← Chapters

ကမ္ဘာတုန်လောက်သော

Vol. 8 Ch. 109

ကမ္ဘာတုန်လောက်သော

Vol. 8 Ch. 109

အခန်း ၁၀၉ - ကမ္ဘာတုန်လောက်သော

Translator – Than Toe Aung

“တတ်နိုင်ရင် ဓါးပျံတွေက အဆင့်တူ၊ တည်ဆောက်ပုံတူ၊ အရွယ်အစားတူ၊ အလေးချိန်တူ၊ ထက်ရှမှုတူဆိုရင်တော့ ဝင်္ကပါကို ခင်းကျင်းရတာက အများကြီး ပိုလွယ်သွားလိမ့်မယ်”

ခဏမျှ ရပ်တန့်လိုက်ပြီးနောက် ရွှမ်ယီက ရယ်‌မောပြောလိုက်၏။

“ဒါပေမယ့်လဲ အဲ့ဒါက နတ်ပန်းပဲဆရာတစ်ယောက်ထဲကနေ သွန်းလုပ်ထားတဲ့ ဓါးပျံအစုံလိုက်မှ မဟုတ်ရင် ဘယ်ဖြစ်နိုင်ပါ့မလဲ”

“ဓါးပျံအစုံလိုက်လား” ဆူဇီမို၏ မျက်လုံးများက အဓိပ္ပါယ်ပါပါ လင်းလက်သွား၏။

“မင်းက နတ်ပန်းပဲတောင်ထွတ်ကပဲ ..  မင်းက နတ်ပန်းပဲဆရာတစ်ယောက်တစ်‌ယောက် ဖြစ်မလာသေးဘူးဆိုရင်တောင် လက်နက်သွန်းလုပ်ရတာက ဘယ်လောက်ခက်ခဲလဲ မင်းလဲသိမှာပေါ့.. အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်တစ်ခု ပြုလုပ်ဖို့တောင် မလွယ်တာ.. အစုံလိုက်ရဖို့ဆိုတာ ဝေးရော”

ထိုစကားကို ကြားရချိန်တွင် ဆူဇီမို၏ရင်က လျှပ်ကနဲ ဖြစ်သွား၏။

အခြားအရာများကို မသိသော်လည်း.. ထပ်တူညီသော ဓါးပျံတစ်စုံ ပြုလုပ်ဖို့က သူ့အတွက် သိပ်ပြီး ခက်မည့်အရာ မဟုတ်ပေ။

“ဟုတ်တယ်.. အဲ့ဒါက သိပ်ပြီး လွယ်ကူတဲ့လမ်းကြောင်းတော့ မဟုတ်ဘူးပေါ့.. အဲ့စိတ်ကူးက ဖုန်ဟောက်ယွီကို မနိုင်တဲ့အပြင် ပိုတောင် ဆိုးရင်ဆိုးသွားဦးမှာ.. အချိန်ကလဲ သုံးလလေးပဲ ကျန်တော့တာဆို‌တော့ မင်းမှာပြင်ဆင်ချိန်ကလဲ ကောင်းကောင်းမရှိတော့ဘူး”

ရွှမ်ယီက မျှော်လင့်တကြီးဖြင့် ဆက်ပြောလိုက်၏။

“ဘယ်လိုပဲဖြစ်ဖြစ်.. မင်းက ငါတွေ့ဖူးသမျှထဲမှာ အထုံပါရမီအကောင်းဆုံး၊ အရည်အချင်းအရှိဆုံး ဝင်္ကပါသခင်တစ်ယောက်ပဲ.. မင်းသာ ဒီလမ်းကြောင်းကို ဆက်လျှောက်မယ်ဆိုရင် တစ်နေ့မှာ တစ်ကယ့် ဓါးဝင်္ကပါသခင်တစ်ယောက် ဖြစ်လာမှာ အသေအချာပဲ”

“တောင်ထွတ်သခင် ခင်ဗျား.. သင်ကရော ဓါးဝင်္ကပါသခင်တစ်ယောက်ပါပဲလား”  ဆူဇီမိုက ရုတ်တရတ် မေးလိုက်၏။

