← Chapters

ဝင်္ကပါအခင်းအကျင်းများကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာခြင်း

Vol. 7 Ch. 100

ဝင်္ကပါအခင်းအကျင်းများကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာခြင်း

Vol. 7 Ch. 100

အခန်း ၁၀၀ - ဝင်္ကပါအခင်းအကျင်းများကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာခြင်း

ဤမနက်၌ ဆူဇီမိုသည် မျက်လုံးများကို ပွတ်သပ်လိုက်၏။ သူ့မျက်လုံးများက နီရဲနေကာ မျက်ကွင်းများက ညိုမည်းနေပေပြီ။ စိတ်ဝိညာဉ်ကျားမှာလည်း ထို့အတူပင်။

ကြိုးကြာလေး၏ နှိပ်စက်မှုအောက်၌ လူတစ်ယောက်နှင့် ကျားတစ်ကောင်သည် တစ်ညမျှ ကောင်းကောင်း မအိပ်ရသေးပေ။

ဆူဇီမိုက ရုတ်တရတ် ထပြောလိုက်၏။

“ငါတို့ ဒီတိုင်းဆက်နေလို့တော့ မဖြစ်တော့ဘူး.. တစ်ခုခုမှ ကြံမှ ဖြစ်တော့မယ်”

စိတ်ဝိညာဉ်ကျားက နုန်းချိနေပြီး အိပ်ချင်မူးတူးဖြင့် ပုခုံးတွန့်ပြလိုက်၏။

သူသည် စိတ်ဝိညာဉ်ကျားကို အားကိုးပြီး ကြိုးကြာလေးကို ဖိနှိပ်ဖို့ဆိုရင်တော့ အဲ့ဒါက လေထဲမှာ တိုက်အိမ်ဆောက်ဖို့ ကြိုးစားသလို အလွန်အမင်း စိတ်ကူးယဉ်ရာ ကျနေပေလိမ့်မည်။

၎င်း၏ သွေးမျိုးဇာတ်က သာမန်သာဖြစ်ပြီး စိတ်ဝိညာဉ်သားရဲတစ်ကောင် ဖြစ်လာဖို့ဆိုသည်မှာ ဘယ်လောက်ကြာဦးမည် မပြောတတ်ပေ။

၎င်းက စိတ်ဝိညာဉ်သားရဲ ဖြစ်လာသည်ထားဦး.. ၎င်းသည် ပျံနိုင်သော တောကောင်အမျိုးအစား မဟုတ်သောကြောင့် ကြိုးကြာလေးကို ထိခိုက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။

ဆူဇီမိုနှင့် ကြိုးကြာလေးသည် တစ်ယောက်ကို တစ်ယောက် ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်ခြင်း မရှိကြပေ။ သို့သော် ဆူဇီမိုအတွက် အချိန်က အရေးကြီးနေ၏။

သူသည် ဤပြဿနာအား ဂိုဏ်းက စီနီယာများကို ပြောပြ၍ အကူအညီတောင်းဖို့ စဉ်းစားကြည့်သေး၏။ သို့သော် ဂိုဏ်းတွင်းရှိ ကြိုးကြာလေး၏ အဆင့်အတန်းအရ သူသည် အကူအညီကို လက်ခံရရှိနိုင်ဖို့က မသေချာပေ။

ဒါ့အပြင် ဆူဇီမိုမှာလည်း သူ၏ ကိုယ်ပိုင်အတ္တမာနက ရှိ၏။

သူသည် ဤငှက်ရူးတစ်ကောင်ကိုပင် သူ့အစွမ်းအစနှင့်သူ မဖြေရှင်းနိုင်ဘူးလား။

အတန်ကြာတိတ်ဆိတ်နေပြီးနောက် သူသည် စိတ်ဝိညာဉ်ကျားကို ကြည့်လိုက်ပြီး ပြောလိုက်၏။

“ငါ အပြင်ဘက်မှာ ရက်အနည်းငယ်ကြာ သွားနေလိုက်ဦးမယ်။ ငါ့နောက်ကို မလိုက်ခဲ့နဲ့.. ငါဒီမှာ မရှိဘူးဆိုရင် ဟိုငှက်ရူးကလဲ မင်းကို သက်သက်လာပြီး ဒုက္ခပေးမှာ မဟုတ်လောက်ဘူး”

