ဆဋ္ဌမမြောက်အလွှာ
Vol. 7 Ch. 104
အခန်း ၁၀၄ - ဆဋ္ဌမမြောက်အလွှာ
ကျုံးဝမ်က ၅လွှာကို ရောက်နေချိန်တွင် ဆူဇီမိုသည်လည်း တက်ရောက်လာချေပြီ။
ဤအလွှာက အခြေခံအစီအရင်ဝင်္ကပါသခင်တစ်ယောက် ဖြစ်လာဖို့အတွက် နောက်ဆုံးစမ်းသပ်ချက် ဖြစ်၏။
ပေါင်းစပ်အစီအရင်ဝင်္ကပါ!
အခြေခံအစီအရင်ဝင်္ကပါသခင်များထဲတွင်မှ အချို့သည် ဝင်္ကပါများအပေါ် ပို၍ နက်နက်ရှိင်းရှိင်း သိမြင်နားလည်ကြပြီး မတူညီသောဝင်္ကပါများကို ပေါင်းစပ်အသုံးပြုနိုင်ကြ၏။ တစ်ချို့က နှစ်ခု၊ တစ်ချို့က သုံးခု သို့မဟုတ် ထိုထက်ပို၍ပင် ပေါင်းစပ်အသုံးပြုနိုင်ကြ၏။
၅လွှာ၏ ပေါင်းစပ်ဝင်္ကပါတွင် ပုံရိပ်ယောင်၊ ထောင်ချောက်နှင့် သတ်ဖြတ်ခြင်းဝင်္ကပါ တစ်မျိးမျိုးမှ နှစ်ခုစီကို ပေါင်းစပ်ထားမည်ဖြစ်၏။ ဥပမာ ပုံရိပ်ယောင်နှစ်ခု၊ ထောင်ချောက်နှစ်ခု၊ သတ်ဖြတ်ခြင်းနှစ်ခု။
ပေါင်းစပ်ဝင်္ကပါများက ဖြေရှင်းဖို့ ခက်ခဲရခြင်းမှာ ဝင်္ကပါနှစ်ခု၏ ခင်းကျင်းမှုလမ်းကြောင်းများက ရောယှက်နေပြီး ခွဲခြားဖို့ ခက်ခဲ့သောကြောင့် အလွယ်တကူ မှားယွင်းဆုံးဖြတ်ချက်ချနိုင်လေသည်။
တစ်ချိန်တည်းမှာပင် အဆင့်၁ ဝင်္ကပါနှစ်ခုကို ပေါင်းစပ်ထားခြင်းကြောင့် ဝင်္ကပါမျက်လုံးက နှစ်ခုဖြစ်လာပြီး ဝင်္ကပါ၏ ခက်ခဲရှုပ်ထွေးမှုကလည်း တိုးလာ၏။
အဆင့်၂ ဝင်္ကပါမှာလည်း ဝင်္ကပါမျက်လုံးက နှစ်ခုဖြစ်၏။ သို့သော်လည်း အဆင့်၁ ဝင်္ကပါများကို ပေါင်းစပ်ထားခြင်းက အဆင့်၂ ဝင်္ကပါ၏ ခက်ခဲမှုကိုတော့ မီနိုင်လိမ့်မည် မဟုတ်ပေ။
အကြောင်းပြချက်က ရိုးရှင်းပါ၏။
အဆင့်၁ ဝင်္ကပါများကို ပေါင်းစပ်ထားသော်လည်း ဝင်္ကပါမျက်လုံးတစ်ခုကို ဖျက်ဆီးနိုင်တာနှင့် ပေါင်းစပ်ဝင်္ကပါ၏ တစ်ဝက်ကို ပျက်ပြယ်စေနိုင်မည် ဖြစ်လေသည်။ ထိုအခါ နောက်တစ်ဝက်ကို ပျက်ပြယ်စေဖို့က အများကြီး ပိုလွယ်သွားပေလိမ့်မည်။
သို့သော်လည်း အဆင့်၂ ဝင်္ကပါတွင် ဝင်္ကပါမျက်လုံးတစ်ခုကို ဖျက်ဆီးနိုင်ခြင်းက ဝင်္ကပါ၏ ဖွဲ့တည်မှုကို အများကြီး ပြောင်းလဲစေလိမ့်မည် မဟုတ်ပေ။
ဆူဇီမိုသည် နေရာတွင်ရပ်၍ ဘေးပတ်ဝန်းကျင်ကို လေ့လာအကဲခတ်ကြည့်လိုက်၏။ သူသည် ပုံရိပ်ယောင်ပေါင်းစပ်ဝင်္ကပါအတွင်းသို့ ရောက်နေကြောင်း သိလိုက်ရ၏။
