ကိစ္စက စိတ်ဝင်စားဖို့ ကောင်းလာပြီပဲ
Vol. 8 Ch. 106
အခန်း ၁၀၆ - ကိစ္စက စိတ်ဝင်စားဖို့ ကောင်းလာပြီပဲ
တစ်ကယ်ဆိုလျှင် ဝင်္ကပါဆယ်လွှာကျောက်စာတိုင်ပေါ်တွင် စံချိန်အသစ် ပေါ်လာခြင်းက တောင်ထွတ်ငါးခုမှ တပည့်များကို သိပ်ပြီး ဆွဲဆောင်နိုင်လိမ့်မည် မဟုတ်ပေ။
ဘာကြောင့်ဆိုသော် ကျုံးဝမ်က စံချိန်များကို မကြာခဏ ထပ်တင်လေ့ရှိသောကြောင့် ဖြစ်လေသည်။
သို့သော် ဒီတစ်ခေါက် စံချိန်သစ်တင်သူက ကျုံးဝမ်မဟုတ်ဘဲ ဘယ်သူဘယ်ဝါ မသိရသော လျှို့ဝှက်ဆန်းကြယ်သောလူ ဖြစ်သည်ဆိုသောအခါ ထိုအရာက လူတိုင်း၏ စိတ်ကို သိချင်စိတ်ပြင်းပြလာစေလေသည်။
သတင်းက ပျံ့နှံ့သွား၏... ကျုံးဝမ်သည် စေတီကို နောက်တစ်ကြိမ် ပြန်လာ၍ စိန်ခေါ်ခဲ့သော်လည်း သူသည် လျှို့ဝှက်သောလူကို ရှုံးနိမ့်နေဆဲဖြစ်၏။ ယခုအခါ ကျုံးဝမ်သည် တတိယအကြိမ်မြောက် ထပ်၍ ကြိုးစားနေပြီဖြစ်ပြီး ရလဒ်က မထွက်ပေါ်သေးပေ။
အစီအရင်တောင်ထွတ်မှ ပါရမီရှင်နှစ်ယောက်၏ ယှဉ်ပြိုင်မှုသည် အစီအရင်တောင်ထွတ်၏ နှစ်ကုန်ပြိုင်ပွဲကို စော၍ ကျင်းပနေသည်နှင့် အလားသဏ္ဌာန်တူ၏။
အဲ့ဒါကို စိတ်ဝင်စားနေကြသည်မှာ ငယ်ရွယ်၍ စပ်စုတတ်သော အစမ်းတပည့်များသာမကပေ။ တောင်ထွတ်သခင်ငါးယောက်သည်ပင် အနည်းငယ် သိချင်စိတ် ပြင်းပြလာကြ၏။
ဝင်္ကပါဆယ်လွှာစေတီ၏ ရှေ့တွင် စုဝေးလာကြသော လူအရေအတွက်က အချိန်နှင့်အမျှ များပြားလာ၏။
အစီအရင်တောင်ထွတ်မှ တပည့်များသာမက ကျန်တောင်ထွတ်လေးခုမှ တပည့်များပါ နောက်ဆုံးရလဒ်ကို ရှုမြင်နိုင်ဖို့ သိချင်စိတ်ဖြင့် ရောက်လာကြ၏။
ဖုန်ဟောက်ယွီ ဦးဆောင်၍ စိတ်ဝိညာဉ်တောင်ထွတ်မှ ထူးချွန်ထက်မြက်သော တပည့်အချို့လည်း ရောက်လာကြ၏။ ထိုအထဲတွင် ဖက်တီးလေးလည်း ပါလာ၏။
သုံးလကြာပြီးနောက် ဖက်တီးလေးသည် ချီစုဖွဲ့မှုအဆင့်၈သို့ ရောက်နှင့်နေပေပြီ။
လမ့်ရိုလည်း ရောက်လာပြီး များစွာသော တပည့်များ၏ အကြည့်များက အေးစက်စက်ရေခဲအလှလေးပေါ်သို့ ကျဆင်းလာကြ၏။
