ထူးဆန်းသော တစ်စုံတစ်ရာ
Vol. 7 Ch. 98
အခန်း ၉၈ - ထူးဆန်းသော တစ်စုံတစ်ရာ
သူ့တိုက်ခန်းသို့ ပြန်ရောက်သော်လည်း ဆူဇီမိုသည် ဆေးဖော်စပ်ခြင်းကို စတင်ဖို့ အလောတကြီး ရှိမနေပေ။ ထို့အစား သူသည် ဤနေ့ သိခဲ့ရသည်များကို ပြန်လည် ဆင်ခြင်သုံးသပ်၍ မှတ်သင့်သည်များကို မှတ်သားနေ၏။
ထို့နောက် သူသည် စိတ်ဝိညာဉ်စုဆောင်းခြင်း ဆေးလုံးဖော်စပ်ပုံ အညွှန်းကို အလွတ်ကျက်မှတ်လိုက်၏။ ဤသို့ဖြင့် တစ်နေ့တာက ကုန်ဆုံးသွားပေပြီ။
ညအချိန်ခါသို့ ကျရောက်လာ၏။
သူ၏ ယခင်အစီအစဉ်အရဆို ညဘက်ရောက်လျှင် ဆူဇီမိုသည် ကျောက်ခုတင်ထက် လှဲ၍ အန္တိမနတ်ဆိုးသားရဲကျင့်စဉ်ကို လေ့ကျင့်ရမည် ဖြစ်လေသည်။
သို့သော်လည်း သူသည် လတ်တလော အခြေအနေအရ ခြင်ဆီသန့်စင်ခြင်းကို မလေ့ကျင့်ဖို့ ဆုံးဖြတ်ထားသောကြောင့် သူသည် ပထမဆုံအပိုင်းသုံးပိုင်းတွင် ပါဝင်သော ဝင်လေထွက်လေ ရှူရှိုက်ခြင်းကိုသာ ပြုလုပ်၍ အိပ်စက်ရပေတော့မည်။
ကံကောင်းထောက်မ၍ သူသည် ခြင်ဆီသန့်စင်ခြင်းကို ယခုမှ လေ့ကျင့်ကာစဖြစ်၍ သူ့အတွက် အကျင့်တစ်ခုလို ဖြစ်မနေသေးပေ။
နောက်တစ်နေ့တွင် ဆူဇီမိုသည် စောစောထ၍ ချီစုဖွဲ့မှုကို ပြုလုပ်ဖို့ စတင်လိုက်၏။ သိုလှောင်အိတ်ထဲမှ စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်၍ လက်ဖဝါးထဲတွင် ဆုပ်ကိုင်ကာ သူ့ကျင့်ကြံမှုကို အဆင့်မြှင့်တင်ဖို့ စတင်လိုက်၏။
ချီစုဖွဲ့မှုအဆင့်၅ သို့ ရောက်လာပြီးနောက်ပိုင်းတွင် သူ့ကျင့်ကြံမှုအမြန်နှုန်းက သိသိသာသာ ကျလာ၏။
သူသည် စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးချ၍ စိတ်ဝိညာဉ်ချီကို စုပ်ယူမည်ဆိုလျှင် ဤနှစ်ကုန်၌ သူသည် အလွန်ဆုံးအနေဖြင့် ချီစုဖွဲ့မှု အဆင့်၈အထိတော့ ရောက်နိုင်လိမ့်ပေမည်။
ဒါ့အပြင် ဆေးလုံးဖော်စပ်ခြင်းနှင့် တိုက်ခိုက်ရေးနည်းစနစ်များ လေ့လာခြင်းတို့၌လည်း သူ့အချိန်များကို ပေးရပေဦးမည်။
မသိလိုက်မသိဖာသာနှင့်ပင် နေ့လည်ခင်းသို့ ရောက်လာပေပြီ။
ဆူဇီမိုသည် သူ့တိုက်ခန်းမှ ထွက်၍ နတ်ဆေးတောင်ထွတ်သို့ နောက်တစ်ဖန် ပြန်သွားလိုက်၏။
