← Chapters

ဓါးဝင်္ကပါ

Vol. 8 Ch. 108

ဓါးဝင်္ကပါ

Vol. 8 Ch. 108

အခန်း ၁၀၈ - ဓါးဝင်္ကပါ

Translator – Than Toe Aung

ဝင်္ကပါဆယ်လွှာစေတီ၏ ဆယ်လွှာတွင် ...

ဆူဇီမိုသည် ဝင်္ကပါကို ပျက်ပြယ်စေပြီးသောအခါ အဖြူရောင်ဝတ်စုံနှင့် လူတစ်ယောက်ကို တွေ့လိုက်ရ၏။ ထိုလူက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး အနက်ရောင်ဆံပင်များက သူ့ပုခုံးပေါ်တွင် လေပြေလေးများ တိုက်ခတ်တိုင်း ဝဲပျံနေ၏။

ထိုလူက စေတီ၏ အပေါ်ဆုံးထပ်ထွက်ပေါက်ဝနားတွင် ဆူဇီမိုကို ကျောပေး၍ ရပ်နေ၏။ သူက ည၏ အစိတ်အပိုင်းတစ်ခုကို တစ်သားတည်းကျနေ၏။

ဆူဇီမိုသည် ထိုလူ၏ မျက်နှာကို မမြင်ရသော်လည်း သူ့အင်္ကျီလက်မောင်းပေါ်မှ ဆဋ္ဌဂံသဏ္ဌာန် အမှတ်အသားတံဆိပ်ကို မြင်လိုက်ရ၏။

သူက အစီအရင်တောင်ထွတ်သခင် ရွှမ်ယီပဲ!

ဆူဇီမိုသည် မျက်ခုံးအနည်းငယ် တွန့်ကွေးသွား၏။

ဒါက ပုံရိပ်ယောင်ဝင်္ကတစ်ခုပဲလား။

ဆယ်လွှာက ဝင်္ကပါနှစ်ခု ပေါင်းစပ်ထားတာမဟုတ်ဘဲ သုံးခုများလား။

သူသည် သတ်ဖြတ်ခြင်းနှင့် ထောင်ချောက်ဝင်္ကပါတို့ကို ပျက်ပြယ်စေခဲ့ပြီးနောက် ပုံရိပ်ယောင်ဝင်္ကပါတစ်ခုအတွင်းသို့ ထပ်မံကျဆင်းသွားတာလား။

“ဒါက ပုံရိပ်ယောင် မဟုတ်ပါဘူး.. မင်းက ဝင်္ကပါဆယ်လွှာစေတီရဲ့ ဆယ်ထပ်စလုံးကို အောင်မြင်စွာ ဖြတ်ကျော်ခဲ့ပြီးပါပြီ”

ဆူဇီမို၏ အတွေးများကို သိနေသကဲ့သို့ ရွှယ်ယီ၏ တည်ငြိမ်ညင်သာသော အသံက ရုတ်တရတ် ထွက်ပေါ်လာခဲ့၏။

တစ်ကယ့် အစီအရင်ဝင်္ကပါသခင်များသည် ကစားပွဲများတွင် ကျင်လည်နေကြသူများဖြစ်ပြီး သဲလွန်စအနည်းငယ် ရှိရုံဖြင့် လူတစ်ယောက်၏ စိတ်ကို ဖတ်နိုင်ကြ၏။

ရွှယ်ယီပြောလိုက်သော အသံကို ကြားသော်လည်း ဆူဇီမိုသည် သတိလက်လွတ်မနေပေ။

မည်သို့ပင်ဆိုစေ ဤကဲ့သို့သော အခြေအနေမျိုးက ပုံရိပ်ယောင်ဝင်္ကပါထဲတွင် မြင်တွေ့နေကျဖြစ်ပြီး အဲ့ဒါက အစစ်လား၊ အတုလားဆိုတာ ခွဲခြားရခက်၏။

နေရာမှာတင် ရပ်တန့်ပြီး အချိန်အတန်ကြာသည့်အထိ ဆူဇီမိုသည် လေ့လာအကဲခတ်ကြည့်နေ၏။ ဝင်္ကပါလမ်းကြောင်းများ၏ အော်ရာကို သူအာရုံခံလို့မရမှသာ ရှေ့သို့ တိုးသွားလိုက်ပြီး လက်သီးဆုပ် ဂါဝရပြုလိုက်၏။