ယခုအခါ လူအတော်များများက သူမကို တောင်ထွတ်ငါးခု၏ နံပါတ်တစ် အချောအလှမဒီကညာအဖြစ် သတ်မှတ်ထားကြပေပြီ။
၎င်းက သူမ၏ ရုပ်ရည်သွင်ပြင်တစ်ခုတည်းကြောင့် မဟုတ်ဘဲ သူမသည် အလွန်အမင်း သန်မာသောကြောင့် ဖြစ်လေသည်။ ယခုအခါ သူမသည် ဖုန်ဟောက်ယွီကဲ့သို့ပင် ချီစုဖွဲ့မှုအဆင့်၉သို့ ရောက်ရှိနေပေပြီ။
စိတ်ဝိညာဉ်တောင်ထွတ် နှစ်ကုန်ပြိုင်ပွဲ၏ နံပါတ်တစ်ဖြစ်ဖို့ ရေပန်းစားနေသူများတွင် သူမလည်း ပါဝင်လေသည်။
ထိုမျှသာမက သူမသည် အဆောင်လက်ဖွဲ့ပြုလုပ်ခြင်းတွင်လည်း တုန်လှုပ်ဖွယ်ရာ ပါရမီအရည်အချင်းကို ပြသခဲ့လေသည်။
ယခုအခါ သူမသည် အဆောင်လက်ဖွဲ့တောင်ထွတ်၏ နှစ်ကုန်ပြိုင်ပွဲတွင်လည်း နံပါတ်တစ်ဖြစ်ဖို့ အလေးသာနေပြီဖြစ်၏။
အခြားသောတောင်ထွတ်များမှ တပည့်များလည်း ရောက်လာကြပြီး ထိုအထဲတွင် ရွှယ်ယိလည်း ပါလာ၏။
နှစ်ကုန်ပြိုင်ပွဲကျင်းပဖို့က အချိန်သုံးလလိုသေးသောကြောင့် ယခု ဝင်္ကပါဆယ်လွှာစေတီ၏ စိန်ခေါ်မှု အဖြစ်အပျက်က တောင်ထွတ်ငါးခုစလုံးတွင် အကြီးဆုံးပြပွဲဖြစ်လာ၏။
ထိုသို့ဖြင့်ပင် တတိယမြောက်နေ့က နေ့တစ်ဝက်ကျိုးသွားချေပြီ။
ညနေစောင်းသို့ ရောက်သောအခါ ဝင်္ကပါဆယ်လွှာစေတီ၏ ၅လွှာက လင်းလက်သွား၏။ ထို့ကြောင့် ကျုံးဝမ်က ၆လွှာကို နောက်ထပ်ကြိမ်ထပ်၍ စိန်ခေါ်တော့ပေမည်။
သူသည် ၆လွှာကိုသာ တစ်နာရီအတွင်း ကျော်ဖြတ်နိုင်ခဲ့လျှင် အစီအရင်တောင်ထွတ်၏ နံပါတစ်ပါရမီရှင်ဟူသော သူ၏ ဂုဏ်ပုဒ်ကို ပြန်လည် ရယူနိုင်ပေတော့မည်။
ဖက်တီးလေးက လူအုပ်ကြီးထဲကနေ ဖြဲခွဲတိုးလာပြီး ရွှယ်ယိကို တိုးတိုးကပ်မေးလိုက်၏။
“စီနီယာအစ်ကိုရွှယ်.. ကျုပ် ဒီရက်ထဲမှာ နောင်ကြီးကို ဘာလို့ မတွေ့ရတာလဲ”
“ငါလဲ ဒီရက်ထဲ သူ့ကို မတွေ့မိဘူးကွာ.. သူအဆင်ပြေမှာပါ.. သိပ်လဲစိတ်ပူမနေပါနဲ့” ရွှယ်ယိက နှစ်သိမ့်လိုက်၏။
