← Chapters

ဝင်္ကပါဆယ်လွှာကျောက်စာတိုင်

Vol. 7 Ch. 102

ဝင်္ကပါဆယ်လွှာကျောက်စာတိုင်

Vol. 7 Ch. 102

အခန်း ၁၀၂ - ဝင်္ကပါဆယ်လွှာကျောက်စာတိုင်

ရှေးဟောင်းကျောက်စာတိုင်ကြီးက ထူထဲသိပ်သည်းစွာ တည်ရှိနေ၏။ ၎င်းသည် ဆယ်ပေလောက်မြင့်ပြီး ဝင်္ကပါဆယ်လွှာကျောက်စာတိုင်ဟု ခေါ်လေသည်။

ဆန်းကြယ်တောင်ထွတ်၏ အစမ်းတပည့်များအနေဖြင့် ဝင်္ကပါဆယ်လွှာကျောက်စာတိုင်ပေါ်တွင် နာမည်တစ်ခုချန်ခဲ့နိုင်ပါက ဒါဟာ သူတို့အတွက် ထူးထူးခြားခြား အရေးပါအရာရောက်ခြင်းဖြစ်ပြီး ဂုဏ်ယူဝင့်ကြွားစရာတစ်ခု ဖြစ်လေသည်။

ဝင်္ကပါဆယ်လွှာကျောက်စာတိုင်ကြီးသည် နှစ်ထောင်ချီရပ်တည်ခဲ့ပြီး ဂိုဏ်းတွင်းပြောင်းလဲမှုများကို တောက်လျှောက်စောင့်ကြည့်နေခဲ့ရ၏။

ထိုကျောက်စာတိုင်ပေါ်တွင် အားလုံးပေါင်း နာမည်အရေအတွက် တစ်ရာတိတိရှိ၏။ သူတို့အားလုံးသည် အစီအရင်တောင်ထွတ်သမိုင်းတွင် ထင်ပေါ်ခဲ့ကြသော ပါရမီရှင်များ ဖြစ်ခဲ့ကြ၏။

အချိန်ဒီရေက အားလုံးကို တိုက်စားခဲ့ပြီး ကျင့်ကြံသူများသည်လည်း ခြွင်းချက်မဟုတ်ခဲ့ပေ။ ဤစာရင်းတွင် ဝင်ခဲ့ကြသော ကျင့်ကြံသူပါရမီရှင် အများစုမှာ ကွယ်လွန်သွားခဲ့ကြပြီဖြစ်ပြီး ကျောက်စာတိုင်ပေါ်တွင် သူတို့၏ အမည်နာမ ဂုဏ်သတင်း တစ်စွန်းတစ်စသာလျှင် ကျန်ရှိခဲ့လေတော့သည်။

နာမည်တစ်ခုချင်း၏ဘေးတွင် သူတို့ဖြတ်ကျော်နိုင်ခဲ့သော ဝင်္ကပါအလွှာအရေအတွက်နှင့် ယူခဲ့ရသော အချိန်တို့ကို ရေးထိုးထား၏။

သူတို့ဖြတ်ကျော်နိုင်ခဲ့သော အလွှာအရေအတွက်က များလေလေ.. ထိုသူ၏ အမည်ကလည်း ကျောက်စာတိုင်ထက်တွင် အပေါ်သို့ ရောက်လေလေ ဖြစ်လေသည်။

ကျောက်စာတိုင်၏ အောက်ဆုံးရှိ နာမည်၃၀ကျော်မှာ စတုတ္ထထမြောက်အလွှာကို ဖြတ်ကျော်နိုင်ခဲ့ကြသော အစမ်းတပည့်များ၏ နာမည်များ ဖြစ်လေသည်။

ကျောက်စာတိုင်၏ အလယ်ပိုင်းတွင်တော့ ပဉ္စမမြောက်အလွှာကို ဖြတ်ကျော်နိုင်ခဲ့ကြသော တပည့်များ၏ နာမည်များကို တွေ့ရပြီး သူတို့ထဲက အမြန်ဆုံးသူများမှာ အချိန် ၁၂နာရီ ယူခဲ့ကြရ၏။