“မင်္ဂလာပါ.. တောင်ထွတ်သခင်”

ရွှမ်ယီက လှည့်မကြည့်ဘဲ မေးလိုက်၏။

“မင်း ဝင်္ကပါပညာကို လေ့လာတာ ဘယ်လောက်ကြာသွားပြီလဲ”

“သုံးလ” ဆူဇီမိုက ဘာကိုမျှ ကွယ်ဝှက်မထားပေ။

ရွှမ်ယီ၏ မျက်လုံးထဲတွင် တုန်လှုပ်အံ့အားသင့်မှုက ပေါ်လာပြီးနောက် ချက်ခြင်းဆိုသလို ပြန်လည်ပျောက်ကွယ်သွား၏။

“သုံး.. သုံးလထဲတဲ့လား...”

ရွှမ်ယီသည် စိတ်ထဲက‌နေ ထပ်ကာထပ်ကာ ရေရွတ်မိနေ၏။ ခဏကြာပြီးနောက် သူသည် ဆူဇီမိုဘက်သို့ လှည့်၍ ပြုံးပြလိုက်၏။

“လာခဲ့လေ.. ငါ့နားမှာ လာရပ်လှည့်”

ခဏမျှ ငေးကြောင်သွားပြီးနောက် ဆူဇီမိုသည် ရွှမ်ယီ၏ ဘေးနားသို့ လျှောက်သွားလိုက်၏။

“ပင်ပန်းနေပြီလား” ရွှမ်ယီက ပြုံး၍ မေးလိုက်၏။

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။ ထိုအချိန်တွင် သူအလုပ်ချင်ဆုံး တစ်ခုတည်းသောအရာမှာ သူ့လိုဏ်ဂူတိုက်ခန်းသို့ အပြေးနှင်ပြီး ဘာကိုမျှ ဂရုမစိုက်ဘဲ အိပ်ချလိုက်ဖို့ပင်။

“မင်းက ဖုန်ဟောက်ယွီနဲ့ ယှဉ်ပြိုင်ဖို့ စိန်ခေါ်ခဲ့တယ်ဆိုတာ ငါကြားမိပါရဲ့.. မင်းမှာ အချိန်လုံလောက်အောင် မရှိတော့တာတောင် ဘာလို့ ဒီကိုလာပြီး ဝင်္ကပါတွေကို လေ့လာနေရတာလဲ” ရွှမ်ယီက သိချင်စိတ်ပြင်းပြသွား၏။

ဟိုသောက်ရူးနားကန်းငှက်၏ ပုံရိပ်က သူ့စိတ်အာရုံထဲတွင် ပေါ်လာပြီး ခေါင်းခါကာ ခြောက်ကပ်ကပ် ရယ်လိုက်မိ၏။

“အဲ့ဒါက ပြောရရင်တော့ အရှည်ကြီးပဲ”

“နှစ်ကုန်ပြိုင်ပွဲရောက်ဖို့က သုံးလတောင် မလိုတော့ဘူး.. လက်နက်သွန်းလုပ်တာနဲ့ ဆေး‌ဖော်စပ်တာကို ငါသိပ်စိတ်မပူပါဘူး.. ဒါပေမယ့် မင်းက ဖုန်ဟောက်ယွီနဲ့ တစ်ဦးချင်းတိုက်ခိုက်ဖို့လဲ စိန်ခေါ်ခဲ့တယ်ဆို” ရွှမ်ယီက မေးလိုက်၏။

“ဟုတ်ပါတယ်”

“မင်းနိုင်မယ်လို့ ထင်လား”

ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ဆူဇီမိုက ခေါင်းခါပြလိုက်၏။

“မထင်ပါဘူး”

သူသည် သူ၏ သားရဲအသွင်ပြောင်းလဲမှုကို စိတ်ပူနေရတာကြောင့်သာ မဟုတ်လျှင် ယုံကြည်မှု အပြည့်အဝရှိလေသည်။

သို့သော်လည်း ကျင့်ကြံရေးနည်းစနစ်ချည်းသက်သက် အသုံးပြုရလျှင်တော့ ဆူဇီမိုသည် ဖုန်ဟောက်ယွီထက် များစွာ နိမ့်ကျနေသေး၏။

