောက်တုန်းက တောင်ထွတ်အရှေ့ဘက် ချောက်ကမ်းပါးတွင် သူနှင့်တိုက်ခိုက်ခဲ့ဖူးသော ကြိုးကြာ ဖြစ်လေသည်။
ဆူဇီမိုသည် မြင်တာနှင့် တန်းမှတ်မိလိုက်၏။
ဤမိုက်ရူးရဲငှက်က တစ်ချိန်လုံး ငြိမ်နေခဲ့ပြီး တစ်ကယ့်တစ်ကယ်အချိန်မှ ရောက်ချလာခဲ့လေသည်။ ဆူဇီမိုသည် ဒေါသထွက်နေပြီဖြစ်ပြီး သူ့အရိုးအဆစ်များမှ တစ်ဖျောက်ဖျောက် မြည်သံများက ထွက်ပေါ်လာ၏။ သူ့မျက်လုံးများက သွေးနီရောင်သန်းလာ၏။
“ဝေါင်း!”
စိတ်ဝိညာဉ်ကျားက ခုန်ထလိုက်ပြီး ကြိုးကြာလေးကို စိုက်ကြည့်၍ တစ်ချက်ဟိန်းလိုက်၏။
စိတ်ဝိညာဉ်ကျားကို ကြိုးကြာလေးက အထင်သေးစွာ ကြည့်လိုက်၏။
အစတုန်းကတော့ စိတ်ဝိညာဉ်ကျားသည် ကြိုးကြာလေးက စိတ်ဝိညာဉ်သားရဲအဆင့်သို့ ရောက်နေပြီဖြစ်သောကြောင့် စတင်တိုက်ခိုက်ဖို့ မဝံ့မရဲ ဖြစ်နေ၏။
သို့သော်လည်း ကြိုးကြာလေးမျက်လုံးထဲမှ သူ့အပေါ် မထီမဲ့မြင် အထင်သေးမှုကို မြင်ရပြီးနောက် သူ့ဒေါသက ထောင်းကနဲ ထလာ၏။
“ငါ ဆက်ပြီး သည်းမခံနိုင်တော့ဘူး.. ငါ့မှာလဲ ငါ့မာနနဲ့ ငါ့ဂုဏ်သိက္ခာ ရှိတယ်ကွ!”
တောကောင်ပီပီ တစ်ချက်ဟိန်းလိုက်ပြီးနောက် စိတ်ဝိညာဉ်ကျားက စူးစူးရဲရဲကြည့်၍ ရှေ့သို့ ခုန်အုပ်လိုက်၏။
ဘန်း!
စိတ်ဝိညာဉ်ကျားသည် ခုန်အုပ်လိုက်တုန်းကထက် ပိုမိုပြင်းထန်အားကောင်းသော နှုန်းထားဖြင့် ပြန်လည် လွင့်စင်ကျလာ၏။
စိတ်ဝိညာဉ်ကျား ခုန်အုပ်လိုက်သောအချိန်မှာပင် ကြိုးကြာလေးက သူ့တောင်ပံကို တစ်ချက်ခတ်လိုက်ပြီး စိတ်ဝိညာဉ်ကျားကို အလဲထိုးနှက်လိုက်၏။ မြေပေါ်တွင် လေးငါးပတ်လိမ့်သွားပြီးနောက် စိတ်ဝိညာဉ်ကျား၏ ပါးစပ်ထဲတွင် ဖုန်မှုန့်များ ပြည့်သွားကာ အရှက်တကွဲအကျိုးနည်းပုံသို့ ပေါက်သွားလေ၏။
လူးလဲကျုံးထ၍ ဖုန်မှုန့်များကို ထွေးထုတ်ကာ တစ်ချက်ဟိန်းလိုက်ပြီး စိတ်ဝိညာဉ်ကျားသည် နောက်တစ်ဖန် ပြန်လည် တိုက်ခိုက်ဖို့ ဟန်ပြင်လိုက်၏။
“ပြန်လာခဲ့”
ဆူဇီမိုက လှမ်းခေါ်လိုက်၏။
