ရေဂယက်လေးမှသည် လှိုင်းတပိုးအဖြစ်သို့
Vol. 7 Ch. 105
အခန်း ၁၀၅ - ရေဂယက်လေးမှသည် လှိုင်းတပိုးအဖြစ်သို့
ဝင်္ကပါဆယ်လွှာစေတီ၏ စံချိန်အသစ်တစ်ခုက မွေးဖွားလာလေပြီ။
၎င်းက ရုတ်တရတ်ဆန်လွန်းပြီး မျှော်လင့်မထားသော အချိန်တွင် ပေါ်ပေါက်လာကာ လူအများကို အံအားသင့် တုန်လှုပ်စေခဲ့လေသည်။
ဤနေ့သည် မူလကတော့ ရိုးရိုးသာမန်နေ့တစ်နေ့သာ ဖြစ်ခဲ့၏။
သို့သော်လည်း ၆လွှာမှ အလင်းရောင်က ပေါ်လာချိန်တွင် အရာရာက ပြောင်းလဲသွားချေပြီ။
စံချိန်သစ်တစ်ခု ပေါ်ပေါက်လာခြင်းကြောင့် ကျုံးဝမ်သည် အစီအရင်တောင်ထွတ်၏ နံပါတ်တစ်ပါရမီရှင်ဟူသော နေရာမှ နန်းကျသွားပေပြီ။
များစွာသော တပည့်များက ကျုံးဝမ်ကို မသိမသာ ကြည့်လိုက်ကြ၏။
သူ့အမူအယာက လွန်စွာ အရုပ်ဆိုးနေပြီး ၆လွှာကို စိန်းစိန်းဝါးဝါး စူးစိုက်ကြည့်နေ၏။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသောကြောင့် သူလက်များက ဒေါသဖြင့် တုန်ခါနေ၏။
လူတိုင်း၏ ကျုံးဝမ်၏ နေရာသို့ ဝင်၍ ကိုယ်ချင်းစာမိလိုက်ကြ၏။ သူတို့၏ မျက်လုံးထဲမှ စာနာသနားမိသောပုံစံက အထင်းသား ပေါ်လွင်နေ၏။
ကျုံးဝမ်အတွက်တော့ ဤအရာက လက်ခံရခက်ခဲသောအခြေအနေတစ်ခုပင် ဖြစ်လေသည်။
ကျုံးဝမ်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး သူ့မျက်လုံးများကို အတန်ကြာသည်အထိ မှိတ်ထားလိုက်၏။
သူ့မျက်လုံးများကို တစ်ဖန်ပြန်ဖွင့်လိုက်သောအခါ သူ့အကြည့်က အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာသော ယုံကြည်မှုများဖြင့် ပြည့်နေ၏။
ဤသည်ကို ကြည့်၍ အကြီးအကဲလောက အသိအမှတ်ပြု ခေါင်းညိတ်လိုက်၏။
ဤကဲ့သို့သော အခြေအနေကို ဤကဲ့သို့သော ပုံစံနှင့် ကျော်ဖြတ်နိုင်သောကြောင့် ကျုံးဝမ်သည် အကျင့်စရိုက်ကောင်းမွန်သောလူတစ်ယောက် ဖြစ်လေသည်။ သူ၏ အနာဂတ်အလားအလာကလည်း သိပ်ပြီးအောက်ကျလိမ့်မည် မဟုတ်ပေ။
“ကောင်းတယ်ကွာ.. နောက်ဆုံးတော့ ငါ့ကို ဖိအားပေးနိုင်တဲ့သူတစ်ယောက် ပေါ်လာပြီပေါ့လေ”
ကျုံးဝမ်သည် ပြုံး၍ တိတ်တဆိတ် ရေရွတ်လိုက်၏။
“ဒီလိုခံစားချက်မျိုးကို ငါမရတော့တာ အတော်ကြာခဲ့ပြီပဲ.. မင်းဘယ်သူလဲဆိုတာ ငါမသိသေးပေမယ့်လည်း မင်းရဲ့ ပေါ်ပေါက်လာမှုက ငါ့ကို အကောင်းဆုံးဖြစ်လာစေဖို့ တွန်းအားပေးလိုက်တာပဲ”
