ဝင်္ကပါဆယ်လွှာစေတီကို စိန်ခေါ်ခြင်း
Vol. 7 Ch. 101
အခန်း ၁၀၁ - ဝင်္ကပါဆယ်လွှာစေတီကို စိန်ခေါ်ခြင်း
“စီနီယာကြီးခင်ဗျာ.. ဝင်္ကပါဆယ်လွှာစေတီကို ကျတော်စိန်ခေါ်ချင်လို့ပါ.. မှတ်သားသင့်တဲ့အရာ တစ်စုံတစ်ရာများ ရှိသလားဗျာ” ဆူဇီမိုသည် အကြီးအကဲနားသို့ လာ၍ ရိုသေလေးစားစွာ မေးလိုက်၏။
ဆူဇီမိုသည် အစီအရင်တောင်ထွတ်တွင် နေခဲ့သည်မှာ သုံးလကြာပြီဖြစ်သော်လည်း ဝင်္ကပါဆယ်လွှာစေတီသို့ ရောက်လာသည်မှာ ဒါပထမဆုံးအကြိမ် ဖြစ်လေသည်။
အကြီးအကဲသည် ဆူဇီမို၏ မျက်နှာကို ခဏကြာ ကြည့်၍ မေးလိုက်၏။
“မင်းကို ငါမမြင်ဖူးပါဘူး.. မင်းက ငါတို့ အစီအရင်တောင်ထွတ်ကတပည့် မဟုတ်ဘူးထင်တယ်.. ဟုတ်တယ်မလား”
“ကျတော်က နတ်ပန်းပဲတောင်ထွတ်ကပါ”
“အို့”
အကြီးအကဲက အမှုမထားဘဲ.. ဆူဇီမို၏ ခါးမှ ဂိုဏ်းတံဆိပ်ပြားကို ကြည့်လိုက်၏။ ထို့နောက် သူသည် သစ်သားတံဆိပ်ပြားတစ်ခုကို ထုတ်၍ ကမ်းပေးလိုက်ပြီး အလေးအနက် ပြောလိုက်၏။
“ဒါကိုယူသွားကောင်လေး.. မင်းတောင့်မခံနိုင်တော့ရင်ပဲဖြစ်ဖြစ်.. အထဲမှာ အန္တရာယ်တစ်စုံတစ်ရာနဲ့ တွေ့ရင်ပဲဖြစ်ဖြစ် ဒီတံဆိပ်ပြားကို ချက်ခြင်း ချိုးလိုက်ချေ.. မင်း အပြင်ကို ဘေးကင်းကင်းနဲ့ ပြန်ရောက်လာလိမ့်မယ်”
“ဝင်္ကပါဆယ်လွှာစေတီထဲမှာ အသက်အန္တရာယ်တွေလဲ ရှိတာလား” ဆူဇီမိုက အနည်းငယ် မှင်တက်သွား၏။
အကြီးအကဲက စိတ်ရှည်လက်ရှည် ရှင်းပြလိုက်၏။
“ဝင်္ကပါဆယ်လွှာစေတီရဲ့ ပထမအလွှာက ရိုးရှင်းတယ်.. မင်းအနေနဲ့ အထောက်အကူပြု ဝင်္ကပါတစ်ခုကို ချခင်းနိုင်တာနဲ့ ဒုတိယအလွှာကို ရောက်သွားလိမ့်မယ်။ ဒုတိယအလွှာမှာ ရှိမှာကတော့ ပုံရိပ်ယောင်ဝင်္ကပါပဲ.. ဘာပုံရိပ်ယောင်ဆိုတာကတော့ ကျပန်းလာလိမ့်မယ်။ မင်းအနေနဲ့ အဲ့ဒီပုံရိပ်ယောင်ကို ဖြေရှင်းနိုင်တာနဲ့ တတိယအလွှာကို ရောက်ပြီပဲ”
“တတိယအလွှာမှာ ကြုံရမှာကတော့ ထောင်ချောက်ဝင်္ကပါ.. ထောင်ချောက်ဝင်္ကပါကနေ ရုန်းထွက်နိုင်ရင် မင်းစတုတ္ထထပ်ရဲ့ ဝင်ပေါက်ကို မြင်ရလိမ့်မယ်.. အဲ့မှာကတော့ သတ်ဖြတ်ခြင်း အစီအရင်ပဲ။ အဲ့ဒါကတော့ အန္တရာယ်များတယ်.. မင်းအနေနဲ့ သေချာမကိုင်တွယ်နိုင်ဘူးဆိုရင် အသက်ကိုတောင် ဆုံးရှုံးသွားရနိုင်တယ်။ အဲ့ဒါကြောင့် မင်းမချိုးဖျက်နိုင်ဘူးထင်ရင် ကိုယ့်ကိုယ်ကို အတင်းဖိအားမပေးပါနဲ့.. ဒီတံဆိပ်ပြားကို ချိုးဖို့မမေ့ပါနဲ့”