ရွှမ်ယီက အလေးအနက် ပြောလိုက်၏။

“တစ်ကယ်တော့ကွာ ချီစုဖွဲ့စစ်သည်တော်ရဲ့ တိုက်ခိုက်တဲ့ပုံစံက ရိုးရိုးလေးပဲ.. ဘာလို့လဲဆိုတော့.. သူတို့ရဲ့ ဒန်ထျန်ထဲမှာ စိတ်ဝိညာဉ်ချီက အကန့်အသတ်နဲ့ ရှိနေလို့ပဲ။ မင်းက ပကတိချီစုဖွဲ့အဆင့်ကို ‌ရောက်ပြီဆိုရင်တော့  မင်းရဲ့ ဒန်ထျန်က ချီပင်လယ်လို ကျယ်ပြန့်လာလိမ့်မယ်.. ဒါပေမယ့်လည်း အဲ့ဒါက စိတ်ဝိညာဉ်ချီအဆင့်မှာပဲ ရှိသေးတယ်။ အဲ့ ဒါပေမယ့် မင်းက အခြေတည်အဆင့်ကို ရောက်လာရင်တော့ မတူတော့ဘူး.. အဲ့ကျရင် စိတ်ဝိညာဉ်ချီက အရည်ပုံစံ ဖွဲ့တည်လာလိမ့်မယ်.. အဲ့အချိန်ရောက်မှပဲ.. မင်းက အားကောင်းတဲ့ စိတ်ဝိညာဉ်ပညာရပ်တွေကို ထုတ်သုံးလာနိုင်လိမ့်မယ်”

ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွား၏။ ပျော်ရွှင်ဖွယ်ကလန်က သူ့အား အမဲလိုက်ခဲ့သည့်အချိန်ကို ပြန်လည်အမှတ်ရသွား၏။ ထိုအချိန်တုန်းက အခြေတည်အဆင့် ကျင့်ကြံသူအချို့ သုံးခဲ့သော မြေပြိုအတတ်နှင့် နွယ်ပင်သစ်ခက်ဆပွားအတတ်တို့လို ထူးဆန်းသည် နည်းစနစ်များက သူ့ကို များစွာ ဒုက္ခရောက်စေခဲ့၏။

ရွှမ်ယီယခုပြောနေသည့် အားကောင်းသည့် စိတ်ဝိညာဉ်ပညာရပ်များဆိုသည်မှာ ထိုကဲ့သို့သော နည်းစနစ်များ ဖြစ်ပေလိမ့်မည်။

“ချီစုဖွဲ့စစ်သည်တော်အချင်းချင်း တိုက်ကြပြီဆိုရင် .. တစ်ကယ်တမ်း နှိုင်းယှဉ်စရာရှိတာက သူတို့ရဲ့ ဓါးကို ထိန်းချုပ်ခြင်းအပေါ်မှာ ကျွမ်းကျင်ပိုင်နိုင်မှုပဲ”

ရွှမ်ယီက ဆက်ပြောလိုက်၏။

“ဓါးပညာအကြောင်း ပြောရပြီဆိုရင် ငါတို့ဂိုဏ်းရဲ့ ဆန်းကြယ်ဓါးသိုင်းအကြောင်းကို ထည့်ပြောရမှာပဲ.. အဲ့ဒါက ငါတို့ဂိုဏ်းရဲ့ လျှို့ဝှက်ပညာရပ်သုံးခုထဲက တစ်ခု၊ ပြီးတော့ ထန်ဟွမ်ပြည်မကြီးရဲ့ မြောက်ဘက်ပိုင်းမှာ ကျော်ကြားတဲ့ ဂုဏ်သတင်းရှိပြီးတော့ ထိပ်တန်းစားရင်းဝင်တယ်။ ဖုန်ဟောက်ယွီက အခု အဲ့ဒါကို လေ့ကျင့်နေပြီ”

ရွှမ်ယီက ဘာကို ဆိုလိုချင်တာလဲဆိုတာ ဆူဇီမို သဘောပေါက်၏။

တစ်နည်းအားဖြင့် ပြောရလျှင် ဆန်းကြယ်ဓါးသိုင်းအား သင်ယူထား‌သော ဖုန်ဟောက်ယွီကို သူသည် အနိုင်ယူနိုင်စရာ အကြောင်းမရှိဟူ၍ပင်။