ထိုသို့ပြောပြီးနောက် ကျုံးဝမ်သည် ဝင်္ကပါဆယ်လွှာစေတီကို လေးနက်စွာ တစ်ချက်ကြည့်ပြီးနောက် တုံ့ဆိုင်းခြင်းမရှိ လှည့်ထွက်သွားလေတော့သည်။
ဝင်္ကပါဆယ်လွှာစေတီကို စိန်ခေါ်ဖို့ သိပ်မကြာခင် ကျုံးဝမ် ပြန်၍ ရောက်လာလိမ့်မည်ဆိုတာ အားလုံးနားလည်လိုက်ကြ၏။
ထိုအချိန်တွင် ၆လွှာကို အချိန်အတိုဆုံးနှင့် ကျော်ဖြတ်နိုင်သည့်သူက အစီအရင်တောင်ထွတ်၏ နံပါတ်တစ်ပါရမီရှင် ဖြစ်လာပေလိမ့်မည်။
ကျုံးဝမ်က ထွက်ခွာသွားသော်လည်း အစီအရင်တောင်ထွတ်၏ များစွာသောတပည့်များက ထွက်ခွာဖို့ ဆန္ဒမရှိကြသေးပေ။
စေတီကို စိန်ခေါ်နေသူက မည်သူဆိုတာ သူတို့သည် ပို၍ပို၍ သိချင်လာမိကြ၏။
စိန်ခေါ်သူက ၇လွှာကို ကျော်ဖြတ်နိုင်လိမ့်မည်လို့တော့ သူတို့ မမျှော်လင့်ကြတော့ပေ။
ဒီပုံအတိုင်းဆိုရင်တော့ ထိုလူက အပြင်သို့ ပြန်ထွက်လာရဖို့ သိပ်မကြာနိုင်လောက်တော့ပေ.
သို့သော်လည်း အချိန်များက တစ်ရွေ့ရွေ့ ကုန်ဆုံးလာပြီး စိန်ခေါ်သူက ထွက်ပေါ်မလာသေးပေ။ သူသည် ဝင်္ကပါဆယ်လွှာစေတီထဲမှာ အခြေချနေပြီလားဟုပင် ထင်ရလေသည်။
ထိုကဲ့သို့ပင် တစ်ညတာက ကုန်ဆုံးခဲ့လေပြီ။
မနက်ခင်းနေရောင်ခြည်က ပေါ်လာချေပြီ။ တစ်ညလုံးစောင့်ဆိုင်းပြီးနောက် များစွာသောတပည့်များသည် အိပ်ငိုက်နေကြလေပြီ။ သူတို့သည် အပျင်းကြောဆန့်လိုက်ကြပြီး စိတ်ဝိညာဉ်ချီများကို စုဆောင်းလိုက်ကြ၏။
“အဲ့လူက အထဲမှာ ဘာတွေလုပ်နေတာလဲကွာ.. သူရှေ့မဆက်နိုင်တော့ဘူးဆိုလဲ ထွက်လာခဲ့လိုက်တော့ပေါ့.. အခုက တော်တော်ကို ကြာနေပြီ”
“မင်းတို့တော့ မသိဘူး.. ငါကတော့ မရတော့ဘူး.. အဆောင်ပြန်အိပ်တော့မယ်”
ပင်ပန်းနွမ်းနယ်ပုံရသော တပည့်တစ်ယောက်က ခေါင်းခါလိုက်၏။ သူသည် ဆက်လက်စောင့်ဆိုင်းဖို့ စိတ်ရှည်တော့ဟန်မရပေ။
“ဟုတ်တယ်.. ငါလဲ ပြန်တော့မယ်.. ဘယ်လိုပဲဖြစ်ဖြစ် အဲ့လူ ပြန်ထွက်လာတာနဲ့ ဝင်္ကပါဆယ်လွှာကျောက်စာတိုင်ပေါ်မှာ သူ့နာမည်က ပေါ်လာမှာပဲ.. အဲ့ကျရင် သူဘယ်သူလဲဆိုတာ ငါတို့သိရမှာပေါ့” နောက်ထပ်တပည့်တစ်ယောက်က ဝင်ရောက်ပြောဆိုလိုက်၏။
ထိုအချိန်မှာပင် လူတစ်ယောက်သည် ဓါးပျံစီး၍ သူတို့ဆီသို့ ပျံသန်းလာလေသည်။
ပျံသန်းလာသူက နီးကပ်လာသောအခါ လူတိုင်းသည် အာရုံစိုက်ကြည့်လိုက်ကြ၏။ ထိုသူမှာ ပြီးခဲ့သည့်ညက ထွက်ခွာသွားခဲ့သော ကျုံးဝမ်ဖြစ်လေသည်။
သူသည် တစ်ညတာပဲ ကြာသေးသည် ပြန်ရောက်လာပေပြီ။