ကျောက်စာတိုင်၏ အပေါ်ဆုံးတွင် နေရာယူထားသော ဆယ်ယောက်မှာတော့ ဆဋ္ဌမမြောက်အလွှာကို ဖြတ်ကျော်နိုင်ခဲ့သူများဖြစ်ပြီး ကျုံးဝမ်၏ အမည်က ထိပ်ဆုံးမှာ ဖြစ်လေသည်။ သူသည် အစီအရင်တောင်ထွတ်၏ နံပါတ်တစ် ပါရမီရှင်ဖြစ်၏။

ထို့ကြောင့် ကျုံးဝမ်သည် ဂုဏ်ယူဝင့်ကြွားမည်ဆိုလျှင်လည်း ထိုသို့ ဝင်ကြွားနိုင်ဖို့ အဆင့်မီလေသည်။

သူသည် အစီအရင် တောင်ထွတ်၏ လက်ရှိ နံပါတစ်ပါရမီရှင် ဖြစ်ရုံသာမက နှစ်ထောင်ချီသမိုင်းရှိ ပါရမီရှင်များနှင့် နှိုင်းယှဉ်လျှင်ပင် နံပါတ်တစ် ဖြစ်နေသေး၏။

ဝင်္ကပါဆယ်လွှာကျောက်စာတိုင်၏ ထိပ်ဆုံးရှိ စာတန်းမှာ အောက်ပါအတိုင်း ဖြစ်လေသည်။

“ကျုံးဝမ်.. ဆဋ္ဌမမြောက်အလွှာကို ဖြတ်ကျော်ခဲ့.. ကြာချိန် ၁၁နာရီ”

ထိုအချိန်မှာပင် ဝင်္ကပါဆယ်လွှာစေတီ၏ ဒုတိယထပ်မှာ တောက်ပစွာ လင်းလက်သွားပြီး အစီအရင်တောင်ထွတ်မှ တပည့်များ၏ အာရုံကို ဆွဲယူသွားလေသည်။

ထိုတစ်မူထူးခြားသောအလင်းက အလွှာတစ်ခုရှိ ဝင်္ကပါကို ‌အောင်မြင်စွာ ပျက်ပြယ်စေလိုက်သော အခါမှသာ ထွက်ပေါ်လာတတ်လေသည်။

ကျုံးဝမ်က ထူးမခြားနား အမူအယာနှင့်ပင် ပြောလိုက်၏။

“ဒီနေ့.. ငါ့ထက်အရင်စောပြီး စေတီကို စိန်ခေါ်တဲ့သူတောင် ရှိနေတာပဲ.. အင်း စိတ်ဝင်စားစရာပဲ”

“အကြီးအကဲလော.. မင်္ဂလာပါ”

ကျုံးဝမ်က ဝင်္ကပါဆယ်လွှာစေတီရှေ့သို့ ရောက်လာပြီး ဝင်ပေါက်နား၌ ရှိနေသော အကြီးအကဲကို အနည်းငယ်ဦးညွတ်၍ နှုတ်ဆက်လိုက်၏။

အကြီးအကဲလောက ကျုံးဝမ်ကို အသိအမှတ်ပြုသည့်အနေဖြင့် ကြည့်လိုက်၏။

“မင်း ဒီကို အစောကြီး ရောက်လာပုံထောက်ရင် စေတီကို စိန်ခေါ်မလို့ထင်တယ်.. ဘာလဲ မင်း ဒီတစ်ကြိမ် သတ္တမမြောက်အလွှာကို ဖြတ်ကျော်ဖို့ ရည်ရွယ်ထားတာလား”

“ဟုတ်ပါတယ်”

ကျုံးဝမ်က ခေါင်းညိတ်ဖြေလိုက်၏။

တစ်ခဏမျှ ရပ်နားပြီးနောက် သူက ဆက်ပြောလိုက်၏။

“ဒီတစ်ကြိမ် ကျတော် နည်းနည်းလေး ဉာဏ်အလင်းပွင့်ထားလေးတွေရှိလို့.. သတ္တမမြောက်အလွှာကို မဖြတ်ကျော်နိုင်ဘူးဆိုရင်‌တောင် ဝင်္ကပါဆယ်လွှာကျောက်စာတိုင်ပေါ်မှာ စံချိန်တစ်ခု ထပ်တင်နိုင်မယ်ထင်လို့လေ”