ထိုစကားကို ကြားလိုက်ပြီးနောက် စိတ်ဝိညာဉ်ကျားသည် တက်ကြွလန်းဆန်းသွား၏။ ထို့နောက် သူသည် ရင်ထဲထိသွားကာ မျက်ရည်များပင် စီးကျလာမတတ် ဖြစ်သွား၏။

ဆူဇီမိုသာ ဤနေ့ ဤစကားကို ပြောမလာခဲ့လျှင် သူသည် အပြင်သို့ ယာယီထွက်၍ ပုန်းရှောင်နေဖို့ စဉ်းစားထားပြီး ဖြစ်၏။

စိတ်ဝိညာဉ်ကျား၏ ခေါင်းကိုပုတ်လိုက်ပြီးနောက် ဆူဇီမိုသည် လိုဏ်ဂူတိုက်ခန်းထဲမှ ထွက်ကာ ဓါးပျံကို စီးနင်းလိုက်ပြီး အစီအရင်တောင်ထွတ်ဘက်သို့ ဦးတည်လိုက်၏။

ကြိမ်ဖန်များစွာ တွေးတောပြီးနောက် အစီအရင်ဝင်္ကပါအခင်းအကျင်း တစ်ခုကသာလျှင် ဟိုငှက်ရူးကို တားဆီးနိုင်မည်ဖြစ်ကြောင်း သူ ကောက်ချက်ချလိုက်၏။

သူ့လိုဏ်ဂူရှေ့၌ ဂိုဏ်း၏ အကာအကွယ်မြူခိုးလွှာလိုမျိုး ဝင်္ကပါတစ်ခုကို စီရင်ခင်းကျင်းနိုင်လျှင် သူသည် ငှက်ရူး၏ နှောင့်ယှက်မှုကို တစ်ခါတည်း အပြီးသတ် ဖြေရှင်းနိုင်မည် ဖြစ်လေသည်။

ဝင်္ကပါ ခင်းကျင်းပုံနှင့် ပတ်သတ်၍ ဆူဇီမို၏ အသိသညာမှာ သုညဖြစ်ပြီး သူသည် အခုမှ စလုံးရေးစ လေ့လာရပေမည်။

သို့သော်လည်း ထိုအရာက သူ့လိုဏ်ဂူတိုက်ခန်းထဲ၌ တစ်နေကုန် ဘာမှ မလုပ်နိုင်ဘဲနေ၍ အချိန်ဖြုန်းနေရတာထက်စာရင်တော့ ပို၍ ကောင်းပေလိမ့်မည်။

သိပ်မကြာခင် သူသည် အစီအရင်တောင်ထွတ်သို့ ရောက်ရှိလာခဲ့၏။

သူရောက်လာသော အချိန်သည် မနက်စောစောသာ ရှိသေးပြီး လူများစွာ မရှိသေးပေ။ သူတို့အများစုမှာ သူတို့၏ လိုဏ်ဂူတိုက်ခန်းများထဲ၌ ကျင့်ကြံလေ့ကျင့်နေကြသည်ဖြစ်၏။

နေ့လည်ခင်းရောက်လျှင် အတွင်းစည်းတပည့် ဝင်္ကပါသခင်တစ်ယောက်က ဗဟုသုတများကို လာရောက်မျှဝေမည်ဖြစ်ပြီး ထိုအခါမှသာလျှင် အစီအရင်တောင်ထွတ်က လူစည်ကားလိမ့်မည် ဖြစ်လေသည်။

ဆေးလုံးများနှင့် အဆောင်လက်ဖွဲ့များလိုပင် ဝင်္ကပါများကိုလည်း အဆင့် ကိုးဆင့် ခွဲခြားထား၏။

