← Chapters

ဖက်တီးလေး၏ မကျေနပ်ချက်

Vol. 8 Ch. 111

ဖက်တီးလေး၏ မကျေနပ်ချက်

Vol. 8 Ch. 111

အခန်း ၁၁၁- ဖက်တီးလေး၏ မကျေနပ်ချက်

နတ်ပန်းပဲတောင်ထွတ်တွင်...

ဖက်တီးလေးက ဆူဇီမို၏ လိုဏ်ဂူတိုက်ခန်း‌ရှေ့သို့ ရောက်ချလာ၏။

ဝင်ပေါက်တံခါးကို ကြိုးကြာလေးက ဖျက်ဆီးသွားခဲ့ပြီး ဆူဇီမိုက အဲ့ဒါကို ပြန်လည် မတပ်ရ‌သေးပေ။ ထို့ကြောင့် အပြင်က လှမ်းကြည့်လျှင်ပင် အထဲကို တိုးလျှိုပေါက် မြင်နေရ၏။ ဆူဇီမိုသည် ကျောက်ခုတင်ထက်တွင် အိပ်မောကျနေပြီး စိတ်ဝိညာဉ်ကျားက ဘေးကနေ စောင့်ကြပ်နေတာကို သူတွေ့လိုက်ရ၏။

ဖက်တီးလေး၏ မျက်လုံးသည် အရောင်တစ်ချက် ပြောင်းသွားပြီး ဓါးပျံကိုသိမ်းကာ တိုက်ခန်းထဲသို့ ပြေးဝင်ချသွား၏။

စိတ်ဝိညာဉ်ကျားက ဖက်တီးလေးကို မြင်သောအခါ ညင်သာစွာ တစ်ချက်ဟိန်းလိုက်ပြီး ရန်လိုမှုတော့ မရှိပေ။

ဖက်တီးလေးက ဆူဇီမို၏ မိတ်ဆွေဆိုတာ သူသိလေသည်။

အခြားတစ်ယောက်သာ ဤပုံစံနှင့် အထဲသို့ ဝင်လာခဲ့လျှင် စိတ်ဝိညာဉ်ကျားက သေချာပေါက် အဝင်ခံလိမ့်မည် မဟုတ်ပေ။

“နောင်ကြီး.. ထစမ်းပါဦး”

အနားသို့ မရောက်ခင်ကပင် ဖက်တီးလေးက အော်ဟစ်၍ ဝင်လာ၏။

ဆူဇီမိုသည် စောစောက အိပ်မောကျနေခဲ့သော်လည်း ဖက်တီးလေး စတင်ဝင်လာသည့် အချိန်ကတည်းက သူက နိုးနေခဲ့ပြီ ဖြစ်လေသည်။

ဆူဇီမိုသည် အပျင်းကြောဆန့်လိုက်ပြီးနောက် ထထိုင်၍ အိပ်ချင်မပြေသေးသော မျက်လုံးများကို ပွတ်သပ်ကာ ထိုးစိုက်ကျချင်နေသည့် ခေါင်းကို လှုပ်ခါလိုက်၏။

“နောင်ကြီး.. ပြီးခဲ့တဲ့ သုံးလလုံးလုံး ခင်ဗျား ဘယ်ရောက်နေတာလဲဟမ်.. ကျုပ် ခင်ဗျားကို လိုက်ရှာရတာ နှံ့နေတာပဲ” ဖက်တီးလေးက မေးလိုက်၏။

ဆူဇီမိုသည် သာမန်ကာလျှံကာပင် ဖြေလိုက်၏။

“ငါ စိတ်ပြေလက်ပျောက် လျှောက်သွားကြည့်နေတာ”

မျက်လုံးကလယ်ကလယ်နှင့် ဖက်တီးလေသည် သည်းတွားဆူပူလိုက်၏။

“နောင်ကြီး .. ခင်ဗျားက ယုံကြည်မှုတွေ တော်တော်ရှိနေတယ်ပေါ့ ဟုတ်လား.. နှစ်ကုန်ပြိုင်ပွဲက ကျင်းပတော့မယ်.. ခင်ဗျားက အခုထိ စိတ်ပျောက်လက်ပျောက်... XXX…”