မှုန်ဝါးဝါး ကြယ်ကလေးများ ခပ်မှိန်မှိန်လင်းနေသောညတွင် ဝင်္ကပါဆယ်လွှာစေတီ၏ အပေါ်ဆုံးထပ်တွင် လူနှစ်ယောက်က မတ်တပ်ရပ်နေကြ၏။ တစ်ယောက်က အဖြူရောင်ဝတ်စုံနှင့် ကျက်သရေတင့်တယ်သော ဟန်ပန်ရှိပြီး.. နောက်တစ်ယောက်ကတော့ အစိမ်းရောင်ဝတ်စုံ၊ ချောမောလှပသည့်မျက်နှာနှင့် စာပေသမားပုံစံလေး ဖြစ်၏။ တောင်ထွတ်ငါးခုမှ တပည့်များသာ ဤမြင်ကွင်းကိုမြင်လျှင် အံ့သြတုန်လှုပ်၍ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြပေလိမ့်မည်။

တောင်ထွတ်သခင်တိုင်းက ရွှေအူတိုင်အဆင့်ဖြစ်ပြီး ဂိုဏ်းထဲ၌ အတော်အတန် မြင့်မားသည် ဂုဏ်အဆင့်အတန်းရှိ၏။

တပည့်တစ်ယောက်က ချီစုဖွဲ့အဆင့်၆သာလျှင် ရှိသေးပြီး တောင်ထွတ်သခင်နှင့် ပုခုံးခြင်းယှဉ်ရပ်၍ အေးအေးလူလူ စကားပြောဆိုနေနိုင်ခြင်းက လူတိုင်းကို အားကျမနာလိုဖြစ်စေနိုင်သည့် အနေအထားဖြစ်၏။

တိတ်ဆိတ်နေသော ဆူဇီမိုကို ကြည့်၍ ရွှမ်ယီက ထပ်ပြောလိုက်၏။

“အစတုန်းကတော့ ငါမင်းကို အဲ့ဒါတွေ မပြောချင်ခဲ့ပါဘူး.. ဒါပေမယ့် အခု မင်းက ဝင်္ကပါဆယ်လွှာစေတီကို အောင်မြင်အောင် ဖြတ်ကျော်နိုင်ခဲ့ပြီဆိုတော့ .. ငါမင်းကို ကမ်းလှမ်းနိုင်တာ တစ်ခုရှိတယ်.. အလုပ်ဖြစ်၊ မဖြစ်ကတော့ မင်းအပေါ်ပဲ မူတည်တယ်”

“ကျေးဇူးတင်ပါတယ်.. တောာင်ထွတ်သခင်”  ဆူဇီမိုသည် ရင်ထဲလျှပ်ကနဲ တစ်ချက်ဖြစ်သွားပြီးနောက် မြန်မြန်ဆန်ဆန်ပင် ဦးညွှတ်၍ ကျေးဇူးတင်ကြောင်း ပြလိုက်၏။

ရွှမ်ယီက ဖြည်းဖြည်းချင်း ဆက်ပြောလိုက်၏။

“အဲ့ဒီမှာ လျှို့ဝှက်ဓါးသိုင်းပညာရပ်လို နည်းစနစ်မျိုးအပြင် ကျင့်ကြံသူတစ်ယောက်ရဲ့ တိုက်ခိုက်ရည်ကို အဆင့်မြှင့်တင်ပေးနိုင်တဲ့ နောက်ထပ်နည်းလမ်းတစ်ခု ရှိသေးတယ်.. .. အဲ့ဒါကတော့ ဓါးဝင်္ကပါပဲ”

“ဓါးဝင်္ကပါလား”  ဆူဇီမိုသည် အတွေးနက်၍ မျက်မှောင်ကြုတ်လိုက်၏။

အစီအရင်တိုက်မှာတုန်းက သူသည် တြိဂံဓါးဝင်္ကပါဟု အမည်ရ‌သော ဝါးယင်းလိပ်တစ်ခုကို အမှတ်မထင် တွေ့ခဲ့ဖူး၏။