အခြေခံအဆင့် ဝင်္ကပါသခင်တစ်ယောက်သည် အဆင့်၁ ဝင်္ကပါများကို ခင်းကျင်းနိုင်၊ ဖြေရှင်းနိုင်ပေလိမ့်မည်။

အဆင့်၂ ဝင်္ကပါကိုများကား ဥပစာဝင်္ကပါသခင်က ကိုင်တွယ်နိုင်ဖြေရှင်းနိုင်ပေလိမ့်မည်။

အဆင့်၃ ဝင်္ကပါများကိုတော့ အဆင့်မြင့်ဝင်္ကပါသခင်က ကိုင်တွယ်ဖြေရှင်းနိုင်ပေလိမ့်မည်။

ဝင်္ကပါအမျိုးအစားများကား များစွာရှိသော်လည်း အကြမ်းအားဖြင့် ခွဲခြားရလျှင်တော့ လေးမျိုးရှိလေသည်။ ၎င်းတို့မှာ သတ်ဖြတ်ရေးဝင်္ကပါ.. ထောင်ချောက်ဝင်္ကပါ.. ပုံရိပ်ယောင်ဝင်္ကပါနှင့်.. အထောက်အကူပြုဝင်္ကပါတို့ ဖြစ်လေသည်။

အဟန့်အတားရှစ်ခု ဝင်္ကပါမှာ ပုံရိပ်ယောင်ဝင်္ကပါ အမျိုးအစားဖြစ်ပြီး၊ ဂိုဏ်း၏ အကာအကွယ်မြူခိုးလွှာမှာ ထောင်ချောက်ဝင်္ကပါနှင့် ပုံရိပ်ယောင်ဝင်္ကပါကို ပေါင်းစပ်ထားခြင်း ဖြစ်လေသည်။

အခြားသောတောင်ထွတ်များနှင့် မတူဘဲ အစီအရင်တောင်ထွတ်တွင် အထိမ်းအမှတ် သင်္ကေတ အဆောက်အဦတစ်ခု ရှိလေသည်။

အစီအရင်တောင်ထွတ်၏ အနောက်ဘက်တွင် စိတ်ဝိညာဉ်ပြိုင်ပွဲစင်တစ်ခုရှိပြီး ၎င်း၏ ဘေးတွင် ဝင်္ကပါဆယ်လွှာစေတီရှိလေသည်။

ထိုစေတီတွင် အထပ်ဆယ်ထပ် ပါရှိပြီး တစ်ထပ်ချင်းစီတိုင်း၌ မတူညီသော ဝင်္ကပါတစ်ခုစီ ခင်းကျင်းထားလေသည်။ ထိုစေတီထဲသို့ ဝင်လိုက်သည်နှင့် ထိုသူသည် ဝင်္ကပါတစ်ခုအတွင်း ကျရောက်သွားမည်ဖြစ်ပြီး သူသည် ၎င်းကို ကိုင်တွယ်ဖြေရှင်းနိုင်မှသာလျှင် ဒုတိယထပ်သို့ တက်ရောက်နိုင်မည် ဖြစ်လေသည်။

သူတို့ပြောပုံအရဆိုလျှင် စေတီ၏ ပထမငါးထပ်ကို တက်‌ရောက်နိုင်လျှင် ထိုသူသည် အခြေခံဝင်္ကပါသခင်ဟု ခေါ်ဆိုခံရဖို့ အဆင့်မီလေသည်။

ဆူဇီမို၏ ရောက်ရှိလာမှုက သိပ်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်မသွားစေ‌ပေ။ သို့သော်လည်း တပည့်အတော်အများများကတော့ အံ့အားသင့်သွားကြ၏။

နှစ်ကုန်ပြိုင်ပွဲကျင်းပဖို့က ခြောက်လလောက်သာ လိုတော့၏။ ဆူဇီမိုသည် ဖုန်ဟောက်ယွီနှင့် ဆေးပညာနှင့် ပန်းပဲပညာ၌ ယှဉ်ပြိုင်ရမည်ဆိုတာ အားလုံးသိထားကြ၏။ အချိန်က သိပ်မကျန်ရှိတော့ပေ။