တုံ့ဆိုင်းခြင်းမရှိ စိတ်ဝိညာဉ်ကျားသည် ဆူဇီမို၏ ဘေးနားသို့ ပြန်ဆုတ်ကာ ဆူဇီမို ပေးမည့်အမိန့်ကို စောင့်ဆိုင်းနေလိုက်၏။
ဒီနေ့ ဒီအချိန်အခါမှာတော့ စိတ်ဝိညာဉ်ကျားသည် စိတ်ဝိညာဉ်ကျားသည် စိတ်ဝိညာဉ်တောကောင်တစ်ကောင်သာ ဖြစ်ပြီး မိုက်ရူးရဲငှက်၏ ပြိုင်ဘက် မဟုတ်ပေ။
“ကောင်းပြီလေ.. မင်းလဲ ငါ့ဆေးတစ်ဖုံကို ဖျက်ဆီးပစ်လိုက်ပြီဆိုတော့ .. မင်းနဲ့ငါ့ကြားက ရန်စကို ဒီနေရာမှာပဲ အဆုံးသတ်လိုက်ကြတာပေါ့။ ဒီနေ့ ဒီအချိန်ကစပြီး မင်းလဲ ငါ့ဆီမလာနဲ့တော့.. ငါလဲ မင်းကို မဆန့်ကျင်တော့ဘူး.. ဘယ်လိုလဲ”
သူတို့နှစ်ယောက်ကြားက ရန်ငြိုးရန်စသည် အစကတည်းက သိပ်ပြီး ကြီးကျယ်ခဲ့တာ မဟုတ်သောကြောင့် ဆူဇီမိုသည် မိုက်ရူးရဲငှက်နှင့် ညှိနှိုင်းဖို့ ကြိုးစားလိုက်၏။
သူသည် ဤပြဿနာကို အပြီးသတ် မဖြေရှင်းနိုင်လျှင် ရှေ့လျှောက် သူသည် ကောင်းကောင်းမွန်မွန် နေထိုင်နိုင်လိမ့်မည် မဟုတ်ပေ။
ဆေးဖော်စပ်ဖို့ကို အသာထား.. မိုက်ရူးရဲငှက်သာ မကြာခဏ လာနှောင့်ယှက်နေပါက သူသည် ကျင့်ကြံမှုကိုပင် ကောင်းကောင်းလုပ်ဆောင်နိုင်တော့မည် မဟုတ်ပေ။
“ကော်း..ကော်း”
ကြိုးကြာလေးက မထီမဲ့မြင် အဖက်မတန်သည့်ဟန်ဖြင့် ခေါင်းကို မော့ထားလိုက်၏။
ဆူဇီမိုသည် မျက်မှောင်ကြုတ်လိုက်၏။ ကြိုးကြာလေးက ဒီနေရာမှာတင် အဆုံးသတ်ချင်ဟန် မရပေ။
“ဂိုဏ်းရဲ့ လျှို့ဝှက်အစောင့်အရှောက်သားရဲက မင်းရဲ့ အကြီးအကဲ ဖြစ်နေတာကြောင့် ငါမင်းကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး.. မင်းလဲ ငါ့ကို လာပြီး မနှောင့်ယှက်သင့်ဘူး” ဆူဇီမိုက တင်းမာခက်ထန်သော အမူအယာဖြင့် တစ်လုံးချင်း ပြောလိုက်၏။
“ကော်း..ကော်း.. ကော်း.. ကော်း”
ကြိုးကြားလေးက မထီမဲ့မြင်ဟန်ဖြင့် ဆက်တိုက် လှောင်ပြောင်နေ၏။
မည်သည့်စကားမျှ ထပ်မပြောတော့ဘဲ ဆူဇီမိုသည် သိုလှောင်အိတ်ထဲကနေ သွေးနီရောင် လေးတစ်လက်ကို ထုတ်ယူလိုက်၏။
လှုပ်ရှားတစ်ခုလုံးက အကြိမ်များစွာ လေ့ကျင့်ထားသလို ရေပြင်ကဲ့သို့ ချောမွေ့နေ၏။
ရွှစ်!