ရွှမ်ယီကပင် ထပ်ပြောလိုက်၏။

“တစ်ကယ့်တိုက်ပွဲတွေမှာဆို အစီအရင်ဝင်္ကပါသခင်အများစုက အားနည်းကြတယ်.. ဘာလို့လဲဆိုတော့ တစ်ကယ့်ရန်သူက မင်းကို အစီအရင်ဝင်္ကပါတစ်ခု ခင်းကျင်းဖို့ အချိန်ပေးမှာ မဟုတ်လို့ပဲ။ ဒါပေမယ့်လဲ အစီအရင်ဝင်္ကပါသခင်တွေထဲမှာမှ ထူးခြားတဲ့ ဝင်္ကပါသခင်တစ်မျိုး ရှိတယ်.. အဲ့ဒါကတော့ ဓါးဝင်္ကပါသခင်ပဲ”

“ဓါးဝင်္ကပါသခင်တစ်ယောက် ဖြစ်လာဖို့ဆိုရင်.. မင်းအနေနဲ့ ပထမဆုံး အစီအရင်ဝင်္ကပါတွေအပေါ်မှာ နက်နက်ရှိုင်းရှိုင်း သိမြင်နားလည်ရမယ်.. ဒုတိယအနေနဲ့ ဓါးဝင်္ကပါအမျိုးအစားတစ်ခုကို လေ့ကျင့်နိုင်ရမယ်”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

“ဓါးဝင်္ကပါပညာရပ်တွေက အရမ်းရှားတယ်.. ငါတို့ဂိုဏ်းထဲမှာတောင်မှ နှစ်ခုပဲရှိတယ်.. တစ်ခုကိုတော့ တြိဂံဓါးဝင်္ကပါလို့ခေါ်ပြီး နောက်တစ်ခုကိုတော့ ဆဋ္ဌဂံဓါးဝင်္ကပါလို့ ခေါ်တယ်.. ပထမတစ်ခုက အဆင့်၁ ဝင်္ကပါ၊ နောက်တစ်ခုကတော့ အဆင့်၂ ဝင်္ကပါပေါ့”

“စိတ်ဝိညာဉ်ဓါးပျံတွေကို ပျံသန်းစေတဲ့အခါ ဓါးရဲ့နောက်မှာ စိတ်ဝိညာဉ်အမှတ်အသားတစ်ချို့က ကြွင်းကျန်ရစ်ခဲ့တယ်.. ငါတို့က အဲ့ဒီကြွင်းကျန်ရစ်ခဲ့တဲ့ စိတ်ဝိညာဉ်အမှတ်အသားတွေကို ဝင်္ကပါလမ်းကြောင်းတစ်ခု ဖြစ်လာအောင် ဓါးပျံကို ထိန်းချုပ်ရမှာပဲ.. အဲ့လိုနဲ့ ငါတို့က ဝင်္ကပါတစ်ခုကို လျှင်လျှင်မြန်မြန် ခင်းကျင်းနိုင်ပြီး အားကောင်းတဲ့ စွမ်းအားက ပေါက်ကွဲထွက်ပေါ်လာမှာပဲ”

ဤစကားများကို ကြားရသောအခါ ဆူဇီမိုသည် တုန်လှုပ်သွား၏။

ရိုးရိုးဝင်္ကပါလမ်းကြောင်းတစ်ခု ခင်းကျင်းခြင်းကပင် အစီအရင်ဝင်္ကပါသခင်တစ်ယောက်အတွက် မလွယ်ကူချေ။ အနည်းငယ် မှားယွင်းသွားတာနှင့် ဝင်္ကပါက ပျက်ဆီးသွားနိုင်၏။

ယခု ပြောနေသည်မှာ လေထဲတွင် ကြွင်းကျန်ရစ်ခဲ့သော စိတ်ဝိညာဉ်အမှတ်အသားများကို ဝင်္ကပါလမ်းကြောင်းနေရာမှာ အစားထိုးဖို့ ဖြစ်၏။ ထိုအရာက ဘယ်လောက်ပိုခက်ခဲလာမလဲ သူမှန်းတောင် မမှန်းတတ်တော့ပေ။