“ငါ့ကံက ဒီတစ်ခါ အရမ်းကြီးတော့ မကောင်းဘူးပဲ”
ဆူဇီမိုက တီးတိုး ရေရွတ်လိုက်၏။
သတ်ဖြတ်ခြင်းပေါင်းစပ်ဝင်္ကပါသာ ဖြစ်ပါက ဆူဇီမိုအတွက် ကိစ္စများက ပိုမိုချောမွေ့သွားလိမ့်မည် ဖြစ်လေသသည်။
သို့သော်လည်း သူ၏ လက်ရှိ ဝင်္ကပါအသိသညာအရ ၅လွှာကို ကျော်ဖြတ်ဖို့က သူ့အတွက် သိပ်အခက်ခဲကြီးတော့ မဟုတ်ပေ။ ထိုအရာက အချိန်တစ်ခုယူရရုံသာ ဖြစ်လေသည်။
. . .
အချိန်များက တစ်ဖြည်းဖြည်း ကုန်ဆုံးလာ၏။
ဝင်္ကပါဆယ်လွှာတေီအပြင်၌ အစီအရင်တောင်ထွတ်၏ တပည့်များက မပြန်ကြသေးပေ။
ယခုအချိန်၌ လူအများစု၏ စိတ်ဝင်စားနေကြသည်မှာ ကျုံးဝမ်မဟုတ်ဘဲ ၄လွှာကို ကျော်ဖြတ်ခဲ့သူက မည်သူဆိုတာ ဖြစ်၏။
ညနေစောင်းသို့ ရောက်သောအခါ ၅လွှာက လင်းလက်တောက်ပသွား၏။
“အဲ့ဒါ စီနီယာအစ်ကိုကျုံး ဖြစ်မယ်ကွ”
“ဒါပေါ့.. သူက နောက်ထပ်စံချိန်တစ်ခု ထပ်တင်လိုက်ပြန်ပြီ.. အရင်တစ်ခေါက်ကထက် ပိုမြန်လာတာပဲ”
“သူ ၆လွှာကို ကျော်ဖြတ်နိုင်မလား ငါသိချင်လိုက်တာ”
တပည့်မျာ၏ ဆွေးနွေးပြောကြားသံများက နောက်တစ်ဖန် ပြန်လည်ထွက်ပေါ်လာပြန်၏။
၆လွှာကစပြီး အစီအရင်ဝင်္ကပါသခင်တစ်ယောက်ရဲ့ အဆင့်၂ ဝင်္ကပါတွေအပေါ် သိမြင်နားလည်မှုကို စမ်းသပ်တော့မှာ ဖြစ်၏။
ပထမအလွှာတုန်းကလိုပင် ၆လွှာ၌ ဝင်္ကပါအတွင်းသို့ ကျဆင်းလိမ့်မည် မဟုတ်ဘဲ စိန်ခေါ်သူက ကြိုက်နှစ်သက်ရာ အဆင့်၂ ဝင်္ကပါတစ်ခုကို ခင်းကျင်းပြသပေးရုံသာ ဖြစ်၏။
အဆင့်၂ ဝင်္ကပါ၏ ဝင်္ကပါလမ်းကြောင်းများက အဆင့်၁ ဝင်္ကပါထက် ပိုမိုများပြားရှုပ်ထွေးပြီး ခက်ခဲမှုကလည်း နှစ်ဆဖြစ်၏။ ဝင်္ကပါခင်းကျင်းနေရင်း အနည်းငယ် တိမ်းစောင်းသွားတာနှင့် ဝင်္ကပါက ပျက်ဆီးသွားမည်ဖြစ်ပြီး အစကနေ ပြန်စရပေလိမ့်မည်။
နောက်တစ်ခုက ၆လွှာကို ကျော်ဖြတ်ဖို့အတွက် လူတစ်ယောက်က အချိန်နှစ်နာရီထက် ပိုယူ၍ မရဆိုတာကို အစီအရင်တောင်ထွတ်၏ တပည့်များအားလုံး သိထားကြ၏။
လူတိုင်း စိတ်ရှည်စွာ စောင့်ဆိုင်းနေကြ၏။
နှစ်နာရီက ပြည့်တော့မှာဖြစ်ပြီး ၆လွှာမှ မည်သည့် အလင်းရောင်မျှ ထွက်ပေါ်မလာသေးပေ။
ရုတ်တရတ်ဆိုသလို..