“ဒါပေါ့.. ငါတို့ဂိုဏ်းမှာ ငါက တစ်ဦးတည်းသော ဓါးဝင်္ကပါသခင်ပဲ”  ရွှမ်ယီက ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။

ထိုအခါမှသာ ရွှမ်ယီက ဘာကြောင့် သူ့ကို စောင့်ဆိုင်း၍ ထိုအရာများကို ပြောပြနေခဲ့သလဲဆိုတာ ဆူဇီမို နားလည်သွား၏။ သူက ဂိုဏ်းထဲမှာ သူ့ရဲ့ ဓါးဝင်္ကပါပညာကို အမွေဆက်ခံမယ့်သူကို ရှာဖွေနေတာပဲ။

သိုလှောင်အိတ်ထဲမှ ယင်းလိပ်တစ်ခုကို ဆွဲထုတ်လိုက်ပြီး ရွှမ်ယီက ဆူဇီမိုကို ကမ်းပေးလိုက်၏။

“အစီအရင်တိုက်ထဲက တြိဂံဓါးဝင်္ကပါကို မင်းဖတ်ပြီးပြီလို့ ငါထင်တယ်.. အခု ဒါကတော့ ဆဋ္ဌဂံဓါးဝင်္ကပါပဲ.. မင်း အဲ့ဒါကို သေချာမှတ်ပြီးရင် မီးရှို့ပစ်လိုက်.. တခြားကို ထပ်မပျံ့စေနဲ့”

ဆူဇီမိုသည် လက်နှစ်ဖက်ဖြင့် တရိုတသေ လက်ခံယူလိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။

ရွှမ်ယီက တစ်ခဏမျှ ချင့်ချိန်ပြီးနောက် ဆက်ပြောလိုက်၏။

“ဇီမို.. တစ်ခဏတာ ကျရှုံးသွားလဲ စိတ်မပျက်ပါနဲ့.. လျှောက်ရမယ့်လမ်းက အရှည်ကြီး ကျန်သေးတယ်”

ဆူဇီမိုသည် သိလိုက်၏။ ဖုန်ဟောက်ယွီကို သူရှုံးနိမ့်သွားသည့်အခါ စိတ်ဓါတ်ပျက်ပြား အားငယ်သွားမည်ကို စိုးရိမ်သောကြောင့် ရွှမ်ယီက ထိုစကားကို ပြောနေခြင်း ဖြစ်လေသည်။

တစ်ကယ်တော့ ရွှမ်ယီသာ မဟုတ်ပေ။ ကျန်တောင်ထွတ်သခင်လေးယောက်ရော၊ ဂိုဏ်းထဲက မည်သူမဆိုပါ ဆူဇီမိုကို ရှုံးနိမ့်မည်ဟုသာ တစ်ထစ်ချ တွက်ထားကြ၏။

သူသည် ဆေးပညာနှင့် ပန်းပဲပညာတွင် ဖုန်ဟောက်ယွီနှင့် လက်ရည်တူ ယှဉ်နိုင်ကောင်းပေလိမ့်မည်။

သို့သော်လည်း သူတို့နှစ်ယောက် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ပြီဆိုပါက ဆူဇီမိုသည် အရှက်တကွဲအကျိုးနည်းနှင့် ရှုံးနိမ့်ဖို့သာရှိသည်ဟု သူတို့အားလုံး တွေးထားကြလေသည်။

တစ်ကယ်တမ်းပြောရလျှင်တော့ ဆန်းကြယ်တောင်ထွတ်တွင် ဆူဇီမိုဘက်ကနေ ပိုတွက်ထားသည့်သူ တစ်ဦးတော့ရှိ၏။ သို့‌သော် ထိုတစ်ဦးတည်းသောသူက လူသားတော့ မဟုတ်ပေ။

“ကဲကဲ လုပ်စရာရှိတာလုပ်တော့.. အချိန်က ရတနာပဲ.. ဆေးပညာနဲ့ ပန်းပဲပညာမှာ ပိုအာရုံစိုက်ပါ.. အဲ့ဒါဆို မင်း တောင်ထွတ်နှစ်ခုရဲ့ နံပါတ်တစ် ဖြစ်လာလိမ့်မယ်” ရွှမ်ယီက ညွှန်ကြားလိုက်၏။