ဆူဇီမိုသည် ဖုန်ဟောက်ယွီနှင့် ယှဉ်ပြိုင်ဖို့ကို လက်လျှော့လိုက်ပြီဖြစ်သောကြောင့် စိတ်ပြေလက်ပျောက် အစီအရင်တောင်ထွတ်သို့ ရောက်လာတာ ဖြစ်ရမည်ဟု အတော်များများက ကောက်ချက်ချလိုက်ကြ၏။

သို့သော်လည်း သူတို့ မသိကြသည်မှာ ဆူဇီမိုသည် ဤနေရာသို့ အခြားရွေးချယ်စရာ မရှိသောကြောင့် ရောက်လာခဲ့ခြင်း ဖြစ်လေသည်။

တစ်ကယ်တမ်းတော့ သူသည် သူ့အချိန်များကို ဆေးလုံးဖော်စပ်ခြင်း၊ ကျင့်ကြံမှုအဆင့်မြှင့်တင်ခြင်းနှင့် တိုက်ခိုက်ရေးနည်းစနစ်များလေ့လာခြင်းတို့၌သာ အသုံးချဖို့ စီစဉ်ထား၏။ သို့သော်လည်း ဟိုသောက်ရူးငှက်ကြောင့် သူ့အစီအစဉ်များအားလုံးက ပျက်ဆီးရချေပြီ။

ဤနေ့မှစ၍ ဆူဇီမိုသည် အစီအရင်တောင်ထွတ်၌သာ ယာယီနေရပေတော့မည်။

တစ်ကယ်တော့ အစီအရင်တောင်ထွတ်က ဆူဇီမိုအတွက် တိုက်ခန်းတစ်ခန်း စီစဉ်ပေးမှာ မဟုတ်ပေ။ ထို့ကြောင့် သူသည် နောက်ပိုင်းနေ့ရက်များကို အစီအရင်တိုက်၌သာ နေရလေသည်။ သူသည် ရံဖန်ရံခါမှသာ အပြင်ထွက်လေရှိပြီး အမျိုးမျိုးသော ဝင်္ကပါခင်းကျင်းပုံစာအုပ်များကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာဖတ်ရှု၍သာ အချိန်များကို ကုန်ဆုံးစေလေ၏။

(အစီအရင်တိုက်၊ လက်နက်တိုက်၊ ဆေးတိုက်.. သက်ဆိုင်ရာတောင်ထွတ်များ၏ ပညာရပ်ဆိုင်ရာပစ္စည်းများထားရာ အ‌ဆောက်အဦ ဖြစ်၏။)

သူသည် အခြေခံအကျဆုံး ဝင်္ကပါခင်းကျင်းပုံမှ စတင်၍ နောက်ထပ်နောက်ထပ် ဝင်္ကပါများကို တစ်ခုပြီးတစ်ခု လေ့လာဖော်ထုတ် စူးစမ်းသင်ယူ မှတ်သားနေလေတော့၏။

တစ်ကယ်တော့ ကြိုးကြာလေးသည် ဆူဇီမိုကို ဒီအတိုင်း လွှတ်မပေးချင်ပေ။

သို့သော်လည်း သူသည် ဆူဇီမို ပုန်းနေရာ အစီအရင်တိုက်ထဲသို့ ဝင်ရောက်၍ ပြဿနာရှာဖို့က ရှက်စရာကောင်းလေသည်။ ထို့ကြောင့် သူသည် စိတ်ထဲကနေ ကြိမ်းဝါးထားလိုက်၏။

“ဟမ့်.. သူ အဲ့ထဲမှာ တစ်သက်လုံးတော့ ပုန်းမနေနိုင်ပါဘူးလေ”

ဆူဇီမိုသည် ‌နောက်ထပ် အချိန်အတိုင်းအတာ တစ်ခုအထိ အစီအရင်တောင်ထွတ်၌သာ နေရဦးပေမည်။

ယခုအခါ သူသည် အစီအရင်တိုက်ထဲရှိ အဆင့်၁ ဝင်္ကပါများအားလုံးကို မှတ်မိသွားပြီဖြစ်ပြီး အဆင့်၂ ဝင်္ကပါများကိုပင် စတင်လေ့လာနေပြီဖြစ်၏။

