သူဘယ်သူလဲ
Vol. 8 Ch. 110
အခန်း ၁၁၀ - သူဘယ်သူလဲ
ဤနေ့တွင် တောင်ထွတ်ငါးခုမှ အစမ်းတပည့်များ အကုန်လုံးနီးပါးသည် အစီအရင်တောင်ထွတ်သို့ ၀ရုန်းသုန်းကားဖြင့် ပြေးလာကြလေသည်။
ထိုမျှသာမကသေး၊ ဆန်းကြယ်တောင်ထွတ်၏ အတွင်းစည်းတပည့် ထက်၀က်လောက်သည်လည်း ထိုသတင်းကို ကြားကြားချင်း အပြေးလာကြည့်ကြလေသည်။
ပုံမှန်အားဖြင့်တော့ ၀င်္ကပါဆယ်လွှာစေတီတွင် စံချိန်အသစ်တစ်ခု ပေါ်ပေါက်လာခြင်းက ဤမျှလောက်အထိ အုတ်သော်အောင်းနင်း ဖြစ်စရာ အကြောင်းမရှိပေ။ သို့သော်လည်း ဒီတစ်ခေါက်စံချိန်က အဆင့်များစွာကို ခုန်ကျော်တက်သွားခြင်းကြောင့် ဖြစ်လေသည်။
၀င်္ကပါလွှာစေတီတွင် အလွှာဆယ်လွှာရှိပြီး စိန်ခေါ်သူက အားလုံးကို ကျော်ဖြတ်ပြခဲ့လေသည်။
သိပ်မကြာခင်မှာပင် ၀င်္ကပါဆယ်လွှာစေတီရှေ့၌ များစွာသော တပည့်များသည် စုဝေးမိလာကြပြီး ကောင်းကင်ထက်မှာလည်း ဓါးပျံများ စီးနင်း၍ လာနေကြသူများက အဆက်မပြတ်သေးပေ။
စိတ်ဝိညာဉ်တောင်ထွတ်၏ ဖုန်ဟောက်ယွီ၊ လမ့်ရိုနှင့် ဖက်တီးလေးတို့သည်လည်း ထို့အထဲတွင် ပါလာကြ၏။
နတ်ပန်းပဲတောင်ထွတ်မှ ရွှယ်ယိနှင့် အခြားသူများလည်း ရောက်လာကြ၏။
ကျုံး၀မ်သည် ၀င်္ကပါဆယ်လွှာကျောက်စာတိုင်ရှိ အပေါ်ဆုံးစာတန်းကို ၀မ်းနည်းဆွေးမြည့်စွာဖြင့် ကြည့်လိုက်၏။
ကိစ္စက ဤသို့ဖြစ်လာမည်ကိုသာ သူကြိုသိခဲ့လျှင်၊ သူသည် ထိုသူကို အနိုင်ရနိုင်မည် အထင်နှင့် စေတီသို့ ထပ်ကာထပ်ကာလာ၍ စိန်ခေါ်ခဲ့လိမ့်မည် မဟုတ်ပေ။ သူတို့နှစ်ယောက်က ၀င်္ကပါပညာရပ်တွင် တူညီသောအဆင့်မှာ ရှိမနေခဲ့ပေ။ သူကသာ တစ်ဖက်သတ် အတွေးလွန်၍ ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့ခြင်း ဖြစ်၏။
၀င်္ကပါဆယ်လွှာစေတီ၏ ဆယ်လွှာစလုံးကို ကျော်ဖြတ်နိုင်ခဲ့သောကြောင့် ထိုသူကို ဥပစာအစီအရင်၀င်္ကပါသခင်ဟု ခေါ်ရပေတော့မည်။
ချီစုဖွဲ့အဆင့်မှာတင် ဥပစာအစီအရင်၀င်္ကပါသခင်တစ်ယောက် ဖြစ်လာသည်ဆိုသော အချက်အလက်က အတော်ကို ကြောက်စရာကောင်းလွန်းနေ၏။
ဤစံချိန်က တစ်ကယ့်ကို မကြုံစဖူး ထူးခြားနေသည်သာမက၊ နောက်အနာဂတ်တွင်လည်း ၎င်းကို မည်သူကမျှ ကျော်ဖြတ်နိုင်တော့မည် မဟုတ်ပေ။ ထိုလူက ရှစ်ရက်လောက်ကို မအိပ်မစားဘဲ ၀င်္ကပါတွေကို ဖြေရှင်းနေခဲ့တာဆိုတော့ .. သူက သူ့ခန္ဓာကိုယ်ကို ဘယ်လိုတောင် လေ့ကျင့်ထားပါလိမ့်။