မြားလေခွင်းသံက ရုတ်တရတ် ထွက်ပေါ်လာပြီး အနက်ရောင်အလင်းရိပ်တစ်ခုက ကြိုးကြာလေး၏ဘေး တစ်လက်မအကွာကနေ ကပ်ပြီး ဖြတ်သန်းသွားလေသည်။
မြား၏ အရှိန်က အလွန်တရာ မြန်လှသောကြောင့် ကြိုးကြာလေးသည် အငိုက်မိ၍ လန့်ဖျန့်တုန်လှုပ်သွားလေသည်။
ဆူဇီမို၏ အေးစက်စက် လေသံဖြင့် ကြေငြာမောင်းခတ်လိုက်၏။
“အဲ့မြားက သတိပေးရုံပဲရှိသေးတာနော်.. မင်း ငါ့ကို ဆက်ပြီး နှောင့်ယှက်နေရင် နောက်မြားက မင်းအသက် နုတ်ယူသွားလိမ့်မယ်”
တစ်ကယ်တမ်းတော့ ဆူဇီမိုသည် ဤမိုက်ရူးရဲငှက်ကို မသတ်ရဲပါချေ။ သူသာ အသက်ရှင်ရတာကို ငြီးငွေ့နေတာ မဟုတ်ရင်ပေါ့။ သူ၏ စကားက ခြိမ်းခြောက်ရုံသာ ဖြစ်လေသည်။
ဒါ့အပြင် ဤမိုက်ရူးရဲငှက်က ကလေးသာသာလျှင် ရှိသေးပြီး အဆော့မက်သော အရွယ်သာ ဖြစ်လေသည်။ ဤပြဿနာလောက်နှင့် သတ်သင့်သည်တော့ မဟုတ်ပေ။
“ကော်း ကော်း”
ဆူဇီမို၏ ထုတ်ပြန်ချက်ကို ကြားရပြီးနောက် ကြိုးကြာလေးက ဒေါသထွက်လာပြီး သူ့တောင်ပံများကို တစ်ဖြန်းဖြန်း ရိုက်ခတ်လိုက်၏။ သူသည် ဆူဇီမိုကို စိန်းစိန်းဝါးဝါးကြည့်၍ တိုက်ခိုက်တော့မည့်တကဲကဲ ဟန်ပြင်နေ၏။
လျှင်မြန်စွာဖြင့် ဆူဇီမိုသည် လိုဏ်ဂူအပြင်ဘက်သို့ ပြေးထွက်လိုက်၏။
သည်တစ်ကြိမ်တွင်တော့ ကြိုးကြာလေးသည် သတိရှိနေပြီး ချက်ခြင်းပင် ကောင်းကင်ထက် ပျံသန်းလိုက်၏။ သူ၏ ခြေသည်းများက ချွန်ထက်၍ တစ်လက်လက် တောက်ပနေပြီး အချိန်မရွေး ထိုးသုတ်ဖို့ အဆင်သင့် ဖြစ်နေ၏။
ဆူဇီမိုသည် သူ့လေးကြိုးကို နောက်တစ်ကြိမ် ဆွဲတင်လိုက်၏။
မြားသုံးချောင်းက လွင့်ပျံထွက်လာ၏။
ရွှစ်! ရွှစ်! ရွှစ်!