ယခင်ရှိခဲ့သောစံချိန်မှာလည်း သူပဲ တင်ထားခဲ့တာ ဖြစ်လေသည်။

ကျုံးဝမ်အတွက်တော့ အစီအရင်ဝင်္ကပါပညာရပ်တွင် တောင်ထွတ်ငါးခုလုံး၌ သူနှင့် ယှဉ်ပြိုင်နိုင်သူ မရှိတော့ပေ။

ထို့ကြောင့် သူသည်သာ သူ့ပြိုင်ဘက် ဖြစ်နေလေတော့သည်။

“ကောင်းပြီလေ.. မင်း ရလဒ်ကောင်းနဲ့ ပြန်ရောက်လာတာကို ငါစောင့်နေမယ်”  အကြီးအကဲလောက ပြုံးပြလိုက်ပြီး သစ်သားတံဆိပ်ပြားတစ်ခုကို ထုတ်ပေးလိုက်၏။

သူ့နောက်ရှိ ဂိုဏ်းသားများကို ခေါင်းညိတ်ပြလိုက်ပြီး ကျုံးဝမ်သည် ဝင်္ကပါဆယ်လွှာစေတီအတွင်းသို့ ဝင်သွားလေသည်။

စေတီကို စိန်ခေါ်ခြင်းက သူလုပ်နေကျ ရင်းနှီးကျွမ်းဝင်နေပြီဖြစ်‌သော အလုပ်တစ်ခု ဖြစ်၏။

သူသည် ပထမထပ်သို့ ရောက်‌ရောက်ချင်းမှာပင် တုံ့ဆိုင်းခြင်းမရှိ လက်ချောင်းထိပ်တွင် စိတ်ဝိညာဉ်ချီကို ထုတ်ဖော်၍ ဝင်္ကပါလမ်းကြောင်းတစ်ခုကို ရေးဆွဲလိုက်၏။ သူသည် ရိုးရှင်းလွယ်ကူသော အထောက်အကူပြု ဝင်္ကပါတစ်ခုကိုသာ ရွေးချယ်လိုက်၏။

စေတီကို စိန်ခေါ်ခြင်း၏ စမ်းသပ်ချက်တွင် အလွှာမည်မျှကို ကျော်ဖြတ်နိုင်သည်ဆိုတာအပြင် ထိုသို့ကျော်ဖြတ်ဖို့ အချိန်မည်မျှယူခဲ့ရသည်ဆိုတာကိုပါ ထည့်တွက်ရ၏။

ထို့ကြောင့် ကျုံးဝမ်သည် တတ်နိုင်သမျှ အချိန်ကို မဖြုန်းချင်ပေ။

သိပ်မကြာခင်မှာပင် သူသည် ဝင်္ကပါလမ်းကြောင်းကို ပုံ‌ဖော်လို့ ပြီးဆီးသွားပြီး ဝင်္ကပါမျက်လုံးနေရာတွင် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထားလိုက်သောအခါ ဒုတိယမြောက်အလွှာ၏ ဝင်ပေါက်က ပေါ်လာလေသည်။

သူ၏ စိတ်ဝိညာဉ်ကျောက်တုံးကို ပြန်ယူလိုက်ပြီး ကျုံးဝမ်သည် ဒုတိယထပ်သို့ လျှင်မြန်စွာ တက်သွားလိုက်၏။

ဆူဇီမိုတုန်းကလိုပင် .. ကျုံးဝမ်သည် ဒုတိယအလွှာသို့ ရောက်သောအခါ ပုံရိပ်ယောင်ဝင်္ကပါတစ်ခုအတွင်းသို့ ကျရောက်သွား၏။

တည်ငြိမ်စွာပင် သူသည် ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်လိုက်ပြီး လျှောက်သွားလိုက်၏။ သူသည် သွားနေရင်းနှင့် မကြာမကြာဆိုသလို ခဏရပ်တန့်၍ မြေပြင်ကို စူးစမ်းကြည့်ရှုနေ၏။

၁၅မိနစ်လောက်ကြာသွားပြီးနောက် သူသည် စိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်ပြီး သူ့အနီးရှိ မြေပြင်ကို ဓါးပျံဖြင့် ထိုးစိုက်လိုက်၏။