ခဏမျှ ရပ်တန့်လိုက်ပြီးနောက် ဖက်တီးလေးသည် ဆူဇီမိုအနားသို့ တိုးကပ်သွားလိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သည့်ပုံစံဖြင့် မေးလိုက်၏။

“နောင်ကြီး.. မကြာသေးခင်က ကျုပ်တို့ဂိုဏ်းမှာ ကိစ္စကြီးတစ်ခု ဖြစ်ပျက်ခဲ့တာ သိပြီးပြီလား”

“အမ်”

ဆူဇီမိုသည် နားလည်ရခက်သွားပြီး ခေါင်းခါပြလိုက်၏။

“မသိဘူးလေ”

“နောင်ကြီး.. ခင်ဗျားက အဲ့ဒါပဲ.. ခင်ဗျား အစီအရင်တောင်ထွတ်က ဝင်္ကပါဆယ်လွှာစေတီကိုတော့ သိတယ်ဟုတ်”

“အမ်း”

“အခု အမည်မဖော် လျှို့ဝှက်တဲ့ တပည့်တစ်ယောက်က စေတီရဲ့ ဆယ်လွှာစလုံးကို ကျောက်ဖြတ်နိုင်ခဲ့ပြီဗျာ”

ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး ပို၍ နိုးနိုးကြားကြား ဖြစ်လာ၏။ သူသည် မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။

“မင်း အဲ့ဒါကို ဘယ်လို သိသွားတာလဲ”

“ဟမ့်.. ကျုပ်မှ မဟုတ်ဘူး.. တောင်ထွတ်ငါးခုလုံးက တပည့်တွေအကုန် အဲ့ဒါကို သိပြီးပြီ.. သိပ်မကြာဘူး.. တစ်ဂိုဏ်းလုံးလဲ သိကြတော့မှာ.. အခုဆို အစီအရင်တောင်ထွတ်မှာ လူတွေစုဝေးနေကြတာမှ အများကြီးပဲ”

ဆူဇီမိုသည် အံ့သြတုန်လှုပ်သွား၏။

သူ၏ မရည်ရွယ်သော အပြုအမူက ဤမျှလောက်ထိ အုန်းအုန်းကျွတ်ကျွတ် ဖြစ်ကုန်ကြလိမ့်မည်ဟု သူမထင်ထားခဲ့မိပေ။

အကြီးအကဲလောနဲ့ တောင်ထွတ်သခင်ရွှမ်ယီတို့များ ထိုသတင်းကို ဖြန့်လိုက်လေသလား။

မဟုတ်သေးပါဘူး။

ဆူဇီမိုသည် နောက်တစ်မျိုးကို တွေးလိုက်ပြီးနောက် မေးလိုက်၏။

“လျှို့ဝှက်တဲ့ တပည့်ဆိုတာ ဘာကိုပြောတာလဲ.. ဝင်္ကပါဆယ်လွှာစေတီကို ကျော်ဖြတ်ခဲ့တဲ့သူကို ဘယ်သူမှ မသိကြဘူးလား”

“ဟီးဟီး”

ဖက်တီးလေးက ကျေနပ်အားရသွားသလို လျှို့ဝှက်ဆန်ဆန် ပြုံးလိုက်၏။

“အဲ့ဒါက တစ်ကယ့် ပြောစမှတ်တွင်ရမယ့် အပိုင်းပဲ.. အဲ့လူက စေတီကို ကျော်ဖြတ်နိုင်ခဲ့ပြီးတဲ့နောက် ဝင်္ကပါဆယ်လွှာကျောက်စာတိုင်မှာ သူ့နာမည်ကို ချန်မထားခဲ့ဘူးလေ.. အခုဆို တောင်ထွတ်ငါးခုက တပည့်တွေအကုန်လုံးက အဲ့လူဘယ်သူဆိုတာ အမျိုးမျိုး ခန့်မှန်းချက်ထုတ်နေရပြီ”

“ဝင်္ကပါဆယ်လွှာကျောက်စာတိုင် ဟုတ်လား”