“ပဉ္စမအလွှာမှာတော့ ထောင်ချောက်၊ ပုံရိပ်ယောင်၊ သတ်ဖြတ်ခြင်း အဲ့သုံးခုထဲက နှစ်ခုကို ပေါင်းစပ်ထားတဲ့ ပေါင်းစပ်ဝင်္ကပါပဲ။ အဲ့ဝင်္ကပါကို ဖြေရှင်းနိုင်ပြီဆိုရင်တော့ မင်းကို အခြေခံဝင်္ကပါသခင်လို့ သတ်မှတ်လို့ ရသွားပြီ”
ဆူဇီမိုသည် ဝင်္ကပါဆယ်လွှာစေတီကို အကြမ်းဖျင်းအားဖြင့်တော့ နားလည်သွား၏။ ထို့နောက် သူသည် အကြီးအကဲကို ဦးညွတ်၍ ကျေးဇူးတင်ကြောင်းပြောကာ စေတီအတွင်းသို့ ဝင်ဖို့ လျှောက်သွားလိုက်၏။
ဆူဇီမို၏ ကျောပြင်ကိုကြည့်ကာ အကြီးအကဲက ပြုံး၍ တိုးတိုးရေရွတ်လိုက်၏။
“အင်း.. နတ်ပန်းပဲတောင်ထွတ်က တပည့်က ဝင်္ကပါဆယ်လွှာကို ဖြေရှင်းဖို့ လာကြိုးစားတယ်ဆိုတာ ရှားရှားပါးပါးပဲ.. ဘယ်နှစ်လွှာလောက်များ သူရှင်းလင်းနိုင်မလဲ ငါသိချင်လိုက်တာ.. နှစ်လွှာလား.. သုံးလွှာလား”
“ဆူဇီမို..အမ်း ဆူဇီမိုတဲ့.. ဒီနာမည်က ရင်းနှီးနေသလိုပဲ.. အဲ့နာမည်ကို ငါတစ်နေရာရာမှာ ကြားဖူးပါတယ်”
တိတ်တဆိတ် ရေရွတ်ရင်း အကြီးအကဲက ခေါင်းခါလိုက်ကာ ထိုအရာနှင့် ပတ်သတ်၍ သက်သက် ဦးနှောက်ခြောက်ခံပြီး စဉ်းစားမနေတော့ပေ။
မည်သို့ပင်ဆိုစေ.. ဝင်္ကပါဆယ်လွှာစေတီကို လာရောက်စိန်ခေါ်သူက နေ့စဉ်နှင့် အမျှ များစွာရှိ၏။ ထိုအထဲမှာမှ အစီအရင်တောင်မှ ထူးချွန်သောတပည့်အချို့ကိုသာ သူအာရုံစိုက်စောင့်ကြည့်လေ့ ရှိလေသည်။
ဝင်္ကပါဆယ်လွှာစေတီအတွင်း.. ပထမအလွှာ။
ဤနေရာသည် အတန်အသင့် ကျယ်ဝန်းပြီး ဗလာကျင်းနေ၏။
အောက်ခင်းကြမ်းပြင်ကတော့ အနည်းငယ် ထူးခြား၏။ ၎င်းက ကျုံ့နိုင်ဆန့်နိုင်သော သတ္တိရှိပုံရ၏။
နံရံလေးဘက်က လုံးဝအပိတ်ဖြစ်ပြီး အထဲသို့ သူဝင်ရောက်ရောက်ချင်းမှာပင် တံခါးက ဂျိုင်းကနဲ ပြန်ပိတ်သွား၏။ အခန်းက လုံးဝ ရှင်းလင်းနေသော်လည်း ဒုတိယအလွှာ၏ ဝင်ပေါက်ကိုတော့ မြင်တွေ့ရခြင်း မရှိပေ။
ဆူဇီမိုသည် တစ်ခဏကြာတွေးတောလိုက်ပြီးနောက် သဘောပေါက်သွား၏။
သူသည် ကြမ်းခင်းပေါ်တွင် အထောက်အကူပြု ဝင်္ကပါတစ်ခုကို ခင်းကျင်းနိုင်မှသာလျှင် ဒုတိယအလွှာ၏ ဝင်ပေါက်က ပေါ်လာပေလိမ့်မည်။