ကြိုးကြာလေးက သက်တောင့်သက်သာနှင့်ပင် လျှင်မြန်ဖျတ်လတ်စွာ အလွယ်တကူ ရှောင်ရှားလိုက်၏။
“ကော်း.. ကော်း”
သူသည် ကျယ်လောင်စွာ အော်လိုက်ပြီး ဆူဇီမို၏ မြားပစ်ကျွမ်းကျင်မှုကို လှောင်ပြောင်လိုက်၏။
ဆူဇီမိုသည် ယခုမှ စတင်၍ နောင်တရသွား၏။
ဤသို့ ဖြစ်လာမည်ကိုသာ ကြိုသိခဲ့လျှင် သူသည် မိုက်ရူးရဲငှက် အငိုက်မိနေတုန်းက ပစ်လိုက်သည့် ပထမဆုံးမြားချက်ကို သူ၏ တောင်ပံအား ချိန်ရွယ်ခဲ့ပါလေသည်။
ယခုမှာတော့ သူသည် မချင့်မရဲသာ ဖြစ်နေရ၏။
သူသည် ဓါးပျံကို စီးနင်း၍ လေထဲသို့ လိုက်လျှင်တောင် သူသည် ကြိုးကြာလေး၏ အတောင်ပံများကဲ့သို့ လေထဲမှာ ပေါ့ပါးလျှင်မြန်စွာ လှုပ်ရှားနိုင်လိမ့်မည် မဟုတ်ပေ။
သူ၏ တိုက်ခိုက်ရည်ကိုလည်း အပြည့်အဝ ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ပေ။
ဒါ့အပြင် ဆူဇီမိုသည် ကြိုးကြာလေးနှင့် အရင်တစ်ခါလို အနီးကပ် မတိုက်ခိုက်ရဲတော့ပေ။ တိုက်နေရင်းနှင့် သူ့သွေးများသည် ထိန်းချုပ်မှုမဲ့သွားပါက သူ၏ သားရဲပုံစံကို ဖော်ပြမိမည်ဖြစ်ပြီး နောက်ဆက်တွဲ အကျိုးဆက်များက ဆိုးဆိုးရွားရွား ဖြစ်လာပေလိမ့်မည်။
သူသည် အနီးကပ်မတိုက်ဘဲ ဓါးပျံကို သုံး၍ တိုက်ရအောင်လည်း သူ့ကျင့်ကြံမှုအဆင့်က ချီစုဖွဲ့မှု အဆင့်၆သာလျှင် ရှိသေး၏။ ကြိုးကြာလေးက ငြိမ်၍ရပ်နေပေးလျှင်တောင် သူ့ဓါးပျံက ကြိုးကြာလေးကို ထိခိုက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
သူ့မှာ တိုက်ခိုက်နိုင်သည့်နည်းလမ်း တစ်ခုမျှ မကျန်ရှိတော့ပေ။
ဆူဇီမိုသည် လိုဏ်ဂူပေါက်ဝနား၌ တစ်ခဏကြာ မတ်တပ်ရပ်နေပြီးနောက် သူသည် ဤငှက်မိုက်ကို ဘာမှ မလုပ်နိုင်တော့ဘူးဆိုတာ နားလည်လိုက်ပြီး သူ့လိုဏ်ဂူတိုက်ခန်းထဲသို့ ပြန်ဝင်ဖို့ ဆုံးဖြတ်လိုက်၏။
သူသည် အခန်းထဲသို့ ပြန်ဝင်၍ အသက်ပင် ကောင်းကောင်း မရှူရသေးခင်မှာတင် ကြိုးကြလေးက အပေါက်ဝနားမှာ တစ်ဖန်ပြန်ပေါ်လာပြီး စူးစူးဝါးဝါး အော်လိုက်၏။
“ဒီသောက်ငှက်ကတော့ .. ငါ..ကွာ...”
ဒေါသဖြင့် ဆူဇီမိုသည် အပြင်ဘက်သို့ ပြေးထွက်လိုက်၏။
ကြိုးကြာလေးက တစ်ဖန် အဝေးသို့ ပြေးသွားပြန်၏။
ဆူဇီမို တိုက်ခန်းထဲသို့ ပြန်ဝင်သည့်ခဏ၌ ကြိုးကြာလေးက ပြန်ရောက်လာပြန်၏။ သူသည် အပေါက်ဝနား၌ နေ၍ လှောင်ပြောင်လိုက် အော်ဟစ်သောင်းကျန်းလိုက်ဖြင့် ရှိနေ၏။
ရုတ်တရတ်.. ဆူဇီမိုသည် အခြေအနေက ထင်ထားတာထက် ပိုဆိုးလာနိုင်သည်ဆိုတာ ဆူဇီမို သဘောပေါက်လိုက်၏။
ဤငှက်မိုက်သာ ဤကဲ့သို့ ဆက်တိုက်လာရောက် နှောင့်ယှက်နေလျှင် သူသည် ဆေးဖော်စပ်ဖို့နှင့် ကျင့်ကြံမှုအဆင့်မြှင့်ဖို့ကို အသာထား၊ တစ်ညတာ ကောင်းကောင်း အိပ်စက်ရဖို့ပင် မလွယ်တော့ချေ။
သူထင်ထားသည့်အတိုင်းပင်...