ဆူဇီမိုသည် မျက်လုံးများကို ပိတ်လိုက်ဖွင့်လိုက်လုပ်ရင်း .. အဲ့တုန်းက ဝင်္ကပါဆယ်လွှာစေတီ၏ ဘေးတွင် ကြီးမားသည့် ကျောက်စာတိုင်ကြီးတစ်ခု ရှိတာကို ပြန်လည်အမှတ်ရလာ၏။

“ဝင်္ကပါဆယ်လွှာကျောက်စာတိုင်မှာ နာမည်ချန်တယ်ဆိုတာကရော ဘာကို ပြောတာလဲ” ဆူဇီမိုက နောက်တစ်ကြိမ် ထပ်မေးလိုက်၏။

ဖက်တီးလေးက ရှင်းပြလိုက်၏။

“လူတစ်ယောက်က စေတီကို စိန်‌ခေါ်ပြီးသွားရင် ဝင်္ကပါဆယ်လွှာကျောက်စာတိုင်ကို သူ့ဂိုဏ်တံဆိပ်ပြားနဲ့ ထိခဲ့ပေးဖို့လိုတယ်ဗျာ.. အဲ့ဒါမှ ကျောက်စာတိုင်က အဲ့လူရဲ့ အမည်ကို မှတ်တမ်းတင်ပေးမှာ”

ဆူဇီမိုသည် အံ့သြငေးမောသွားပြီးနောက် သူ့ဘာသာ တီးတိုးရေရွတ်လိုက်၏။

“သြော်.. အဲ့လိုမျိုးလဲ ရှိသေးတယ်ပေါ့”

“အဲ့လူရဲ့ စိတ်ဓါတ်က တစ်ကယ် လေးစားချီးကျုးစရာပဲ.. သူက စေတီရဲ့ ဆယ်လွှာလုံးကို ဖြတ်ကျော်ပြီးတာနဲ့ သူမဟုတ်ခဲ့သလို ဒီတိုင်းပဲ ထွက်သွားတယ်လေ.. ဘယ်လောက်ရင့်ကျက်လိုက်တဲ့ စိတ်ဓါတ်လဲဆိုတာ..”

ဖက်တီးလေးသည် .. တင့်တယ်လှပသော ကျင့်ကြံသူတစ်ယောက်က သူ့ဝတ်ရုံစကို ဟန်ပါပါ လှုပ်ခါလိုက်ပြီး ဆန်းကြယ်တောင်ထွတ်၏ တိမ်လွှာများကြား ဣန္ဒြေသိက္ခာရှိစွာနှင့် ထွက်ခွာသွားပုံကို.. သူ့မျက်လုံးထဲတွင် မြင်ယောင်လာပြီး အထင်ကြီးလေးစားမှုများက သူ့အမူအယာမှ ထင်ဟပ်လာ၏။

တစ်ကယ်လက်တွေ့မှာတော့ ဆူဇီမိုသည် ထိုညက လုံးဝ ပင်ပန်းနွမ်းနယ်နေပြီး သူ့ဓါးပျံပေါ်ကိုပင် အနိုင်နိုင်ပင်တက်၍ မနည်းပြန်လာခဲ့ရ၏။  ဖက်တီးလေးတွေးသလို စိတ်လက်ပေါ့ပါးသည့် ဟန်ပန်မျိး ရှိမနေပေ။

ဖက်တီးလေးသည် ဆူဇီမို၏ အရေးမစိုက် စိတ်ဝင်စားပုံမရသည့် ပုံစံကို သတိထားမိလိုက်၏။ သူသည် ဆူဇီမို၏ လက်ကို အတင်းဆွဲပြီး လောဆော်လိုက်၏။

“နောင်ကြီး လာပါဗျာ.. ကျုပ်တို့ အစီအရင်တောင်ထွတ်ကို သွားကြမယ်..လာ.. အဲ့လူက ဘယ်လောက် အံ့သြလေးစားဖို့ကောင်းလဲ ခင်ဗျားတွေ့သွားစေရမယ်”

