တစ်ဖြည်းဖြည်းနှင့် ထွက်ပေါ်လာခြင်း
Vol. 8 Ch. 107
အခန်း ၁၀၇ - တစ်ဖြည်းဖြည်းနှင့် ထွက်ပေါ်လာခြင်း
Translator – Than Toe Aung
အကြီးအကဲလောသည် နေမထိထိုင်မသာ ဖြစ်လာပြီး အတင်းလောဆော်လိုက်၏။
“ငါ့ကို မချင့်မရဲဖြစ်အောင် လုပ်မနေနဲ့.. သူက ဘယ်သူလဲ ပြောပြဦး”
“တောင်ထွတ်အရှေ့ဘက်မှာတုန်းက ငါ့ကို ဆေဘာနဲ့ ခုတ်တဲ့တစ်ယောက်လေ.. အဲ့ဒါ အဲ့ကောင်လေးပေါ့” ရွှယ်ယီက ရယ်မော ပြောဆိုလိုက်၏။
“သူလား”
အကြီးအကဲလော သဘောပေါက်သွား၏။ သို့သော် သူသည် ပိုလိုတောင် ဝေခွဲမရ ဖြစ်သွားပြီး မျက်မှောင်ကြုတ်မေးလိုက်၏။
“သူက ဖုန်ဟောက်ယွီကို နတ်ပန်းပဲနဲ့ ဆေးတောင်ထွတ်မှာ နံပါတ်တစ် မဖြစ်ရအောင် တားဆီးပြမယ်ဆိုပြီး ကြေငြာမောင်းခတ်ခဲ့တာ မဟုတ်ဘူးလား.. အဲ့ဒါက ငါတို့တောင်ထွတ်နဲ့ ဘယ်လိုပတ်သတ်လို့ ရောက်လာရတာလဲ”
“သူက အခု ဝင်္ကပါဆယ်လွှာစေတီထဲမှာ အတော်ခရီးရောက်နေပြီဆိုတော့ ဝင်္ကပါပညာကို လေ့လာဖို့ အတော်အားစိုက်ထုတ်ခဲ့ရမှာပဲ.. သူက လက်နက်သွန်းလုပ်ခြင်းနဲ့ ဆေးပညာကို လေ့လာရမယ့်အစား.. သူ့ကျင့်ကြံမှုကို အဆင့်မြှင့်တင်ရမယ်အစား ဒီကို ဘာလို့ရောက်လာတာလဲ”
“အဲ့ဒါတော့ ငါလဲ မပြောတတ်ဘူးလေ” ရွှမ်ယီက ခေါင်းခါပြလိုက်ပြီး ပြုံးလိုက်၏။
“ဒါပေမယ့် ဘာပဲဖြစ်ဖြစ်လေ.. အဲ့ဒါက စိတ်ဝင်စားဖို့ကောင်းတယ်လို့ မင်းမထင်ဘူးလား”
“အဲ့တော့လဲ ဘာဖြစ်လဲ.. သူက ငါတို့တောင်ထွတ်ကမှ မဟုတ်တာ.. အာ” အကြီးအကဲလောက နှမြောတသစွာ ပြန်ပြောလိုက်၏။
ရွှမ်ယီက ဝင်္ကပါဆယ်လွှာစေတီကို အဓိပ္ပါယ်ပါပါကြည့်လိုက်ပြီး တိုးတိုးပြောလိုက်၏။
“ငါ အခု သိချင်နေတာကတော့ သူက ဘယ်နှစ်လွှာအထိ ရောက်နိုင်မလဲဆိုတာပဲ”
. . .