သူသည် တုံ့ဆိုင်းမနေတော့ဘဲ လက်ချောင်းထိပ်ကနေ စိတ်ဝိညာဉ်ချီများကို ထုတ်လွှတ်လိုက်၏။ ထို့နောက် သူသည် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ ကြမ်းပြင်တွင် အခင်းအကျင်းပုံစံတစ်ခုကို စတင်ရေးဆွဲလေတော့သည်။
ယခု သူရေးဆွဲနေသည်မှာ အသံလုံဝင်္ကပါ အစီအရင်တစ်ခု ဖြစ်လေသည်။
ထိုအစီအရင်၏ ဧရိယာတစ်ဝိုက်တွင် ရှိနေလျှင် အပြင်မှ ဆူညံသံများကို ကြားရတော့မည် မဟုတ်ပေ။
ဤအရာသည် ပထမဆုံး ဆူဇီမို ရှာဖွေလေ့လာခဲ့သော အစီအရင်ဖြစ်၏။ ကြိုးကြာလေး၏ အော်ဟစ်နှောင့်ယှက်သံကို တားဆီးဖို့ သူလေ့လာခဲ့ခြင်း ဖြစ်၏။
ဝင်္ကပါ လမ်းကြောင်းများ ရေးဆွဲရာတွင် လူတစ်ယောက်သည် အပြည့်အဝ အာရုံစူးစိုက်ထားရ၏။ အနည်းငယ်ချွတ်ချော်တိမ်းပါးသွားတာနှင့် ဝင်္ကပါက အသက်ဝင်တော့မည် မဟုတ်ပေ။
ဤအရာသည် လူတစ်ယောက်၏ စိတ်ရှည်သည်းခံနိုင်မှုနှင့် စိတ်ကိုဖြန့်ကျက်၍ ထိန်းချုပ်နိုင်စွမ်းကို စမ်းသပ်ခြင်းလည်းဖြစ်၏။ ထိုနေရာများ၌ ပို၍ ကောင်းကောင်း လုပ်ဆောင်နိုင်လေ.. ဝင်္ကပါကလည်း ပို၍ ပြီးပြည့်စုံလေ ဖြစ်ပေလိမ့်မည်။
တစ်ကယ်တော့ အစီအရင်ဝင်္ကပါသခင်များအားလုံးသည် စေ့စပ်သေချာမှုရှိသောလူများ ဖြစ်ကြ၏။
ဝင်္ကပါတစ်ခု ခင်းကျင်းခြင်းက စစ်တုရင် ကစားခြင်းနှင့် အလားသဏ္ဌာန်တူ၏။ အစီအရင်ဝင်္ကပါသခင် ကိုယ်တိုင်က ယှဉ်ပြိုင်ကစားသမားတစ်ယောက် ဖြစ်၏။
စစ်တုရင်ကစားပွဲသည် ကြိုတင်ခန့်မှန်းဖို့ မလွယ်ဘဲ တစ်ကွက်အရွှေ့မှားသွားတာနှင့် တစ်ခါတည်း ရှုံးနိမ့်သွားနိုင်၏။
အစီအရင်ဝင်္ကပါသခင်တစ်ယောက်သည်လည်း ဝင်္ကပါလမ်းကြောင်းရေးဆွဲရာတွင် တစ်ချက်ကလေး မှားသွားတာနှင့် ရှေ့မှာ အားထုတ်ခဲ့ရသမျှက အချည်းနှီး ဖြစ်သွားနိုင်၏။
အသံလုံအစီအရင်က များသောအားဖြင့်တော့ ရိုးရှင်းလွယ်ကူပြီး ၎င်း၏ ဝင်္ကပါလမ်းကြောင်းကလည်း ရှုပ်ထွေးမှု သိပ်မရှိပေ။ သိပ်မကြာမီမှာပင် ဆူဇီမိုသည် ကြမ်းခင်းပေါ်တွင် ဝင်္ကပါလမ်းကြောင်းတစ်ခုကို ခင်းကျင်းရေးဆွဲလို့ ပြီးဆီးသွား၏။
ဝင်္ကပါမျက်လုံးနေရာတွင် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထားလိုက်သောအခါ ၎င်းက မြေပြင်တွင် တောက်ပလင်းလက်သွား၏။
အသံလုံအစီအရင်က အသက်ဝင်သွားချေပြီ။
ချပ်.. ချပ်.. ချပ်!