ဆူဇီမိုသည် ဖက်တီးလေး၏ လက်ကို ဖယ်ထုတ်လိုက်ပြီး ခေါင်းခါလိုက်၏။

“ငါ အခု မသွားချင်သေးဘူး”

ဆူဇီမိုမှာ အချိန်က သိပ်မရှိတော့ပေ။ သူသည် အစီအရင်တောင်ထွတ်မှာပဲ သုံးလ အချိန်ကုန်ခဲ့ရ၏။ နှစ်ကုန်ပြိုင်ပွဲရောက်ဖို့က သုံးလပင် မလို‌တော့ချေ။

သူသည် ဘယ်လိုလုပ် လူအုပ်ကြီးနှင့် သွားရောက်ရောနှောဖို့ စိတ်ရှိနိုင်ပါ့မလဲ။

ထို့အပြင် သူတို့စိတ်ဝင်တစားပြောနေကြသည့် လျှို့ဝှက်သောလူမှာ သူကိုယ်တိုင်ပင် ဖြစ်လေသည်။ ဆူဇီမိုသည် ထိုလူနှင့် ပတ်သတ်၍ နည်းနည်းလေးမျှ သိချင်စိတ်ရှိမနေပေ။

တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် သဘောပေါက်လိုက်၏။ အခုနေ အဖြစ်မှန်သာ ပေါ်ပေါ်သွားလျှင် သူ့အတွက် ပြဿနာရှိလာနိုင်လေသည်။ အနည်းဆုံး အခုနေတော့ ထိုကိစ္စကို သိုဝှက်ထားဖို့ သူဆုံးဖြတ်လိုက်၏။

“နောင်ကြီး.. အခုဆိုရင် အစီအရင်တောင်ထွတ်မှာ လူအုပ်ကြီးက အတော်စည်နေပြီ.. ဒါက တစ်ကယ့် အကြုံစဖူး အကြုံထူးပဲ.. တစ်ချက်လောက်တောင် သွားမကြည့်လိုက်ရဘူးဆိုရင် ဘယ်လောက်နှမြောစရာ ကောင်းလိုက်သလဲ” ဖက်တီး‌လေးက အလျှော့မပေးသေးဘဲ ဆက်လက်မြှူဆွယ်လိုက်၏။

ဆူဇီမိုက တစ်ချက်ရယ်လိုက်ပြီး သာမန်ကာလျှံကာပုံစံနှင့်ပင် ပြောလိုက်၏။

“ဝင်္ကပါနဲ့ ပတ်သတ်ပြီး ငါမှ ဘာမှ မသိတာ.. စေတီကို စိန်ခေါ်တာက ဘာများ အဲ့လောက်ထူးခြားနေလို့လဲ”

ဆူဇီမိုသည် ထိုစကားကို အကြောင်းပြချက်တစ်ခု အနေနှင့် အမှုမဲ့အမှတ်မဲ့ ပြောလိုက်ခြင်း ဖြစ်၏။ သို့သော်လည်း ဖက်တီးလေးကတော့ ထိုစကားကြောင့် အလွန်မကျေမနပ် ဖြစ်သွားလေ၏။

ဘုန်း!

သူ၏ ဝဝဖိုင့်ဖိုင့် လက်ဝါးဖြင့် ဆူဇီမို၏ ကျောက်ခုတင်ကို ဘုန်းကနဲမြည်အောင် ရိုက်ချလိုက်၏။

ဆူဇီမိုသည် ကြောင်အသွား၏။

“နောင်ကြီး ခင်ဗျား အဲ့လိုတော့ မပြောသင့်ဘူး”

ဖက်တီးလေး၏ မျက်နှာ‌ပေါ်က အပြုံးက ပျောက်ကွယ်သွားပြီး ထူးထူးခြားခြား တည်တံ့သွား၏။

“အဲ့ဒီလျှို့ဝှက်တဲ့တပည့်က လက်နက်သွန်းလုပ်တဲ့နေရာမှာတော့ ခင်ဗျားကို ယှဉ်နိုင်ချင်မှ ယှဉ်နိုင်လိမ့်မယ်.. ဒါပေမယ့် ခင်ဗျား စကားကို ဒီတိုင်း လက်လွတ်စံပါယ်တော့ မပြောသင့်ဘူး”