တစ်ဖြည်းဖြည်းနှင့် ညသို့ ရောက်လာ၏။
အစီအရင်တောင်ထွတ်မှ တပည့်များစွာက ပြန်ကုန်ကြပြီး အခြားတောင်ထွတ်လေးခုမှ တပည့်များကတော့ စိန်ခေါ်သူက မည်သူဆိုတာကို သိရဖို့ စောင့်ကြည့်နေကြ၏။
ထပြန်ကုန်ကြသော အစီအရင်တောင်ထွတ်မှ တပည့်များကို ကြည့်၍ ဖက်တီးလေးသည် မျက်လုံးကလယ်ကလယ်နှင့် တပည့်တစ်ယောက်ကို လှမ်းတားလိုက်ပြီး သွားဖြဲ၍ မေးလိုက်၏။
“စီနီယာအစ်ကို.. ခင်ဗျားတို့က ဘာလို့ ထပ်မစောင့်တော့ဘဲ ပြန်ကုန်ကြတာလဲဗျ”
“ဟေ့ဟေး.. ဂျူနီယာညီလေး.. အဲ့စကားကို မေးတာက မင်းက အတွေ့အကြုံနုသေးလို့ပဲ”
ထိုလူက ပြန်ပြောလိုက်၏။
“စဉ်းစားကြည့်ကွာ.. အဲ့လူက ၇လွှာကို ကျော်ဖြတ်ဖို့အတွက် နှစ်ရက်နဲ့နှစ်ည အချိန်ယူခဲ့ရတယ်.. အဲ့ဒါကြောင့် သူက ၈လွှာကို ကျော်ဖြတ်နိုင်မယ်ဆိုရင်တောင် အနည်းဆုံး အဲ့လောက်တော့ ထပ်ကြာမှာပဲ.. အဲ့တော့ မင်းက ဒီမှာ တစ်ညလုံးထိုင်စောင့်နေလဲ သူဘယ်သူလဲဆိုတာ သိရဦးမှာ မဟုတ်သေးဘူး.. အိပ်ရေးဝဝအိပ်ပြီး နောက်နေ့မှ ပြန်လာတော့ ပိုမကောင်းဘူးလား”
ဖက်တီးလေးက သဘောတူစွာ ခေါင်းညိတ်လိုက်၏။
“စီနီယာအစ်ကို ခင်ဗျားက ဉာဏ်ကောင်းတာပဲ.. အဲ့ဒါက အဓိပ္ပါယ်ရှိတယ်”
ဤသို့ဖြင့် ဖက်တီးလေးလည်း အနားယူဖို့ လှည့်ပြန်ခဲ့၏။
နောက်နှစ်ရက်ကြာသော်လည်း ဝင်္ကပါဆယ်လွှာစေတီမှ မည်သည့်ပြောင်းလဲမှုမျှ ဖြစ်မလာသောအခါ လူအုပ်ကြီး၏ တစ်ဝက်လောက်သည် စိတ်ရှည်သည်းခံနိုင်မှု ကုန်ဆုံးသွားကြပြီး ထပြန်ကုန်ကြလေ၏။
ခြောက်ရက်မြောက်သောနေ့၏ မနက်ခင်းတွင် ကျုံးဝမ်သည် ဝင်္ကပါဆယ်လွှာစေတီသို့ ပြန်လည် ရောက်လာ၏။ နောက်တစ်ဖန် စိန်ခေါ်ဖို့ စေတီတွင်းသို့ သူဝင်ရောက်သွားလေသည်။
ညမိုးမချုပ်ခင်မှာပင် သူသည် စေတီတွင်းမှ ပြန်ထွက်လာ၏။ သူသည် ပထမဆုံးခြောက်လွှာကို အရင်ကထက် ပိုမြန်အောင် ကျော်ဖြတ်နိုင်ခဲ့သော်လည်း ၇လွှာမှာတော့ ကျရှုံးနေဆဲဖြစ်၏။
သူ ပြန်တော့မလို လုပ်နေစဉ်မှာပင် ၈လွှာက တောက်ပလင်းလက်သွား၏။
“၈လွှာ! ၈လွှာ! အဲ့လူက ၈လွှာကို ကျော်ဖြတ်သွားပြီဟ!