ဆူဇီမိုသည် ခေါင်းညိတ်လိုက်ပြီး ဆဋ္ဌဂံဓါးဝင်္ကပါကျမ်းကို သိမ်းလိုက်၏။ ထို့နောက် သူ့ဓါးပျံကို ထုတ်ယူလိုက်ပြီး ဝင်္ကပါဆယ်လွှာစေတီမှ ထွက်ခွာသွားလေတော့၏။

ဝင်္ကပါဆယ်လွှာစေတီမှ ဆူဇီမို ထွက်သွားသည့်တစ်ခဏ၌ ဝင်္ကပါဆယ်လွှာကျောက်စာတိုင်ထက်ရှိ နာမည်အားလုံးသည် အောက်သို့ တစ်ထစ်စီလျှော့ဆင်းသွားလေတော့၏။

ယခင်ထိပ်ဆုံးမှာရှိသော ကျုံးဝမ်၏ နာမည်က ဒုတိယတန်းသို့ ရောက်ရှိသွားလေပြီ။

ကျောက်စာတိုင်၏ အပေါ်ဆုံးစာတန်းနေရာတွင် ပေါ်လာသည်မှာ...

“........  ...ဆယ်လွှာကို ကျော်ဖြတ်နိုင်ခဲ့... ကြာချိန် ၇ရက်နဲ့ ၁၈နာရီ”

(ဤနေရာတွင် ပြောလိုသည်မှာ ကြာချိန်ကို ဖော်ပြရာ၌ .. ယခင်အလွှာများကို ကျော်ဖြတ်ခဲ့စဉ်က သက်ဆိုင်ရာအလွှာ၏ ကျော်ဖြတ်ချိန်ကိုသာ ဖော်ပြခဲ့ပြီး.. ယခုဆယ်လွှာကို ကျော်ဖြတ်နိုင်ခဲ့ချိန်မှာတော့ ပထမလွှာမှ ဆယ်လွှာအထိ တောက်လျှောက်ကျော်ဖြတ်ခဲ့ချိန်ကို ဖော်ပြခြင်းဖြစ်၏။ ဘာကြောင့်ရယ်မသိသော်လည်း ကျွန်ုပ်မှာ ဘာသာပြန်သူသာ ဖြစ်သည့်အတွက် မူရင်းအတိုင်းသာ ပြန်ပေးလိုက်ပါသည်ခင်ဗျာ။)

သို့သော်လည်း စာတန်းမှာ မပြည့်မစုံဖြစ်နေပြီး စိန်ခေါ်သူ၏ အမည်နေရာ၌ ကွက်လပ်ဖြစ်နေ၏။

ထိုအချိန်မှာပင် ရွှမ်ယီသည်လည်း ဝင်္ကပါဆယ်လွှာစေတီထက်မှ ဆင်းသက်လာခဲ့ပြီဖြစ်ပြီး အမှတ်တမဲ့ကြည့်ရင်း ကျောက်စာတိုင်မှ အဖြစ်ကို မြင်တွေ့သွား၏။

“ဒီကောင်လေးက တော်တော်ပင်ပန်းနေပြီ ဖြစ်ရမယ်.. ဝင်္ကပါဆယ်လွှာကျောက်စာတိုင်ကို သူ့ဂိုဏ်းတံဆိပ်ပြားနဲ့ ခေါက်သွားဖို့တောင် မေ့သွားပြီ”

အကြီးအကဲလောသည် ငေးမောနေရာမှ ရုတ်တရတ် သတိရသွား၏။

“အားယား.. ငါမေ့နေတာ ကြည့်စမ်း သူ့ကို အဲ့အကြောင်း မပြောလိုက်ရဘူး”