“စေတီကို စိန်ခေါ်တာက ဘာများ ထူးခြားနေလဲလို့ ခင်ဗျားမေးခဲ့တယ်နော်.. ဝင်္ကပါဆယ်လွှာစေတီရဲ့ ဆယ်လွှာစလုံးကို ကျော်ဖြတ်နိုင်ခဲ့တာက ဘာကို သွယ်ဝိုက်ပြောနေလဲဆိုတာ ခင်‌ဗျားသိလား”

ဆူဇီမိုသည် အလိုအလျောက် ပြန်မေးလိုက်မိ၏။ “ဘာကို ပြောတာလဲ”

ဆူဇီမို၏ မေးခွန်းကြောင့် ဖက်တီးလေးသည် ကြောင်အသွား၏။ ဘယ်လိုပြောရမလဲ အတန်ကြာ စဉ်းစားနေပြီးနောက် သူ့မျက်နှာက တစ်လှည့်စီ အရောင်ပြောင်းသွားပြီး ဘယ်လို ပြန်ဖြေရမလဲ သူမစဉ်းစားတတ်တော့ပေ။

တစ်ကယ်တော့ ဖက်တီးလေးသည် အမှန်တစ်ကယ် စိတ်ဆိုးနေတာတော့ မဟုတ်ချေ။ လျှို့ဝှက်သော စိန်ခေါ်သူကို ဆူဇီမိုက မလေးမစားပြောချိန်တွင် သူ့စိတ်သည် မချင့်မရဲဖြစ်သွားရုံသာဖြစ်၏။

ဆူဇီမိုသည် ဖက်တီးလေး၏ အရှက်ရသွားသော မျက်နှာကို ကြည့်လိုက်ပြီး မနေနိုင်စွာ ပြုံးမိသွား၏။

“အမှန်အတိုင်း ပြောရရင်တော့ အဲ့ဒီ လျှို့ဝှက်တဲ့ တပည့်ဆိုတာ ငါ...”

“နောင်ကြီး ပေါက်ကရတွေ လျှောက်ပြောမနေနဲ့တော့” ဖက်တီးလေးက လက်ကာပြ၍ သူ့စကားကို ဖြတ်ပြောလိုက်၏။

ဆူဇီမို “ . . . “

ဖက်တီးလေးက လေးနက်စွာ ပြောလိုက်၏။

“နောင်ကြီး.. ခင်ဗျားသိထားရမှာက.. ဂိုဏ်းရဲ့ သမိုင်းတစ်လျှောက်မှာ ပါရမီရှင်တွေ မရေမတွက်နိုင်‌အောင် ထွက်ပေါ်လာခဲ့ဖူးတယ်.. ဒါပေမယ့် သူတို့ထဲက အတော်ဆုံးပါဆိုတဲ့သူတွေတောင် ၆လွှာထိပဲ အများဆုံး ရောက်နိုင်ခဲ့ကြတယ်”

“ဖုန်ဟောက်ယွီကိုပဲကြည့်.. သူက ဘယ်လောက်အံ့သြထူးခြားဖို့ ကောင်းလိုက်လဲ.. ဒါပေမယ့်လဲ.. ဂိုဏ်းမှာ သူ့လိုမျိုး လေဒြပ်စင်စိတ်ဝိညာဉ်ရင်းမြစ်နဲ့ တပည့်တွေ ရှိခဲ့ဖူးတာပဲလေ.. သူက အဲ့ထဲက တစ်ယောက်သာပဲ.. ဒါပေမယ့် အခု လျှို့ဝှက်တဲ့တပည့်ကတော့ မတူတော့ဘူး.. သူက ကျုပ်တို့ဂိုဏ်းရဲ့ နှစ်ထောင်ချီသမိုင်းတစ်လျှောက်မှာ စေတီရဲ့ဆယ်လွှာစလုံးကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ပထမဦးဆုံးသောသူပဲ”