ဝင်္ကပါဆယ်လွှာစေတီ၏ ဝင်ပေါက်နားတွင် မှုန်ဝါးဝါး ပုံရိပ်တစ်ခုက ပေါ်လာပြီးနောက် တစ်ဖြည်းဖြည်း ရုပ်လုံးပေါ်လာလေသည်။
လူတိုင်းရင်ထိတ်စွာဖြင့် လှမ်းကြည့်လိုက်ကြ၏။
ထိုသူက ကျုံးဝမ်ဖြစ်၏။
“အာ”
“စိတ်မကောင်းစွာနဲ့ ငါက ၆လွှာမှာ ကျရှုံးခဲ့ရပြန်ပြီ”
“ဘာမှမဖြစ်ပါဘူး.. စီနီယာအစ်ကိုကျုံးက ဒီတစ်ခေါက် ပိုမြန်လာတာပဲ.. အရင်တစ်ခေါက်က စံချိန်ကိုတောင် ချိုးလိုက်နိုင်တာပဲ”
ဝင်္ကပါဆယ်လွှာစေတီအတွင်း၌ သူသည် သတ်ဖြတ်ခြင်း ဝင်္ကပါကို ကျော်ဖြတ်ခဲ့ရသောကြောင့် ကျုံးဝမ်၏ အဝတ်များက ပေါက်ပြဲစုတ်ပြတ်နေပြီး ကြည့်ရသည်မှာ အနည်းငယ် ဆိုးရွားနေ၏။ သို့သော်လည်း သူ့အမူအယာက တည်ငြိမ်နေဆဲဖြစ်ပြီး ဝင်္ကပါဆယ်လွှာကျောက်စာတိုင်ကို လှမ်းကြည့်လိုက်၏။
ကျောက်စာတိုင်၏ ပထမဆုံးစာတန်းသည် မျက်စိကျိန်းရလောက်အောင် အရောင်တောက်လာ၏။
ဤတွင် ရေးထားသော နာမည်က ကျုံးဝမ်ပင်ဖြစ်ပြီး ကျော်ဖြတ်ခဲ့သော အလွှာကလည်း ပဥ္စမအလွှာပင် ဖြစ်၏။ သို့သော်လည်း ယူခဲ့ရသောအချိန်ကတော့ ယခင်၁၁နာရီမှ ၁၀နာရီ ၁၅မိနစ်သို့ ပြောင်းလဲသွားပြီ ဖြစ်လေသည်။
ကျုံးဝမ်က စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
အဆင့်၂ ဝင်္ကပါကို ခင်းကျင်းခဲ့ချိန်က သူ့လက်သည် အနည်းငယ် တုန်ယင်သွား၏။ ထို့ကြောင့်ပင် သူ၏ ဝင်္ကပါလမ်းကြောင်းက အနည်းငယ် သွေဖယ်သွားပြီး သူ၏ ယခင်အားထုတ်ခဲ့မှုအားလုံးက အချည်းနှီး ဖြစ်သွားခဲ့ရ၏။
သို့သော်လည်း သူယခင်တင်ထားခဲ့သော စံချိန်ကိုတော့ ယခုတစ်ခေါက် ထပ်မံချိုးဖျက်နိုင်ခဲ့၏။
အကြီးအကဲလောက ပြုံးလိုက်၏။
“မဆိုးပါဘူးလေ.. ဒီတစ်ခေါက် ပြန်သွားပြီး သေချာကြိုးစားလိုက်ဦးပေါ့.. မင်း အတွင်းစည်းတပည့် ဖြစ်မလာခင်တော့ ၆လွှာကို ကျော်ဖြတ်နိုင်မှာပါ”