အဲ့ဒီမှာ အံ့သြဖို့ကောင်းတာက ဤနေ့ ဆေးပညာအကြောင်း ရှင်းလင်းပြောကြားနေသည့်လူက နတ်ဆေးတောင်ထွတ်သခင် မီးခိုးရောင်ဆံပင်နှင့်လူငယ် ဖြစ်လေသည်။
ပိုရွှယ်ကျန်းနှင့်နှိုင်းယှဉ်လျှင် တောင်ထွတ်သခင်၏ ဆေးပညာဆိုင်ရာ အသိသညာက ပို၍ လေးနက်သိမ်မွေ့လေသည်။
ရှင်းပြနေရင်းနှင့် မီးခိုးရောင်ဆံပင်နှင့်လူငယ်၏ အကြည့်က မကြာခဏဆိုသလို ဆူဇီမိုအပေါ်သို့ ကျရောက်လာတတ်၏။
တစ်နာရီလောက် နားထောင်ပြီးနောက် ဆေးလုံးဖော်စပ်ခြင်းအပေါ် ဆူဇီမိုသည် ပို၍ နားလည်လာ၏။ သူ့မှာ ယခင်က ရှိခဲ့သော သံသယ အတော်များများကလည်း ရှင်းလင်းသွားပေပြီ။
ရှင်းလင်းပြောကြားမှု ပြီးဆုံးသွားသောအခါ ဆူဇီမိုသည် ထပြန်မလို့ လုပ်လိုက်၏။ သို့သော် ထိုအချိန်မှာပင် မီးခိုးရောင်ဆံပင်နှင့် လူငယ်က သူ့ကို လက်ပြ၍ လှမ်းခေါ်လိုက်၏။
ဆူဇီမိုသည် အလောတကြီး ထသွားလိုက်၏။
“ဘယ်လိုလဲ.. မင်းနားလည်သဘောပေါက်ရဲ့လား” မီးခိုးရောင်ဆံပင်နှင့်လူငယ်က ပြုံး၍ နွေးထွေးပျူငှာစွာ မေးလိုက်၏။
“ဟုတ်ကဲ့.. အတန်အသင့်တော့ နားလည်ပါတယ်” ဆူဇီမိုက ခေါင်းညိတ်၍ ဖြေလိုက်၏။
“မင်းမှာ မေးစရာ သံသယတွေရော မရှိဘူးလား”
ဆူဇီမိုသည် တစ်ခဏကြာ စဉ်းစားလိုက်ပြီးနောက် မေးလိုက်၏။
“အရင်နေ့က စီနီယာအစ်ကိုပို ပြောခဲ့ပုံအရဆို ဆေးတိုင်းမှာ အဆိပ် ၃၀% ပါတယ်တဲ့.. ပကတိဆေးလုံးကလွဲရင် ကျန်တဲ့ဆေးလုံးတွေမှာ အညစ်အကြေးပါဝင်မှုက မကင်းဘူး ဆိုတော့ .. အဲ့ဆေးလုံးတွေကို စားသုံးတဲ့အခါ လူတစ်ယောက်ရဲ့ ကျင့်ကြံမှုအပေါ်မှာရော အကျိုးသက်ရောက်မှု ရှိနိုင်မလား”
မီးခိုးရောင်ဆံပင်နှင့် လူငယ်က သဘောကျသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်၏။
“အဲ့ဒါကြောင့်လဲ ဆေးပညာလောကမှာ ဆေးလုံးတစ်လုံးဟာ အညစ်အကြေးပါဝင်မှု အများဆုံး ၄၀%ပဲ ရှိရမယ်ဆိုပြီး သတ်မှတ်ခဲ့ကြတာပေါ့.. အဲ့ဒါကိုတော့ အရင့်အရင် စီနီယာကြီးတွေက သူတို့၏ အတွေ့အကြုံတွေ အသိသညာတွေအပေါ် အခြေခံပြီး သတ်မှတ်ခဲ့ကြတာပေါ့။ ဒါကြောင့်မလို့ အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ အဆင့်နိမ့်ဆေးလုံးတွေတောင်မှပဲ ကျင့်ကြံသူတွေအပေါ် ထိခိုက်မှု မရှိပါဘူး”