သူသည် ပြီးခဲ့သည့်ညက တစ်ညလုံး မအိပ်စက်ဘဲ သူ၏ ကိုယ်အား၊ စိတ်အားကို အဆင့်၂ ဝင်္ကပါအား လေ့လာဆန်းစစ်ခြင်းဖြင့်သာ အချိန်ကုန်ဆုံးစေခဲ့မည်ဖြစ်ကြောင်း လူတိုင်းပြောနိုင်ကြ၏။
ကျုံးဝမ်က အကြီးအကဲလောရှေ့သို့ သွားလိုက်ပြီး အလေးအနက် ပြောလိုက်၏။
“အကြီးအကဲ.. ကျတော် စေတီကို နောက်တစ်ခေါက်ထပ်ပြီး စိန်ခေါ်ချင်တယ်”
“ကောင်းတယ်”
အကြီးအကဲလောက ခေါင်းညိတ်လိုက်ပြီး သစ်သားတံဆိပ်ပြားတစ်ခုကို ကမ်းပေးလိုက်၏။
၎င်းကို လက်ခံရယူပြီးနောက် ကျုံးဝမ်သည် ဝင်္ကပါဆယ်လွှာစေတီအတွင်းသို့ ဝင်သွားလေသည်။
ဤသည်ကို ကြည့်၍ စောစောက ပြန်တော့မည်ဟု ဟန်ပြင်နေကြသော တပည့်များလည်း တုံ့ဆိုင်းသွားကြ၏။
“အဟမ်း အဟမ်း.. ငါတို့ နောက်တစ်ရက်လောက်တော့ တောင့်ခံနိုင်လောက်ပါသေးတယ်လေ.. စီနီယာအစ်ကိုကျုံးက ပထမနေရာကို ပြန်လုယူနိုင်မလားဆိုတာ စောင့်ကြည့်ရသေးတာပေါ့”
“ဒါပေါ့.. နောက်တစ်ရက်တော့ စောင့်ကြည့်ရတာပေ့ါဗျာ”
ထပြန်မလို့ လုပ်နေကြသော တပည့်များလည်း တစ်ဖန် သိချင်စိတ်ပြင်းပြလာပြီး ဆက်လက်စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြ၏။
မသိလိုက်မသိဖာသာနှင့်ပင် နောက်ထပ်တစ်နေ့တာက ကုန်ဆုံးလာပြီး ညနေစောင်းကို ရောက်ရှိလာ၏။
စိန်ခေါ်သူက ယခုအချိန်ထိ ပေါ်မလာသေးချေ။
ကျုံးဝမ်ကတော့ ၆လွှာကို နောက်တစ်ကြိမ် ပြန်ရောက်လာခဲ့ပေပြီ။
တစ်ခဏကြာပြီးနောက် ၆လွှာက လင်းလက်သွားကာ လူတိုင်းကို အံ့အားသင့်သွားစေ၏။
“သူကျော်ဖြတ်နိုင်သွားပြီကွ.. စီနီယာအစ်ကိုကျုံး အချိန်ဘယ်လောက်ယူခဲ့ရပါလိမ့်”
“တစ်နာရီကျော်ကျော်”
“ဒါဆို သူ ရှုံးနေတုန်းပေါ့”
“ဟုတ်တယ်.. ဒါပေမယ့် နည်းနည်းလေးပဲ”
များစွာသောတပည့်များက သက်ပြင်းချလိုက်ကြ၏။
သိပ်မကြာမီ ကျုံးဝမ်သည် ဝင်္ကပါဆယ်လွှာစေတီ၏ အပြင်ဘက်သို့ ပြန်ရောက်လာပြီး ဝင်္ကပါဆယ်လွှာကျောက်စာတိုင်ကို လှမ်းကြည့်လိုက်၏။
ကျောက်စာတိုင်၏ အပေါ်ဆုံးစာတန်းက လင်းလက်တောက်ပလာ၏။ နာမည်က သူ့နာမည်သာဖြစ်သော်လည်း အနောက်ဘက်က စာသားကတော့ အနည်းငယ် ပြောင်းလဲသွား၏။
“ကျုံးဝမ်.. ဆဋ္ဌမမြောက်အလွှာကို ကျော်ဖြတ်နိုင်ခဲ့.. ကြာချိန်- ၁နာရီ ၁၅မိနစ်”
ကျောက်စာတိုင်ကို ကြည့်ပြီး ကျုံးဝမ်က မျက်မှောင်ကြုတ်၍ လှည့်မေးလိုက်၏။
“အဲ့လူက အခုထိ ထွက်မလာသေးဘူးလား”