“အဲ့ဒါက သုံးရက်နဲ့ သုံးည ကြာခဲ့တာပဲ”
“ဒါဆို သူက အထဲကို ရောက်နေတာ ခြောက်ရက်တောင် ရှိသွားပြီပေါ့.. ဒီလောက် သက်လုံအားရှိရအောင် ဘယ်လောက်သန်မာလိုက်မယ့် ကိုယ်ကာယလဲဟမ်”
တစ်ကယ်တော့ ဆူဇီမို၏ ရုပ်ပိုင်းဆိုင်ရာက သူတို့ ထင်ထားတာထက် ပို၍ကြောက်စရာကောင်းအောင် သန်မာကြောင်း သူတို့ မသိကြပေ။
ထို့အပြင် သူသည် ကြိုးကြာလေး၏ နှိပ်စက်မှုကြောင့် သူ့တိုက်ခန်းမှာတုန်းကလည်း မအိပ်စက်ရဘဲ ညတွေကို ဖြတ်သန်းခဲ့ရသလို စေတီကို စိန်မခေါ်ခင်ကလည်း ဝင်္ကပါပညာရပ်များကို အိပ်စက်ချိန်နည်းနည်းဖြင့် လေ့လာနေခဲ့ရ၏။
လက်ရှိဆူဇီမို၏ ဝင်္ကပါအစီအရင်များအပေါ် အောင်မြင်မှုမှာ မိုက်ရူးရဲငှက်၏ တွန်းအားပေးမှုကြောင့် ရရှိလာခဲ့တာဟု ပြောနိုင်၏။
၈လွှာမှ အလင်းရောင်ကို မြင်ရသောအခါ ကျုံးဝမ်သည် ခါးသက်စွာ ခံစားလိုက်ရ၏။ သူ့မှာ ထပ်ပြီး မျှော်လင့်စရာ မရှိတော့ပေ။
သူတို့နှစ်ယောက်အကြား ကွာဟချက်က ကြီးမားလွန်းသွားလေပြီ။
နောက်တစ်ဖန် သူသည် ဝင်္ကပါဆယ်လွှာကျောက်စာတိုင်ပေါ်မှ ရင်းနှီးနေကျ နာမည်ကို ကြည့်လိုက်၏။ ၎င်းက သူ့မျက်လုံးထဲမှာ ထော်လော်ကန့်လန့်ဖြစ်လာပြီး သူသည် ခြောက်ကပ်ကပ် ရယ်မော၍ ထွက်သွားလေတော့၏။
ကျုံးဝမ်၏ နောက်ကျောကို ကြည့်၍ အကြီးအကဲလောက ခေါင်းခါ၊ သက်ပြင်းချလိုက်၏။
“ဘယ်လောက်သနားဖို့ ကောင်းလိုက်လဲ.. သူသာ ပေါ်မလာခဲ့ရင် ကျုံးဝမ်က အစီအရင်ဝင်္ကပါမှာ တစ်ကယ့်ပါရမီရှင်တစ်ယောက်ဖြစ်နေမှာပဲ”
ယခုအခါ တောင်ထွတ်အားလုံးမှ တပည့်များသည် ဝင်္ကပါဆယ်လွှာစေတီ၏ တိုင်ပင်အချိန်ကို နားလည်သလိုလို ရှိလာကြ၏။
ရှေ့က အဖြစ်များကို နမူနာယူ၍ ပြောရလျှင် လျှို့ဝှက်သောလူက ၉လွှာကို ကျော်ဖြတ်ဖို့အတွက် သုံးရက်ထက်ပို၍ အချိန်ယူပေလိမ့်မည်။
နှစ်ကုန်ပြိုင်ပွဲကလည်း နီးကပ်လာပြီဖြစ်သောကြောင့် ဂိုဏ်းသားအများစုသည် သူတို့၏ အချိန်ကို ဒီနေရာပဲ ဖြုန်းမနေချင်ကြတော့ပေ။ မှောင်ကလဲမှောင်နေပြီ ဖြစ်တာကြောင့် သူတို့သည် လိုဏ်ဂူတိုက်ခန်းတွင် ပြန်နားကြဖို့ လူခွဲပြန်ကုန်ကြ၏။
သိပ်မကြာမီ ဝင်္ကပါဆယ်လွှာစေတီက တိတ်ဆိတ်အေးချမ်းမှုကို ပြန်လည် ရရှိသွား၏။ အကြီးအကဲလောတစ်ယောက်သာလျှင် စေတီရှေ့၌ စောင့်၍ ကျန်ရစ်ခဲ့လေ၏။
ခပ်လှမ်းလှမ်းမှ ရွှမ်ယီက လျှောက်လာပြီး ပြောလိုက်၏။
“အကြီးအကဲလော.. နားချင်ရင် ပြန်နားလိုက်ဦးလေ.. ကောင်လေးက အခုမှ ၉လွှာကို စရောက်တာဆိုတော့ နောက်တစ်ရက်နှစ်ရက်လောက်ထိ အဲ့မှာ ထူးခြားဦးမှာ မဟုတ်လောက်သေးဘူး”
အကြီးအကဲလောက ခေါင်းခါပြလိုက်၏။
“ဘာလဲ.. မင်း စိုးရိမ်နေတာလား” ရွှမ်ယီက ရယ်မောလိုက်၏။
“မင်းစိုးရိမ်နေတာဆိုရင်လဲ ဒီည မင်းအစား ငါစောင့်ပေးလိုက်မယ်”
အကြီးအကဲလောက အသိရခက်စွာ ပြုံးလိုက်ပြီး မေးလိုက်၏။
“၉လွှာမှာ ခင်းကျင်းထားတာက ဘာဝင်္ကပါအမျိုးအစားလဲ မင်းသိလား”
“သတ်ဖြတ်ခြင်းမလား” ရွှယ်ယီက အကြီးအကဲလော၏ မေးခွန်းက အနည်းငယ် ထူးနေသည်ဟု ထင်လိုက်မိပြီး မေးငေ့ါပြလိုက်၏။
အကြီးအကဲလောက နောက်တစ်ကြိမ် ထပ်မေးလိုက်၏။
“၄လွှာက သတ်ဖြတ်ခြင်း ဝင်္ကပါကို ကျော်ဖြတ်ဖို့အတွက် ဆူဇီမို အချိန်ဘယ်လောက်ယူခဲ့လဲ မင်းသိလား”
တစ်ခုခုတော့ တစ်ခုခုပဲဆိုတာ သိလိုက်ပြီး ရွှယ်ယီက ခန့်မှန်းချက် ထုတ်ကြည့်လိုက်၏။
“၁၅မိနစ်လား”
အကြီးအကဲလောက ခွိကနဲ တစ်ချက်ရယ်ကာ မပြောသေးဘဲ ရပ်နေပြီးမှ ဖြည်းဖြည်းချင်း ပြောလိုက်၏။
“၁၇.. စက္ကန့်”
ဟာ!