တစ်ချိန်တည်းမှာပင် တောင်ဘက်နံရံ၌ ကျောက်တံခါးပေါက်တစ်ခုက ပေါ်လာ၏။ ထိုတံခါးပေါက်မှတစ်ဆင့် ဒုတိယအလွှာသို့ တက်ရာ ကျောက်လှေကားတစ်ခုကို တွေ့လိုက်ရ၏။
မြေပြင်တွင် ဆူဇီမို ခင်းကျင်းထားသော အသံလုံအစီအရင်က တစ်ဖြည်းဖြည်းနှင့် ပျက်ပြယ်သွားပြီး ဝင်္ကပါမျက်လုံးနေရာမှ စိတ်ဝိညာဉ်ကျောက်တုံးက ဆူဇီမိုထံသို့ ပြန်ကန်လွင့်လာ၏။
“ကလေးကလားပါကွာ!”
ဆူဇီမိုသည် ရယ်မောလိုက်ပြီး စိတ်ဝိညာဉ်ကျောက်တုံးကို ဖမ်းယူကာ ဒုတိယအလွှာသို့ တက်လိုက်၏။
ဒုတိယအလွှာသို့ ရောက်ရောက်ချင်းမှာပင် သူ့ခန္ဓာကိုယ်က အံ့သြတုန်လှုပ်သွား၏။
သူမြင်လိုက်ရသည်မှာ ငွားငွားစွင့်စွင့် မြင့်မားလှသော တောင်တစ်လုံးကို တိမ်လွှာများက ခြံရံပြီး စမ်းချောင်းများနှင့် သစ်ပင်ပန်းခြံများက ဝန်းရံထား၏။ ဤနေရာသည် ထူးခြားအံ့သြဖွယ်ကောင်းသော သုခဘုံတစ်ခုလို ဖြစ်နေ၏။
သူသည် ပုံရိပ်ယောင်ဝင်္ကပါထဲသို့ ရောက်နေပြီဆိုတာ ဆူဇီမို သိလိုက်၏။
ဒုတိယအလွှာမှစ၍ စိန်ခေါ်သူသည် ဝင်္ကပါများကို ပျက်ပြယ်အောင် ဖြေရှင်းဖို့ လိုလာလေပြီ။
ဝင်္ကပါများကို ပျက်ပြယ်စေမည့် စည်းမျဉ်းကတော့ ရိုးရှင်း၏။ ဝင်္ကပါမျက်လုံးဟုခေါ်သော ဝင်္ကပါ၏ ပင်မအချုပ်အူတိုင်ကို ရှာဖွေဖို့ပင် ဖြစ်လေသည်။
ဝင်္ကပါ၏ အဆင့်က မြင့်လေလေ ဝင်္ကပါမျက်လုံးအရေအတွက်ကလည်း များလာလေလေဖြစ်၏။
အဆင့်၁ ဝင်္ကပါမှာ ဝင်္ကပါမျက်လုံးက တစ်ခုသာ ပါရှိ၏။
အဆင့်၂ ဝင်္ကပါမှာတော့ နှစ်ခုဖြစ်၏။
သင်သည် အဆင့်၂ ဝင်္ကပါကို ပျက်ပြယ်စေချင်လျှင် ဝင်္ကပါမျက်လုံးတစ်ခုကို ရှာတွေ့ရုံနှင့် မရသေးချေ၊ နှစ်ခုစလုံးကို ရှာဖွေဖျက်ဆီးပစ်ဖို့ လိုလေသည်။
ပြောရသည်မှာလွယ်သော်လည်း တစ်ကယ်တမ်း ဝင်္ကပါမျက်လုံးတစ်ခုကို ရှာဖွေရသည်မှာ မလွယ်ကူချေ။