စိန်ခေါ်သူက သူ့နာမည်ကို ချန်မထားခဲ့သောကြောင့် လူတိုင်း၏ သိချင်စိတ်သည် ပို၍ ပြင်းပျလာကြပြီး မှန်းဆချက်အမျိုးမျိုးက ထွက်ပေါ်လာ၏။
"ဒီလူက ဘယ်သူလဲကွာ.. ငါသိချင်လာပြီ"
"လျှို့ဝှက်တဲ့ စိန်ခေါ်သူက သူ့နာမည်ကို ချန်မထားခဲ့ဘူးဆိုတာ အကြောင်းတစ်ခုခုတော့ ရှိရမယ်ကွာ"
သူတို့ ဘယ်လိုပင် မှန်းဆကြပါစေ၊ နောက်ကွယ်က အကြောင်းပြချက် အမှန်ကို သိနိုင်ကြမည် မဟုတ်ပေ။ ဘာကြောင့်ဆိုသော် ဆူဇီမိုသည် ၀င်္ကပါဆယ်လွှာကျောက်စာတိုင်၏ အလုပ်လုပ်ပုံကို မသိခဲ့သလို နာမည်ကို ဘယ်လိုချန်ရတယ်ဆိုတာကိုလဲ လုံးလုံး မသိခဲ့သောကြောင့် ဖြစ်လေသည်။
"အဲ့ဒါက စီနီယာအစ်ကိုလျှိုများ ဖြစ်နေမလား.. ၀င်္ကပါနဲ့ပတ်သတ်ရင် စီနီယာအစ်ကိုကျုံးပြီးရင် သူက အတော်ဆုံး မဟုတ်လား"
"စီနီယာအစ်ကိုလျှိုကို ပြီးခဲ့တဲ့ သုံးလေးရက်လောက်ကတောင် ငါတွေ့ခဲ့သေးတယ်.. သူတော့ လုံး၀ မဖြစ်နိုင်ဘူး"
"ဒါဆို စီနီယာအစ်ကိုစမ်းရော.. သူပေါ်မလာတာ အတော်ကြာနေပြီမလား.. သူဖြစ်နိုင်တယ်နော်"
"ငါကြားတာတော့ စီနီယာအစ်ကိုစမ်းက ဂိုဏ်းကမစ်ရှင်တစ်ခုကို ထမ်းဆောင်ဖို့ ထွက်သွားခဲ့တာတဲ့"
လူတိုင်းသည် ကိုယ့်အတွေးနှင့်ကိုယ် စိတ်ထင်ရာကို ခန့်မှန်းချက် ထုတ်နေကြ၏။
"ဟေ့ ငါထင်တာတော့ ဒီစီနီယာအစ်ကိုက ငါတို့အစီအရင်တောင်ထွတ်မှာ တိတ်တိတ်လေး ကွယ်ဝှက်ပြီးနေတာ ဖြစ်ရမယ်.. သူက သေချာပေါက် ရုပ်ဖြောင့်ဖြောင့်နဲ့ တစ်မူထူးခြားတဲ့သူပဲ။ နောက်ပြီး သူက ဂုဏ်သတင်းတွေကို မမက်မောဘဲ နှိမ့်ချပြီး နေတတ်တဲ့သူပဲ.. ဘယ်လောက်လေးစားဖို့ ကောင်းလိုက်လဲဟယ်"
အစီအရင်တောင်ထွတ်မှ တပည့်မိန်းကလေးများသည် အချစ်စိတ်ဖြင့် မျက်လုံးများက ရွှန်းရွှန်းစို၍ စိတ်ကူးယဉ်မိယဉ်ရာ တီးတိုးပြောကြားနေကြ၏။
"ငါထင်တာတော့ သူက သူဘယ်သူဆိုတာကို နှစ်ကုန်ပြိုင်ပွဲကျမှ ထုတ်ပြပြီး လူတိုင်းကို အံ့အားသင့်အောင် လုပ်မလို့ထင်တယ်" နောက်ထပ်တပည့်တစ်ယောက်က ကောက်ချက်ချလိုက်၏။
အခြားတပည့်များက သူ့ကို အထင်ကြီးဟန်ဖြင့် ကြည့်လိုက်ကြ၏။
ဆယ်လွှာကို ကျော်ဖြတ်နိုင်ခဲ့သည် ဆိုသောကြောင့် ထိုသူက အဆင့်၂ ၀င်္ကပါကို ခင်းကျင်းနိုင်သည်ဟု ဆိုလိုလေသည်။