ရုတ်တရတ်ဆိုသလို ဘေးပတ်လည်ရှိ ပုံရိပ်ယောင်များက ပျောက်ကွယ်သွားပြီး တတိယမြောက်အလွှာ၏ ဝင်ပေါက်က ပေါ်လာလေသည်။

ကျုံးဝမ်၏ စိတ်သည် အမြင့်ဆုံး အခြေအနေမှာ ရှိနေပြီး ယုံကြည်မှုရှိစွာဖြင့် တတိယအလွှာသို့ တက်လှမ်းလိုက်၏။

ထိုအချိန်တွင် ဆူဇီမိုသည်လည်း တတိယအလွှာ၏ ထောင်ချောက်ဝင်္ကပါတစ်ခုတွင် ပိတ်မိနေတုန်းဖြစ်၏။ သူတို့နှစ်ယောက်သည် တူညီသောအလွှာမှာ ရှိနေကြသော်လည်း မတူညီသော ဝင်္ကပါတစ်ခုစီမှာ ကျရောက်နေကြသောကြောင့် တစ်ယောက်အပေါ်တစ်ယောက် အကျိုးသက်‌ရောက်မှု မရှိကြပေ။

. . .

ဝင်္ကပါဆယ်လွှာစေတီ၏ အပြင်ဘက်တွင်...

သူတို့သည် ဒုတိယအလွှာမှ အလင်းရောင်ကို မြင်လိုက်ရသောအခါ လူအုပ်ကြီးက ပင့်သက်ကို ရှိုက်လိုက်ကြ၏။

“စီနီယာအစ်ကိုကျုံးက ဒုတိယအလွှာကို ဖြတ်ကျော်ဖို့ ၁၅မိနစ်ပဲ အချိန်ယူလိူက်ရတယ်.. ဟမ်.. အဲ့ဒါက အရင်တစ်ခေါက်ကထက် နည်းနည်း ပိုမြန်တယ်မလား ဟမ်”

“ဒါပေါ့ သူ့ကိုယ်သူ အရင်ကထက် ပို‌တော်လာတယ်ထင်လို့ စေတီကို လာစိန်ခေါ်တာပေါ့”

ကျုံးဝမ်က ဒီနေ့ စေတီကို လာရောက်စိန်ခေါ်တယ်ဆိုတာကို ကြားသိရသောကြောင့် လူအုပ်ကြီးသည် တစ်ဖြည်းဖြည်းနှင့် ပိုမိုများပြားစည်ကားလာ၏။

တစ်နာရီလောက်ကြာသွားပြီးနောက် တတိယအလွှာသည် တောက်ပစွာလင်းလက်သွားလေသည်။

“သူ အောင်မြင်သွားပြန်ပြီ”

“ဟုတ်တယ် တစ်နာရီပဲ.. ဒါက‌တော့ အရင်တစ်ခေါက်တုန်းကနဲ့ အတူတူလောက်ပဲ”

အစီအရင်တောင်ထွတ်၏ တပည့်များက တီးတိုးဆွေးနွေးနေကြ၏။

“စီနီယာအစ်ကိုကျုံးက စတုတ္ထအလွှာကို ကျော်ဖြတ်ဖို့ အချိန်ဘယ်လောက်ကြာမလဲ ငါသိချင်လိုက်တာ”

“ငါမှတ်မိတာတော့ သူ အရင်တစ်ခေါက်တုန်းက နှစ်နာရီပဲ”

“တစ်ကယ်တော့ စတုတ္တအလွှာက အဲ့လောက် မဟုတ်သေးဘူးကွ.. ဘာပဲပြောပြော အဲ့အလွှာထိက ဝင်္ကပါတစ်ခုပဲ ရှိသေးတာ။ ပဉ္စမအလွှာကျမှ ပေါင်းစပ်ဝင်္ကပါနဲ့တွေ့မှာ.. အဲ့ကျမှ နှစ်ဆခက်ခဲလာလိမ့်မယ်”