အနည်းငယ် ရပ်နားလိုက်ပြီးနောက် မီးခိုးရောင်ဆံပင်နှင့် လူငယ်က ဆက်ပြောလိုက်၏။
“ဒါပေမယ့်လဲ သူတို့က အရည်အသွေးနိမ့်တဲ့ ဆေးလုံးတွေကို ဆက်တိုက် အများကြီး စားသုံးကြမယ်ဆိုရင်တော့ ဆေးထဲမှာ ပါဝင်တဲ့ အညစ်အကြေးတွေက ခန္ဓာကိုယ်ထဲမှာ စုပုံအနည်ထိုင်လာပြီးတော့ ဖယ်ထုတ်လို့ မရနိုင်တော့မျိုး ဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါနဲ့ ပတ်သတ်ပြီးတော့ ဆေးလောကမှာ ယူဆချက်တွေကတော့ အများကြီးပဲ.. ဒါပေမယ့် နောက်ဆက်တွဲ ရလဒ်ကိုတော့ ဘယ်သူကမှ တိတိကျကျ မပြောနိုင်ကြသေးဘူး”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
မီးခိုးရောင်ဆံပင်နှင့်လူငယ်က ဆူဇီမို၏ ပုခုံးကို ပုတ်လိုက်ပြီး ပြောလိုက်၏။
“ကဲကဲ ပြန်ပြီးတော့ လေ့ကျင့်လိုက်ဦး.. ဆေးလုံးဖော်စပ်တာ လက်နက်သွန်းလုပ်တာထက်စာရင် ပိုလွယ်ပါတယ်.. မင်းလေ့ကျင့်ရင်းနဲ့ တိုးတက်လာမှာ အသေအချာပဲ။ မင်းမှာက အခြေခံအုတ်မြစ်အနေနဲ့ အဆင့်၃ စိတ်ဝိညာဉ်မီးတောက်လဲ ရှိနေတာဆိုတော့ မင်းလုပ်နိုင်မှာ သေချာပါတယ်။ တစ်ကယ်လို့ မင်းလေ့ကျင့်နေရင်းနဲ့ သိချင်တဲ့ သံသယတွေများ ပေါ်လာခဲ့ရင် ကြိုက်တဲ့အချိန် ငါ့ကို လာရှာလှည့်ချေ။”
ဆူဇီမို ရုတ်တရတ် သဘောပေါက်လိုက်၏။
ယနေ့ ရှင်းလင်းချက်ကို တောင်ထွတ်သခင်ကိုယ်တိုင် လာရောက် ပြောကြားခြင်းက သူ့အတွက် ရည်ရွယ်တာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ဆူဇီမို ရင်ထဲထိသွားပြီ ခေါင်းညိတ်လိုက်၏။
မီးခိုးရောင်ဆံပင်နှင့်လူငယ်ကို ဆူဇီမိုထံသို့ သိုလှောင်အိတ်တစ်ခုကို ကမ်းပေးလိုက်၏။
“အဲ့ထဲမှာ စိတ်ဝိညာဉ်ဆေးပင် အတန်အသင့် ထည့်ပေးထားတယ်.. အဲ့ဒါက လောလောဆယ် မင်းလေ့ကျင့်ဖို့အတွက် လုံလောက်မှာပါ.. သိမ်းထားလိုက်ချေ”
ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ဆူဇီမိုသည် သိုလှောင်အိတ်ကို လက်ခံယူကာ အလေးအနက် အရိုအသေပေးလိုက်၏။
. . .
သူ့တိုက်ခန်းသို့ ပြန်ရောက်သောအခါ ..