ဖက်တီးလေးက မျက်မှောင်ကြုတ်၍ တီးတိုးပြောလိုက်၏။
“ထူးဆန်းတယ်.. ကျုပ်သူ့ကို မတွေ့ရတာ သုံးလလောက် ရှိနေပြီ.. သူ့လိုဏ်ဂူတိုက်ခန်းကို သွားကြည့်တော့လဲ ဘာမှ မရှိဘူး.. ကျုပ်က သူ့ကို တိုက်ခိုက်ရေးနည်းစနစ်တွေနဲ့ အကျွမ်းဝင်အောင် ကူညီပေးမလို့ကို”
ရွှယ်ယိက ပြုံး၍ ဘာမျှ ဆက်မပြောတော့ပေ။
သူ့အထင်အရ ဆူဇီမိုသည် နှစ်ကုန်ပြိုင်ပွဲတွင် သူ့အတွက် အနိုင်ရဖို့ အခွင့်အရေး မရှိဆိုတာ သဘောပေါက်သွားပြီး တစ်နေရာရာသို့ အကြောင်းပြဖို့ ထွက်သွားတာ ဖြစ်ရပေမည်။
ဤနည်းဖြင့် သူသည် နှစ်ကုန်ပြိုင်ပွဲကို ရှောင်နိုင်ပေလိမ့်မည်။ ဤသို့လုပ်ခြင်းဖြင့် သူသည် လူအများ၏ ဝိုင်း၍ လှောင်ပြောင်ခြင်းကို ခံရနိုင်သော်လည်း.. အားလုံး၏ ရှေ့မှောက်မှာ အရှက်တကွဲ ရှုံးနိမ့်ရတာထက်စာလျှင်တော့ တော်သေးလေသည်။
ထိုအချိန်မှာပင် ၆လွှာမှ ဝင်္ကပါလမ်းကြောင်းများ၏ အလင်းရောင်က တစ်ဖျတ်ဖျတ်လက်၍ ထွက်ပေါ်လာ၏။
“သူလုပ်နိုင်သွားပြီကွ”
“အဲ့ဒါ အချိန်ဘယ်လောက်ကြာသွားလဲ”
“၄၅မိနစ်ဝန်းကျင်.. တစ်နာရီအောက်”
“စီနီယာအစ်ကိုကျုံးဆိုတဲ့အတိုင်းပဲ.. ဘာပဲပြောပြော သူ့မှာက အစီအရင်ဝင်္ကပါနဲ့ ပတ်သတ်တဲ့ အသိသညာက အခြေခံအုတ်မြစ် ခိုင်ခိုင်မာမာ ရှိထားပြီးသားကိုးကွ”
ဆွေးနွေးပြောကြားသံများက ဆက်လက်ထွက်ပေါ်နေပြီး ကျုံးဝမ်နှင့် နီးကပ်မှုရှိသော အစီအရင်တောင်ထွတ်မှ တပည့်များလည်း စိတ်သက်သာရာရကာ ကျေနပ်သွားကြ၏။
သိပ်မကြာခင် ကျုံးဝမ်သည် ဝင်္ကပါဆယ်လွှာစေတီထဲမှ ပြန်ထွက်လာခဲ့၏။
တစ်ချိန်တည်းမှာပင် ဝင်္ကပါဆယ်လွှာကျောက်စာတိုင်၏ အပေါ်ဆုံးရှိ စာတန်းသည် တောက်ပစွာ တစ်ဖျတ်ဖျတ်လက်သွားပြီး အနည်းငယ် ပြောင်းလဲသွား၏။
“ကျုံးဝမ်.. ဆဋ္ဌမမြောက်အလွှာကို ကျော်ဖြတ်နိုင်ခဲ့.. ကြာချိန် ၄၅မိနစ်”
“မဆိုးဘူး .. တော်သကွာ”
အကြီးအကဲလောက ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။