အချိန်သည် တစ်ဖြည်းဖြည်းကုန်လာပြီး နောက်ထပ်နှစ်နာရီက ကုန်ဆုံးသွား၏။

စတုတ္ထမြောက်အလွှာက လင်းလက်တောက်ပသွား၏။ လူအုပ်ကြီးက အံ့သြတုန်လှုပ်စွာဖြင့် တီးတိုးဆွေးနွေးကြမယ် ကြံရုံရှိသေးသည်၊ တတိယမြောက်အလွှာကလည်း လင်းလက်တောက်ပသွား၏။ ထိုအရာက လူအုပ်ကြီးကို အုန်းအုန်းကျက်ကျက် ဖြစ်သွားစေ၏။

“ဟမ့်..စီနီယာအစ်ကိုကျုံးနဲ့အပြိုင် ဒီနေ့ စေတီကို စိန်ခေါ်တဲ့သူ ရှိနေတာပဲ”

နောက်မှ‌ရောက်လာသော အစီအရင်တောင်ထွတ်၏ တပည့်အချို့ကို စိတ်ရှုပ်သွားဟန်ဖြင့် ပြောလိုက်ကြ၏။

ကျုံးဝမ် စေတီကို စိန်ခေါ်‌သောနေ့တွင် အခြားသူများက ထိုအရာကို လက်‌ရှောင်ကြပေလိမ့်မည်။

စိန်ခေါ်သူများက တစ်ယောက်အပေါ်တစ်ယောက် သက်ရောက်မှု မရှိကြသော်လည်းပဲ အစီအရင်တောင်ထွတ်၏ နံပါတ်တစ်ပါရမီရှင်နှင့် ထိုအရာကို အပြိုင်ပြုလုပ်နေရသည်ဟူသော အတွေးက တစ်ဖက်လူကို ဖိအားဝင်စေပြီး ထိုသူ၏ စွမ်းဆောင်ရည်အပေါ်တွင် အကျိုးသက်‌ရောက်မှု ရှိလာနိုင်လေသည်။

“ဟမ့် အဲ့လူက စီနီယာအစ်ကိုကျုံးနဲ့ အပြိုင် စေတီကို စိန်ခေါ်တယ်ဆိုတော့ သူက သူ့ကိုယ်သူ တော်တော်အထင်ကြီးနေတဲ့သူပဲ ဖြစ်ရမယ်” တစ်စုံတစ်ယောက်က အေးစက်စက် လှောင်ပြောင်လိုက်၏။

“သူဘယ်သူလဲ ငါသိချင်လိုက်တာ.. သူက သေချာပေါက် စတုတ္ထအလွှာမှာ ကျရှုံးမှာပဲ”

“ဟီးဟီး အဲ့လူ.. ဝင်္ကပါဆယ်လွှာစေတီထဲကနေ ဘယ်လို အရှက်တကွဲပုံစံနဲ့ ကန်ထုတ်ခံလိုက်ရမလဲ စောင့်ကြည့်ရတာပေါ့”

အစီအရင်တောင်ထွတ်၏ များစွာသောတပည့်များက ပြက်လုံးတစ်ခုကို မြင်ရဖို့ စောင့်ဆိုင်းနေကြ၏။

အကြီးအကဲလောသည် အံ့သြတုန်လှုပ်စွာဖြင့် ဝင်္ကပါဆယ်လွှာစေတီကို လှမ်းကြည့်လိုက်ရင်း အစိမ်းရောင်ဝတ်စုံဖြင့် ရုပ်ရည်ချောမောသော တပည့်၏ ပုံကို ပြန်လည်မြင်ယောင်လာ၏။

“နတ်ပန်းပဲတောင်ထွတ်က တပည့်တဲ့လား”

အကြီးအကဲလောသည် ရယ်မော၍ ခေါင်းခါလိုက်ရင်း တီးတိုးရေရွတ်လိုက်၏။

“အင်း တတိယအလွှာကို ကျော်ဖြတ်နိုင်ခဲ့တယ်ဆိုတော့ .. သူက ဝင်္ကပါပညာမှာ တော်တော်လေး ပါရမီပါတာပဲ.. ဒါနဲ့များ ဘာလို့သူ့ကို နတ်ပန်းပဲတောင်ထွတ်ကို ပို့လိုက်တာပါလိမ့်”

အကြီးအကဲလောသည် ဆူဇီမိုကို ဤမျှအထိ ခရီးရောက်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိပေ။