“စိတ်ချပါ အကြီးအကဲလော.. ၆လွှာက ကျတော့်ကို မရပ်တန့်နိုင်ပါဘူး” ကျုံးဝမ်က ယုံကြည်မှုရှိရှိ ပြန်ဖြေလိုက်၏။
လေ့လာဆန်းသစ်သင်ယူနိုင်နေသမျှ ၆လွှာကို အနှေးနဲ့အမြန်ဆိုသလို ကျော်ဖြတ်နိုင်မည်ဆိုတာ သူယုံကြည်ထား၏။
ကျုံးဝမ်သည် လက်သီးဆုပ် ဂါဝရပြု၍ အကြီးအကဲလောကို နှုတ်ဆက်လိုက်ပြီး သူ့နောက်ရှိ အစီအရင်တောင်ထွတ်မှ တပည့်များကို ခေါင်းညိတ်ပြလိုက်ကာ လှည့်ထွက်ခဲ့လေ၏။
သူသည် ခြေလှမ်းအနည်းငယ် လျှောက်လှမ်းပြီးနောက် ပတ်ဝန်းကျင်က တစ်မျိုးတစ်ဖုံ ထူးခြားနေတာကို သတိထားမိလိုက်၏။
အစီအရင်တောင်ထွတ်က တပည့်များသည် သူစံချိန်သစ်တင်တာကို စောင့်ကြည့်ဖို့ ရောက်လာခဲ့ကြခြင်း ဖြစ်၏။ သို့သော် ယခု သူထွက်လာခဲ့သော်လည်း သူတို့က လိုက်ပါထွက်ခွာကြဖို့ ဆန္ဒရှိပုံမရပေ။
ယခုအချိန်က ညအမှောင်ပင် ဝင်လာပြီ ဖြစ်သောကြောင့် တစ်ယောက်ယောက်က စေတီကို စိန်ခေါ်တော့မှာတော့ မဟုတ်လောက်ပါဘူးလေ.. သူတို့ ဘာကို စောင့်ကြည့်နေကြပါလိမ့်။
ကျုံးဝမ်သည် သူ့ခြေလှမ်းကို ရပ်တန့်လိုက်ပြီး အစီအရင်တောင်ထွတ်မှ တပည့်များ၏ မျက်နှာများကို အကဲခတ်ကြည့်လိုက်၏။
လူတိုင်းသည် ဝင်္ကပါဆယ်လွှာစေတီဘက်သို့ မကြာမကြာ လှမ်းကြည့်နေကြပြီး တစ်စုံတစ်ရာကို စောင့်စားနေကြကြောင်း သူနားလည်လိုက်၏။
တစ်ယောက်ယောက်ကများ စေတီကို စိန်ခေါ်နေတာလား။
ဒါဆိုရင်တောင် သူ,မဟုတ်ဘဲ လူအများ၏ အာရုံစိုက်မှုကို ခံယူနိုင်တဲ့ အခြားတစ်ယောက် ရှိသေးလို့လား။
ကျုံးဝမ်သည် မျက်မှောင်ကြုတ်၍ တပည့်တစ်ယောက်အနားသို့ လျှောက်သွားလိုက်ပြီး ပုံမှန်အမူအယာနှင့်ပင် မေးလိုက်၏။