ဝင်္ကပါဆယ်လွှာစေတီကို စိန်ခေါ်ပြီးနောက် ကျောက်စာတိုင်ကို ဂိုဏ်းတံဆိပ်ပြားနှင့် တစ်ချက်ခေါက်လိုက်မှသာလျှင် ကျောက်စာတိုင်၏ ထိုသူ၏ အမည်ကို မှတ်တမ်းတင်ပေးလိမ့်မည် ဖြစ်လေသည်။

ပြီးခဲ့သောသုံးလအတွင်း ဆူဇီမိုသည် အစီအရင်တိုက်ထဲတွင် ရှေးဟောင်းစာများကို ဖတ်ရှုရင်းနှင့်သာ အချိန်ကုန်နေခဲ့၏။ သူသည် မည်သည့် အစီအရင်တောင်ထွတ်၏ တပည့်တစ်ယောက်နှင့်မျှ စကားပြောဆိုခဲ့ခြင်းလည်း မရှိပေ။ ထို့ကြောင့် သူသည် ဝင်္ကပါဆယ်လွှာစေတီနှင့် ပတ်သတ်သည့် အချက်အလက်များကို တစ်စုံတစ်ခုမျှ မသိရှိခဲ့ပေ။

သူသည် စေတီထဲသို့ မဝင်ခင် ကြီးမားသည့် ကျောက်စာတိုင်ကြီးကို တွေ့ခဲ့သော်လည်း ဘာမှ သိပ်အထွေအထူး စဉ်းစားမနေဘဲ စေတီထဲသို့သာ တန်းဝင်သွားခဲ့ခြင်းဖြစ်၏။

ဆူဇီမိုသည် နတ်ပန်းပဲတောင်ထွတ်မှ တပည့်တစ်ယောက်ဟု သိလိုက်ရသောအခါ အကြီးအကဲလောသည် ထိုကောင်လေးက အပျော်သက်သက် လာရောက်စမ်းသပ်ခြင်း ဖြစ်မည်ဟုသာ တွေးလိုက်၏။ ထိုကောင်လေး၏ နာမည်က ကျောက်စာတိုင်ထက်သို့ ရောက်ရှိလာနိုင်လိမ့်မည်ဟု သူမထင်ခဲ့ပေ။ ထိုကြောင့်ပင် ထိုအကြောင်းကို ပြောဖို့ မေ့လျော့ခဲ့ခြင်း ဖြစ်၏။

“ငါ သူ့ကို ပြန်လိုက်ခေါ်ရင် ကောင်းမလား” အကြီးအကဲလောက ရုတ်တရတ် ကျုံးထလိုက်ပြီး ဆူဇီမိုနောက်ကို လိုက်ဖို့ ဟန်ပြင်လိုက်၏။

ရွှမ်ယီက လက်ကာပြပြီး ခေါင်းခါလိုက်၏။

“ထားလိုက်တော့ ဒီကလေးက တစ်ပတ်လုံးလုံး အိပ်ရသေးတာ မဟုတ်ဘူး.. သူကောင်းကောင်း နားပါစေ”

“ဒါဆို ငါမနက်ဖြန် သူ့ကို သွားပြောရမလား” အကြီးအကဲလောက ထပ်မေးလိုက်၏။

ရွှမ်ယီက ခဏကြာ တိတ်နေပြီးမှ ပြောလိုက်၏။

“နှစ်ကုန်ပြိုင်ပွဲပြီးမှသာ ပြောလိုက်တော့.. အခုနေ‌တော့ အဲ့ဒါကို ကွယ်ဝှက်ထားတာကောင်းမယ်.. ဝင်္ကပါဆယ်လွှာစေတီရဲ့ ဆယ်လွှာစလုံးကို တစ်ယောက်ယောက်က ‌ကျော်ဖြတ်နိုင်ခဲ့တယ်ဆိုတာကိုသာ သိကြရင် ‌တောင်ထွတ်ငါးခုစလုံးက အုံးအုံးကျွတ်ကျွတ် ဖြစ်ကုန်ကြမှာ.. အဲ့ဒါက သူဆိုတာ သိသွားကြရင် သူရဲ့ တည်ငြိမ်မှုကိုပါ အနှောင့်အယှက် ဖြစ်စေနိုင်တယ်.. ဘာပဲဖြစ်ဖြစ် နှစ်ကုန်ပြိုင်ပွဲကလဲ နီးပြီဆိုတော့ ဒီကြားထဲမှာ သူအေးအေးဆေးဆေး ကျင့်ကြံ့ပါစေလေ”