သို့သော်လည်း သူသည် တတိယအလွှာကို ကျော်ဖြတ်နိုင်ခဲ့လျှင်တောင် စတုတ္ထအလွှာ၌ ကျိန်းသေပေါက် ကျရှုံးပေလိမ့်မည်။

ဘာပဲပြောပြော... စတုတ္ထအလွှာကား သတ်ဖြတ်ခြင်းဝင်္ကပါ ဖြစ်၏။

ခြေလှမ်းတိုင်းက အန္တရာယ်အပြည့်နှင့် ဖြစ်၏။ ခြေတစ်ချက်ချော်သွားတာနှင့် အသက်ဆုံးပါးသွားနိုင်လေသည်။ ထိုကဲ့သို့သော အခြေအနေအောက်တွင် အများစုသည် ကြောက်ရွံ့တုန်လှုပ်လာကြပြီး ဝင်္ကပါအားဖြေရှင်းဖို့ကို အာရုံစိုက်နိုင်ဖို့အသာထား.. သတ်ဖြတ်ခြင်း ဝင်္ကပါ၏ ရက်စက်မှုကြောင့် အကြောက်လွန်၍ မသိစိတ်က အလိုအလျောက် သစ်သားတံဆိပ်ပြားကို ချိုးဖျက်၍ အပြင်သို့ ထွက်လာကြပေမည်။

သတ်ဖြတ်ခြင်းဝင်္ကပါနှင့် တစ်ကြိမ်မျှ မတွေ့ကြုံဖူးသော ဆူဇီမိုလို လူသစ်တစ်ယောက်အတွက် ၎င်းအလွှာသည် မည်သို့မျှ မကျော်ဖြတ်နိုင်မည့် တောင်တန်းကြီးတစ်ခု ဖြစ်လေသည်။

စတုတ္ထအလွှာသည် လူတစ်ယောက်၏ ဝင်္ကပါများအပေါ် နားလည်သဘောပေါက်မှုကို စစ်ဆေးရုံသာမက.. သေရေးရှင်ရေး အခြေအနေနှင့် ရင်ဆိုင်ရသောအခါ လူတစ်ယောက်၏ ဆုံးဖြတ်နိုင်စွမ်းအားနှင့် ရဲစွမ်းသတ္တိတို့ကိုပါ စစ်ဆေးခြင်း ဖြစ်လေသည်။

သို့သော်လည်း အစီအရင်တောင်ထွတ်မှတပည့်များနှင့် အကြီးအကဲလောတို့သည် ဆူဇီမိုအကြောင်းကို ကောင်းကောင်းမသိကြပေ။

ကန်းလန်ရိုးမမှာ ဖြတ်သန်းခဲ့ရသော ညများနှင့် နှိုင်းယှဉ်လျှင် အဆင့်၁ သတ်ဖြတ်ခြင်း ဝင်္ကပါ၏ ခြိမ်းခြောက်နိုင်စွမ်းသည် ဆူဇီမိုအတွက်တော့ ကလေးကလားဆန်လွန်းလှ၏။

ထို့အပြင် သူသည် အခြားသူများ၌ မရှိသောအရာတစ်ခု.. အာရုံခံသတိစိတ်!.. ကို ပိုင်ဆိုင်ထား၏။

အစီအရင်တောင်ထွတ်၏ လက်ရှိအခြေအနေသည် တည်ငြိမ်နေသောရေပြင်တစ်ခုနှင့် တူပြီး ဆူဇီမိုကတော့ ထိုရေပြင်ထဲသို့ ကျဆင်းလာသော ကျောက်စရစ်ခဲတစ်လုံး ဖြစ်၏။

ထိုအချိန်၌ မည်သူမျှ နားမလည်ကြသေးသည်မှာ.. ထိုကျောက်စရစ်ခဲလေးသည် ရေဂယက်လေးကိုသာ ထစေမည် မဟုတ်ဘဲ.. လှိုင်းတံပိုးထန်၍ တောင်ထွတ်ငါးခုနှင့် ဂိုဏ်းတစ်ခုလုံးကိုပါ တုန်လှုပ်ချောက်ခြားစေတော့မည်ဆိုတာကိုပင်။

All Chapters