ယခု ဆူဇီမို၏ အရှေ့ရှိ ပုံရိပ်ယောင်ဝင်္ကပါကို ဥပမာယူ၍ ပြောရလျှင် .. ဝင်္ကပါမျက်လုံးသည် မြက်ပင်တစ်ပင်လည်း ဖြစ်နိုင်၏၊ လွင့်မျောနေသော တိမ်စိုင်တစ်ခုလည်း ဖြစ်နိုင်၏၊ တောင်ကုန်းပေါ်က ကျောက်တုံးတစ်တုံးလည်း ဖြစ်နိုင်၏၊ စမ်းချောင်းထဲမှာ ကူးခတ်နေသော ငါးတစ်ကောင်ပင်လျှင် ဖြစ်နိုင်လေ၏။
ဝင်္ကပါတစ်ခုအတွင်း၌ ကိုယ်ပိုင်လောကတစ်ခုက ရှိနေ၏။
ဝင်္ကပါအကြောင်း နကန်းတစ်လုံးမျှ မသိသောသူ ဖြစ်ပါက ထိုသူသည် သူ့ဘဝတစ်လျှောက်လုံး ကြိုးစားအားထုတ်လျှင်တောင် ဝင်္ကပါမျက်လုံးကို ရှာတွေ့ဖြစ်ချင်မှ ရှာတွေ့ပေမည်။
သို့သော်လည်း အစီအရင်ဝင်္ကပါသခင်တွေကတော့ သူတို့၏ ဝင်္ကပါနှင့်ပတ်သတ်သည့် နားလည်သဘောပေါက်မှုများအပေါ် အခြေခံ၍ ခွဲခြမ်းစိတ်ဖြာဆန်းစစ်ကာ ဝင်္ကပါမျက်လုံးကို ရှာဖွေနိုင်ကြလေသည်။
သေချာတာတစ်ခုကတော့... ဝင်္ကပါမျက်လုံးသည် တစ်နည်းနည်းနှင့် အခြားအရာများမှ မတူကွဲထွက်နေတတ်၏။
သူတို့က ပုံမှန်ဟု ထင်ရလျှင်တောင် သေချာစွာ ဂရုစိုက်၍ ဆန်းစစ်ကြည့်ပါက ထူးခြားမှုတစ်ခုခုရှိနေတာကို မြင်နိုင်၏။
ထက်မြက်သည့် အစီအရင်ဝင်္ကပါသခင်ကတော့ သူတို့၏ ဝင်္ကပါမျက်လုံးကို သေချာစွာ သိုဝှက်၍ အခြားသူများ ထောက်လှမ်းရှာဖွေလို့ မရအောင် ကြိုးစားထားပေလိမ့်မည်။
ဒုတိယအလွှာသို့ ဆူဇီမို ရောက်လာသည့်အချိန်မှာပင် အစီအရင်တောင်ထွတ်မှ တပည့်တစ်အုပ်စုက ဝင်္ကပါဆယ်လွှာစေတီသို့ ဦးတည်၍ လျှောက်လာကြ၏။
ထိုအုပ်စု၏ ခေါင်းဆောင်ကတော့ အနက်ရောင်ဝတ်စုံနှင့် အေးတိအေးစက်ပုံရှိသော လူတစ်ယောက်ဖြစ်၏။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်ထားကာ မျက်လုံးက ထူးမခြားနားပုံစံနှင့် ရှိနေ၏။ သူသည် ချီစုဖွဲ့မှု အဆင့်၉သာ ဖြစ်သော်လည်း အထက်တန်းကျသောအော်ရာ ရှိနေ၏။