ရွှမ်ယီက ဆက်ပြောလိုက်၏။

“ဓါးဝင်္ကပါသခင်တွေက အရမ်းရှားပါးရတဲ့ အကြောင်းရင်းကလဲ အဲ့ဒါက အောင်မြင်အောင် လေ့ကျင့်နိုင်ဖို့ အရမ်းခက်ခဲလို့ပဲ.. ဝင်္ကပါသခင်တွေထဲမှာမှ ဓါးဝင်္ကပါသခင်တွေက ဝင်္ကပါရဲ့ ဖွဲ့တည်မှုကို တစ်ကယ် နက်နက်နဲနဲ နားလည်တဲ့ တစ်ကယ့်လက်ရွေးစင်တွေပဲ.. နောက်ပြီး ဓါးဝင်္ကပါသခင်တွေက ဓါးပျံများစွာကို ထိန်းချုပ်အသုံးပြုရတယ်.. တိုက်ပွဲတွေမှာ ဓါးပျံတစ်ချောင်းကို ထိန်းချုပ်ရတာတောင် လွယ်တာမဟုတ်ဘူးလေ.. ဓါးပျံအများကြီးဆိုရင်တော့ ပြောမနေနဲ့တော့”

ဆူဇီမိုသည် ခေါင်းညိတ်လိုက်၏။

ဥပမာ တြိဂံဓါးဝင်္ကပါကို ပုံဖော်ဖို့ဆိုလျှင် ဓါးပျံသုံးလက်ကို ထိန်းချုပ်နိုင်ဖို့ လိုလေသည်။

နာမည်အရဆိုလျှင် ဆဋ္ဌဂံဓါးဝင်္ကပါက ဓါးပျံခြောက်လက်ကို ထိန်းချုပ်အသုံးပြုရပေမည်။

“ပြီးတော့ ဓါးပျံများစွာကို ထိန်းချုပ်ရတာက စိတ်ဝိညာဉ်ချီကိုလဲ မြန်မြန်ကုန်ဆုံးစေတယ်.. ဝင်္ကပါကသာ ပုံဖော်နေရင်း ပျက်ဆီးသွားမယ်ဆိုရင် အဲ့ဒီမှာ မင်းစိုက်ထုတ်ထားရတဲ့ စိတ်ဝိညာဉ်ချီတွေက အလကား ဖြစ်သွားပြီပဲ.. အဲ့ဒါဆိုရင်တော့ မင်းက ကိုယ့်သေတွင်း ကိုယ်တူးမိပြီပဲ”

ရွှမ်ယီက ဟက်ကနဲ တစ်ချက်ရယ်ရင်း ပြောလိုက်၏။

“အဲ့ဒါထက် .. ပုံမှန်အစီအရင်ဝင်္ကပါသခင်တစ်ယောက်က ဓါးပျံတွေအများကြီးကို ဘယ်ကနေ သွားရှာမလဲ.. ဥပမာ ပြောရရင် .. ငါတို့ရဲ့ အစမ်းတပည့်တွေအကုန်လုံးကို ဂိုဏ်းက အဆင့်နိမ့်ဓါးပျံတစ်လက်စီပဲ ထောက်ပံ့ပေးထားနိုင်တာ မဟုတ်လား.. သုံးလက်.. ခြောက်လက်.. အဲ့ထက်များများ .. ကဲပြော ဘယ်ကနေ သွားရှာမလဲ”

“အဆင့်မတူတဲ့ ဓါးပျံ‌တွေဆိုရင်တော့ ရောသုံးလို့ရလား” ဆူဇီမိုက မေးလိုက်၏။

“မရဘူး”

ရွှမ်ယီက ခေါင်းခါလိုက်၏။

“မင်းသိထားဖို့လိုတာက ဓါးဝင်္ကပါမှာ သုံးရမယ့်ဓါးပျံတွေက အဆင့်တူရမယ်.. အဲ့လိုမှမဟုတ်ရင် လေထဲမှ ချန်ရစ်ရမယ့် ဝင်္ကပါလမ်းကြောင်းက လမ်းကြောင်းသွေဖယ်မှုတွေ ဖြစ်ကုန်ပြီးတော့ ဝင်္ကပါကလည်း ကျိန်းသေပေါက် ပျက်ဆီးသွားမှာပဲ”

All Chapters