“ဟုတ်တယ် အဲ့အကြံကောင်းတယ်”

အကြီးအကဲလောက ခေါင်းညိတ်လိုက်၏။

“သူ့အတွက် အချိန်က အရေးကြီးနေပြီ.. သူ့ကျင့်ကြံမှုကို အနှောင့်အယှက် မဖြစ်စေတာ ကောင်းပါတယ်လေ”

သူတို့နှစ်ယောက်သည် အနည်းငယ် ထွေရာလေးပါး စကားပြောဆိုကြပြီးနောက် နှုတ်ဆက်ခွဲခွာလိုက်ကြ၏။

အကြီးအကဲလောလည်း ယခုမှသာ စိတ်အေးလက်အေး နားရပေတော့မည်။

ထိုညတွင် ဝင်္ကပါဆယ်လွှာစေတီက တည်ငြိမ်အေးချမ်းနေ၏။ တောင်ထွတ်ငါးခုမှ တပည့်များသည် အိပ်မောကျနေကြပြီး ထိုညတွင် ဖြစ်ပျက်ခဲ့သည်များကို မသိရှိကြသေးပေ။

. . .

ယုဖျင်သည် အစီအရင်‌တောင်ထွတ်၏ တပည့်တစ်ယောက်ဖြစ်၏။ ဤရက်များအတွင်း သူလုပ်နေလေ့ရှိသော အကျင့်တစ်ခုမှာ မနက်လင်းတာနှင့် ဝင်္ကပါဆယ်လွှာကျောက်စာတိုင်ကို ပြေးကြည့်ခြင်းပင်။ ထို့နောက်မှသာ တခြား သူလုပ်စရာရှိသည်များကို ဆက်လုပ်ပေလိမ့်မည်။

ဤမနက်တွင် ယုဖျင်သည် ဓါးပျံစီး၍ ဝင်္ကပါဆယ်လွှာစေတီကို တစ်ပတ် ပတ်လိုက်ပြီးနောက် ဝင်္ကပါဆယ်လွှာကျောက်စာတိုင်ကို တစ်ချက်လှမ်းကြည့်လိုက်၏။

“ဘာမှ မပြောင်းလဲဘူးလား”

သူသည် တိတ်တဆိတ် ရေရွတ်လိုက်၏။

ဝင်္ကပါဆယ်လွှာကျောက်စာတိုင်ပေါ်တွင် စာတန်း ၁၀၀ ရှိပြီး ရုတ်တရတ် ကြည့်လိုက်လျှင် ဘာမျှ ပြောင်းလဲမှုမရှိဟု ထင်ရ၏။

ရုတ်တရတ်ဆိုသလို..

ယုဖျင်၏ အကြည့်က အပေါ်ဆုံးစာတန်းပေါ်အရောက်မှာတော့ သူ့အမူအယာက တစ်မုဟုတ်ချင်း ပြောင်းလဲသွားလေသည်။ သူ့မျက်လုံးများက ပြူးကြယ်သွားပြီး သူငယ်အိမ်က တင်းကျပ်သွား၏။

တစ်စုံတစ်ရာ ပြောင်းလဲသွားချေပြီ။

ဝင်္ကပါဆယ်လွှာကျောက်စာတိုင်ပေါ်တွင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာလေပြီ။

အပေါ်ဆုံးအတန်းရဲ့ အမည်က....