နတ်ဆေးတောင်ထွတ်မှာဖြစ်စေ၊ အဆောင်လက်ဖွဲ့တောင်ထွတ်မှာဖြစ်စေ.. အစမ်းတပည့် ပါရမီရှင်များအားလုံးသည် အဆင့်၁ဆေးလုံး သို့မဟုတ် အဆင့်၁ အဆောင်လက်ဖွဲ့တို့ကိုသာ ဖော်စပ်၊ ပြုလုပ်နိုင်စွမ်း ရှိကြလေသည်။
နတ်ပန်းပဲတောင်ထွတ်မှာဆိုလျှင် မည်သူမျှတောင် အဆင့်နိမ့် စိတ်ဝိညာဉ်လက်နက်ကို မသွန်းလုပ်နိုင်ကြသေးပေ။
(ဆိုလိုတာက ချီစုဖွဲ့စစ်သည်တော်များအတွက် အမြင့်ဆုံးအောင်မြင်မှုသည် သက်ဆိုင်ရာ ပညာရပ်တို့မှာ အဆင့်၁ တစ်ခုခုကိုသာ ပြုလုပ်နိုင်စွမ်းရှိကြ၏)
ထိုရှုထောင့်အရကြည့်မည်ဆိုလျှင် ထိုလျှို့ဝှက်သော စိန်ခေါ်သူသည် တောင်ထွတ်ငါးခုစလုံးရှိ အစမ်းတပည့်များအားလုံးထက် အပြတ်အသတ် သာလွန်နေပေပြီ။
လူအုပ်ကြီးအတွင်း၌ ဖုန်ဟောက်ယွီသည် ရုတ်တရတ် ဟက်ကနဲ့ တစ်ချက်ရယ်လိုက်ပြီး ခေါင်းခါလိုက်၏။
"ဘာလိုပဲဖြစ်ဖြစ် ၀င်္ကပါပညာရပ်ဆိုတာ အထောက်အကူပြု ကျွမ်းကျင်မှု တစ်ခုသာပါပဲ။ ကျင့်ကြံရေးလောကမှာ တစ်ကယ့်သေရေးရှင်ရေး အခြေအနေတွေမှာဆိုရင် တစ်ကယ်တမ်း အဆုံးအဖြတ်ပေးနိုင်တာက လူတစ်ယောက်ရဲ့ အစစ်အမှန်ခွန်အားပဲ"
ထိုသို့ မှတ်ချက်ပြုပြီးတာနှင့် ဖုန်ဟောက်ယွီသည် သူ့နောက်လိုက်အချို့နှင့်အတူ လှည့်ထွက်သွားလေ၏။
"ဟမ့်.. ဘယ်လောက်တောင် ဘ၀င်ရူးလိုက်လဲ။ သူ့ကိုယ်သူ တိုက်ခိုက်ရေးမှာ ကျွမ်းကျင်တယ်ဆိုတာနဲ့ စိတ်ကြီး၀င်နေတာပဲ"
"သူအဲ့လိုတော့ မပြောသင့်ဘူးလေ.. သူသာ အဲ့ဒီ လျှို့ဝှက်တဲ့ စီနီယာအစ်ကို ချခင်းထားတဲ့ ၀င်္ကပါထဲမှာ ပိတ်မိနေခဲ့ရင်ရော.. သူဘယ်လောက် တိုက်ခိုက်ရည်ကောင်းကောင်း လက်မြှောက်အရှုံးပေးရမှာပဲမလား"
"သူ့ကိုယ်သူ စိတ်ဝိညာဉ်တောင်ထွတ်ရဲ့ နံပါတ်တစ် ပါရမီရှင်ကြီးဆိုပြီး ဂုဏ်ဆာနေတာပေါ့လေ.. ဘယ်လောက်ရွံ့စရာ ကောင်းလိုက်လဲ"
ချက်ခြင်းဆိုသလို အစီအရင်တောင်ထွတ်၏ များစွာသောတပည့်များက မကျေမနပ်ဖြစ်လာကြပြီး ဖုန်ဟောက်ယွီကို လှောင်ပြောင်သရော်လိုက်ကြ၏
သူတို့အတွက်တော့ ဖုန်ဟောက်ယွီ၏ လျှို့ဝှက်သော စိန်ခေါ်သူအပေါ် အထင်အမြင်သေးခြင်းက တစ်နည်းအားဖြင့် အစီအရင်တောင်ထွတ်ကို သွယ်ဝိုက်၍ စော်ကားလိုက်ခြင်းဖြစ်၏။