ရွှယ်ယီ၏ အမူအယာသည် လုံးဝ ပြောင်းလဲသွားပြီး ပင့်သက်ကိုရှိုက်လိုက်၏။
“ဘယ်လို ဖြစ်နိုင်မှာလဲ!”
တိတ်ဆိတ်သွားပြီးနောက် ရွှယ်ယီက အကဲစမ်းသလို မေးလိုက်၏။
“တိုက်ဆိုင်သွားတာများလား”
ဝင်္ကပါဆယ်လွှာစေတီကို ငေးကြည့်လိုက်ပြီး အကြီးအကဲလောက ညင်သာစွာ မှတ်ချက်ပြုလိုက်၏။
“ဟုတ်လား၊ မဟုတ်လားဆိုတာ မကြာခင် ငါတို့ သိရတော့မှာပါ”
ရုတ်တရတ်ဆိုသလို...
အကြီးအကဲ ထိုစကားကို ပြောလိုက်သည့်ခဏမှာပင် ၉လွှာမှ အလင်းက ညအမှောင်ကို ဖောက်ထွက်လာ၍ ဝန်းကျင်တစ်ခွင်ကို ထိန်ထိန်လင်းသွားစေ၏။
ရွှယ်ယီနှင့် အကြီးအကဲလောသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။ အံ့သြတုန်လှုပ်မှုများက အထင်းသာ ပေါ်လွင်နေကြ၏။
“အဲ့ဒါ ဘယ်လောက်ကြာသေးလို့လဲ”
“၄၇ စက္ကန့်လောက်ပဲ”
“ကြည့်ရတာတော့ ဒီကောင်လေးမှာ သတ်ဖြတ်ခြင်းဝင်္ကပါတွေကို ကျော်ဖြတ်ဖို့ နည်းလမ်းတစ်ခု တစ်ကယ်ရှိနေတာပဲ”
“ဆယ်လွှာမှာက မတူညီတဲ့ ဝင်္ကပါအမျိုးအစားနှစ်ခုကို ပေါင်းစပ်ထားတာမလား.. အဲ့ထဲက တစ်မျိုးက သတ်ဖြတ်ခြင်း ဝင်္ကပါဆိုရင်တော့ .. ဟင်းဟင်း.. ကောင်လေးအတွက် ကိစ္စက လွယ်ကူနေတော့မှာပဲ”
“သူသာ ဆယ်လွှာကို ကျော်ဖြတ်နိုင်ခဲ့ရင်....”
. . .