ဆူဇီမိုသည် သူ၏ ဆေးမီးဖိုကို ထုတ်ကာ ပထမဆုံးအကြိမ် အနေဖြင့် ဆေးလုံးဖော်စပ်ဖို့ ပြင်ဆင်လိုက်၏။
သူ့ရှေ့တွင် ပါဝင်ပစ္စည်း လေးဖုံစာကို သူတို့၏ အမျိုးအစားအလိုက် သေသပ်စွာ ချထားလိုက်၏။
ဆူဇီမိုသည် ဆေးဖော်စပ်ပုံအညွှန်းများကို သေချာစွာ မှတ်သားထားပြီးပေပြီ။
ပထမအဆင့် .. ပါဝင်ပစ္စည်း ရွေးချယ်ခြင်းက ပြီးသွားပေပြီ။
ဒုတိယအဆင့် .. အဆီအနှစ် ထုတ်ယူခြင်း။
ဤအဆင့်တွင် စိတ်ဝိညာဉ်မီးတောက်ကို သုံး၍ ဆေးပင်များတွင် ပါရှိသော အညစ်အကြေးများကို ဖယ်ထုတ်ကာ ၎င်း၏ အဆီအနှစ်ကို ထုတ်ယူရလေသည်။
လက်နက်သွန်းလုပ်ခြင်းမှာလို မဟုတ်ဘဲ ဤအဆင့်တွင် စိတ်ဝိညာဉ်မီးတောက်၏ အဆင့်က အဆီအနှစ်ထုတ်ယူခြင်း၏ ရလဒ်ကို ဆုံးဖြတ်ပေးမှာ မဟုတ်ပေ။
စိတ်ဝိညာဉ်ဆေးပင်များသည် စိတ်ဝိညာဉ်ပါဝင်မှု ပေါကြွယ်ဝပြီး မာကြောခက်ထန်မှုသိပ်မရှိကာ မီးအားကောင်းကောင်းနှင့် ဆက်တိုက်အပူပေးနေစရာ မလိုပေ။
စိတ်ဝိညာဉ်ဆေးပင်အများစုမှာ နုနယ်ပြီး သူတို့တောင့်ခံနိုင်သော အပူချိန်ကလည်း အမျိုးမျိုး ကွဲပြား၏။
အပူချိန်က မြင့်လွန်းသွားလျှင် ဆေးပင်များက ပြာကျသွားမည်ဖြစ်ပြီး နောက်တစ်ဖန် ပြန်စ၍ ဆေးပင်အသစ်ယူကာ အဆီအနှစ်ထပ်ထုတ်ရမည် ဖြစ်လေသည်။
အပူချိန်က နိမ့်လွန်းနေလျှင်လည်း လိုအပ်သော အဆီအနှစ်ကို ရရှိအောင် ထုတ်ယူနိုင်မည် မဟုတ်ပေ။
ထို့ကြောင့်ပင် နတ်ဆေးဆရာများသည် ဆေးပင်အမျိုးမျိုး၏ လိုအပ်သော အပူချိန်အနေအထားကို နားလည်သိရှိအောင် ဆက်တိုက်လေ့လာနေရခြင်း ဖြစ်လေသည်။
အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ ဆူဇီမိုသည် ပါဝင်ပစ္စည်းတစ်မျိုးကို လှမ်းယူလိုက်ပြီး အဆီအနှစ်ထုတ်ခြင်းကို စတင်လိုက်လေသည်။
ရွှစ်..
မီးတောက်ကို ထုတ်ဖော်လိုက်သည့် တစ်ခဏ၌ စိတ်ဝိညာဉ်ဆေးပင်က ပြာကျသွားပေပြီ။
ဘေးမှ ကြည့်နေသော စိတ်ဝိညာဉ်ကျား၏ မျက်လုံးထဲတွင် လှောင်ပြောင်လိုသော အမူအယာက ပေါ်လာလေသည်။
ဆူဇီမိုသည် စိတ်ဝိညာဉ်ကျားကို စူးစူးဝါးဝါး တစ်ချက်ကြည့်လိုက်ပြီး သူ့ကိုယ်နေဟန်ထားကို တစ်ချက်ပြန်ပြင်လိုက်၏။ ထို့နောက် နောက်ထပ်ဆေးတစ်ပင်ကို ထပ်ယူကာ လုပ်ဆောင်ချက်အသစ်ကို စတင်လိုက်၏။
(ဤနေရာတွင် ပြောလိုသည်မှာ ဆေးဖော်စပ်ရာတွင် ပါဝင်ပစ္စည်းသည် ဆေးပင်ဖြစ်နိုင်သလို ဆေးပင်၏ အစိတ်အပိုင်းများလည်း ဖြစ်နိုင်ပါ၏။ ဥပမာ - အသီး၊ အပွင့်၊ အမြစ်၊ အခေါက် စသည်။)
နောက်တစ်ဖန်.. ကျရှုံး။
နောက်တစ်ဖန် ကြိုပမ်း.. နောက်တစ်ဖန်ကျရှုံး....