ထို့အပြင် ၀င်္ကပါပညာရပ်က အထောက်အကူပြု တာအိုတစ်ခုသာ ဖြစ်သော်လည်း လက်တွေ့တွင် အလွန်တရာ အရေးပါလေ၏။
ဂိုဏ်းတစ်ဂိုဏ်းသည် အားနည်းသော်လည်း ထက်မြက်သော အစီအရင်၀င်္ကပါသခင်တစ်ယောက်ကို ပိုင်ဆိုင်ထားပါက အားကောင်းသော အကာအကွယ် ၀င်္ကပါတစ်ခုကို ဂိုဏ်း၏ ပတ်ပတ်လည်တွင် စီရင်ခင်းကျင်းထားခြင်းဖြင့် အင်အားတောင့်တင်းသော ရန်သူများ၏ ရန်ကို ခုခံကာကွယ်နိုင်မည် ဖြစ်လေသည်။
ထို့ကြောင့်ပင် ကျင့်ကြံရေးလောကတွင် တစ်ချို့ဂိုဏ်းလေးများသည် အင်အားနည်းပါးသော်လည်း သွားရောက်တိုက်ခိုက်ဖို့ မလွယ်ကူချေ။
"မိုက်တယ်ကွာ.. တစ်ကယ်မိုက်တယ်"
ဖက်တီးက သူ့ရဲ့ တစ်ရစ်နေသော လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်လိုက်ရင်း ထုတ်ဖော်ပြောလိုက်၏။
"အဲ့လောက် မိုက်တဲ့သူနဲ့ ငါမတွေ့လိုက်ရတာ တစ်ကယ် စိတ်မကောင်းစရာပဲ.. သူက ဘယ်သူလဲကွာ"
လမ့်ရို၏ အကြည့်က ၀င်္ကပါဆယ်လွှာကျောက်စာတိုင်ပေါ်တွင် အတန်ကြာ ကျရောက်နေပြီးမှ နောက်ဆုံး ခေါင်းညိတ်လိုက်၏။
"တစ်ကယ်ပဲ အထင်ကြီးလောက်ပါပေရဲ့"
ထိုသို့ပြောပြီးတာနှင့် လမ့်ရိုသည်လည်း အစီအရင်တောင်ထွတ်မှ ထွက်ခွာသွား၏။
များစွာသော တပည့်များသည် လမ့်ရို၏ မှတ်ချက်ပြုလိုက်သောအသံကို ကြားရသောအခါ တစ်အံ့တစ်ဩဖြစ်ကုန်ကြပြီး ဆူညံဆူညံ ဖြစ်ကုန်ကြ၏။
သူမသည် အေးစက်၍ သီးသန့်နေတတ်သော စရိုက်ရှိပြီး တော်ရုံနှင့် စကားပြောလေ့ မရှိပေ။ ဖုန်ဟောက်ယွီလိုလူမျိုးတောင် သူမထံမှ အသိအမှတ်ပြုစကားတစ်ခွန်း မရဘူးပေ။
ယခု သူမပြောလိုက်သော စကားက သူမစိတ်ထဲမှာ ဘယ်လောက်အလေးအနက်ထားကြောင်း တွေးကြည့်နိုင်၏။
ဖက်တီးလေးက မျက်လုံးကို မှေးကျဉ်း၍ လူအုပ်ကြီးထဲတွင် တစ်စုံတစ်ယောက်ကို အသည်းအသန် ရှာဖွေနေ၏။
အတန်ကြာလာသော်လည်း သူရှာနေသောသူကို မတွေ့ရပေ။ သူသည် မျက်မှောင်ကြုတ်လိုက်ပြီး တီးတိုးရေရွတ်လိုက်၏။
"နောင်ကြီးက ဒီရက်ထဲမှာ ဘယ်တွေများ ရောက်နေပါလိမ့်.. ဒီလောက် အုတ်သော်အောင်းနင်း ဖြစ်နေတာတောင် သူက လာမကြည့်ဘူးပေါ့"
"မဖြစ်သေးပါဘူး.. နတ်ပန်းပဲတောင်ထွတ်ကို ငါတစ်ခေါက်လောက် သွားကြည့်ဦးမှပါ"
ဖက်တီးလေးက ဆုံးဖြတ်ချက် ချလိုက်ပြီး ဓါးပျံကို ထုတ်စီး၍ နတ်ပန်းပဲတောင်ထွတ်ဆီသို့ ဦးတည်လိုက်၏။
...