“ဟုတ်တယ်ဗျ” တပည့်တစ်ယောက်က သန်းဝေလိုက်ပြီး လေးတွဲစွာဖြင့် ပြန်ဖြေလိုက်၏။
စိန်ခေါ်သူက စေတီထဲကနေ ပြန်ထွက်လာတာနှင့် ကျောက်စာတိုင်ပေါ်ရှိ သတင်းအချက်အလက်က မွမ်းမံပြင်ဆင်သွားပေလိမ့်မည်။
လျှို့ဝှက်သောလူက ၆လွှာကို ကျော်ဖြတ်ခဲ့ပြီး ကြာချိန်က တစ်နာရီသာဖြစ်ကာ ကျုံးဝမ်ထက် ပိုမြန်၏။ သို့သော်လည်း လက်ရှိအချိန်ထိ ကျောက်စာတိုင်၏ အပေါ်ဆုံးရှိနာမည်မှာ ကျုံးဝမ်သာ ဖြစ်နေသေးသောကြောင့် ဆိုလိုသည်မှာ ထိုလူက စေတီအထဲမှာသာ ရှိနေသေးသည်ဟူ၍ပင်။
“ဒီလူက ၇လွှာမှာ တော်တော်ကြာနေပြီပဲ”
ကျုံးဝမ်က စိတ်ထဲကနေ အေးစက်စွာ ကြိမ်းဝါးလိုက်၏။
“မင်း အဲ့မှာ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့ကွာ”
ဝင်္ကပါဆယ်လွှာကျောက်စာတိုင်အား နောက်ဆုံးတစ်ချက် ကြည့်ပြီးနောက် ကျုံးဝမ်က လှည့်ထွက်သွား၏။
သူတို့နှစ်ယောက်ကြားက ကွာခြားချက်မှာ ၁၅မိနစ်သာ ဖြစ်သောကြောင့် သိပ်ပြောပလောက်အောင် မဟုတ်ပေ။ သူသည် နောက်တစ်ကြိမ် ဝင်္ကပါဆယ်လွှာစေတီကို လာရောက်စိန်ခေါ်လျှင် ထိုစိန်ခေါ်သူထက် သာစေရမည်ဟု ယုံကြည်ချက်ရှိလေသည်။
များစွာသော တပည့်များလည်း ဆက်လက်သည်းခံ၍ မစောင့်ဆိုင်းနိုင်ကြတော့ဘဲ ထပြန်ကုန်ကြလေပြီ။ သူတို့သည် ဒီတစ်ညတော့ ကောင်းကောင်းအိပ်၍ နောက်နေ့မနက်မှ လာပြန်ကြည့်မည်ဟု စိတ်ပိုင်းဖြတ်လိုက်ကြ၏။
တစ်ချို့ သိချင်စိတ်ပြင်းပြနေသော တပည့်များကတော့ အလျှော့မပေးဘဲ ဆက်လက်စောင့်ဆိုင်းနေကြ၏။
ဤသို့ဖြင့် နောက်တစ်ညက ကုန်ဆုံးသွားပြန်ချေပြီ။
ယခုအခါ ဝင်္ကပါဆယ်လွှာစေတီ၏ အပြင်ဘက်တွင် စောင့်ကြည့်နေကြသော တပည့်များသည် ညစ်ပတ်ပေပွနေကြပေပြီ။ တစ်ချို့က အိပ်ပျော်နေကြပြီး.. တစ်ချို့ကတော့ ရံဖန်ရံခါဆိုသလို ဝင်္ကပါဆယ်လွှာစေတီဘက်သို့ လှမ်းလှမ်းမျှော်ကြည့်နေကြ၏။
တစ်ညလုံးလုံး ဝင်္ကပါဆယ်လွှာစေတီမှ မည်သည့်လှုပ်ရှားမှုမျှ မရှိပေ။
စိန်ခေါ်သူက ယခုအချိန်ထိ ထွက်ပေါ်မလာသေးပေ။
တစ်ချို့တပည့်များက စိတ်မရှည်နိုင်ကြတော့ဘဲ ထိုသူက မည်သူဆိုတာနှင့် အထဲမှာ ရှိနေသေးလားဆိုတာ အကြီးအကဲလောက သွား၍ မေးမြန်းကြလေသည်။ အကြီးအကဲလောက ထိုသူသည် အထဲမှာ ရှိနေသေးသည်ဆိုတာကိုသာ ပြောပြီး ဘယ်သူဘယ်ဝါဆိုတာကိုတော့ ထုတ်ဖော်ပြောခြင်း မရှိပေ။