ဆူဇီမို၏ အကြည့်က ခိုင်မာပြတ်သားနေပြီး အပူချိန်ကို အမျိုးမျိုး ထိန်းညှိကာ အဆီအနှစ်ထုတ်ယူခြင်းကို ဆက်တိုက်လုပ်ဆောင်နေ၏။
နောက်ဆုံးမှာတော့ မီးတောက်၏ အပူချိန်တစ်ခုအောက်၌ ဆေးပင်သည် အဆီအနှစ်အမှုန့်အနေအထားသို့ ပြောင်းလဲသွားလေသည်။
၎င်းဆေးမှုန့်များကို ဆေးမီးဖို၏ ထောင့်တစ်နေရာတွင် ကပ်ပုံလိုက်ကာ ဆူဇီမိုသည် နောက်ထပ်ပါဝင်ပစ္စည်းတစ်မျိုးကို ယူ၍ အဆီအနှစ်ထုတ်ယူခြင်းကို ဆက်လက်လုပ်ဆောင်လိုက်၏။
ထိုအခါမှာလည်း ကျရှုံးမှုများရှိပြီး နောက်ဆုံးအကြိမ်မှသာလျှင် ဆေးမှုန့်ကို ရရှိသွားပြီး ၎င်းကို စောစောက ဆေးမှုန့််နှင့် မရောဘဲ သက်သက်တစ်ပုံ ပုံထားလိုက်၏။
လေးနာရီလောက် အားစိုက်ထုတ်အပြီးမှာတော့ ဆူဇီမို၏ နဖူးသည် ချွေးများဖြင့် ရွှဲနေပြီး စိတ်ဝိညာဉ်ချီကလည်း ခမ်းခြောက်လုနေပေပြီ။ နောက်ဆုံးမှာတော့ သူသည် ပါဝင်ပစ္စည်း ဆေးပင်လေးမျိုး၏ အဆီအနှစ်ကို ထုတ်ယူနိုင်ခဲ့ပြီး ၎င်းတို့ကို ဆေးမီးဖို၏ ထောင့်လေးထောင့်တွင် စုပုံလိုက်၏။
ထိုအခါမှသာလျှင် သူလည်း စိတ်သက်သာရာ ရသွားပြီး တင်ပျဉ်ခွေခြေချိတ်ထိုင်ကာ ကုန်ဆုံးသွားသော စိတ်ဝိညာဉ်ချီများကို အလောတကြီး ပြန်လည် စုဆောင်းလိုက်၏။
တစ်ခဏကြာပြီးနောက် ဆူဇီမိုသည် ပြန်ထလာပြီး တတိယအဆင့်ဖြစ်သော ဆေးမှုန့်ရောစပ်ခြင်းကို လုပ်ဆောင်ဖို့ စတင်လိုက်လေသည်။
ဤအဆင့်တွင် အဆီအနှစ်အဖြစ် ထုတ်ယူထားသော ဆေးမှုန့်များကို တိကျသော အချိုးအစားဖြင့် အစဉ်အတိုင်း ရောစပ်ဖို့ လိုလေသည်။
ရောစပ်ရမည့် အချိုးအစား ပမာဏနှင့် ရှေ့နောက်အစဉ်ကို ဆေးဖော်စပ်နည်း အညွှန်းစာတွင် အတိအကျ ဖော်ပြထားသောကြောင့် ဤအဆင့်က ရိုးရှင်းလေသည်။
သို့သော်လည်းပဲ အချိုးအစားအနည်းငယ် လွဲချော်သွားခြင်းက များစွာ အကျိုးသက်ရောက်မှုရှိပြီး အဆိုးဆုံးအနေနှင့် ဆေးဖော်စပ်မှု ကျရှုံးသွားတာတောင် ဖြစ်နိုင်၏။