“ဂုဏ်ယူပါတယ်.. စီနီယာအစ်ကိုကျုံး”
“ခင်ဗျားက အတော်ဆုံး ဖြစ်နေဆဲပါပဲ.. ၆လွှာကို ဒီလောက်အချိန်လေးနဲ့ ကျော်ဖြတ်နိုင်ခဲ့တယ်ဆိုတော့.. တစ်ကယ်ပဲ.. မိုက်တယ်”
အစီအရင်တောင်ထွတ်မှ တပည့်အချို့သည် သုတ်သုတ်ပျာပျာဖြင့် ရောက်လာကြပြီး လက်သီးဆုပ် လေးစားဟန်ပြ၍ ဂုဏ်ပြုစကား ပြောလိုက်ကြ၏။
လက်နောက်ပစ်ထားသော ဖုန်ဟောက်ယွီက ကျုံးဝမ်ကို ခေါင်းညိတ်ပြလိုက်၏။
လက်ရှိ တောင်ထွတ်ငါးခုအတွင်း ဖုန်ဟောက်ယွီ၏ အဆင့်အတန်းနှင့် မောက်မာဟန်အရ ယခု သူ၏ အမူအယာက ကျုံးဝမ်ကို လုံလောက်အောင် မျက်နှာသာပေးထားပြီး ဖြစ်လေသည်။
ကျုံးဝမ်က ပြုံး၍ အသံမြှင့် ပြောလိုက်၏။
“အားလုံးပဲ ကျေးဇူးပြုပြီး ခဏလောက် ငြိမ်ပေးကြပါ”
ဆူညံနေကြသော လူအုပ်ကြီးက တစ်ဖြည်းဖြည်း ငြိမ်သက်သွားကြ၏။
“ကျတော် အခုလို ဝင်္ကပါကျောက်စာတိုင်ရဲ့ ထိပ်ဆုံးကို ပြန်လည် ရောက်ရှိလာခဲ့တဲ့တာဟာ ဝိုင်းဝန်းအားပေး စိတ်ပူပေးခဲ့ကြတဲ့ ခင်ဗျားတို့အားလုံးကို ကျေးဇူးတင်ရမှာပါပဲ.. အားလုံးပဲ ဒီရက်တွေမှာ ပင်ပန်းနေကြပြီထင်ပါတယ်.. ဒါပေမယ့်....”
ကျုံးဝမ်က ပြောလက်စကို ရပ်ကာ ဝင်္ကပါဆယ်လွှာစေတီဘက်သို့ စူးစိုက်၍ ကြည့်လိုက်ပြီး ကြေငြာလိုက်၏။
“ကျုပ်ကျေးဇူးအတင်ရဆုံးလူကတော့ အမည်မသိ လျှို့ဝှက်တဲ့ စိန်ခေါ်သူပဲ.. ကျုပ်အရင် ပြောခဲ့သလိုပေါ့.. သူ့ရဲ့ ပေါ်ပေါက်လာမှုကသာ ကျုပ်ကို အကောင်းဆုံး ဖြစ်...”
ကျုံးဝမ်သည် စကားကို ပြီးဆုံးအောင် ဆက်မပြောနိုင်တော့ဘဲ.. အသံက တိမ်ဝင်သွားကာ.. ကြောက်စရာကောင်းသော တစ်စုံတစ်ရာကို တွေ့မြင်လိုက်ရသလို သူ့မျက်ကြောများက တစ်ဆတ်ဆတ် လှုပ်ခါသွားလေသည်။
လူတိုင်းသည် ကျုံးဝမ်ကြည့်ရာဘက်သို့ လှမ်းကြည့်လိုက်ကြ၏။
ဝင်္ကပါဆယ်လွှာစေတီမှ ၇လွှာက တောက်ပစွာ လင်းလက်လာလေပြီ။
အလင်းရောင်က အနည်းငယ် ကျိန်းစပ်နေ၏။