“ဂျူနီယာညီလေးဝမ့်.. မင်းတို့ ဘာကို စောင့်နေကြတာလဲ”
“အာ”
ထိုတပည့်က ထိတ်ထိတ်ပြာပြာဖြစ်သွားပြီး အထစ်ထစ်အငေါ့ငေါ့နှင့် ပြောလိုက်၏။
“အဲ့ အဲ့ဒီမှာ စေတီကို စိန်ခေါ်နေတဲ့သူ နှစ်..နှစ်ယောက်ရှိသေးတယ်လေ.. တစ်ယောက်ကို ၄လွှာကို ကျော်ဖြတ်ခဲ့ပြီးပြီ.. ဒါပေမယ့်လဲ သူဘယ်သူလဲဆိုတာ ကျုပ်တို့ မသိရသေးဘူးလေ.. အဲ့ဒါမို့ ဘယ်သူလဲသိရအောင် ကျုပ်တို့ စောင့်ကြည့်နေကြတာ”
“ဟုတ်တယ်.. ကျုပ်တို့က ဘယ်သူလဲ သိချင်ရုံပါ” နောက်ထပ်တပည့်တစ်ယောက်က အိုးတိုးအမ်းတမ်း အမူအယာနှင့် ပြုံးပြလိုက်၏။
ဘာပဲပြောပြော သူတို့သည် အစက ကျုံးဝမ်နှင့်အတူ လာခဲ့ကြသောသူများ ဖြစ်ကြ၏။ ယခု ကျုံးဝမ်က ထွက်ခွာတော့မည် ဖြစ်သော်လည်း သူတို့သည် အခြားတစ်ယောက်အပေါ်တွင် အာရုံစိုက်မိနေသောကြောင့် တစ်နည်းတစ်ဖုံး ရှက်ရွံ့အားနာမိသလို ခံစားနေရ၏။
ကျုံးဝမ်က စိတ်အေးလက်အေး အမူအယာနှင့်ပင် ရယ်မော၍ လက်ကာပြလိုက်၏။
“ကောင်းပြီလေ.. ကျုပ်လဲ လောလောဆယ် လုပ်စရာမရှိမှတော့ စောင်ကြည့်ရတာပေါ့”
ထိုစကားကို သူပြောလိုက်သော အချိန်မှာပင် ၅လွှာက လင်းလက်သွား၏။
လူအုတ်ကြီးက အုန်းအုန်းကျွတ်ကျွတ် ဖြစ်သွားကြ၏။
“သူ ၅လွှာကို ကျော်ဖြတ်သွားပြီကွ”
“ဒါဆိုရင် သူ့နာမည်က ဝင်္ကပါဆယ်လွှာကျောက်စာတိုင်မှာ စာရင်းဝင်ဖို့ သေချာသွားပြီပေါ့”
“မိုက်သကွာ.. အဲ့ဒါ ဘယ်သူပါလိမ့်”
လူအုပ်ကြီးထဲမှ ပြောဆိုရေရွတ်သံများကို ကြားရသောအခါ ကျုံးဝမ်၏ မျက်နှာက တည်တံ့လာ၏။
အဆင့်၂ ဝင်္ကပါက ရှုပ်ထွေး၍ ထိုသူသည် ၆လွှာကို မကျော်ဖြတ်နိုင်ဟု သူသိထားသော်လည်း ဘာကြောင့်ရယ်မသိ သူ့စိတ်က မသက်မသာ ခံစားလာရ၏။
သူ့ရဲ့ အဆင့်အတန်း ဂုဏ်သတင်းက ခြိမ်းခြောက်ခံနေရပြီဟု သူခံစားလာရ၏။.