ခပ်လှမ်းလှမ်း ကောင်းကင်ထက်တွင် ရွှေအူတိုင်အဆင့် ငါးယောက်က တိမ်လွှာများကြားရပ်၍ အစီအရင်တောင်ထွတ်ဘက်ကို စောင့်ကြည့်နေကြ၏။
သူတို့သည် တောင်ထွတ်သခင်ငါးယောက် ဖြစ်ကြ၏။
"အဲ့ဒီ စေတီကို စိန်ခေါ်ခဲ့တဲ့သူက ဘယ်သူလဲကွာ၊ ငါတောင် သိချင်လာပြီ" နတ်ဆေးတောင်ထွတ်မှ မီးခိုးရောင်ဆံပင်နှင့် လူငယ်က မအောင့်အည်းနိုင်စွာ ပြောလိုက်၏။
မျက်လုံးလေးစုံက ရွှမ်ယီအပေါ်သို့ ကျဆင်းလာ၏။ ၀မ်ရွှမ်းက တစ်ချက်ရယ်မောလိုက်ပြီး ပြောလိုက်၏။
"ပြောမှာသာ ပြောပြစမ်းပါကွာ.. အစီအရင်တောင်ထွတ်သခင်တစ်ယောက် လုပ်နေပြီးတော့ အဲ့တပည့်ကို မင်းမသိဘူးဆိုတာ မဖြစ်နိုင်ဘူး"
လက်နစ်ဖက်နောက်ပစ်သားနှင့် ရွှမ်ယီက မိန့်မိန့်ကြီးပြုံး၍ ငြိမ်နေ၏။
"ဟေ့ အိုက်တင်တွေ လာခံမနေနဲ့တော့.. ပြောမှာလား မပြောဘူးလား" အေးစက်စက်ပုံစံနှင့် အဆောင်လက်ဖွဲ့တောင်ထွတ်သခင် အမျိုးသမီးက မာဆတ်ဆတ်လေသံနှင့် ဖမ်းဟောက်လိုက်၏။
ရွှမ်ယီ၏ မျက်နှာပေါ်က အပြုံးက ရုတ်တရတ် တောင့်ခဲသွား၏။
"ဟား ဟား"
ဖိုသီဖတ်သီအဖိုးအိုက သူ့လက်ဝါးနှစ်ဖက်ကို ပွတ်ပြီး အားရပါးရ ရယ်မောလိုက်၏။
“မင်း ချီရှန်ကိုတော့ ဒေါသထွက်အောင် မလုပ်ရဲဘူးမလား.. သူကသာ အင်းကွက်လက်တစ်ဆုပ်လောက်နဲ့ မင်းမျက်နှာကြီးကို ပစ်ပေါက်လိုက်ရင် မင်းဘာဖြစ်သွားမလဲ သိတယ်မလား”
“မဟုတ်သေးဘူးကွ အဲ့လိုပြောလို့တော့ မရသေးဘူး”
မီးခိုးရောင်ဆံပင်နှင့်လူငယ်က အတည်ပေါက်အမူအယာနှင့် ခေါင်းခါလိုက်၏။
“ချီရှန်က ရွှမ်ယီကို ဘယ်လုပ်ရက်ပါ့မလဲကွ”
ချီရှန်၏ မျက်နှာက တစ်ခဏအတွင်း အရောင်များစွာ ပြောင်းလဲသွား၏။ သူမသည် ဖိုသီဖတ်သီအဖိုးအိုနှင့် မီးခိုးရောင်ဆံပင်လူငယ်တို့ကို စိန်းစိန်းဝါးဝါးကြည့်လိုက်ပြီး အံကြိတ်ပြောလိုက်၏။
“သောက်အဖိုးကြီးတွေ.. ရှင်တို့ပါးစပ်က ဘာကောင်းတာတစ်ခုမှ ထွက်မလာဘူး”
အိုးတိုးအမ်းတမ်း အမူအယာနှင့် ရွှမ်ယီသည် ချီရှန်ကို ပူပန်စွာ ကြည့်လိုက်ပြီး ခေါင်းဟန့်လိုက်၏။