သူကတော့ ကျုံးဝမ်ဖြစ်၏။ သူသည် ဂိုဏ်း၏ အစမ်းတပည့်များထဲတွင် ပါရမီရှင်တစ်ယောက်အဖြစ် အများက အသိအမှတ်ပြုထားကြပြီး လက်ရှိ အစီအရင်တောင်ထွတ်၏ နံပါတ်တစ်တပည့် ဖြစ်၏။ သူသည် ဥပစာဝင်္ကပါသခင်တစ်ယောက်လည်း ဖြစ်၏။ သူသည် ဝင်္ကပါဆယ်လွှာစေတီကို စိန်ခေါ်စမ်းသပ်ရာတွင် သတ္တမအလွှာမှာကို မကျော်ဖြတ်နိုင် ဖြစ်နေ၏။
ယနေ့ သူသည် သတ္တမအလွှာကို ကျော်ဖြတ်နိုင်မလားဆိုသော အတွေးနှင့် ဝင်္ကပါဆယ်လွှာစေတီကို စိန်ခေါ်ဖို့ ရောက်လာခြင်းဖြစ်၏။
အကယ်၍ သူသည် သတ္တမအလွှာကို မကျော်ဖြတ်နိုင်လျှင်တောင် သူ၏ ယခင်က ဆဋ္ဌမအလွှာကို ကျော်ဖြတ်ရာတွင် ယူခဲ့ရသော အချိန်အတိုင်းအတာကို ချိုးဖျက်ချင်၏။
ကျုံးဝမ်က ယနေ့ ဝင်္ကပါဆယ်လွှာစေတီကို စိန်ခေါ်မည်ဆိုတာကို သိကြသောကြောင့် အစီအရင်တောင်ထွတ်၏ များစွာသောတပည့်များက အားပေးဝန်းရံစောင့်ကြည့်ဖို့ လိုက်ပါလာကြခြင်း ဖြစ်၏။
“စီနီယာအစ်ကိုကျုံး.. ဒီတစ်ခါ အောင်မြင်ဖို့မယ်လို့ ကျုပ်ထင်တယ်.. သတ္တမအလွှာကို ကျော်ဖြတ်နိုင်တဲ့ ဂိုဏ်းရဲ့ ပထမဆုံးပုဂ္ဂိုလ်ဆိုပြီး စံချိန်တင်ပလိုက်ဗျာ”
“စီနီယာအစ်ကိုကျုံးက အခုမှ ချီစုဖွဲ့မှုအဆင့်၉ပဲ ရှိသေးတာကို.. အခြေတည်အဆင့်ကို မရောက်ခင် သူ့မှာ ကြိုးစားဖို့ အခွင့်အရေးတွေ အများကြီး ရှိသေးတယ်.... သူက နောက်ဆို အဋ္ဌမအလွှာကို မကျော်ဖြတ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ”
များစွာသောတပည့်များက မြှောက်ပင့်ချီးကျုး ပြောဆိုလိုက်ကြ၏။
ကျုံးဝမ်က အခုမှ အသက်နှစ်ဆယ်ကျော်ကျော် အရွယ်သာ ရှိသေး၏။ သူ့ပုံစံက ရင့်ကျက်နေပုံရသော်လည်း ထိုစကားများကို ကြားရချိန်၌ အတော်လေး ဘဝင်ခိုက်သွား၏။
မည်သို့ပင်ဆိုစေ သူသည် တောင်ထွတ်ငါးခုမှ သက်ဆိုင်ရာတောင်ထွတ်၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သောကြောင့် ဂုဏ်ယူဝင့်ကြွားနိုင်စွမ်း ရှိလေသည်။
သူ့အကြည့်က ဝင်္ကပါဆယ်လွှာစေတီ၏ ညာလက်ရှိ ကျောက်စာတိုင်ပေါ်သို့ ရောက်ရှိသွားပြီး သူ့မျက်လုံးထဲ၌ ဝင့်ကြွားမှုမာနက ထင်ဟပ်လာလေ၏။