“ဘာလဲဟ”

ထိုအရာက ဘာအဓိပ္ပါယ်ပါလိမ့်။

ကွက်လပ်လား။

ယုဖျင်သည် ကြောင်အသွား၏။

သူ့မျက်လုံးများကို မှိတ်လိုက်ဖွင့်လိုက်လုပ်ပြီး ထပ်ကြည့်လိုက်၏။ ထိုအရာက တစ်ကယ်ပင် ကွက်လပ်ဖြစ်၏။

မြေပေါ်သို့ ဆင်းသက်လိုက်ပြီး .. သူ့မျက်လုံးများကို ပွတ်သပ်ကာ အနီးကပ်တိုးကြည့်လိုက်၏။ သို့သော်လည်း အဲ့ဒါက ဗလာကွက်လပ်ဖြစ်နေတုန်းပင်။

စိန်ခေါ်သူမှာက နာမည်မရှိဘူးလား။

ယုဖျင်သည် မသိလိုက်မသိဖာသာနှင့်ပင် စာတန်း၏ အနောက်ကို ဆက်ဖတ်လိုက်ပြီးနောက် တုန်လှုပ်မှုဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားကာ သူ့မျက်လုံးများက ကျွတ်ထွက်တော့မည်ကဲ့သို့ ဖြစ်သွားလေ၏။

“ဆယ်လွှာကို ကျော်ဖြတ်နိုင်ခဲ့... ၇ရက်နှင့် ၁၈နာရီ”

ထိုစာသားက သူ့ကို အကြီးအကျယ် ချောက်ချားသွားစေ၏။

ယုဖျင်သည် မလှုပ်မယှက် ငြိမ်သက်၍ ရပ်နေပြီး သူ့စိတ်ထဲမှာတော့ ဗြောင်းဆန်အောင် ဝရုန်းသုန်းကား ဖြစ်နေလေသည်။ သူလုပ်နေသော တစ်ခုတည်းသောအရာမှာ တစ်စုံတစ်ခုကို ပါးစပ်ကနေ ထပ်ကာထပ်ကာ ရေရွတ်နေခြင်း ဖြစ်လေသည်။

“ဆယ်လွှာကို ကျော်ဖြတ်နိုင်ခဲ့.. ဆယ်ကျော်လွှာကို ကျော်ဖြတ်နိုင်ခဲ့....”

“ဂျူနီယာညီလေးယု ဒီနေ့ အစောကြီးပါလား”

တိတ်ဆိတ်ငြိမ်သက်နေသောသူ့ကို အနောက်ကနေ့ တစ်စုံတစ်ယောက်က လာရောက်နှုတ်ဆက်လိုက်၏။

“မင်း ဒီဝင်္ကပါဆယ်လွှာကျောက်စာတိုင်စာရှေ့မှာ မလှုပ်မယှက်နဲ့ ဘာရပ်လုပ်နေတာတုန်း”

အစီအရင်တောင်ထွတ်၏ တပည့်တစ်ယောက်က ယုဖျင်ဘေးနားသို့လာ၊ ပုခုံးကိုပုတ်၊ စကားပြောလိုက်ပြီးနောက် အမှုမဲ့အမှတ်မဲ့ အပေါ်သို့ မော့ကြည့်လိုက်၏။

ချက်ခြင်းဆိုသလိုပင်.. ထိုလူ၏ မျက်နှာထက်က အပြုံးက အေးစက်တောင့်ခဲသွား၏။

သိပ်မကြာခင်မှာပင် အိပ်စက်နေကြသော အစီအရင်တောင်မှ တပည့်များ၏ နားထဲသို့ စူးရှသော ကျယ်လောင်သော အော်သံများကို ဝင်ရောက်လာ၏။

“ကျော်ဖြတ်နိုင်ခဲ့ပြီ .. ကျော်ဖြတ်နိုင်ခဲ့ပြီဟေ့”

“လျှို့ဝှက်တဲ့ စိန်ခေါ်သူက ဆယ်လွှာစလုံးကို ကျော်ဖြတ်သွားခဲ့ပြီ”

“တစ်ကယ့် တုန်လှုပ်စရာ စံချိန်သစ်ပဲဟေ့! ကျုံးဝမ်ကတော့ အပြတ်အသတ် ရှုံးသွားပြီ!”

တစ်နာရီအတွင်းမှာပင် သတင်းက တောင်ထွတ်ငါးခုစလုံးသို့ ပျံ့နှံ့သွားလေပြီ။

၎င်းသည် ကမ္ဘာတုန်လောက်သော သတင်းဖြစ်လေသည်။

All Chapters