ကြိုးကြာလေးက စိတ်ဝိညာဉ်သားရဲဖြစ်ပြီး သူ့ကို ဖိနှိမ်နိုင်ဖို့ဆိုလျှင် ဆူဇီမိုသည် အဆင့်၂ ဝင်္ကပါကို ခင်းကျင်းနိုင်မှသာလျှင် ရပေမည်။

အဆင့်၁ ဝင်္ကပါက စိတ်ဝိညာဉ်တောကောင်များကို သတ်ဖြတ်နိုင်၊ ထောင်ချောက်ဆင်နိုင်၊ လှည့်စားနိုင်စွမ်းရှိ၏။

သို့သော်လည်း စိတ်ဝိညာဉ်သားရဲများက အလွန်သန်မာပြီး အဆင့်၁ ဝင်္ကပါများကို သူတို့၏ ခွန်အားသက်သက်ဖြင့် ဖျက်ဆီးနိုင်စွမ်းရှိ၏။

ဆူဇီမိုသည် အဆင့်၁ ဝင်္ကပါများကို နားလည်ဆင်ခြင် လေ့လာမှတ်သားနိုင်ဖို့ တစ်လပင် မကြာခဲ့ပေ။

သူသည် ဤမျှ မြန်မြန်လေ့လာနိုင်ရခြင်းမှာ သူ၏ အချိန်နှင့် အားစိုက်ထုတ်မှုအလုံးစုံကို ဝင်္ကပါများလေ့လာခြင်းအပေါ်၌သာ ပုံအပ်ထားသောကြောင့် ဖြစ်လေသည်။

ကျင့်ကြံရေးလောကတွင် ပညာရပ်တစ်ခုအပေါ်၌ ဤမျှထိ စိတ်ရောလူပါ လုံးလုံးပုံအပ်၍ လေ့လာကြသည်က ရှားပါး၏။

သို့သော်လည်း ဆူဇီမိုကတော့ ကြိုးကြာလေး၏ ကောင်းမှုဖြင့် ချောင်ပိတ်မိနေပြီး သူ၏ အချိန်တိုင်းကို ဝင်္ကပါများလေ့လာခြင်း၌သာ မဖြစ်မနေ ပေးနေရ၏။

အဆင့်၁ ဝင်္ကပါများနှင့် နှိုင်းယှဉ်လျှင် အဆင့်၂ ဝင်္ကပါများက ပို၍ လေးနက်ရှုပ်ထွေးကျယ်ပြန့်၏။

ဆူဇီမိုသည် အဆင့်၂ ဝင်္ကပါအများစုကို နားလည်သ‌ဘော‌‌ပေါက်မှတ်သားဖို့အတွက် အချိန်နှစ်လကျော်ကျော် ပေးလိုက်ရ၏။

ထို့ကြောင့် အစီအရင်တောင်ထွတ်သို့ သူရောက်နေသည်မှာ သုံးလရှိသွားချေပြီ။

သုံးလတည်းနှင့် အဆင့်၂ ဝင်္ကပါများအထိ နားလည်သဘော‌ပေါက်အောင် လေ့လာနိုင်ခဲ့သောကြောင့် ဆူဇီမိုသည် ပါရမီမြင့်၍ ဉာဏ်အလွန်ကောင်း‌‌သော လူတစ်ယောက်ဖြစ်သည်ကား ပြောစရာမလိုပေ။ ဆူဇီမိုသည် အန္တိမနတ်ဆိုးသားရဲကျင့်စဉ်ကို စတင်လေ့ကျင့်သည့် အချိန်ကတည်းက ထိုအရာကို တျဲယွဲ့က ရှာဖွေတွေ့ရှိခဲ့၏။