ဆူဇီမိုက သဘောတူစွာ ခေါင်းညိတ်ပြလိုက်၏။

“ဒါကို နောင်ကြီး စဉ်းစားကြည့်လိုက်.. နောင်ကြီး စိတ်ဝိညာဉ်စမ်းသပ်ဂိတ်တံခါးကို ဖြိုချလိုက်တဲ့အချိန်တွေ၊ အဟန့်အတားရှစ်ခု ဝင်္ကပါကို ကျော်ဖြတ်နိုင်ခဲ့တဲ့ အချိန်တွေ.. အဲ့ဒါတွေက တစ်ကယ့် အံ့သြမကြုံစဖူးပဲ မဟုတ်လား.. အဲ့လိုပဲ အခု လျှို့ဝှက်တဲ့တပည့် စွမ်းဆောင်နိုင်ခဲ့တဲ့အရာကလည်း တစ်ကယ့် အံ့ဖွယ်သရဲပဲ”

ထို့နောက် ဖက်တီးလေးသည် ဆရာတစ်ယောက်က တပည့်တစ်ယောက်ကို ဆုံးမသည့် လေသံဖြင့်

“နောင်ကြီး.. ခင်ဗျားအနေနဲ့ နှိမ့်နှိမ့်ချချ နေတတ်ရမယ်.. လူသားဆန်ဖို့က အရေးကြီးတယ်.. လူတစ်ဖက်သားကို ပစ်စလက်ခတ် တန်းပြီး အထင်မသေးရဘူး”

“ဟုတ်ပါပြီ၊ ငါသဘောပေါက်ပါပြီ.. ငါအချိန်ရတာနဲ့ သွားပြီး ကြည့်လိုက်ပါ့မယ်”

ဆူဇီမိုသည် စကားပြောနေရင်းနှင့် ချွေးများပင် ထွက်လာ၏။ ဖက်တီးလေးက ရပ်တန့်မည့်ပုံ မပေါ်သည်ကို တွေ့လိုက်ရသောအခါ သူသည် စကားလမ်းကြောင်း ပြောင်းလိုက်၏။

“ငါ မကျင့်ကြံရတာ အချိန်အတော်တောင် ကြာခဲ့ပြီ.. အခု ငါ့ကျင့်ကြံမှုကို မြှင့်တင်ဖို့အတွက် အချိန်က အရေးကြီးနေပြီ”

ဖက်တီးလေးက ဆူဇီမိုကို စိတ်ဝိညာဉ်အကဲဖြတ်ပညာဖြင့် ကြည့်လိုက်၏။

သူက ချီစုဖွဲ့မှုအဆင့်၆မှာပဲ ရှိနေတုန်းလား။

ဖက်တီးလေးက မာဆတ်ဆတ်လေသံဖြင့် ပြောလိုက်၏။

“နောင်ကြီး.. ခင်ဗျားကိုခင်ဗျား ပြန်ကြည့်စမ်း.. ပြီးခဲ့တဲ့ သုံးလတုန်းက ချီစုဖွဲ့မှုအဆင့်၆၊ အခုလဲ အဆင့်၆ပဲ.. ဒီပုံစံနဲ့ ဖုန်ဟောက်ယွီကို ဘယ်လို ပြန်တိုက်ခိုက်မှာလဲ ပြော”

“နောင်ကြီး.. ခင်‌‌ဗျားအနေနဲ့ သူ့ကို မနိုင်လောက်တော့ဘူးလို့ ထင်နေရင်တောင် ဒီတိုင်း‌တော့ အလွယ်တကူ လက်မလျှော့သင့်ဘူးလေ.. ကျင့်ကြံခြင်းဆိုတာ နဂိုတည်းကကို သဘာဝကို ဆန့်ကျင်ပြီး လုပ်ရတာမလား.. ကဲအခု ကြည့်စမ်း.. ခင်ဗျားက အချိန်သုံးလကို ဒီတိုင်း အလဟဿ ဖြုန်းတီးပစ်လိုက်တယ်.. ကျုပ်တော့ ခင်‌ဗျားကို ဘယ်လိုပြောရမလဲတောင် မသိတော့ဘူး.. အား”

ဆူဇီမို  “. . .”

All Chapters