ဆေးမှုန့်ရောစပ်ခြင်းပြီးနောက် စတုတ္ထအဆင့်မှာ.. ဒုတိယမ္ပိ အဆီအနှစ်ထုတ်ယူခြင်း ဖြစ်လေသည်။
ဤအဆင့်က တစ်ကယ့် ထိလွယ်ရှလွယ်သောအဆင့် ဖြစ်၏။
ဤအဆင့်မှာ တစ်ချက်မှားသွားတာနှင့် ရှေ့မှာ အားစိုက်ထုတ်ခဲ့ရသမျှ အကုန်ဟာ သဲထဲရေသွန် ဖြစ်ရပေတော့မည်။
မတူညီသော ဆေးအဆီအနှစ်လေးမျိုးကို ပေါင်းစပ်လိုက်ခြင်းအားဖြင့် ဆေး၏ ဖွဲ့တည်မှုပုံသဏ္ဌာန်က ပြောင်းလဲသွားပြီး အပူဒဏ်ကို ပို၍ ခံနိုင်ရည်ရှိလာ၏။ ထို့ကြောင့် ဤအဆင့်တွင် အားကောင်းပြင်းထန်သော မီးတောက်ကို လိုအပ်လေသည်။
အဆင့်၃ စိတ်ဝိညာဉ်မီးတောက်၏ အားသာချက်က ဤနေရာတွင် အသုံးတည့်လာလေသည်။
ဖြစ်ပေါ်လာသော ဆေးလုံး၏ အရည်အသွေးက ဘယ်အဆင့်မှာ ရှိမလဲဆိုတာသည် ဤအဆင့်တွင် အညစ်အကြေး ဘယ်လောက်ပမာဏကို ဖယ်ထုတ်နိုင်မလဲဆိုသည့် အပေါ်တွင် မူတည်နေလေသည်။
အဆင့်၃ စိတ်ဝိညာဉ်မီးတောက်ဖြင့် ဆေးမီးဖိုကို ထပ်ကာထပ်ကာ အပူပေးလိုက်ပြီးနောက် အဆီအနှစ်ဆေမှုန့်များက အရည်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ဆေးမီးဖို့၏ အပေါက်ကိုးခုမှ မီးခိုးဖြူများက စိမ့်ထွက်လာပြီး မွှေးပျံသောရနံ့က ထွက်ပေါ်လာလေသည်။
နောက်တစ်ခဏ၌ ဒုတိယမ္ပိ အဆီအနှစ်ထုတ်ခြင်းက ပြီးဆုံးသွားပေပြီ။
ပဉ္စမမြောက်အဆင့်.. ဆေးလုံးဖွဲ့တည်ခြင်း။
ဤအဆင့်တွင် အပြည့်အဝ အာရုံစိုက်ထားဖို့လိုပြီး အနည်းငယ် အာရုံပျက်ယွင်းသွားတာနှင့် ဆေးလုံးဖွဲ့တည်ခြင်းက ပျက်ဆီးသွားနိုင်ချေ ရှိလေသည်။
ဆူဇီမိုသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ ကိုယ်နေဟန်ထားကို ပြုပြင်လိုက်၏။ ထို့နောက် ဆေးမီးဖိုထဲတွင်း ကိုးပုံကွဲထွက်နေသော ဆေးအဆီအနှစ်များကို တစ်ဖြည်းဖြည်းချင်း ပေါင်းစည်းစုယူလိုက်၏။ ၎င်းတို့သည် တစ်ဖြည်းဖြည်းချင်း အစိုင်အခဲအဖြစ် ဖွဲ့တည်၍ ဆေးလုံး၏ ပုံသဏ္ဌာန်က ရုပ်လုံးပေါ်လာနေပေပြီ။
ထိုအချိန်မှာပင် ထူးဆန်းသော တစ်စုံတစ်ရာက ဖြစ်ပျက်ခဲ့လေသည်။