ယခုအခါ ဆူဇီမို၏ အားသွန်ခွန်စိုက်လေ့လာမှုကို ကြိုးကြာလေ၏ ဖိအားပေးခြင်းက ထပ်ပေါင်းလိုက်သောကြောင့် ဆူဇီမိုသည် ဤမျှ မြန်မြန် လေ့လာနိုင်ခဲ့ခြင်း ဖြစ်၏။

အစီအရင်တိုက်တွင် နှစ်ထပ်ရှိပြီး ဒုတိယထပ်ကား အဆင့်၂ ဝင်္ကပါဆိုင်ရာကျမ်းစာများဖြင့် ပြည့်နေပြီး ထိုနေရာသို့ မည်သူမျှ မလာသလောက် ဖြစ်၏။

ဆူဇီမိုသည် သူ၏ နောက်ဆုံးအချိန်နှစ်လကို အစီအရင်တိုက်၏ ဒုတိယထပ်တွင်သာ နေထိုင်ခဲ့သောကြောင့် အစီအရင်တောင်ထွတ်မှ တပည့်အများစုက ဆူဇီမိုတစ်ယောက် ပြန်သွားပြီဟူ၍သာ ထင်ခဲ့ကြပြီး သူ့ကို မေ့လျော့သွားကြပြီ ဖြစ်လေသည်။

ဤနေ့မနက်တွင် ဆူဇီမိုသည် အစီအရင်တိုက်ထဲမှ ထွက်လာခဲ့၏။

နေရောင်ကို မမြင်တွေ့ရသည်မှာ ကြာပြီဖြစ်သောကြောင့် သူမျက်လုံးများက ကျိန်းစပ်စပ် ဖြစ်နေ၏။

အစီအရင်တိုက်ရှေ့၌ ရပ်၍ ဆူဇီမိုသည် သုံးလအတွင်း သူလေ့လာခဲ့ရသမျှကို ပြန်လည်စဉ်းစား ပုံဖော်လိုက်ပြီးနောက် ဝင်္ကပါဆယ်လွှာစေတီဘက်သို့ ဦးတည်လိုက်၏။

သူသည် ဝင်္ကပါများနှင့် ပတ်သတ်၍ ဘယ်လောက်ထိ လေ့လာသိရှိခဲ့သလဲ‌ဆိုတာ စမ်းသပ်ကြည့်ရပေမည်။

ဆူဇီမို၏ သုံးလတာ လေ့လာခဲ့မှုကို အကဲဖြတ်ဖို့အတွက် ဝင်္ကပါဆယ်လွှာစေတီက အကောင်းဆုံး စမ်းသပ်စာမေးပွဲတစ်ခု ဖြစ်လေသည်။

ဝင်္ကပါဆယ်လွှာစေတီ၏ ဘယ်ဘက်တွင် စိတ်ဝိညာဉ်ပြိုင်ပွဲစင်ရှိပြီး ညာဘက်တွင်တော့ စာလုံးများကို အတန်းလိုက် ရေးထိုးထားသော ကျောက်စာတိုင်တစ်ခု ရှိလေသည်။

အပေါ်ဆုံးအတန်းမှာ နာမည်တစ်ခုကို ရေးထိုးထားပြီး၊ အလယ်တန်းမှာ ရောက်ရှိခဲ့သောအထပ်ကို ရေးထိုးထားကာ၊ နောက်ဆုံးအတန်းမှာတော့ ယူခဲ့ရသောအချိန်ကို ရေးထိုးထားလေသည်။

ဆူဇီမိုသည် ထိုအရာကို အမှတ်တမဲ့ဖြင့်သာ တစ်ချက်ကြည့်လိုက်၏။

မနက်ခင်းက စောသေးသောကြောင့် ဝင်္ကပါဆယ်လွှာစေတီနားမှာ အခြားသော အစမ်းတပည့်များ မရှိသေးပေ။ အဲ့ဒီမှာ မတ်မတ်ထိုင်နေသော အကြီးအကဲတစ်ယောက်သာ ရှိလေသည်။ သူသည် ကျန်းမာသန်စွမ်း၍ ရွှင်လန်းတက်ကြွတသော အမူအယာ ရှိလေသည်။

All Chapters