ဆယ်လွှာကို ရောက်ရှိနေသော ဆူဇီမိုသည် သူ့ကြောင့် တောင်ထွတ်ငါးခုမှာ အုန်းအုန်းကျွတ်ကျွတ် ဖြစ်ကုန်ကြသည်ဆိုတာကို မသိရှိပေ။
သူသည် ဤစိန်ခေါ်မှုမှ အကျိုးအမြတ် အများကြီး ရလိုက်၏။
သူသည် အစီအရင်တောင်ထွတ်မှာ ဝင်္ကပါများကို လေ့လာဖို့ အချိန်များစွာ ပေးခဲ့ရသော်လည်း အားလုံးက စာတွေ့သာဖြစ်ပြီး လက်တွေ့မပါခဲ့ပေ။
သို့သော် ဝင်္ကပါဆယ်လွှာစေတီအတွင်းမှာတော့ မတူညီသော အစီအရင်ဝင်္ကပါသခင်များ ခင်းကျင်းထားသော ဝင်္ကပါများကြောင့် သူသည် အမျိုးမျိုးသော နည်းလမ်းများ၊ နည်းစနစ်များကို သိမြင်သင်ယူခွင့် ရရှိခဲ့လေသည်။
ဆယ်လွှာအတွင်း ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်ကြည့်လိုက်ပြီး ဆူဇီမိုသည် ပြုံးလိုက်၏။
၎င်းသည် သတ်ဖြတ်ခြင်းနှင့် ထောင်ချောက် ဝင်္ကပါနှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်၏။ သတ်ဖြတ်ခြင်းဝင်္ကပါက သူ့အတွက် ပြောပလောက်စရာမရှိဘဲ သူတစ်ကယ်အာရုံစိုက် ဖြေရှင်းရမည်မှာ ထောင်ချောက်ဝင်္ကပါသာ ဖြစ်လေသည်။
ဆူဇီမို၏ ပုံစံက ပင်ပန်းနွမ်းနယ်နေပုံ ပေါက်သော်လည်း သူ့မျက်လုံးများကတော့ ကြည်လင်၍ ပြတ်သားနေ၏။
ဝင်္ကပါများကို ဖြေရှင်းရာတွင် စိတ်အားကို များစွာ စိုက်ထုတ်ရ၏။
သို့သော်လည်း သူသည် ဤနေရာမှ ပြန်ထွက်တာနှင့် ဟိုသောက်ကလေးငှက်၏ နှောင့်ယှက်မှုကို စိတ်ပူစရာမလိုတော့ပြီဟူသော တက်ကြွဖွယ်အတွေးနှင့် ဝင်္ကပါများကို ထက်သန်စွာ ဖြေရှင်းနေမိ၏။
ရှစ်ရက်မြောက်နေ့၏ ညသန်းခေါင်ချိန်လောက်တွင် ..
လကသာနေပြီး ကြယ်လေးများကလည်း ရှိနေ၏။ ဝင်္ကပါဆယ်လွှာစေတီရှေ့တွင် အကြီးအကဲလောအပြင် အခြားမည်သူမျှ ရှိမနေပေ။
အကြီးအကဲလောတစ်ယောက် အိပ်ပျော်တော့မည့်အချိန်မှာပင် ဝင်္ကပါဆယ်လွှာစေတီက မပြောမဆိုနှင့် တောက်ပစွာလင်းလက်လာလေ၏။
အံ့သြတုန်လှုပ်စွာနှင့်ပင် အကြီးအကဲလောသည် တောက်ပစွာ လင်းလက်နေသော ဝင်္ကပါလမ်းကြောင်းများကို မမှိတ်မသုန်နှင့် တိတ်တဆိတ် အကြာကြီး ငေးကြည့်နေမိ၏။
ဝင်္ကပါဆယ်လွှာစေတီအတွင်းသို့ ဆူဇီမို စတင်ဝင်ရောက်ခဲ့ချိန်မှ ယခု ဆယ်လွှာမှ အလင်းရောင်ထွက်ပေါ်လာချိန်ထိသည် ရှစ်ရက်ပြည့်ဖို့ ခြောက်နာရီသာ လိုတော့လေသည်။
ဤမျှ အချိန်ထိ စိန်ခေါ်ခဲ့ခြင်းက ကျင့်ကြံသူတစ်ယောက်၏ ဝင်္ကပါများအပေါ် ခင်းကျင်းနိုင်ခြင်းနှင့် ပျက်ပြယ်စေခြင်းတို့အပေါ်တွင် စမ်းသပ်ရုံသာ မဟုတ်တော့ပေ။ ၎င်းသည် သူ၏ ဆုံးဖြတ်ချက်ပြတ်သားခိုင်မာမှု၊ ကိုယ်ကာယကြံ့ခိုင်မှု၊ စိတ်ဓါတ်မာကျောမှု စသည့် အချက်များကိုပါ စမ်းသပ်လိုက်ခြင်း ဖြစ်လေသည်။
အကြီးအကဲလောသည် တွေးရင်းတွေးရင်း လွန်စွာ စိတ်ကျေနပ်၍ ပီတိဖြာနေတော့၏။
ထျန်ဟွမ်ကမ္ဘာ၏ ထောင့်တစ်နေရာရှိ သူစောင့်ကြပ်နေရသော စေတီလေးတစ်ဆူမှ အစီအရင်ဝင်္ကပါသခင်မွန်းစတားတစ်ကောင်သည် တစ်ဖြည်းဖြည်းနှင့် ထွက်ပေါ်လာတော့ပေမည်။