“ထူးတော့ထူးဆန်းတယ်နော်.. ဒီလူက တော်တော်တော့ လွန်နေပြီကွာ.. သူအခု ၇လွှာမှာ ရောက်နေတာ တစ်ရက်နဲ့နှစ်ညတောင် ရှိနေပြီ”
“ငါတို့ ဘာမှမလုပ်ဘဲ အပြင်မှာ ထိုင်စောင့်နေရတာတောင် ဒီလောက်ပင်ပန်းနေတာ.. သူက အထဲမှာ ဝင်္ကပါကို ဖြေရှင်းဖို့ အားစိုက်ထုတ်နေရတာဆိုတော့ ဘယ်လောက်တောင် ခက်ခဲပင်ပန်းနေမလဲ စဉ်းစားကြည့်လို့တောင် မရဘူး”
ထိုအချိန်မှာပင် တပည့်တစ်ယောက်က ရုတ်တရတ် အလန့်တကြား ထအော်လိုက်၏။
“နေပါဦး နေပါဦး.. ဝင်္ကပါဆယ်လွှာစေတီထဲမှာ စီနီယာအစ်ကိုကျုံးအပြင် လူနှစ်ယောက်ရှိတယ်လို့ ငါတို့ မပြောခဲ့ကြဘူးလား.. ဘာလို့ နောက်တစ်ယောက်ကရော အခုထိ ထွက်မလာသေးတာလဲ”
ရုတ်တရတ်ဆိုသလို တီးတိုးဆွေးနွေးပြောကြားသံများက တိတ်သွား၏။ သူတို့သည် ထိတ်လန့်ဖွယ်ရာ တစ်စုံတစ်ရာကို တွေးလိုက်မိကြပြီး သူတို့၏ မျက်လုံးများက ပြူးကျယ်၍ မယုံကြည်နိုင်မှုများဖြင့် ပြည့်လာ၏။
အထဲမှာ လူနှစ်ယောက်ရှိသည်ဆိုတာက သူတို့၏ ထင်မြင်ယူဆချက်သာ ဖြစ်ခဲ့၏။
ထိုသို့ပြောခဲ့ရခြင်းမှာ သူတို့သည် တစ်စုံတစ်ယောက်က စက္ကန့်ပိုင်းလေးနှင့် ၄လွှာ၏ သတ်ဖြတ်ခြင်း ဝင်္ကပါကို ဖြတ်ကျော်နိုင်ခဲ့သည်ဆိုတာကို လက်မခံနိုင်ကြသောကြောင့် ဖြစ်လေသည်။
သို့သော် ယခုအခါမှာတော့ ပိုပြီးတော့ မှန်ကန်နိုင်သည့် အဖြေကို သူတို့ တွေးမိလာကြ၏။
ဝင်္ကပါဆယ်လွှာစေတီထဲမှာ ရှိနေတာက တစ်ဦးတည်း မဟုတ်လား။
၄လွှာကို စက္ကန့်ပိုင်းအတွင်း ကျော်ဖြတ်နိုင်ခဲ့သူနဲ့ နံပါတ်တစ်စံချိန်သစ်တင်ခဲ့သူက တစ်ဦးတည်းလား။
ဝင်္ကပါဆယ်လွှာစေတီရှေ့မှ လေထုက တောင့်တင်းကျပ်ခဲလာပြီး မည်သူမျှ စကားမပြောနိုင်ကြပေ။ မမြင်ရသော လက်ကြီးက သူတို့၏ လည်ပင်းများကို မွန်းကျပ်ဖွယ်ရာ ဖျစ်ညှစ်ထားသလိုပင်။
ထိုအချိန်မှာပင် ကျုံးဝမ်က တစ်ဖန် ပြန်ရောက်လာ၏။ သူသည် လျှို့ဝှက်သောလူ၏ စံချိန်ကို ချိုးဖျက်နိုင်ဖို့ ရည်ရွယ်၍ ဝင်္ကပါဆယ်လွှာစေတီအတွင်းသို့ ဝင်ရောက်သွားလေသည်။
အချိန်ကား တတိယမြောက်နေ့၏ မနက်ခင်းဖြစ်၏။
ဤသုံးရက်အတွင်း အစီအရင်တောင်ထွတ်မှာ ဖြစ်ပျက်နေသော အကြောင်းအရာက တစ်ဖြည်းဖြည်းနှင့် တောင်ထွတ်ငါးခုစလုံးသို့ ပျံ့နှံ့သွားလေပြီ။
တည်ငြိမ်သော ရေပြင်ပေါ်တွင် အစပြုခဲ့သော ရေဂယက်လေးက လှိုင်းတံပိုးအဖြစ်သို့ ကူးပြောင်း၍ အဘက်ဘက်သို့ ရိုက်ခတ်လာချေပြီ။