ဆူဇီမိုသည် တံခါးကို ပြင်ဆင်၍ ပြန်လည်တပ်ဆင်ပြီးသွားသောအခါ ကြိုးကြာလေးက ရောက်ချလာပြီး နောက်တစ်ကြိမ် ဖြိုချဖျက်ဆီးပစ်လိုက်ပြန်၏။
ကြိုးကြာလေးသည် အပြင်မှာနေ၍ ဆူဇီမိုက အထဲမှာ ရှိနေ၏။ လူတစ်ယောက်၊ ငှက်တစ်ကောင်နှင့် ကျားတစ်ကောင်သည် တစ်နေကုန် တစ်ယောက်ကိုတစ်ယောက် စောင့်ကြည့်နေကြပြီး ဘာအလုပ်မှ မလုပ်နိုင်ကြပေ။
ကြိုးကြာလေးအတွက်တော့ ထိုသို့လုပ်ရသည်ကို အလွန် ပျော်နေပုံပင်။
လူတစ်ယောက်နှင့် ကျားတစ်ကောင်အတွက်တော့ ညှင်းပန်းနှိပ်စက်ခံနေရခြင်း ဖြစ်၏။
နောက်ရက်များ၌လည်း ကြိုးကြာလေးသည် ဆူဇီမို၏ တိုက်ခန်းသို့ မကြာခဏ လာရောက်လည်ပတ်တတ်ပြီး အပြင်ဘက်ကနေ စူးစူးဝါးဝါး အော်ဟစ်နေလေ့ ရှိလေ၏။
ကြိုးကြာလေး ပြန်သွားသောအခါမှပင် လူတစ်ယောက်နှင့် ကျားတစ်ကောင်သည် ဟင်းချနိုင်ကြ၏။ သို့သော်လည်း သိပ်မကြာခင် သူတို့ အိပ်စက်တော့မည်ကြံသောအခါ ကြိုးကြာလေးက ရောက်ချလာပြန်၏။
ယခုအခါ ဆူဇီမိုသည် ဆေးလည်း မဖော်စပ်နိုင်၊ ကျင့်ကြံမှုလည်း မလုပ်နိုင်ရုံသာမက ကောင်းကောင်းလည်း မအိပ်စက်ရတော့ပေ။
လူတစ်ယောက်နှင့် ကျားတစ်ကောင်သည် မအိပ်စက်ရသည်မှာ ရက်အတန်ငယ် ကြာခဲ့ပေပြီ။
ဆူဇီမိုရော စိတ်ဝိညာဉ်ကျားပါ ကိုယ်အလေးချိန် အတော်လျော့ကျသွား၏။
စိတ်ဝိညာဉ်ကျားက မျက်ရည်နှင့် မျက်ခွက် ဖြစ်နေချေပြီ။
သည့်အရင်အချိန်များတုန်းက သူသည် ဆူဇီမို၏ အတင်းအကျပ် အော်ဟစ်ခိုင်းစေခြင်း ခံရ၍ နှိပ်စက်ခံခဲ့ရ၏။ ယခုအခါမှာလည်း ငှက်စုတ်ငှက်ပဲ့က လာရောက်နှိပ်စက်နေပြန်ချေပြီ။
ယခုအခါ စိတ်ဝိညာဉ်ကျား၏ စိတ်အခြေအနေက ပြိုလဲသွားပေပြီ။ သူသည် ဆူဇီမိုကို ပစ်ထားခဲ့၍ တောသွားသို့ ထွက်ပြေးကာ တစ်ညလောက် အားရပါးရ သွားအိပ်လျှင် ကောင်းမလားဟုပင် တွေးနေပြီဖြစ်၏။