“ငါ.. ငါ.. အဲ့ဒါကို ထုတ်ပြောပြလို့ မရသေးလို့ပါ”
“အာ”
ဝမ်ရွှမ်းသည် ဒွိဟဖြစ်သွား၏။
“ထူးတော့ထူးတယ်ဟေ့.. မင်းက ငါတို့ကိုတောင် ပြောပြလို့မရဘူးဆိုတော့ ဒီကောင်လေးရဲ့ သရုပ်က ဘယ်လောက်တောင် ထူးခြားနေလို့လဲ”
ရွှမ်ယီက တိတ်တိတ်နေ၍ ခေါင်းသာခါပြလိုက်၏။
ဖိုသီဖတ်သီအဖိုးအိုက လက်ကာပြလိုက်၏။
“ထားလိုက်တော့ဟေ့ .. သူဖြေရခက်နေတာကို မေးမနေနဲ့တော့”
ခဏမျှ ရပ်နားလိုက်ပြီးနောက် ဖိုသီဖတ်သီအဖိုးအိုက မနေနိုင်စွာ မှတ်ချက်ပြုလိုက်၏။
“ဒါပေမယ့်.. မင်းကတော့ တစ်ခုခုတော့ တစ်ခုခုပဲ ရွှမ်ယီရေ.. ဒီလိုမျိုး ပါရမီရှင်တပည့်တစ်ယောက်ကို ငါတို့ ဘယ်သူ့မှ မသိရအောင် လက်သပ်မွေးထားနိုင်တယ်ဆိုတော့ .. မင်းက အဲ့နေရာမှာ တော်တော်လေး အဆင့်လွန်နေပြီလို့ ပြောရမလားပဲ”
“ဟမ့်.. ကျမအထင်တော့ ရှင်က အဲ့ကောင်လေးအပေါ်မှာ အချိန်အား၊ လူအား အများကြီး စိုက်ထုတ်ခဲ့ရမှာပဲ” ချီရှန်က ဘုဆတ်ဆတ် ပြောလိုက်၏။
ရွှမ်ယီက ပြုံးလိုက်၏။
“တစ်ကယ်တော့ အဲ့လို မဟုတ်ရပါဘူး.. သူက သူ့ဘာသာသူ သင်ယူတတ်မြောက်လာတာ”
“သူ့ဘာသာသူသင်တာလား”
တောင်ထွတ်သခင်လေးယောက်က အံ့အားသင့်စွာဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
တစ်စုံတစ်ယောက်က သန်မာတဲ့ အစီအရင်ဝင်္ကပါသခင်တစ်ယောက်၏ လမ်းညွှန်ပြသမှုမရှိဘဲ မိမိဘာသာ လေ့လာ၍ ဝင်္ကပါဆယ်လွှာစေတီ၏ ဆယ်ထပ်စလုံးကို ကျော်ဖြတ်နိုင်ခဲ့သည်ဆိုသည်မှာ တစ်ကယ့် မယုံကြည်နိုင်ဖွယ်ကောင်းလောက်သည့် တစ်စုံတစ်ရာ ဖြစ်လေသည်။
“လခွမ်းပဲကွာ.. မင်းပြောခါမှ ငါက ပိုတောင် သိချင်လာပြန်ပြီ” ဝမ်ရွှမ်းက ခါးသက်စွာ ရယ်မောပြောလိုက်၏။
ရွှမ်ယီက ခဏကြာ ချင့်ချိန်ပြီးနောက် ပြန်ပြောလိုက်၏။
“မပူပါနဲ့.. သူ့ရဲ့ သရုပ်မှန်ကို အကြာကြီး ဖုံးထားမှာ မဟုတ်ပါဘူး.. မင်းတို့အားလုံး သိရဖို့ အချိန်နည်းနည်းပဲ ကြာတော့မှာပါ”