အခြားသူများ သတိမထားမိခင်ကတည်းကပင် အကြီးအကဲလောက မယုံကြည်နိုင်စွာဖြင့် ၇လွှာကို မမှိတ်မသုန် စိုက်ကြည့်နေမိ၏။
ဝင်္ကပါဆယ်လွှာစေတီရှေ့မှ လေထုက တော်တော်လေးကို တစ်မူထူးခြားဆန်းပြားသွားပေပြီ။
မည်သူမျှ ... စကား.. မပြောနိုင်ကြ။
လူတိုင်းသည် အသိစိတ်ကင်းမဲ့သွားကြသလို အသက်ရှူဖို့ကိုပင် မေ့လျော့နေကြပြီး ၇လွှာမှ အလင်းရောင်ကို မမှိတ်မသုန် စိုက်ကြည့်နေကြ၏။
ကျုံးဝမ်၏ မျက်နှာအမူအယာက တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲသွားကာ နောက်ဆုံး ဖြူလျော့၍ မျက်လုံးများကလည်း အရောင်မှိန်ကျသွား၏။
သူ ရှုံးသွားချေပြီ။
လုံးဝ အပြတ်အသတ် ရှုံးနိမ့်သွားခြင်းပင်။
သူသည် အကြိမ်များစွာ ယုံကြည်မှုများကို စုဆောင်း၍ သတ္တိများကို မွေးမြူနိုင်ခဲ့၏။ သို့သော် ယခုအခါ သူသည် ထိုအရာကို ထပ်မလုပ်နိုင်တော့လေပြီ။
၎င်းက ရှုံးနိမ့်ခြင်းမဟုတ်၊ မျှော်လင့်ချက်ပျောက်ဆုံးသွားခြင်း ဖြစ်၏။
အဆင့်၂ ဝင်္ကပါများက အဆင့်၁ ဝင်္ကပါများထက် မည်မျှပို၍ ရှုပ်ထွေးပွေလီခက်ခဲကြောင်း တောင်ထွတ်ငါးခုမှ တပည့်များအားလုံးထက် သူသာလျှင် ကောင်းကောင်းသိလေသည်။ လျှို့ဝှက်ဆန်းကြယ်သော စိန်ခေါ်သူက နှစ်ရက်နှစ်ညလုံးလုံး အချိန်ယူခဲ့ရသော်လည်း အဆင့်၂ ဝင်္ကပါကို ဖြေရှင်းနိုင်ခဲ့၏။
မည်သို့ပင်ဆိုစေ ဖြေရှင်းနိုင်တာက ဖြေရှင်းနိုင်တာပဲ ဖြစ်၏။
ယခုအချိန်ထိမှာ ကျုံးဝမ်သည် ၇လွှာမှ အဆင့်၂ ဝင်္ကပါကို လုံးလုံး ရှုံးနိမ့်ထား၏။ သူသည် ၇လွှာတွင် ပုံရိပ်ယောင် ဝင်္ကပါတစ်ခုအတွင်းသို့ ကျရောက်ခဲ့ပြီး ၎င်း၏ ဟာကွက်ကို မည်သို့မျှ အစအနမကောက်နိုင်ခဲ့ပေ။
အတိအကျပြောရလျှင် သူသည် ၇လွှာမှ ပုံရိပ်ယောင်ဝင်္ကပါအတွင်းတွင် လေးနာရီထက် ပိုကြာအောင် မနေနိုင်ခဲ့ပေ။
သူသည် အထဲမှာ ထို့ထက်ပိုကြာအောင် ဆက်နေဖို့ ကြိုးစားလျှင် ပြန်လည်ကုစားဖို့ မလွယ်သော စိတ်ဒဏ်ရာပင်လျှင် ရလာနိုင်၏။
“အား..”