အကြီးအကဲလော၏ အကြည့်က ၅လွှာတွင် တည်တံ့နေ၏။
“အဲ့ဒီဖိုသီဖတ်သီအဖိုးကြီးက ဒီရတနာလေးကို ဘယ်ကနေများ ရှာတွေ့ခဲ့ပါလိမ့်.. ကြည့်ရတာတော့ သူက ဝင်္ကပါပညာရပ်မှာလဲ တစ်ကယ့် ပါရမီရှင်လေးပဲ”
“ဘာပဲဖြစ်ဖြစ်ကွာ သူက သတ်ဖြတ်ခြင်းဝင်္ကပါကို ၁၇စက္ကန့်နဲ့ ပျက်ပြယ်စေခဲ့တာတော့ တော်တော်ကြီးလွန်သွားပြီ.. သူက အထဲကို ရောက်ရောက်ချင်း ဝင်္ကပါမျက်လုံးဘေးနားကို တန်းရောက်သွားတာများလား”
“ကံကောင်းထောက်မတာလား”
အကြီးအကဲလောက အတွေးများဖြင့် မျက်မှောင်ကြုတ်နေ၏။
လျှို့ဝှက်သောလူက ၅လွှာကို ကျော်ဖြတ်ခဲ့တာကို မြင်ရပြီးနောက် အစီအရင်တောင်ထွတ်၏ တပည့်များက ထွက်ခွာဖို့ ပိုလိုတောင် ဆန္ဒမရှိကြတော့ပေ။
၆လွှာမှာက အဆင့်၂ ဝင်္ကပါအပေါ် ကျွမ်းကျင်မှုကို စစ်ဆေးတော့မည်ဖြစ်၏။ အချိန်ကာလက နှစ်နာရီအတွင်း ဖြတ်ကျော်ရမည်ဟု ကန့်သတ်ထား၏။
တစ်နေကုန်တောင် စောင့်လာကြပြီးမှ နောက်ထပ်နှစ်နာရီလောက်ထပ်စောင့်ရမည်ကို မည်သူမျှ စိတ်ထဲမထားကြတော့ပေ။
ညက ပို၍ မှောင်မိုက်လာ၏။
ဝင်္ကပါဆယ်လွှာစေတီရှေ့မှာ တစ်နေကုန်စောင့်ဆိုင်းရပြီးနောက် ချီစုဖွဲ့စစ်သည်တော်များပင်လျှင် ပင်ပန်းနွယ်းနယ်နေကြပြီဖြစ်၏။
“တစ်နာရီတော့ ကုန်သွားပြီ.. သိပ်မကြာတော့ပါဘူးကွာ”
“အင်းလေ.. စောင့်ကြည့်ကြတာပေါ့”
သူတို့ ပြောနေစဉ်မှာပင် ၆လွှာမှ အလင်းရောင်က တောက်ပစွာ လင်းလက်လာပြီး ညအမှောင်ကောင်းကင်ကို ထိန်ထိန်လင်းသွားစေ၏။
လုံးဝ.. ယတိပြတ်.. တိတ်!
အစီအရင်တောင်ထွတ်မှ တပည့်ရာချီသည် ပါးစပ်အဟောင်းနှင့် ငေးမောကြည့်နေကြပြီး အသက်ရှုဖို့ပင် မေ့လျော့နေကြ၏။
လူတိုင်း၏ အမူအယာက အေးစက်တောင့်ခဲကုန်ကြ၏။ သူတို့၏ မျက်လုံးထဲတွင် ခံစားချက်ပေါင်းစုံက ရောပြွမ်းနေကြ၏။ ..တုန်လှုပ်မှု.. ရှုပ်ထွေးမှု.. ရွှင်ပျမှု.. အံ့အားသင့်မှု.....။
ဆူဇီမိုသည် ၆လွှာကို ကျော်ဖြတ်ဖို့ အချိန် တစ်နာရီသာ ယူခဲ့ရလေသည်။
အကြီးအကဲလော၏ ကိုင်းညွတ်ထားသောကိုယ်သည် ဖြောင့်မတ်သွားပြီး ၆လွှာမှ တောက်ပနေသော အလင်းရောင်ကိုကြည့်ကာ စိတ်ထဲကနေ ဗြောင်းဆန်အောင် ရေရွတ်နေလေ၏။
‘လခွမ်းပဲ.. မဟားတရားကို လခွမ်းထဲမှပဲကွာ.. ငါတို့ဂိုဏ်းမှာ တစ်ကယ့်ထိပ်တန်း ဝင်္ကပါ,ပါရမီရှင်က ပေါ်ထွက်လာပြီကွ.. ဟားဟား”