ကျုံးဝမ်သည် ဝမ်းနည်းပက်လက်ဖြင့် သက်ပြင်းချလိုက်ပြီး စိတ်ပျက်အားငယ်စွာ တီးတိုးရေရွတ်လိုက်၏။
“ငါ့မှာ သူ့ကို ကျော်တက်နိုင်ဖို့ အခွင့်အရေး မရှိတော့ဘူးပဲ”
“မင်း လုပ်လို့ ရပါတယ်”
ထိုအချိန်မှာပင် ကျုံးဝမ်၏ဘေးမှ နွေးထွေးသည့် အသံတစ်သံက ထွက်ပေါ်လာ၏။
ကျုံးဝမ် မော့ကြည့်လိုက်၏။
ဘယ်လိုပင် ရောက်လာသည် မသိလိုက်ဘဲ.. အစီအရင်တောင်ထွတ်သခင် ရွှမ်ယီက ပေါ်လာပြီး သူ့ကို ပြုံးပြ၍ အားပေးသည့်ပုံစံနှင့် ကြည့်လိုက်၏။
သူသည် ထိုအကြည့်နှင့် ဆုံမိသောအခါ ကျုံးဝမ်သည် ဆတ်ကနဲ တုန်ခါသွားပြီး သူ့ရင်ထဲမှ စိတ်ပျက်အားငယ်မှုများက လွင့်ပြယ်သွား၏။ သူသည် အလင်းရောင်ကို တစ်ဖန် ပြန်မြင်လိုက်ရ၏။
အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ ကျုံးဝမ်သည် ခေါင်းညိတ်လိုက်ပြီး အလေးအနက် ပြောလိုက်၏။
“စိတ်မပူပါနဲ့ဆရာ.. ကျတော်က လွယ်လွယ်နဲ့ အရှုံးမပေးတတ်ပါဘူး.. ကျတော် နောက်တစ်ခေါက် ပြန်လာခဲ့ပါ့မယ်”
“ကောင်းတယ်.. ဒါမှ ငါ့တပည့်နဲ့ တူမှာပေါ့”
သူ၏ ယုံကြည်မှုများ ပြန်ရလာပြီး ကျုံးဝမ်သည် ဝင်္ကပါဆယ်လွှာစေတီမှ နောက်တစ်ကြိမ် ပြန်လည်ထွက်ခွာသွားတော့၏။
ရွှမ်ယီသည် မှိန်ဖျော့လာပြီဖြစ်သော ၇လွှာမှ အလင်းရောင်ကို ကြည့်ကာ သိချင်စိတ်က ပြင်းပြလာ၏။ သူသည် အကြီးအကဲလောနားသို့ တိုးကပ်သွားလိုက်ပြီး လက်တစ်ချက်ဝေ့ယမ်း၍ အသံလုံအစီအရင်တစ်ခုကို ခင်းကျင်းလိုက်ကာ မေးလိုက်၏။
“အထဲက ဘယ်သူလဲကွ..ဟေ.. ငါတို့အစီအရင်တောင်ထွတ်မှာ အဲ့လိုတပည့်မျိုးက ဘယ်တုန်းက ပေါ်လာခဲ့တာလဲ”
“အဲ့ကောင်လေးက .. အင်း.. ငါတို့တောင်ထွတ်က မဟုတ်ဘူး” အကြီးအကဲလောက ခါးသက်စွာ ပြုံးလိုက်ပြီး ခေါင်းခါလိုက်၏။
“အမ်”
ရွှမ်ယီက မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။
“သူ့နာမည်က ဘယ်သူတဲ့လဲ”
“ဆူဇီမို”
ရွှမ်ယီသည် ရင်ထိတ်သွားပြီး သူ့အမူအယာက တစ်နည်းတစ်ဖုံ ပြောင်းလဲသွား၏။
ရွှမ်ယီ၏ ပြောင်းလဲသွားသော အမူအယာကို သတိထားမိလိုက်ပြီး အကြီးအကဲလောက ပြန်မေးလိုက်၏။
“ဘာလို့လဲ.. မင်းသူ့ကို သိလို့လား.. သူ့နာမည်က နဲနဲတော့ ရင်းနှီးနေသလိုပဲ.. ဒါပေမယ့် ငါစဉ်းစားလို့ မရဘူးဖြစ်နေ”
ရွှမ်ယီက ပြန်မဖြေပေ။ သူသည် သူ့အတွေးနှင့်သူ သဘောကျနေပြီး ပြုံးနေလေ၏။
“အင်း.. ကိစ္စကတော့ စိတ်ဝင်စားဖို့ ကောင်းလာနေပြီပဲ”